အခန်း ၂၉၂
Vol. 30 Ch. 292
အခန်း (၂၉၂)
ကျွင်းချန်မြို့သို့ ထွက်ခွာခြင်း
ယောင်ရန်သည် ဝူလျန်ကို ကြည့်ကာ ဆက်ပြောလိုက်လေသည်။
"ကျွန်မက အသေးစိတ် စီစဉ်တဲ့ နေရာမှာ သိပ်မကျွမ်းကျင်ဘူး... ဗိုလ်ကြီးဝူ... ရှင်က အာယုတို့နဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးလိုက်ပါ..."
ဝူလျန်က သဘောတူလိုက်၏။
"နားလည်ပါပြီ..."
ထို့နောက် လုံယုက ဝင်ပြောလိုက်လေသည်။
"မနက်ဖြန်ကျမှ အသေးစိတ်ကို အပြီးသတ် ဆွေးနွေးကြတာပေါ့... လောလောဆယ်တော့ အားလုံးပဲ အနားယူပြီး ဒဏ်ရာတွေ အမြန်ဆုံး သက်သာအောင် လုပ်ကြပါ..."
နံနက်စာ စားပြီးနောက် လုံယုနှင့် သူ၏အဖွဲ့မှာ အိပ်ရာဝင်သွားကြသော်လည်း၊ ဝူလျန်၏ အဖွဲ့ကမူ လေ့ကျင့်ရေး အခန်းဆီသို့ ထွက်သွားကြလေသည်။ ယောင်ရန်မှာမူ ထွေထွေထူးထူး လုပ်စရာ မရှိ သဖြင့် ရေသိုလှောင်ခန်းနှင့် ရေသွင်းစိုက်ပျိုးရေး အခန်းတို့၌ သူမ၏ အလုပ်များကို ဆက်လက်လုပ် နေလိုက်တော့သည်။
နောက်တစ်နေ့တွင် လင်းယိနှင့် ယွမ်ရီဟွေးတို့သည် ကျွင်းချန် စစ်အခြေစိုက်စခန်းသို့ ရေပို့ဆောင်ရန် ညနေပိုင်း၌ ထွက်ခွာကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ထိုကိစ္စမှာ အရေးကြီးလှသဖြင့် ယောင်ရန် သည် သူတို့ကို ဆက်နေရန် မတားဆီးတော့ပေ။ သူတို့၌ လုံလောက်သော ပြင်ဆင်မှု မရှိသည်ကို သတိ ထားမိသဖြင့် သူမက သူတို့ တစ်ဦးစီအတွက် ရိက္ခာများကို ထုပ်ပိုးပေးလိုက်လေသည်။
ယောင်ရန်နှင့် လုံယုတို့က သူတို့ကို ဗုံးခိုကျင်း အဝင်ဝအထိ လိုက်လံပို့ဆောင်ပေးစဉ် ယောင်ရန်သည် သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။
"ကျောပိုးအိတ်တွေထဲမှာ ရှင်တို့အတွက် အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ထည့်ပေးထားတယ်..."
သူမ ထိုသို့ ပြောပြီးနောက် လုံယုက ကျောပိုးအိတ်များကို လင်းယိနှင့် ယွမ်ရီဟွေးတို့အား ကမ်းပေး လိုက်ရာ၊ သူတို့နှစ်ဦးကလည်း ကျေးဇူးတင်စွာဖြင့် လက်ခံယူလိုက်ကြလေသည်။
လင်းယိသည် လုံယုနှင့် ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"အစ်ကိုလုံ၊ အစ်အစ်မယောင်... အချိန်ရရင် ကျွန်တော်တို့ ထပ်လာလည်ပါဦးမယ်..."
လုံယုသည် လင်းယိ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။
"လမ်းမှာ ဂရုစိုက်သွားကြဦး..."
လင်းယိက ခေါင်းငြိမ့်ပြလေသည်။
"နောက်မှ တွေ့ကြတာပေါ့..."
ယွမ်ရီဟွေးကလည်း ဆက်ပြောလေ၏။
"အစ်ကိုလုံ၊ အစ်မယောင်... ဂရုစိုက်ကြပါနော်..."
ယောင်ရန်က ပြန်ဖြေလိုက်သည်။
"ရှင်တို့လည်း ဂရုစိုက်ကြပါ..."
