← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း (၂၉၉)

ကျွန်မ သူတို့ကို သိတယ်

ရွှီရူဟန်သည် သူ၏ ဒုတိယဦးလေး ပြောစကားများကို မေးထောက်ကာ အသေအချာ နားထောင်နေရင်း စဉ်းစားနေမိလေသည်။

*မိန်းကလေးယောင်အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ ပထမဆုံး အထင်အမြင်က မှန်ကန်နေတာပဲ... သူမက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲ... သူမနဲ့ သူမရဲ့ ချစ်သူကို တွေ့ဖို့ နည်းလမ်းရှာပြီး မိတ်ဆွေ ဖွဲ့ထားသင့်တယ်... ဒါဆိုရင် မိတ်ဆွေအသစ်တွေ ရနိုင်သလို ပိုပြီးတော့ အားကိုးရတဲ့ ထောက်ခံ သူတွေကိုလည်း ရှာဖွေနိုင်တာပေါ့...*

ရွှီမိသားစုသည် ကမ္ဘာပျက်ကပ် စတင်ကတည်းက သူတို့ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မျှဝေ နေကြစဉ်အတွင်း မူမိသားစုနှင့် ဟွာမိသားစုတို့သည်လည်း ကျွင်းချန် စစ်အခြေစိုက်စခန်းအတွင်း၌ ကိုယ်ပိုင်သြဇာအာဏာများကို စတင်တည်ဆောက်နေကြလေသည်။ လူတိုင်းသည် အလုပ်ရှုပ်နေကြပြီး အချိန်များမှာလည်း မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေ၏။

ဆယ်ရက်ခန့် ကုန်ဆုံးသွားသောအခါ အရာအားလုံးမှာ အခြေကျသွားပြီ ဖြစ်သည်။ ထိုအချိန်တွင် အပူ ချိန်မှာ (၃၂) ဒီဂရီဆဲလ်စီးယပ်စ်အထိ ထပ်မံ ကျဆင်းသွားခဲ့ပေ၏။

သဘာဝဘေးအန္တရာယ်များကြောင့် ကမ္ဘာကြီး၏ အစိတ်အပိုင်းအတော်များများ ပျက်စီးခဲ့ပြီး တစ်နှစ်နီး ပါးအကြာတွင်မှ အသက်ရှင်ကျန်ရစ်သူများသည် ပုံမှန်အပူချိန်ကို ပြန်လည် ခံစားကြရခြင်းပင် ဖြစ်ချေ တော့သည်။

ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် အပူဒဏ်ခံအင်္ကျီများကို မဝတ်ဆင်ကြတော့သော်လည်း နွေရာသီဝတ်စုံများအောက်တွင် အပူချိန်ထိန်းအဝတ်အစားများကိုမူ ဝတ်ဆင်ထားဆဲ ဖြစ်လေသည်။

ယနေ့ နံနက်စောစော နိုးလာသောအခါ ယောင်ရန်သည် လန်းဆန်းမှုကို ခံစားနေရ၏။ ရေချိုးပြီးနောက် ရေလှောင်ခန်းရှိ ရေကန်များကို ရေဖြည့်ကာ ရေသွင်းစိုက်ပျိုးခန်းနှင့် မှန်လုံအိမ်များရှိ သီးနှံများနှင့် ဆေးဘက်ဝင် အပင်များကို စစ်ဆေးလိုက်လေသည်။

သူမအဖွဲ့မှ လူကြီးပိုင်းများသည် မှန်လုံအိမ်ရှိ သီးနှံများကို ဂရုတစိုက် ပြုစုပျိုးထောင်ကြပြီး ဟွမ်ကျိဟွေး နှင့် တန်ချီချီတို့က ရေသွင်းစိုက်ပျိုးပင်များကို စီမံခန့်ခွဲကြလေသည်။ သူတို့၏ အကူ အညီ ကြောင့် ယောင်ရန်သည် အပင်များ ကျန်းမာစွာ ကြီးထွားစေရန်အတွက် နေ့စဉ် သစ်စွမ်းအင်ကို အသုံး ပြုပေးရန်သာ လိုအပ်တော့၏။

