← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁)

ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်ပါ

ယောင်ရန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံယုက သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်လေ သည်။ ထို့နောက် သူက ပြောလိုက်လေသည်။

"မင်း ဆုံးဖြတ်တာ မှန်တယ် ရန်ရန်... အားလုံး စားသောက် အနားယူပြီးသွားရင် ဝူလျန်နဲ့ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့... လောလောဆယ်တော့ ကိုယ်နဲ့အတူ နေ့လယ်စာ စားမလား..."

ယောင်ရန်က ပြုံးရင်း "အင်း..." ဟု ပြန်ဖြေလေသည်။

သူတို့နှစ်ဦး တီးတိုး စကားပြောနေကြစဉ်မှာပင် ရှီရွှမ်းနှင့် စီမာယွမ်တို့သည် အစားအသောက်များ ယူ ကာ ထမင်းစားစားပွဲရှိ အခြားသူများနှင့်အတူ ဝင်ထိုင်နေကြပြီ ဖြစ်၏။ လုံယုနှင့် ယောင်ရန်တို့ စားပွဲ တွင် ဝင်ထိုင်လိုက်သည့် အချိန်၌မူ ရှီရွှမ်းမှာ သူ၏ အစားအစာများကို တစ်ဝက်ခန့်ပင် စားသောက်ပြီး နေပြီ ဖြစ်လေသည်။

ယောင်ရန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝူလျန်သည် လုံယုက သူမအတွက် နံနက်စာ သွားယူ ပေးပြီး အစားအသောက်များကို သူမရှေ့၌ ဂရုတစိုက် ချပေးနေသည်ကို စောင့်ကြည့်နေမိလေ၏။ သူတို့ နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ရင်း ဝူလျန်သည် သူ၏ သွားများ ကျိန်းသက်သွားသကဲ့သို့ ခံစားလိုက်ရ လေသည်။

သူက စိတ်ထဲမှ သက်ပြင်းချရင်း တွေးလိုက်မိတော့သည်။

*ချစ်သူကောင်မလေး ရှိတာက သိပ်ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး... တစ်ချိန်က အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တပ်ကဲလုံ တစ်ယောက် အခုတော့ မိန်းမကြောက်တဲ့သူ ဖြစ်နေပြီ... သူ့ကောင်မ လေးကို ဘိုးဘေးတစ်ယောက်လို ဆက်ဆံနေတာပဲ... လူပျိုလူလွတ် ဘဝကသာ ပိုကောင်းပါတယ် လေ...*

ဝူလျန်၏ အတွေးများကို မသိရှာသော လုံယုက မေးလိုက်လေသည်။

"ဗိုလ်ကြီးဝူ... ခင်ဗျားရဲ့ တာဝန်ကို ပြီးမြောက်ဖို့ အချိန်ဘယ်လောက် ကျန်သေးလဲ..."

ဝူလျန်သည် အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလေ၏။

"ကျွန်တော့် တာဝန်အတွက် အချိန်ကန့်သတ်ချက် မရှိပါဘူး... ဒါပေမဲ့ မျိုးရိုးဗီဇပြောင်း

ကြွက်ဘုရင်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်နိုင်ရင်

ပိုကောင်းလိမ့်မယ်..."

"ကျွန်တော်တို့ရဲ့ ကင်းထောက်အဖွဲ့ဆီက ရခဲ့တဲ့ နောက်ဆုံး သတင်းအရဆိုရင် အဲ့ဒီ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်က တခြား မျိုးရိုးဗီဇပြောင်း ကြွက်တွေကို စားနေတာ တွေ့ရတယ်တဲ့... အဲ့ဒီလို စားလိုက် တိုင်းမှာလည်း သူ့ရဲ့ စွမ်းအားတွေက တိုးလာတယ်... သူစားလိုက်တဲ့ မျိုးရိုးဗီဇပြောင်းလဲသူတွေရဲ့ စွမ်းအားတွေကို စုပ်ယူနေသလိုပဲ..." ဟု ဆက်ပြောလေသည်။

