← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃)

"သူက အဆောင်တွေကြားထဲ ဖြတ်တိုက်သွားတဲ့ လေပြင်းတစ်ချက်လိုပဲ... နှစ်တွေကြာတဲ့အထိ မရပ်မနား တိုက်ခတ်နေပြီး တောင်ဘက်ကနေ မြောက်ဘက်ဆီကို ဦးတည်နေတယ်"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

အရောင်အသွေး စုံလင်တောက်ပနေသော စင်္ကြံလမ်းကို ဖြတ်သန်းပြီး ရှလီက KTV အခန်းတံခါးကို တွန်းဖွင့်လိုက်၏။

အခန်းတွင်းမှ နွေးထွေးသော လေငွေ့များနှင့်အတူ အကြည့်အချို့ကလည်း တပြိုင်နက် ထွက်လာခဲ့သည်။

အိုးယန်ကျင့်က မူလက ဆိုဖာပေါ်တွင် ထိုင်နေသော်လည်း ယခုအခါတွင် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး နည်းနည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားဟန်ဖြင့် လင်ချင်းရှောင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်၏။ အံ့သြဝမ်းသာမှုများက သူမ၏ မျက်နှာပေါ်တွင် ရှင်းလင်းစွာ ပေါ်လွင်နေသည်။

နျဲ့ချူဟန်က အနားကိုလျှောက်လာပြီး မေးလိုက်သည်။

"နင်တို့ ဘယ်လိုလုပ် အတူတူ တက်လာကြတာလဲ"

ရှလီက ဖြေလိုက်သည်။

"ငါ ခုနက လေသွားခံမလို့ လုပ်တာ အောက်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အတူတူ ဆုံသွားတာလေ"

ယန့်စစ်ရှီက အခန်းနံပါတ်မသိ၍ နေရာမှာတင် ပြန်လှည့်မလို ဖြစ်ခဲ့သည့် အကြောင်းကိုတော့ သူမ ထည့်မပြောခဲ့ချေ။

နျဲ့ချူဟန် ဖိတ်ထားသော သူငယ်ချင်းများထဲတွင် ထိုစဉ်က ရူပဗေဒပြိုင်ပွဲ လေ့ကျင့်ရေးစခန်းကိုတက်ခဲ့သူ နှစ်ယောက်လည်း ပါဝင်ပြီး သူတို့က ယန့်စစ်ရှီနှင့် သိကျွမ်းသူများဖြစ်ရာ သူ့ကို နှုတ်ဆက်ကာ ဖဲအတူတူ ကစားမလားဟု မေးလိုက်ကြ၏။

ယန့်စစ်ရှီက သူတို့ကို အရင်ကစားနှင့်ရန်နှင့် သူက ယခုမှရောက်လာသဖြင့် ခဏလောက် အရင်ထိုင်ဦးမည်ဟု ပြောလိုက်သည်။

သူက တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆိုဖာ၏ အတွင်းကျဆံုးထောင့်တွင် ဝင်ထိုင်လိုက်၏။

ရှလီက အိုးယန်ကျင့်ကို ကြည့်လိုက်ရာ သူမက ယန့်စစ်ရှီရှိရာဘက်ကိုအဆက်မပြတ် ကြည့်နေပြီး အလွန် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အနားသို့သွားရန် သတ္တိမရှိသဖြင့် ခုံသုံးလေးခုံခန့် ခြားကာ လင်ချင်းရှောင်ကို ဆွဲ၍ ဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

လင်ချင်းရှောင်က အိုးယန်ကျင့်ကို ပြုံး၍ နောက်ပြောင်လိုက်သည်ကို ကြားလိုက်ရ၏။

"ခဲခဲယဉ်းယဉ်း မျှော်လင့်ထားတဲ့လူ ရောက်လာပြီကို တစ်ခွန်းတောင် မပြောတော့ဘူးလား"

သူမက ထိုသို့ပြောလိုက်တော့ အိုးယန်ကျင့်မှာ ငြိမ်ငြိမ်မထိုင်နိုင်တော့သလိုဖြစ်သွားရချေသည်။

သူမက ဆံပင်နှင့် ဂါဝန်ရှည်ကို သပ်ရပ်အောင် လုပ်လိုက်ပြီး လင်ချင်းရှောင်ဘက်ကိုလှည့်ကာ မေးလိုက်သည်။

"ငါ့အခြေအနေ အဆင်ပြေရဲ့လား"

သူမက လက်လှမ်းကာ လက်ဖက်ရည်ပွဲစားပွဲပေါ်မှ ကိုကာကိုလာ တစ်ဘူးကို ယူလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ ရုတ်တရက် မတ်တပ်ရပ်ပြီး ယန့်စစ်ရှီရှိရာကိုလျှောက်သွားလိုက်၏။

မိမိကိစ္စ မဟုတ်သော်လည်း ရှလီမှာ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားလာကာ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်နေမိချေသည်။

အိုးယန်ကျင့်က ကိုကာကိုလာဘူးကို ကမ်းပေးရင်း ပြုံးကာ မေးလိုက်သည်။

"တစ်ခုခု သောက်မလား"

