← Chapters

အခန်း ၄၆၇

Vol. 39 Ch. 467

အခန်း ၄၆၇

Vol. 39 Ch. 467

အခန်း(၄၆၇)

ဘယ်လောက်ပဲ သိချင်စိတ် ပြင်းပြနေပါစေ ဘယ်သူမှ စကားတစ်ခွန်း မဟရဲကြဘူး။ မက်ဂ်နက်တစ် တစ်ယောက်ရဲ့ တန်ခိုးစွမ်းအားဆိုတာ သူတို့ သိခွင့်ရှိတဲ့၊ တခြားသူတွေကို မျှဝေလို့ရတဲ့ အရာမျိုးမှ မဟုတ်တာလေ။

မိုက်ကယ်က လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားတဲ့အတွက် လူတိုင်းကို အသာလေး ခေါင်းငြိမ့်ပြရင်း စိတ်ထဲကနေ ကျေးဇူးတင်လိုက်တယ်။

ကလော်ဒီယာက ချက်ချင်း စိတ်ကို ပြန်စုစည်းလိုက်ပြီး မမ်ဘာကို အကျဉ်းသားအဖြစ် ဖမ်းဆီးဖို့ အစည်းအရုံး ဝန်ထမ်းကို အချက်ပြလိုက်တာပေါ့။

ပြီးတော့ အံ့ဩစရာကောင်းတာက အဲဒီဝန်ထမ်းက နောက်ထပ် လျှို့ဝှက်နယ်မြေ စိန်ခေါ်တိုက်ခိုက်ပွဲတစ်ခုကို ဖန်တီးပြီး မမ်ဘာရဲ့ ခန္ဓာကိုယ်ကို အထဲထဲ ပစ်ထည့်လိုက်တာပဲ။ ပုံမှန်ဆိုရင်တော့ လူတွေကို လျှို့ဝှက်နယ်မြေထဲ အတင်းအကျပ် မသွင်းနိုင်ပေမဲ့ ဒါက ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေလို့လေ။

"ဒါက ကျွန်မတို့ အကျဉ်းသားတွေကို ထိန်းသိမ်းတဲ့ နည်းလမ်းပဲ" လို့ ကလော်ဒီယာက ရှင်းပြတယ်။ "သူတို့ ပြိုင်ပွဲ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေ အထောက်အထား ကျွန်မဆီမှာ ရှိတယ်။ ဆိုလိုတာက သူ့ကို အကျဉ်းချတဲ့နေရာမှာ စည်းမျဉ်းတွေကို ကျွန်မတို့ ချိုးဖောက်လို့ ရပြီပေါ့။ အထဲကို လူတစ်ယောက်တည်း ဝင်ရမှာ ဖြစ်ဖြစ်၊ သူ့ရဲ့ သဘောတူညီချက် မပါဘဲ ဖြစ်ဖြစ် လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးဖို့ ဒါက ခွင့်ပြုပေးတာပဲ"

ဒါက မောင့်ဂိုမာရီတွေအနေနဲ့ လူတိုင်း စည်းမျဉ်းတွေကို လိုက်နာအောင် လုပ်ဆောင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ။ သွားရှိရင် သွားချင်း၊ မျက်စိရှိရင် မျက်စိချင်းပေါ့။ သူက စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာမို့ စည်းမျဉ်းတွေရဲ့ အကာအကွယ်ကို သူ ရတော့မှာ မဟုတ်ဘူး။

မမ်ဘာကို ဖမ်းဆီးပြီးတဲ့နောက် ကလော်ဒီယာက အချိန်ထပ်မဖြုန်းတော့ဘဲ ဘာဆစ်လစ်အိုးစ် အဖွဲ့ဝင် ကျန်တဲ့သူတွေကိုပါ လိုက်လံ ဖမ်းဆီးဖို့ စတင်လိုက်တယ်။

ဘာဆစ်လစ်အိုးစ် ပိုင်ဆိုင်သမျှ အဆောက်အအုံနဲ့ မြေကွက်တွေ အားလုံးကို ရှာဖွေဖို့ ဝရမ်း ထုတ်ပြန်လိုက်တာပေါ့။ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သက်သေ အထောက်အထား အပြည့်အစုံ ရဖို့ မြွေဆိုးကုမ္ပဏီကို အရင်ဆုံး ဝင်ရောက်စီးနင်းဖို့ သူမ သေချာ ပြင်ဆင်ခဲ့တယ်။