ထိုစကားကို ကြားသောအခါ ယောင်ရန်၏ လက်လှုပ်ရှားမှုမှာ တစ်စက္ကန့်ခန့် ရပ်တန့်သွားသော်လည်း၊ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ဆက်လက် စားသောက်နေလိုက်လေသည်။

အတိတ်ဘဝတွင် လျှို့ဝှက် ဓာတ်ခွဲခန်းရှိ သိပ္ပံပညာရှင်များက ထိုကဲ့သို့ အလားတူ ကိစ္စမျိုးကို ဆွေးနွေး နေကြသည်ကို သူမ ကြားခဲ့ဖူးပေ၏။ သူမ၏ မှတ်ဉာဏ်များသာ မှန်ကန်မည်ဆိုပါက အဆင့်မြင့် မျိုးရိုး ဗီဇပြောင်းလဲသူများ ဖြစ်လာနိုင်သည့် အလားအလာရှိသော မျိုးရိုးဗီဇပြောင်းလဲသူများသာလျှင် အခြား သော မျိုးရိုးဗီဇပြောင်းလဲသူများကို စားခြင်းဖြင့် ၎င်းတို့၏ စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိပေသည်။ ၎င်းတို့ ပိုမို စားသောက်လေလေ၊ ပို၍ အင်အားကြီးမားလာလေလေ ဖြစ်၏။

ယောင်ရန် ကိုယ်တိုင် ထို ဒဏ္ဍာရီလာ အဆင့်မြင့် မျိုးရိုးဗီဇပြောင်းလဲသူများနှင့် မကြုံတွေ့ခဲ့ဖူးသော်ငြား လည်း၊ ထိုသိပ္ပံပညာရှင်များ၏ စကားဝိုင်းမှ ကြားခဲ့ရသော အချက်အလက် အပိုင်းအစများကိုမူ ကောင်း စွာ မှတ်မိနေသေးလေသည်။

ကမ္ဘာပျက်ကပ် ဆိုက်ပြီးနောက် ဆယ်နှစ်ခန့် အကြာတွင် အဆင့်မြင့် မျိုးရိုးဗီဇပြောင်းလဲသူ အနည်းငယ် မျှသည် အင်အားကြီးမားလာကာ အခြေစိုက်စခန်း မြောက်မြားစွာကို ဖျက်ဆီးပစ်ခဲ့ကြကြောင်း သိရ၏။ ထိုမျိုးရိုးဗီဇပြောင်းလဲသူများသည် လူစကားကို ပြောဆိုနိုင်ရုံသာမက၊ ၎င်းတို့နှင့် အမျိုးအစားတူ မျိုးရိုး ဗီဇပြောင်းလဲသူ သိန်းချီကိုလည်း မဟာဗျူဟာချကာ အမိန့်ပေး ကွပ်ကဲနိုင်စွမ်း ရှိကြပေသည်။

ထိုသတ္တဝါများ အကြောင်းကို ပြောဆိုစဉ်က သိပ္ပံပညာရှင်များ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့နေသော အမူအရာများကို တွေးမိသောအခါ ယောင်ရန်၏ မျက်ဝန်းများမှာ မှောင်မိုက်သွားခဲ့လေတော့သည်။ နာမည်ဆိုးဖြင့် ကျော်ကြားလှသော သေတ္တာတော် အဖွဲ့ကြီးပင်လျှင် ထို အဆင့်မြင့် မျိုးရိုးဗီဇပြောင်းလဲ သူများကို ကြောက်ရွံ့ရသည် ဆိုပါက၊ ၎င်းတို့သည် အလွန်ပင် အန္တရာယ်ကြီးမားကြောင်း ထင်ရှားလှပေ သည်။

ထိုအချက်ကို တွေးတောမိပြီးနောက် ယောင်ရန်သည် ဆုံးဖြတ်ချက် တစ်ခုကိုချလိုက်လေသည်။ ဤ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို ဆက်လက် ဆင့်ကဲပြောင်းလဲခွင့် ပေး၍ မဖြစ်နိုင်တော့ပေ ။

ယောင်ရန် အတွေးလွန်နေစဉ်မှာပင် လုံယုက ပြောလာလေသည်။

"ဒီ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို ဆက်ပြီး အင်အားကြီးမားလာခွင့် ပြုထားရင် အန္တရာယ် များလိမ့် မယ်... ဒီကောင်ကြီးကို ဖြစ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်ဖို့ လိုတယ်..."