သစ်စွမ်းအင်အပြင် ယောင်ရန်သည် မှန်လုံအိမ်နှင့် ရေသွင်းစိုက်ပျိုးခန်းများတွင် အသုံးပြုသော ရေကန် များထဲသို့ သူမ၏ နေရာလွတ် ထဲရှိ ရေကန်မှ ရေအနည်းငယ်ကိုလည်း တိတ်တဆိတ် ထည့်ပေးထားခဲ့ လေသည်။

ရလဒ်အနေဖြင့် အပင်များအားလုံးမှာ ပိုမိုလျင်မြန်စွာ ကြီးထွားလာပြီး အရသာပိုကောင်းကာ ဗီတာမင် နှင့် သတ္တုဓာတ်များ ပိုမိုမြင့်မားလာသည့်အပြင် ကုသနိုင်စွမ်း အာနိသင် အနည်းငယ်လည်း ရှိလာလေ သည်။ ထိုကဲ့သို့သော အစားအစာများကို နေ့စဉ် စားသုံးခြင်းဖြင့် အနာဂတ်တွင် သူမ၏အဖွဲ့မှ မည်သူမျှ ပုံပျက်ပန်းပျက် မျိုးရိုးဗီဇပြောင်းလဲသူများအဖြစ် ပြောင်းလဲသွားလိမ့်မည်မဟုတ်ကြောင်း ယောင်ရန် စိတ်ချနေခဲ့ပေတော့၏။

သူမ၏ နံနက်ခင်း လုပ်ငန်းဆောင်တာများ ပြီးစီးပြီးနောက် ယောင်ရန်သည် ထမင်းစားခန်းသို့ သွားလိုက် ရာ အန်တီစီမာက အစားအစာများကို စားပွဲပေါ်၌ ပြင်ဆင်နေသည်ကို တွေ့လိုက်ရလေသည်။

သူမကို မြင်သောအခါ အန်တီစီမာက နွေးထွေးစွာ ပြုံးပြလိုက်၏။

"မင်္ဂလာမနက်ခင်းပါ မိန်းကလေးယောင်... တစ်ခုခု စားမလား..."

ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာမနက်ခင်းပါ အန်တီစီမာ..."

အန်တီစီမာသည် မီးဖိုချောင်တွင် အန်တီဟန်ကို ကူညီရန် လိုအပ်သေးသဖြင့် ထပ်ပြောလိုက်လေ၏။

"ကျွန်မတို့ တခြား ဟင်းလျာတွေ ထပ်လုပ်နေတုန်းပဲ... ပဲနို့လည်း ကျိုနေတယ်... အားလုံး အဆင်သင့် ဖြစ်ရင် ကျွန်မ ယူလာပေးပါ့မယ်..."

ယောင်ရန်က ပြုံးပြကာ ဆိုလိုက်လေသည်။

"မလောပါနဲ့... ကျွန်မ ဒါတွေပဲ အရင်စားလိုက်မယ်လေ..."

အသားဆန်ပြုတ်တစ်ပန်းကန်နှင့် အသားလိပ်နှစ်ခုကို ယူ၍ ယောင်ရန် ထိုင်စားလိုက်လေသည်။ အနံ့ မွှေးပျံ့ပြီး နူးညံ့လှသော အသားလိပ်ကို တစ်ကိုက်စားရန် ပြင်လိုက်စဉ်မှာပင် ခိုလှုံရာစခန်း၏ အချက် ပေးသံမှာ ရုတ်တရက် မြည်ဟည်းလာခဲ့လေသည်။

"ဝုမ်…. ဝုမ်…. ဝုမ်…"