ကမ္ဘာပျက်ကပ် ကာလတွင် နှုတ်ဆက်ခွဲခွာခြင်း တစ်ခုသည် တစ်သက်တာလုံးအတွက် ဖြစ်သွားနိုင်ပေ သည်မဟုတ်ပါလား။ လင်းယိနှင့် ယွမ်ရီဟွေးတို့၏ ထွက်ခွာသွားသော ကျောပြင်များကို ငေးကြည့်ရင်း လုံယုသည် သက်ပြင်းချကာ ပြောလိုက်လေသည်။
"သူတို့ ဘေးကင်းကြဖို့ မျှော်လင့်ပါတယ်..."
သူ၏ အသံထဲမှ စိုးရိမ်ပူပန်မှုများကို သတိထားမိသော ယောင်ရန်သည် သူ၏ လက်ကို ဆုပ်ကိုင်ရင်း မေးလိုက်လေသည်။
"ဘာလို့ သူတို့အတွက် ဒီလောက်တောင် စိုးရိမ်နေရတာလဲ... ရှန်ဝူးအပန်းဖြေစခန်းမှာတုန်းကတောင် ရှင်က သူတို့ကို အသည်းအသန် ကယ်တင်ချင်နေခဲ့တာလေ..."
လုံယုသည် သူမ၏ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ပြန်ဖြေလေ၏။
"မင်း မသိလောက်ပေမဲ့၊ လင်းယိက တစ်နေ့ကျရင် အကြီးမားဆုံး ကွန်ရက်ရှိတဲ့ မှောင်ခိုဈေးကွက် ကုန်သည်ကြီး ဖြစ်လာလိမ့်မယ်..."
သူသည် သူမကို လှည့်ကြည့်ကာ ဆက်ပြောလေသည်။
"ငါက သူ့ကို ဆက်ဆံရေးကောင်း တစ်ခုတည်ဆောက်ထားချင်တာပါ... သေတ္တာတော် အဖွဲ့ကြီးကို ရင်ဆိုင်ရမယ့် အချိန်ရောက်လာရင် သူ့အကူအညီ လိုအပ်လာနိုင်တယ်လေ... ရန်သူတစ်ယောက် တိုး လာတာထက် မဟာမိတ်တစ်ယောက် တိုးလာတာက အမြဲတမ်း ပိုကောင်းပါတယ်..."
သူ၏ အကြောင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်သည် ပြုံးလိုက်ကာ သူ့အား ရိုးသားစွာ ချီးကျူး လိုက်လေသည်။
"ကျွန်မရဲ့ ချစ်သူက ပါရမီရှင်ဖြစ်ပြီး အမြော်အမြင် ကြီးမားလှပါလား... ရှင်က အရာအားလုံးကို စီစဉ် ပေးနေတော့ ကျွန်မက သက်တောင့်သက်သာနဲ့ ဘဝကို ခံစားနေရုံပဲ..."
သူမ၏ ချီးကျူးစကားကြောင့် လုံယု၏ စိတ်အခြေအနေမှာ ရွှင်လန်းသွားခဲ့လေသည်။ သူက သူမ၏ နှာခေါင်းလေးကို လက်ညှိုးဖြင့် နောက်ပြောင်ကာ တောက်လိုက်ရင်း ရယ်မောပြောဆိုလေ၏။
"မင်းက လူတွေကို စကားချိုသွေးတဲ့ နေရာမှာ တော်တော် ကျွမ်းကျင်တာပဲ..."
ယောင်ရန်က ပြုံးရင်း ပြောလေသည်။
"ကျွန်မက ရှင့်ကို စကားချိုသွေးတဲ့ နေရာမှာပဲ ကျွမ်းကျင်တာပါ..."