အစည်းအရုံးက ဝန်ထမ်းတွေ အားလုံး မြန်ဆန်ပြီး တိကျတဲ့ ရည်ရွယ်ချက်တွေနဲ့ လှုပ်ရှားလာကြတာမို့ မက်ထရိုပိုလစ် တစ်မြို့လုံး အနှံ့ ရှာဖွေမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာပေါ့။ နာရီအနည်းငယ်အတွင်းမှာပဲ သူတို့ ထင်မှတ်ထားတဲ့ မြွေဆိုးကုမ္ပဏီ ဌာနချုပ်ကို စီးနင်းနိုင်ခဲ့ပြီး ဝန်ထမ်းတွေကို အလစ်အငိုက် ဖမ်းမိသွားတယ်။

ဒါက သူတို့အတွက် သိပ်ကို တုန်လှုပ်စရာ ဖြစ်သွားလို့ ဘာဆစ်လစ်အိုးစ် ယူနီဖောင်းကိုတောင် လဲလှယ်ချိန် မရလိုက်တာကြောင့် သူတို့ရဲ့ ပြစ်မှုက ပိုပြီးတော့တောင် ထင်ရှားသွားသေးတယ်။

ကလော်ဒီယာက ပင်မရုံးခန်းထဲကို ဝင်မွှေပြီး မြွေဆိုးကုမ္ပဏီ စီးပွားရေးလုပ်ငန်းရဲ့ မှတ်တမ်းတွေကို လိုက်ရှာတော့တာပဲ။

သူတို့က အများပြည်သူကို လျှော်ဖွတ်ရေး ဝန်ဆောင်မှု ပေးတယ်လို့ ဆိုထားပေမဲ့ သူတို့ လုပ်ငန်းလည်ပတ်မှုထဲမှာ အဝတ်လျှော်စက် တစ်လုံးမှတောင် ရှိမနေခဲ့ဘူး။

မှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါမှာတော့ ဘာဆစ်လစ်အိုးစ်တွေဟာ မြွေဆိုးကုမ္ပဏီကနေတစ်ဆင့် သူတို့ရဲ့ ငွေတွေကို တရားမဝင် ငွေကြေးခဝါချနေပြီး မက်ထရိုပိုလစ်ကို ပေးဆောင်ရမယ့် အခွန်တွေကို လျှော့ချနေတာကို သူမ သိလိုက်ရတယ်။

ဥပမာပြောရရင် ဘာဆစ်လစ်အိုးစ်တွေဟာ မှောင်ခိုဈေးကွက်မှာ တရားမဝင် ပစ္စည်းတွေ ရောင်းချပြီး ငွေတွေ ရလာတယ်။ အခု အဲဒီ အရောင်းအဝယ်ကို သူတို့ရဲ့ မှတ်တမ်းတွေထဲမှာ ရေးသွင်းလိုက်ရင် တရားမဝင် အရောင်းအဝယ်တွေ လုပ်ခဲ့တယ်ဆိုတာကို မှော်ပညာရှင်အစည်းအရုံးက ချက်ချင်း သိသွားမှာလေ။ ဒါတင်မကဘဲ ရောင်းရငွေ ပမာဏအလိုက် အခွန်တွေလည်း ပေးဆောင်ရဦးမယ်။

ဒါကြောင့် သူတို့က နောက်ထပ် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားလိုက်ကြတယ်။ မြွေဆိုးကုမ္ပဏီမှာ အရောင်းအတုတွေ ပြုလုပ်ပြီး သူတို့ ပေးဆောင်ခဲ့တဲ့ အဝတ်လျှော် ဝန်ဆောင်မှုတွေကနေ ငွေအမြောက်အမြား ရရှိခဲ့တယ်လို့ တရားဝင် မှတ်တမ်းတင်လိုက်တာပေါ့။

ဒါပေမဲ့ ဒါတွေက လုံးဝ မဟုတ်မမှန်တဲ့ အရောင်းအဝယ်တွေလေ။ သူတို့က ဘာဝန်ဆောင်မှုမှတောင် မပေးခဲ့ကြတာ။

ဒီလို လုပ်ရပ်ကြောင့် မှောင်ခိုဈေးကွက်က ရတဲ့ငွေတွေကို တရားဝင် ဖြစ်အောင် လုပ်နိုင်ခဲ့သလို အခွန်ကိုလည်း အများကြီး လျှော့ပေးနိုင်ခဲ့တယ်။

သူတို့ရဲ့ အစီအစဉ်တွေသာ အောင်မြင်ခဲ့ရင် မြွေဆိုးကုမ္ပဏီကို တရားဝင် လုပ်ငန်းအဖြစ် ဆက်ထိန်းထားပြီး ပြည်သူတွေဆီကနေ ငွေတွေကို ဆက်ပြီး ခိုးယူနေကြမှာပေါ့။

