အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃)
မျိုးရိုးဗီဇပြောင်း ကြောင်များ
ထိုကိစ္စကို စဉ်းစားပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"နောက်ဆုံးအကြိမ် ဒီစွမ်းရည်ကို သုံးခဲ့တုန်းက မီတာ (၅၀၀) အထိ ရခဲ့တယ်... ဒါပေမဲ့ အဲ့အချိန်တုန်းက ကျွန်မရဲ့ သစ်စွမ်းအင်က အဆင့် (၁) ကိုတောင် မရောက်သေးဘူးလေ... အခုတော့ ကျွန်မရဲ့ သစ်စွမ်း အင်က အဆင့်သုံးရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ ဘယ်လောက်အထိ ဝေးဝေးရောက်နိုင် မလဲဆိုတာ သေချာမသိသေးဘူး..."
ခဏမျှ စဉ်းစားပြီးနောက် လုံယုက ပြောလိုက်လေသည်။
"ဒီလိုဆိုရင် ကျွင်းချန်မြို့ မြို့စွန်ကို ရောက်တဲ့အခါ မင်းရဲ့ ကင်းထောက်စွမ်းရည်ကို စမ်းသပ်ကြည့်ကြ တာပေါ့..."
ယောင်ရန်က သဘောတူလိုက်၏။
"ကောင်းပါပြီရှင်..."
တစ်နာရီခန့် ခရီးသွားပြီးနောက်တွင် သူတို့သည် ပထမဆုံးသော မျိုးရိုးဗီဇပြောင်း တိရစ္ဆာန် အုပ်စုနှင့် ကြုံတွေ့ခဲ့ရလေသည်။ ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ဝူလျန်သည် ကားရှေ့ခန်းရှိ စကားပြော စက်ကို ကောက်ကိုင်ကာ ပြောလေသည်။
"ရှေ့မှာ မျိုးရိုးဗီဇပြောင်း ကြောင်အုပ်ကြီး ရှိနေတယ်... တိုက်ပွဲအတွက် ပြင်ဆင်ထားကြ..."
ခဏအကြာတွင် ဟွမ်ချန်၏ အသံသည် စကားပြောစက်ထဲမှ ထွက်ပေါ်လာခဲ့၏။
"နားလည်ပါပြီ..."
ဝူလျန်က စကားပြောစက်ကို ပြန်ချလိုက်သည်နှင့် တစ်ပြိုင်နက် လေးလံသော အရာတစ်ခုသည် အက်စ်ယူဗွီကား ခေါင်မိုးပေါ်သို့ ကျဆင်းလာခဲ့လေသည်။
"ဒုန်း... "
ထိခိုက်မှု ပြင်းထန်လွန်းသဖြင့် ကားခေါင်မိုးမှာ ချိုင့်ဝင်သွားခဲ့လေသည်။ တစ်စက္ကန့်ခန့် အကြာတွင် တစ်စုံတစ်ခုက သတ္တုပြားကို ကုတ်ခြစ်လိုက်သကဲ့သို့ စူးရှသော အသံတစ်သံက လေထုထဲသို့ ထိုး ဖောက် ဝင်ရောက်လာခဲ့တော့သည်။
"ဂျိ... ဂျိ...ဂျိ…"
အားလုံး လန့်ဖျပ်သွားကြပြီး အထက်သို့ မော့ကြည့်လိုက်ရာ ကားခေါင်မိုးကို ဖောက်ထွက်လာသော ထက်မြက်သည့် သတ္တဝါ၏ ခြေသည်းလေးခုကို မြင်လိုက်ရလေသည်။
မျိုးရိုးဗီဇပြောင်း ကြောင်သည် ကားခေါင်မိုးကို ဆွဲဆုတ်ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း သိလိုက်ရသ ဖြင့် ယောင်ရန်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားလေသည်။ သူမသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ကျောပိုးအိတ်ကို အကာအကွယ်ယူကာ သူမ၏ နေရာလွတ်ထဲမှ ဗို့အားမြင့် လျှပ်စစ်ရှော့တိုက်သေနတ် ကို ထုတ်ယူလိုက်ပြီး ဘေးကင်းရေးခလုတ်ကို ဖြုတ်ကာ ဖွင့်လိုက်လေသည်။ ထို့နောက် တစ်စက္ကန့်မျှ မကြာမီမှာပင် သူမသည် အမိုးကို ဖောက်ထွက်နေသော အဝါရောင် ခြေတံကြီးကို ရှော့တိုက်သေနတ် ဖြင့် ထိုးချလိုက်လေတော့၏။
"ဂျစ် ဂျစ် ဂျစ်... "
ခြေဖဝါးအတွင်းသို့ လျှပ်စစ်စီးကြောင်းများ ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇပြောင်း ကြောင်ကြီးသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင် တစ်ခွင်၌ ပဲ့တင်ထပ်သွားစေမည့် စူးရှပြီး နားကွဲ မတတ် အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်လေတော့သည်။
"ညောင်..."