အချက်ပေးသံက စခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသောအခါ ယောင်ရန်၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူမသည် အသားလိပ်ကို ပန်းကန်ထဲသို့ ပြန်ချထားကာ ဗဟိုထိန်းချုပ်ရေးအခန်းသို့ အပြေးအလွှား သွား လိုက်လေတော့သည်။

သူမ ရောက်သွားသောအခါ လုံယုနှင့် ရှီရွှမ်းတို့မှာ ထိုနေရာတွင် ရောက်ရှိနေကြပြီ ဖြစ်ပေသည်။ ယောင်ရန်က သူတို့ဆီသို့ လျှောက်သွားကာမေးလိုက်လေ၏။

"ဘာလို့ အချက်ပေးသံ မြည်တာလဲ ..."

လုံယုက စခန်းအပြင်ဘက် မြင်ကွင်းများကို ပြသထားသည့် မျက်နှာပြင်ကြီးကို ညွှန်ပြကာပြောလိုက် လေသည်။

"ဟိုမှာ ကြည့်လိုက်လေ..."

ယောင်ရန် မျက်နှာပြင်ကို ကြည့်လိုက်သောအခါ ပင်မဝင်ပေါက် အပြင်ဘက်တွင် လူအုပ်ကြီးတစ်စု ရပ်နေသည်ကို တွေ့လိုက်ရလေ၏။ သူတို့ထဲမှ တစ်ယောက်က တံခါးကို ထုရိုက်ကာ ဖွင့်ရန် ကြိုးစားနေ ခဲ့လေသည်။

ရှီရွှမ်းက ကင်မရာကို အနီးကပ် ဆွဲပြလိုက်ပြီး ပြောလိုက်လေ၏။

"ခေါင်းဆောင်... အဲဒီလူတွေက ဂိုဏ်းသားတွေ မဟုတ်ဘဲ အသက်ရှင်ကျန်ရစ်သူတွေနဲ့ တူတယ်..."

လုံယုက စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ပိန်လှီညစ်ပတ်နေသော လူများကို ခဏမျှ ကြည့်ပြီးနောက် တည်ငြိမ်စွာ အမိန့်ပေးလိုက်လေသည်။

"သူတို့ကို ထွက်သွားခိုင်းလိုက်..."

"ဟုတ်ကဲ့ ခေါင်းဆောင်..."

ရှီရွှမ်းက ခလုတ်ကို နှိပ်ကာ မိုက်ခရိုဖုန်းမှတစ်ဆင့် ပြောလိုက်လေသည်။

"မင်းတို့ကို ဒီမှာ ကြိုဆိုမှာ မဟုတ်ပါဘူး... ငါတို့ သေနတ်နဲ့ မပစ်ခင် အခုချက်ချင်း ထွက်သွားကြပါ..."

ရှီရွှမ်းက ခလုတ်ကို ပြန်လွှတ်လိုက်ပြီးနောက် မေးလိုက်၏။

"ခေါင်းဆောင်... သူတို့ ထွက်သွားကြပါ့မလား..."

"ငါလည်း မသိဘူး... သူတို့က အခုချိန်မှာ ရန်လိုတဲ့ပုံမပြပေမဲ့လည်း ငါတို့ သတိမလွတ်သင့်ဘူး..."

လုံယုက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

အပြင်ဘက်ရှိ လူများသည် ရှီရွှမ်း၏ စကားကို ကြားသောအခါ အံ့အားသင့်သွားပြီး တိတ်ဆိတ်သွား ကြလေ၏။ ခဏအကြာတွင် တံခါးကို ထုနေသော အမျိုးသားက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် လည်း စောင့်ကြည့်ကင်မရာများကို ရှာမတွေ့ခဲ့ပေ။

သူတို့ကို စောင့်ကြည့်နေမှန်း သိလိုက်သဖြင့် သူက ခေါင်းမော့ကာ တောင်းပန်ရှာလေသည်။

"ကျွန်တော်တို့ ဟိုင်ချန်မြို့ကနေ လာတာပါ... မျိုးရိုးဗီဇပြောင်း တိရစ္ဆာန်တွေ လိုက်နေလို့ပါ... ကျေးဇူး ပြုပြီး ဒီမှာ တစ်ညလောက်ပဲ နားခွင့်ပေးပါ... မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့ ထွက်သွားပါ့မယ်..."