ဝူလျန်က သဘောတူကြောင်း ခေါင်းငြိမ့်ပြရင်း၊

"ခင်ဗျား ပြောတာ မှန်တယ်... ဒါပေမဲ့ သူ့ကို သတ်ဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ဘူး..."

သူက ခဏမျှ စကားရပ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ဆက်ပြောလေသည်။

"ကျွင်းချန်မြို့ကို မသွားခင်ကတည်းက သူ့ရဲ့ တည်နေရာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့တယ်... ဒါပေမဲ့ အဲ့နေရာကို မရောက်ခင်၊ မြို့စွန်ကို ကားမောင်းဝင်သွားတာနဲ့ မျိုးရိုးဗီဇပြောင်း ကြွက်အုပ်ကြီးက ငါ တို့ကို ဝိုင်းလိုက်ကြတယ်... မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်က ငါတို့ သူ့ကို လာရှာနေမှန်း ကြိုသိနေတဲ့ အတိုင်းပဲ..."

ထိုစကားကို ကြားသောအခါ ဟွမ်ချန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်က တကယ်ပဲ ဒီလောက်ထိ ဉာဏ်ရည်မြင့်နေတာလား... မင်းတို့ အနား မရောက်ခင်ကတည်းက သူ့ကို လိုက်ရှာနေမှန်း ဘယ်လိုလုပ် သိနိုင်မှာလဲ..."

ဝူလျန်က ခေါင်းခါပြရင်း ပြန်ဖြေလေသည်။

"ငါလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ ကျွင်းချန် မြို့လယ်ခေါင်နဲ့ နီးကပ်သွားလေလေ၊ မျိုးရိုးဗီဇ ပြောင်း ကြွက်တွေက ရူးနေသလိုမျိုး ငါတို့ကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာလေလေပဲ... မျိုးရိုး ဗီဇပြောင်း ကြွက်ဘုရင်ရဲ့ နေရပ်က မြို့လယ်ခေါင် တစ်နေရာရာမှာ ရှိမယ်လို့ ငါ သံသယဖြစ်မိတယ်..."

ရှီရွှမ်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် အကြံပြုလေသည်။

"မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ရဲ့ နေရာကို သွားလို့မရဘူး ဆိုရင်၊ အပြင်ကို ထွက်လာအောင် မြှားခေါ် လိုက်ရင်ကော..."

ဝူလျန်က ထပ်မံ၍ ခေါင်းခါပြကာ ပြောလေ၏။

"ကျွန်တော် သူ့ကို အပြင်ထွက်လာအောင် မြှားခေါ်ကြည့်ခဲ့ဖူးတယ်... အလုပ်မဖြစ်ဘူး..."

ထိုစကားကို ကြားသောအခါ လူတိုင်းမှာ တိတ်ဆိတ်သွားကြလေသည်။ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် ၏ နေရပ်သို့ သွား၍လည်း မရ၊ အပြင်သို့ ထွက်လာစေရန် မြှားခေါ်၍လည်း မရဆိုလျှင်၊ ၎င်းကို မည် ကဲ့သို့ သတ်ဖြတ်နိုင်ပါမည်နည်း ။

အခြားသူများက ၎င်းကို မည်သို့ သတ်ရမည်ကို စဉ်းစားနေကြစဉ် ယောင်ရန်က မေးလိုက်လေသည်။

"ဗိုလ်ကြီးဝူ... ရှင်တို့ မြို့ကို အကောင်းပကတိအတိုင်း ထားဖို့ လိုအပ်သေးလား..."

ဝူလျန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဖြေလေ၏။

"မြို့ထဲမှာ ရိက္ခာတွေ ကျန်နေနိုင်သေးတယ်... ဒါပေမဲ့ မျိုးရိုးဗီဇပြောင်း ကြွက်တွေ ထိန်းချုပ်ထားတဲ့ အတွက် ကျွန်တော်တို့ အဲ့ဒါတွေကို ပြန်ယူလို့ မရနိုင်ဘူး..."