လင်းယိနှင့် ယွမ်ရီဟွေးတို့ ထွက်ခွာသွားပြီးနောက်၊ လုံယုနှင့် အခြားသူများသည် မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို တိုက်ခိုက်ရန် ပြင်ဆင်မှုများအပေါ် အာရုံစိုက်နေခဲ့ကြလေသည်။
တစ်ချိန်တည်းမှာပင် ယောင်ရန်၊ ဟွမ်ကျိဟွေး၊ ဟန်ယီရွှယ်နှင့် တန်ချီချီတို့သည် ကျားရှန်းကို ဖောက်ခွဲ ရေးပစ္စည်းများ အမြောက်အမြား ထုတ်လုပ်ရာတွင် ကူညီပေးခဲ့ကြလေသည်။
သူတို့၏ အစီအစဉ်များကို အပြီးသတ်ရန်နှင့် မြို့လယ်ခေါင်ကို ဗုံးခွဲရန် လုံလောက်သော ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ရန် သုံးရက်ကြာ အချိန်ယူခဲ့ရလေသည်။ ယောင်ရန်၏ နေရာလွတ် အတွင်း၌ ဖောက်ခွဲရေးပစ္စည်းများ အမြောက်အမြား သိုလှောင်ထားသော်ငြားလည်း၊ ထိုအရာများကို သူမ ထုတ် ယူ၍ မရနိုင်ခဲ့ပေ။
လုံယု၏ အဖွဲ့ လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်းသို့ ပြန်လည်ရောက်ရှိလာပြီး ပဉ္စမမြောက်နေ့ နံနက်ခင်းတွင် ယောင်ရန်သည် ပုံမှန်ထက် စောစီးစွာ နိုးလာခဲ့လေသည်။ အခြားသူများ အားလုံး အိပ် ပျော်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူမသည် ပင်မခန်းမဆောင်သို့ တိတ်ဆိတ်စွာ ထွက်လာခဲ့လေ သည်။
ဆင့်စီထားသော ဖောက်ခွဲရေးပစ္စည်း သတ္တုသေတ္တာများ ရှေ့တွင် မတ်တပ်ရပ်ရင်း၊ သူမသည် အဖုံးများ ကို ဖွင့်ကာ စီဖိုးဗုံး အနည်းငယ်စီကို သေတ္တာတိုင်း အတွင်းသို့ လျင်မြန်စွာ ထည့်သွင်းလိုက်လေသည်။ သူမ ကျေနပ်သွားသောအခါ အဖုံးများကို ပြန်ပိတ်လိုက်ပြီး ထမင်းစားခန်းဆီသို့ ဦးတည်သွားလိုက်၏။
အခြားသူများ နိုးလာသည့် အချိန်တွင်မူ ယောင်ရန်သည် လူတိုင်းအတွက် ရှေးဦးသူနာပြု အိတ်ငယ်များ ကို ပြင်ဆင်ပေးထားပြီး ဖြစ်လေသည်။ ရှေးဦးသူနာပြုအိတ် တစ်ခုစီတွင် ပတ်တီးများ၊ ဆေးဝါးများ၊ ရေရောထားသော ကန်ရေ ပုလင်းငယ် တစ်ပုလင်း၊ ဆားရည်၊ အရက်ပြန်နှင့် အခြားသော အရေးကြီး ပစ္စည်းများ ပါဝင်လေသည်။
လုံယု ထမင်းစားခန်းသို့ ဝင်လာသောအခါ ယောင်ရန်က နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်လေ သည်။
"ကောင်းသောမနက်ခင်းပါ အာယု..."
သူမ ဤမျှ စောစီးစွာ နိုးနေသည်ကို အံ့သြသွားသဖြင့် လုံယုက မေးလိုက်လေ၏။
"ရန်ရန်... ဘာလို့ ဆက်မအိပ်တာလဲ..."
သူမက တည်ငြိမ်စွာ ပြန်ဖြေလေသည်။
"လူတိုင်းအတွက် ရှေးဦးသူနာပြုအိတ်တွေ ပြင်ဆင်ပေးဖို့ စောစောထလာတာပါ..."
ထမင်းစားစားပွဲပေါ်ရှိ ရှေးဦးသူနာပြုအိတ်များကို သတိပြုမိသောအခါ လုံယုသည် ခေါင်းငုံ့၍ သူမ၏ ပါးပြင်ကို နမ်းလိုက်လေသည်။ သူက ပြုံးရင်း ပြောလိုက်လေ၏။
"မင်း ပင်ပန်းသွားပြီ၊ ကျေးဇူးပါပဲ..."
သူ၏ ပျော်ရွှင်နေမှုကို မြင်သောအခါ ယောင်ရန်သည် ကျေနပ်သွားမိလေသည်။ သူမက ရှေးဦးသူနာပြု အိတ် တစ်အိတ်ကို သူ့အား ကမ်းပေးရင်း ပြောလေ၏။
"ဒါက ရှင့်အတွက်ပါ... ရှင့်ရဲ့ လေစွမ်းအင်တွေ ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာရင် သုံးရအောင် ကန် ရေ နှစ်ပုလင်း ထည့်ပေးထားတယ်..."