ရှီရွှမ်းက ငြင်းပယ်ရန် ပြင်လိုက်စဉ် ယောင်ရန်က ရုတ်တရက် တားလိုက်လေ၏။

"နေဦး..."

လုံယုက သူမကို ကြည့်ကာ မေးလိုက်လေသည်။

"ရန်ရန်... ဘာဖြစ်လို့လဲ..."

ယောင်ရန်က ပြန်မဖြေဘဲ ရှီရွှမ်းအား ပြောလိုက်လေ၏။

"လူအုပ်ရဲ့ နောက်ဆုံးမှာ ရှိနေတဲ့သူတွေကို အနီးကပ် ဆွဲပြပေးပါ..."

ရှီရွှမ်းက လုံယုကို ကြည့်လိုက်ရာ လုံယုက ခေါင်းငြိမ့်ပြသဖြင့် ကင်မရာကို လူအုပ်အနောက်ဘက်သို့ ချိန်ညှိလိုက်လေသည်။

"ရပ်လိုက်တော့..."

စက္ကန့်အနည်းငယ်အကြာတွင် ယောင်ရန်က ပြောလိုက်၏။

မျက်နှာပြင်ပေါ်တွင် ရင်းနှီးသော မျက်နှာနှစ်ခု ပေါ်လာသောအခါ ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက် သွားတော့၏။ သူမ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လုံယုက တွန့်ဆုတ်စွာဖြင့် မေး လိုက်လေသည်။

"ရန်ရန်... မင်း အဲဒီလူနှစ်ယောက်ကို သိလို့လား..."

ယောင်ရန်က မျက်နှာပြင်ကို စိုက်ကြည့်ရင်း ခေါင်းငြိမ့်ပြကာ ဖြေလေ၏။

"သိတာပေါ့... သူတို့က ကျွန်မရဲ့ အဘိုးရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်နဲ့ ကျွန်မတို့ မိသားစုရဲ့ ရှေ့နေ ချုပ်ပဲ... သူတို့နဲ့ စကားပြောချင်တယ်..."

လုံယုက သူတို့၏ အထောက်အထားကို သိလိုက်ရသဖြင့် အနည်းငယ် အံ့သြသွားခဲ့လေ၏။ သူက ခေါင်းငြိမ့်ပြကာ မေးလိုက်လေသည်။

"သူတို့ကို အထဲခေါ်လာပေးရမလား..."

ယောင်ရန်သည် လက်ထောက်ဟယ်နှင့် ရှေ့နေလီကို ယုံကြည်သော်လည်း သူတို့နှင့် ခွဲခွာခဲ့ရသည့် အချိန် အတောအတွင်း မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိပေ။ လူတို့၏ စိတ်ဓာတ်မှာ ပြောင်း လဲတတ်သဖြင့် သူမ၏ သူငယ်ချင်းများ၏ လုံခြုံရေးကို အန္တရာယ် မပြုနိုင်ပေ။

ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က ပြန်ဖြေလိုက်လေသည်။

"မလိုလောက်ဘူး... ကျွန်မ ကင်မရာကနေပဲ သူတို့ကို အရင် စကားပြောကြည့်မယ်... ပြီးမှ သူတို့ကို စောင့်ကြည့်ကြတာပေါ့..."

လုံယုကလည်း သဘောတူလိုက်လေသည်။

"ကောင်းပြီလေ... မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့..."

All Chapters