ထိုအော်သံမှာ ကျယ်လောင်လွန်းလှသဖြင့် ယောင်ရန်၏ နားများ နာကျင်သွားကာ ခေါင်းမူးသွားစေခဲ့ပေ ၏။ သူမ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး ထိုင်ခုံပေါ်သို့ ပြန်ကျသွားလေသည်။ သူမ၏ ခေါင်းမှာ ပြတင်းပေါက်နှင့် မဆောင့်မိမီမှာပင် လုံယုက လှမ်း၍ ဖမ်းထိန်းပေးလိုက်လေသည်။
"ရန်ရန်... ဂရုစိုက်ပါဦး... အဆင်ပြေရဲ့လား..." ဟု သူက သူမကို အမြန် စစ်ဆေးကြည့်ရင်း မေးလိုက် လေသည်။
ယောင်ရန်က စိတ်ကြည်လင်သွားစေရန် ခေါင်းခါရမ်းလိုက်ပြီး ၊
"ကျွန်မ အဆင်ပြေပါတယ်..."
ယခုအခါ ခြေဖဝါး ဒဏ်ရာရသွားသော မျိုးရိုးဗီဇပြောင်း ကြောင်သည် ကားခေါင်မိုးပေါ်မှ ခုန်ချသွားပြီး ကျန်ရှိနေသော ကြောင်အုပ်စုနှင့် ပြန်လည် ပူးပေါင်းသွားလေသည်။ နေ့အလင်းရောင် ထွက်ပေါ်လာပြီ ဖြစ်ရာ ယောင်ရန်သည် ယခုအခါ သူမ၏ ပတ်ဝန်းကျင်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်နေပြီ ဖြစ်၏။
မျိုးရိုးဗီဇပြောင်း ကြောင်များက လမ်းကို ပိတ်ဆို့ထားသောကြောင့် အက်စ်ယူဗွီကားနှင့် ဘတ်စ်ကားတို့ မှာ ရပ်တန့်လိုက်ရလေသည်။ ကားများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇပြောင်း ကြောင် များသည် သူတို့ဆီသို့ ပြေးဝင်လာကြလေတော့သည်။
ယောင်ရန်သည် သူမ၏ ဓားရှည်ကို ဆုပ်ကိုင်၍ တံခါးကိုဖွင့်ကာ သူမ၏ လမ်းကို ပိတ်ဆို့နေသော မျိုးရိုး ဗီဇပြောင်း ကြောင်တစ်ကောင်ကို ကန်ထုတ်လိုက်လေသည်။ သူမ၏ ခြေထောက် မြေကြီးနှင့် မထိမီ မှာပင် အခြား မျိုးရိုးဗီဇပြောင်း ကြောင်တစ်ကောင်က သူမ၏ လည်ချောင်းဆီသို့ ထက်မြက်သော ခြေ သည်းများဖြင့် ရွယ်ကာ ပြေးဝင်လာခဲ့၏။
ဝင်ရောက်လာသော အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် ယောင်ရန်သည် သူမ၏ ဓားရှည်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး မျိုးရိုးဗီဇပြောင်း ကြောင်အား ဆက်တိုက်ဆိုသလို ခုတ်ပိုင်းလိုက်ရာ ခေါင်းမှနေ၍ ကိုယ်လုံး နှစ်ပိုင်းပြတ်သွားခဲ့လေသည်။
"ရွှမ်း... ဘိုင်း... ဘိုင်း..."