ဒါပေမဲ့ မိုက်ကယ်ကြောင့် သူတို့ရဲ့ အစီအစဉ်တွေ တစ်စစီ ပျက်စီးသွားခဲ့ရတယ်။

အခုတော့ ကလော်ဒီယာက အဲဒီလုပ်ငန်းကို ပိတ်ပစ်ဖို့ သူမ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီ။ နေဝင်သွားတဲ့နောက်မှာတော့ ဘာဆစ်လစ်အိုးစ်ရဲ့ မရိုးမသား စီးပွားရေးလုပ်ငန်းတစ်ခုလုံး လုံးဝ ဇာတ်သိမ်းသွားခဲ့ရတယ်။

အစည်းအရုံးရဲ့ ဒီလို အကြီးအကျယ် လှုပ်ရှားမှုကြီးကို မက်ထရိုပိုလစ်က လူတွေ မရိပ်မိဘဲ မနေပါဘူး။

မကြာခင်မှာပဲ ကောလာဟလတွေနဲ့ အတင်းအဖျင်း စကားတွေ အနှံ့အပြား ပျံ့နှံ့သွားတော့တာပဲ။

"ဟေ့...ဘာဆစ်လစ်အိုးစ် အကြောင်း ကြားပြီးပြီလား။ သူတို့တွေ အစည်းအရုံးကနေ ထုတ်ပယ်ခံလိုက်ရပြီတဲ့"

"ငါလည်း ကြားတယ်။ အဲဒီလို ကုမ္ပဏီမျိုးက ကွယ်ရာမှာ အောက်လမ်းနည်းတွေ သုံးပြီး စီးပွားရေး လုပ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

"သူတို့မှာ မြွေဆိုးကုမ္ပဏီ ဆိုတဲ့ နာမည်ခံ ကုမ္ပဏီတစ်ခု ရှိသေးတယ်လေ။ အပ်ပါးဝုဒ်နယ်မြေရဲ့ အခြေခံအဆင့် ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတောင် တက်လှမ်းနိုင်ခဲ့သေးတာ"

ဘာဆစ်လစ်အိုးစ် ပျက်စီးသွားတာကို ရိုးရိုး အရပ်သားတွေတင် သိချင်စိတ် ပြင်းပြနေကြတာ မဟုတ်ဘူး။ သူတို့နဲ့ ရင်းနှီးတဲ့ စီးပွားရေး ဆက်ဆံရေး ရှိခဲ့တဲ့ အခြား ကုမ္ပဏီတွေလည်း ပါဝင်တယ်။ တကယ်တော့ သူတို့က ပိုပြီးတော့တောင် အံ့ဩနေကြတာ။

"မိန်းလမ်းမကြီးရဲ့ ၁၀ ရာခိုင်နှုန်းကို ရဖို့အတွက် သူတို့က အခြေခံအဆင့် ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ကြတာကိုး။ ဟူး...ဒါက မရိုးမသား လုပ်တာပဲ"

"သူတို့ နိုင်မှာ သေချာအောင် မြွေဟောက်ကိုတောင် လွှတ်ခဲ့တယ်လို့ ငါ ကြားတယ်။ သူတို့က ဆုလာဘ်ကို သိပ်ကို မက်မောနေကြတာ။ အားအနည်းဆုံး ပြိုင်ပွဲအတွက် သူတို့ရဲ့ အကတ်ကတ်ကြီးကို ထုတ်သုံးခဲ့တာလေ"

"ဒါပေမဲ့ သူတို့ ရှုံးသွားတုန်းပဲလို့ ကြားတယ်"

"ဘာ...မဖြစ်နိုင်တာ။ မြွေဟောက်ဆိုတာ မက်ထရိုပိုလစ်က အကြီးဆုံး ကုမ္ပဏီတွေရဲ့ အရာရှိတွေကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းထက် တိုက်ခိုက်ရေးသမားလေ။ ပြောရရင် လက်ဂါစီ့စ်ရဲ့ အရာရှိတွေနဲ့တောင် ရင်ဆိုင်နိုင်စွမ်း ရှိတယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်"

"အေးလေ...ဒါပေမဲ့ ဗိုလ်လုပွဲမှာ သူ ရှုံးသွားခဲ့တာပဲ"