"ဒီလိုဆိုရင် ရိက္ခာတွေ ပျက်စီးသွားလည်း ကိစ္စမရှိဘူးပေါ့..." ဟု ယောင်ရန်က ထပ်မေးလိုက်လေသည်။

ဝူလျန်က မဖြေဆိုမီ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဖြေလေသည်။

"ပြန်ရနိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါပေမဲ့ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို အရင်မသတ်ဘဲနဲ့တော့ ဖြစ်နိုင်မယ် မထင်ဘူး..."

ရိက္ခာများကို မည်သို့မျှ ယူဆောင်၍ မရနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ယောင်ရန်က အကြံပြုလိုက် လေသည်။

"ကျွန်မဆီမှာ အကြံတစ်ခု ရှိတယ်... ဒါပေမဲ့ ဒီအကြံက ရိက္ခာတွေ အားလုံး ဆုံးရှုံးသွားလိမ့်မယ်..."

ဝူလျန်သည် သူမ၏ စကားများကို အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့၏။ ထို့နောက် သူ၏ လက် များကို ဆုပ်ကိုင်လိုက်ကာ ယောင်ရန်ကို ကြည့်၍ ပြောလေသည်။

"မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကိုသာ မသတ်နိုင်ရင် ရိက္ခာတွေကလည်း ဆုံးရှုံးသွားသလိုပဲလေ... အန္တရာယ်ကို ဖယ်ရှားနိုင်သရွေ့တော့ ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး..."

သူ၏ အဖြေကို ရရှိပြီးနောက် ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။

"အကြံကတော့ ရှင်းပါတယ်... မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ရဲ့ နေရပ်ဆီကိုလည်း သွားလို့မရဘူး၊ အပြင်ကိုလည်း မြှားခေါ်လို့မရဘူး ဆိုရင် မြို့လယ်ခေါင်ကို ဖျက်ဆီးပစ်လိုက်ရုံပဲ... ပွဲချင်းပြီး မသေသွား ရင်တောင် ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာအောင် ကျွန်မတို့ ဖိအားပေးလို့ရတယ်... သူ ပေါ်လာ တာနဲ့တစ်ပြိုင်နက် ကျွန်မတို့ သူ့ကို သတ်ပစ်ဖို့ အခွင့်အရေး ရလာလိမ့်မယ်..."

ဝူလျန်သည် ခဏမျှ ကြက်သေ သေသွားပြီးမှ ပြန်ဖြေလိုက်လေ၏။

"အစ်မယောင်ရန်... မြို့လယ်ခေါင်ကို ဖျက်ဆီးပစ်ဖို့ဆိုရင် ဖောက်ခွဲရေးပစ္စည်း အများကြီး လိုအပ်လိမ့်မယ်... ဒါက ကျွန်တော်တို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်ထက် ကျော်လွန်နေတယ်..."

ထိုစကားကို ကြားသောအခါ ကျားရှန်းက လက်ထောင်ပြလိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ပြောလေ သည်။

"ဒီကိစ္စအတွက် စိတ်မပူပါနဲ့ ဗိုလ်ကြီးဝူ... ဖောက်ခွဲရေး ကိစ္စကိုသာ ကျွန်တော့်ကို လွှဲထားလိုက်ပါ..."

ဝူလျန်သည် ကျားရှန်းကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်မိသည်။

"အာ... သူက ပထမတပ်မတော်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖန်တီးတဲ့ နေရာမှာ နံပါတ်တစ် ကျွမ်းကျင် သူဆိုတာ ငါ မေ့သွားတာပဲ... သူ့အဖွဲ့ထဲမှာ ကျားရှန်း ပါနေမှတော့ လုံယုရဲ့ ဖောက်ခွဲရေးပစ္စည်း သိုလှောင်ထားမှုက အလုံအလောက် ရှိနေမှာ သေချာတယ်... "

အကျိုးအကြောင်းများကို စဉ်းစားချင့်ချိန်ပြီးနောက် သူက ပြောလိုက်လေသည်။

"ကောင်းပြီလေ... ကျွန်တော်တို့ အစ်အစ်မယောင်ရဲ့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့..."

All Chapters