မြေပြင်နှင့် အက်စ်ယူဗွီကား ကိုယ်ထည်ပေါ်သို့ အနက်ရောင် သွေးများ ပန်းထွက်လာချိန်တွင် ယောင်ရန် သည် ကားအနီးမှ လျင်မြန်စွာ ခွာထွက်လိုက်လေသည်။ လုံယုနှင့် အခြားသူများသည်လည်း နောက်မှ ကပ်လျက် လိုက်ပါလာကြပြီး ကားထဲမှ ထွက်လာခဲ့ကြလေသည်။
သူတို့၏ အဖော်တစ်ကောင် သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် မျိုးရိုးဗီဇပြောင်း ကြောင် များသည် ဆက်လက် တိုက်ခိုက်ရန် တုံ့ဆိုင်းသွားကြလေသည်။ ထို့အစား သူတို့သည် အဖွဲ့ကို ဝိုင်းထား လိုက်ပြီး သူတို့၏ အစွယ်များနှင့် ခြေသည်းများကို ထုတ်ပြကာ သတိကြီးစွာဖြင့် စောင့်ကြည့်နေကြ တော့၏။
မျိုးရိုးဗီဇပြောင်း ကြောင်များကို စိုက်ကြည့်ရင်း ယောင်ရန်က ပြောလိုက်လေသည်။
"ဒီ မျိုးရိုးဗီဇပြောင်း ကြောင်တွေက သွက်ပေမဲ့ ကာကွယ်နိုင်စွမ်းတော့ နိမ့်ကျတယ်... သူတို့ရဲ့ ခေါင်း တွေကို ချိန်ပစ်ပါ... ဒါမှမဟုတ်ရင် ခြေလက်တွေကို ဖြတ်တောက်ပစ်လိုက်..."
သူမ ပြောသည်ကို နားထောင်ပြီးနောက် အခြားသူများလည်း နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ကြ လေ၏။
တင်းမာသော အခြေအနေ တစ်ခုပြီးနောက် ယောင်ရန်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသောအငွေ့အ သက်များ တောက်ပလာခဲ့လေသည်။ သူမက လှောင်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"အာယု... သွားကြစို့..."
သူမ၏ အချက်ပြမှုနှင့်အတူ ယောင်ရန်နှင့် လုံယုတို့သည် သူတို့၏ ဘယ်နှင့်ညာရှိ အနီးဆုံး မျိုးရိုးဗီဇ ပြောင်း ကြောင်များဆီသို့ အပြေးအလွှား ဝင်ရောက်သွားကြလေသည်။
ခလုတ်နှိပ်လိုက်သကဲ့သို့ ကျန်ရှိနေသော မျိုးရိုးဗီဇပြောင်း ကြောင်များလည်း ချက်ချင်း လှုပ်ရှားလာကြ တော့၏။ ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့သည်လည်း ခဏအကြာတွင် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာ ကြလေသည်။
တိုက်ပွဲ ဖြစ်ပွားနေသည်ကို စောင့်ကြည့်နေရင်း ဝူလျန်က သူ၏ သေနတ်ကို မြှောက်ကာ အမိန့်ပေးလိုက် လေသည်။
"သူတို့ရဲ့ ခေါင်းတွေကို ချိန်ပစ်ကြ..."
"ဟုတ်ကဲ့ ဗိုလ်ကြီး..."
စစ်သည်များက တုံ့ပြန်လိုက်ကြပြီး မျိုးရိုးဗီဇပြောင်း ကြောင်များကို သေနတ်များဖြင့် စတင် ပစ်ခတ် ကြတော့သည်။
မိနစ်နှစ်ဆယ်ကျော် ကြာသည်အထိ သေနတ်သံများနှင့် သတ္တုချင်း ထိခိုက်သံများသည် ထိုဧရိယာ အတွင်း ပဲ့တင်ထပ်နေခဲ့လေသည်။
မျိုးရိုးဗီဇပြောင်း ကြောင်နှစ်ကောင်သာ ကျန်ရှိတော့ချိန်တွင် ယောင်ရန်နှင့် လုံယုတို့သည် တစ်ယောက် ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။ စကားတစ်ခွန်းမျှ မဆိုဘဲ သူတို့သည် မျိုးရိုးဗီဇ ပြောင်း ကြောင်နှစ်ကောင်ဆီသို့ ပြေးဝင်သွားကာ လျင်မြန် ညီညာသော လှုပ်ရှားမှုများဖြင့် ၎င်းတို့၏ ခေါင်းများကို ဖြတ်ချလိုက်လေသည်။
"ဘိုင်း... ဘိုင်း... "
ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် ယောင်ရန်သည် သူမ၏ ဓားရှည်ပေါ်ရှိ သွေးများကို ခါချလိုက်လေသည်။ သူမက အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဒီနေရာမှာ သွေးနံ့က အရမ်း ပြင်းလွန်းတယ်... ကျွန်မတို့ ချက်ချင်း ထွက်ခွာဖို့ လိုတယ်..."