အဲဒီအချိန်မှာပဲ ရီနေးတား ဆိုတဲ့ နာမည်က သူတို့ရဲ့ စိတ်ထဲမှာ စွဲထင်သွားခဲ့ရတယ်။

"ဒီကုမ္ပဏီက ဘယ်သူလဲ" လို့ သူတို့ ကိုယ့်ဘာသာ ပြန်မေးနေကြတာပေါ့။

မကြာခင်မှာပဲ သူတို့ အဖြေ ရသွားကြတယ်။ ရီနေးတား ကုမ္ပဏီက မက်ထရိုပိုလစ်မှာ အခြေခံအဆင့်မျှသာ ရှိသေးတာ။ ပြိုင်ပွဲ မစတင်မီ ရက်ပိုင်းအလိုမှတင် သူတို့ရဲ့ လိုင်စင်ကို ရရှိခဲ့တာလေ။

ဒီလို ဖော်ထုတ်ချက်က သတင်းကြားလိုက်ရတဲ့ အခြား ကုမ္ပဏီတိုင်းကို အံ့အားသင့်သွားစေတာ အမှန်ပဲ။

အထူးသဖြင့် အခြေခံအဆင့် ပြိုင်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ သက်သေတွေက အများပြည်သူကို ထွက်ဆိုချက်တွေ စတင် ပေးလာတဲ့အခါမှာ ပိုလို့တောင် အံ့ဩစရာ ဖြစ်သွားတယ်။ မိုက်ကယ်ရဲ့ တန်ခိုးစွမ်းအား၊ သူ့ရဲ့ ပါရမီရှင် ဖြစ်မှုနဲ့ ဒြပ်စင် လေးခုလုံးကို တစ်ပြိုင်နက်တည်း ဘယ်လို ထိန်းချုပ်နိုင်ခဲ့ပုံ အကြောင်းတွေကို သူတို့က ပြောပြကြတာလေ။

ဒီသတင်းက တောမီးလို ပျံ့နှံ့သွားတော့တာပဲ။ ဒြပ်စင် လေးခုလုံး သုံးနိုင်တဲ့သူကို ဘယ်သူမှ တစ်ခါမှ မမြင်ဖူးကြဘူး။ ရှေးဟောင်း ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးခဲ့ကြတာ။

ဗိုလ်လုပွဲမှာ သူ မြွေဟောက်ကို အနိုင်ယူခဲ့တယ်ဆိုတဲ့ အချက်က ဒီပြောဆိုချက်တွေကို ပိုပြီး ခိုင်လုံသွားစေတယ်။ တကယ်တော့ သူ မြွေဟောက်ကို မှော်ပညာနဲ့ အနိုင်ယူခဲ့တာ မဟုတ်ပေမဲ့ တခြားလူတွေကတော့ ဒါကို မသိကြဘူးလေ။

မကြာခင်မှာပဲ မှော်မျှော်စင် ကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်ပတ်သက်လာရတော့တယ်။ သူတို့ ပါဝင်ပတ်သက်မှ ဖြစ်တော့မှာလေ။ ဒြပ်စင် လေးခုလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ကောင်လေးတစ်ယောက် ပေါ်လာတယ်ဆိုတဲ့ ပြောဆိုချက် မှန်ကန်မှု ရှိမရှိ အတည်ပြုချက် ရဖို့ လူအုပ်ကြီးက သူတို့ရဲ့ မျှော်စင်ကို လာရောက် ခေါက်နေကြလို့ပဲ။

အောက်က ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေကို ဖြေရှင်းဖို့အတွက် မျှော်စင်သခင်နဲ့အတူ မျှော်စင်ထဲက အခြား ဝါရင့် မှော်ဆရာတွေဟာ အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြရတယ်။

"မျှော်စင်သခင်...ဒါက မုသာဝါဒ ဖြစ်ရမယ် မဟုတ်လား"

"ဒီလောက် အဆင့်အတန်းရှိတဲ့ ပါရမီရှင်တစ်ယောက်က ကွင်းစ်နယ်မြေမှာ လူမသိသူမသိ ရှိနေမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါသာ အမှန်ဆိုရင် ကျွန်တော်တို့ ကြားဖူးတာ ကြာလှပေါ့"

"ဒီလို မဟုတ်မမှန်တဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သတိပေးချက်တစ်ခု ထုတ်ပြန်ရမလား"

အခြား မှော်ဆရာတိုင်းက မျှော်စင်သခင်ကို ကြည့်လိုက်ကြတယ်။

ဒါပေမဲ့ အဲဒီလူကြီးကိုယ်တိုင်က အစည်းအဝေးကို အာရုံမစိုက်နေဘူး။ အဲဒီအစား ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ သူ့လက်ထဲက စာတစ်စောင်ကိုပဲ ကြည့်နေတာပေါ့။

{ချစ်လှစွာသော မိတ်ဆွေ...