လုံယုက ခေါင်းငြိမ့်ပြပြီးနောက် ရှေးဦးသူနာပြုအိတ်ကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်လေ သည်။ မကြာမီမှာပင် အခြားသူများလည်း ရောက်ရှိလာကြပြီး ယောင်ရန်က ရှေးဦးသူနာပြုအိတ်များ ကို ဝေငှပေးလိုက်သည်။
စီမာ၊ ချွမ်နှင့် ဟန် မိသားစုများသည် ဟွမ်ကျိဟွေး၊ တန်ချီချီတို့နှင့်အတူ ဗုံးခိုကျင်းကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ကြလေသည်။
ကောင်းကင်ယံမှာ ဖြည်းညင်းစွာ အရောင်ပြောင်းလဲလာချိန်တွင် အဖွဲ့သည် နောက်ဆုံးအကြိမ် စစ်ဆေး မှုများ ပြုလုပ်ကာ ကျွင်းချန်မြို့ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေတော့သည်။
အက်စ်ယူဗွီကား အတွင်း၌ ထိုင်နေရင်း ယောင်ရန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေး ကြည့်နေမိလေသည်။ လမ်းတစ်လျှောက်ရှိ စိမ်းလန်းသော သစ်ပင်ချုံနွယ် အစုအဝေးများကို မြင်တွေ့ ရသောအခါ သူမ၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုကြောင့် တလက်လက် တောက်ပသွားပြီး သူမ၏ နှုတ်ခမ်းထက်၌ အပြုံးရေးရေးလေး တစ်ခု ပေါ်လာခဲ့လေ၏။
သူမ၏ စိတ်အခြေအနေ ကောင်းမွန်နေသည်ကို သတိထားမိသောအခါ လုံယုသည် အနားသို့ တိုးကပ် လာကာ တိုးညှင်းသော အသံဖြင့် မေးလိုက်လေသည်။
"ဘာတွေမြင်လို့ ဒီလောက်တောင် ပျော်နေရတာလဲ..."
ယောင်ရန်သည် သူ့ကို လှည့်ကြည့်ကာ တီးတိုး ပြန်ဖြေလေ၏။
"လမ်းမှာ မျိုးရိုးဗီဇပြောင်း အပင်တွေကို မြင်လိုက်ရလို့ပါ... ကျွင်းချန်မြို့ အနီးအနားမှာ ဒီအပင်တွေ ပိုများများ ရှိနေမယ်ဆိုရင်၊ ကျွန်မတို့ မြို့ထဲကို မဝင်ခင် နေရာကို ကင်းထောက်ဖို့ ကျွန်မရဲ့ သစ်စွမ်းအင် ကို အသုံးပြုလို့ ရတယ်လေ..."
သူမ၏ စကားကြောင့် လုံယု၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားလေသည်။ သူသည် ကားထဲရှိ အိပ်ပျော်နေကြသော အခြားသူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
"မင်းရဲ့ သစ်စွမ်းအင်ကို ကင်းထောက်ဖို့ အသုံးပြုလို့ ရတယ်ပေါ့..."
ယောင်ရန်က ခေါင်းငြိမ့်ပြလေသည်။
"အင်း..."
သူမ၏ အတည်ပြုချက်ကြောင့် စိတ်လှုပ်ရှားသွားကာ လုံယု၏ မျက်ဝန်းများမှာ လင်းလက်သွားလေ သည်။ ထိုနေရာကို ကြိုတင်၍ ကင်းထောက်နိုင်ခြင်းက သူတို့၏ အန္တရာယ်များနှင့် ထောင်ချောက်ထဲသို့ ကျရောက်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ပေသည်။
"မင်းရဲ့ စွမ်းအင် အကွာအဝေးက ဘယ်လောက်အထိ ကျယ်ပြန့်လဲ..." ဟု သူက မေးလိုက်လေသည်။
နောက်ဆုံးအကြိမ် သူမ ဤစွမ်းရည်ကို စမ်းသပ်ခဲ့စဉ်က သူမ၏ သစ်စွမ်းအင်မှာ အဆင့်တစ်သို့ပင် မရောက်ရှိသေးသဖြင့် မီတာ (၅၀၀) အထိသာ ကင်းထောက်နိုင်ခဲ့လေသည်။ ယခုအခါ အဆင့်သုံး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ မည်မျှအထိ ဝေးဝေး ကင်းထောက်နိုင်မည် ဆိုသည်ကို သူမ ကိုယ်တိုင်လည်း သေချာ မသိနိုင်သေးပေ။