လူတိုင်းက ခေါင်းငြိမ့်ပြကြပြီး သူတို့၏ ခရီးကို ဆက်လက်ထွက်ခွာရန် ကားများပေါ်သို့ ကမန်းကတန်း ပြန်တက်သွားခဲ့ကြလေသည်။ ဘတ်စ်ကားပေါ်တွင် စစ်သည် အနည်းငယ်မှာ တိုက်ပွဲကြောင့် ခြစ်ရာ များနှင့် ဒဏ်ရာများ ရရှိခဲ့ကြလေသည်။
ယောင်ရန် ဝေငှပေးထားသော ရှေးဦးသူနာပြုအိတ်များကြောင့် ဒဏ်ရာများကို အချိန်မီ ကုသနိုင်ခဲ့လေ သည်။
လုံယု၏ အဖွဲ့က ရှေ့တန်းမှ ဦးဆောင် တိုက်ခိုက်ပေးခဲ့ခြင်းကြောင့် မည်သူမျှ သေဆုံးခဲ့ခြင်း မရှိဘဲ ရရှိ ခဲ့သော ဒဏ်ရာများမှာလည်း အသေးအမွှားမျှသာ ဖြစ်လေသည်။ မျိုးရိုးဗီဇပြောင်း ကြောင်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက်တွင်၊ အဖွဲ့သည် လမ်းတစ်လျှောက်၌ အရွယ်အစား သေးငယ်သော မျိုးရိုးဗီဇ ပြောင်း တိရစ္ဆာန် အနည်းငယ်နှင့်သာ ကြုံတွေ့ခဲ့ရတော့၏။
သူတို့ ကျွင်းချန်မြို့၏ မြို့စွန်ဧရိယာသို့ ရောက်ရှိချိန်တွင်မူ နေလုံးကြီးမှာ ကောင်းကင်ယံ၌ မြင့်တက်နေ ပြီ ဖြစ်လေသည်။
အက်စ်ယူဗွီကားထဲမှ ထွက်လာစဉ် ယောင်ရန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မျိုးရိုးဗီဇ ပြောင်း အပင်များ ပေါများနေသည်ကို သတိပြုမိလိုက်လေသည်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင်း သူမ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ခဏအကြာတွင် သူမသည် မျက်လုံးများကို မှိတ်ကာ သူမ၏ သစ်စွမ်းအင်ကို ဖြန့်ကြက်လိုက်လေသည်။
သူမ၏ စွမ်းအင်များက မျိုးရိုးဗီဇပြောင်း အပင်များနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ထိုအပင်များ အသက်ဝင်လာသကဲ့သို့ ယောင်ရန် ခံစားလိုက်ရလေသည်။ တစ်စက္ကန့်ခန့် အကြာတွင် ထိုအပင်များက သူမ၏ စွမ်းအင်ကို စုပ်ယူနေကြောင်း သူမ သိလိုက်ရ၏။ လန့်ဖျပ်သွားသဖြင့် သူမသည် စွမ်းအင်များ အားလုံး စုပ်ယူမခံရမီ သူမ၏ သစ်စွမ်းအင်များကို လျင်မြန်စွာ ပြန်လည် ရုပ်သိမ်းလိုက်လေသည်။
မျက်လုံးများ ပွင့်လာသောအခါ သူမသည် တုန်ယင်စွာ သက်ပြင်းချလိုက်မိသည်။ စိတ်ကို တည်ငြိမ် အောင် ထားပြီးနောက် ယောင်ရန်သည် သူမ၏ နဖူးမှ ချွေးစေးများကို သုတ်ကာ စိတ်ထဲမှ တွေးလိုက် လေသည်။
*တော်တော် အန္တရာယ်များတာပဲ... ငါသာ နည်းနည်းလေး နောက်ကျသွားရင် ထို မျိုးရိုးဗီဇပြောင်း အပင် တွေက ငါ့ရဲ့ စွမ်းအင်တွေ အားလုံးကို စုပ်ယူသွားလိမ့်မယ်...*
သူမ အတွေးလွန်နေစဉ် လုံယုက သူမအနားသို့ ချဉ်းကပ်လာခဲ့၏။ သူမ၏ ဖြူရော်နေပြီး ချွေးများ ဖုံးလွှမ်းနေသော မျက်နှာကို သတိပြုမိသွားသဖြင့် သူက စိုးရိမ်တကြီး မေးလိုက်လေသည်။
"ရန်ရန်... ဘာဖြစ်လို့လဲ... မင်း မျက်နှာက တော်တော်လေး ဖြူဖျော့နေတယ်..."
အတွေးများထဲမှ ရုန်းထွက်လာကာ ယောင်ရန်သည် သူ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တိုးညှင်း သော အသံဖြင့် ပြောလေသည်။
"အာယု... ခုနက ကျွန်မရဲ့ ကင်းထောက်စွမ်းရည်ကို သုံးကြည့်နေတာ... ဒါပေမဲ့ အလုပ်မဖြစ်ဘူး..."