အဲဒီကောင်လေးက မှော်ပညာမှာ ပါရမီရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ ပြောဖို့ မေ့သွားလို့။ သူက ဒြပ်စင် ရှစ်ခုလုံးကို ထိန်းချုပ်နိုင်တာ။ ဘိုင်ဘိုင်း

မှ...

ဆီဘက်စတီယန် အော့ဂင်ဒေါ}

"ဘိုင်ဘိုင်း...ဘိုင်ဘိုင်း ဟုတ်လား။ ဒါတင်ပဲလား။ တခြား ရှင်းလင်းချက် မရှိတော့ဘူးလား"

မျှော်စင်သခင်ရဲ့ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် အစည်းအဝေးထဲက အခြား မှော်ဆရာတွေ လန့်ဖျပ်သွားကြတယ်။ သူတို့ သူ့ကို ဒီလို ပုံစံမျိုး တစ်ခါမှ မမြင်ဖူးကြဘူးလေ။ သူက အမြဲတမ်း တည်ငြိမ်အေးဆေးပြီး စိတ်ကို ချုပ်တည်းနိုင်တဲ့သူ တစ်ယောက်အဖြစ် ပုံဖော်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူက ရူးသွပ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

"မျှော်စင်သခင်"

အဲဒီလူကြီးက သက်ပြင်းချလိုက်ပြီး "အများပြည်သူရဲ့ မေးခွန်းတွေကို လျစ်လျူရှုလိုက်ပါ" လို့ သူက ပြောတယ်။

"ဒါပေမဲ့ ဆရာ။ ဒါက လူမသိသူမသိ ကောင်လေးတစ်ယောက်မှာ ဒြပ်စင်လေးခု ကျွမ်းကျင်မှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်ကို သွယ်ဝိုက်ပြီး အတည်ပြုပေးလိုက်သလို ဖြစ်သွားမှာပေါ့"

"ငါပြောတာ မင်းမကြားဘူးလား"

အခြား မှော်ဆရာတွေမှာ နှုတ်ဆိတ်နေရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ဘူး။ မျှော်စင်သခင်ရဲ့ စကားက အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်တာကြောင့် သူတို့ ဘယ်လောက်ပဲ ညည်းတွားပါစေ သူကတော့ စိတ်ပြောင်းမှာ မဟုတ်ဘူးလေ

ဒါကြောင့် အစည်းအဝေးအပြီး မကြာခင်မှာပဲ ဒြပ်စင်လေးခု ကျွမ်းကျင်တဲ့ ကောင်လေးနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှု မှန်သမျှကို လျစ်လျူရှုဖို့ မှော်မျှော်စင်တစ်ခုလုံးကို တိကျတဲ့ ညွှန်ကြားချက်တွေ ပေးလိုက်တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ အများပြည်သူက မှော်မျှော်စင်ရဲ့ နှုတ်ဆိတ်မှုကို အဲဒီကောလာဟလက အမှန်ဖြစ်တယ်ဆိုတဲ့ လက္ခဏာအဖြစ် သတ်မှတ်လိုက်ကြတာပေါ့။

မိုက်ကယ်က တခြားသူတွေနဲ့မတူတဲ့ ဆန်းကြယ်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။

ဒါက ဘယ်သူမှ ထင်မှတ်မထားလောက်အောင် သတင်းအကြီးကြီး ဖြစ်သွားခဲ့ရတယ်။ ဘာဆစ်လစ်အိုးစ် အကြောင်းနဲ့ ပြိုင်ပွဲတွေထဲက အရှုပ်တော်ပုံ အတင်းအဖျင်းတွေက အပ်ပါးဝုဒ်နယ်မြေအထိပဲ ပျံ့နှံ့ခဲ့တာလေ။

ဒါပေမဲ့ ဆန်းကြယ်တဲ့ ပါရမီရှင် ကောင်လေးအကြောင်း ကောလာဟလကတော့ မက်ထရိုပိုလစ် တစ်မြို့လုံး အနှံ့ ပျံ့နှံ့သွားခဲ့ပြီ။ မကြာခင်မှာပဲ မှော်ပညာ ပါရမီက မက်ထရိုပိုလစ်ရဲ့ မျှော်စင်သခင်ထက်တောင် သာလွန်တဲ့ ကောင်လေးအကြောင်းကို လူတိုင်း ကြားသိသွားကြတော့တယ်။

* * * * * * * *

စာစဉ်(၃၉)

All Chapters