ယန့်စစ်ရှီက မျက်လုံးကို နည်းနည်းမျှသာ ပင့်ကြည့်လိုက်ပြီး ထိုသို့ကာကိုလာဘူးကို တစ်ချက်ကြည့်ကာ လှမ်းမယူခဲ့ချေ။

အခြေအနေက နည်းနည်း ကြာမြင့်စွာ တင်းမာနေခဲ့ပြီး အိုးယန်ကျင့်၏ မျက်နှာပေါ်ရှိ အပြုံးများကလည်း တဖြည်းဖြည်း တောင့်တင်းလာ၏။

"ကျေးဇူးပဲ"

ထိုအသံက အေးမြသော စမ်းရေပေါက်လေးများလို နွေရာသီမှ လေပြေလေးလို အေးစက်လွန်းသည်ဟု မထင်ရသော်လည်း ခံစားချက် တစ်စုံတစ်ရာမျှ မပါဝင်ချေ။

သူက လှမ်းယူလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုသံဘူးကို လက်ဖက်ရည်ပွဲစားပွဲပေါ်ကိုပြန်တင်ထားလိုက်၏။

ထိုအမူအရာက သူ ဒီကိုကာကိုလာကို လုံးဝ ဖောက်သောက်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

သူမ၏ မျက်နှာထားက ငိုတော့မလိုပင် ဖြစ်သွားရချေသည်။

သို့သော် အိုးယန်ကျင့်က ဆံပင်ကို တစ်ချက်သပ်တင်လိုက်ပြီး ပြုံးကာ ထပ်မေးလိုက်၏။

"နင် သီချင်းရွေးဦးမလား"

ယန့်စစ်ရှီက အရင်လေသံအတိုင်းပင် ပြန်ဖြေသည်။

"လောလောဆယ်တော့ မရွေးသေးဘူး ကျေးဇူးပဲ"

ဘေးမှ စောင့်ကြည့်နေသူတစ်ယောက်အနေဖြင့် ရှလီ၏ ရင်ထဲတွင် ကိုယ်ချင်းစာစိတ်နှင့်အတူ ဝမ်းနည်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

အိုးယန်ကျင့်ကဲ့သို့ထူးချွန်ပြီး ယုံကြည်မှုရှိသောသူပင်ဖြစ်ပါစေ ယန့်စစ်ရှီ၏ ဤကဲ့သို့သော ငြင်းပယ်မှုကို မည်သူကမျှ ခံနိုင်ရည်ရှိမည် မဟုတ်ဟု သူမ တွေးမိ၏။

အကယ်၍သာ ထိုစဉ်က သူမ ယန့်စစ်ရှီအား MP3 ငှားပေးခဲ့သော ကျေးဇူးတရားလေးမျှသာ မရှိခဲ့ပါလျှင် သူမလည်း ဤကဲ့သို့ပင် ဖြစ်သွားနိုင်မည် မဟုတ်လား။

အိုးယန်ကျင့်က ဘာမှဆက်မပြောတော့ဘဲ နောက်သို့လှည့်ကာ လင်ချင်းရှောင်၏ဘေးတွင် ပြန်ထိုင်လိုက်၏။

သူမက မျက်နှာကို လင်ချင်းရှောင်၏ ပခုံးပေါ်တွင် အပ်ထားပြီး အချိန်အကြာကြီး ခေါင်းပြန်မဖော်လာခဲ့ချေ။

သူမ ငိုနေတာလား။

ရှလီလည်း မသိပေ။

ယန့်စစ်ရှီက ဒီပျော်ရွှင်စရာ အငွေ့အသက်ထဲတွင် တစ်ကြိမ်မျှပင် ဝင်မပါခဲ့ချေ။

သူက ဆူညံပွက်လောရိုက်မှုများ၏ အပြင်ဘက်တွင်သာ အမြဲတမ်း ရှိနေတတ်၏။

KTV ခန်းထဲတွင် အချို့က သီချင်းဆိုနေကြပြီး အချို့က ဖဲကစားနေကြကာ အချို့က အန်စာတုံးခွက်ကို ယူလာပြီး တစ်ယွမ် နှစ်ယွမ်ဖြင့် အသေးအမွှားလေး လောင်းကြေးထပ်ကာ ကစားနေကြသည်။

ယန့်စစ်ရှီကတော့ ရှည်လျားသော ဆိုဖာ၏ ထောင့်အကျဆုံးနေရာတွင်သာ ထိုင်နေခဲ့၏။

သူက အနွေးထည်အိတ်ကပ်ထဲမှ iPod ကို ထုတ်ယူကာ နားကြပ်တပ်လိုက်ပြီး ခေါင်းငုံ့၍ ခလုတ်အချို့ကို နှိပ်လိုက်သည်။ ထို့နောက် အနွေးထည်ကို ချွတ်ကာ ဘေးတွင် ချထားလိုက်ပြီး iPod ကို လက်ရှည်အင်္ကျီအိတ်ကပ်ထဲကိုထည့်လိုက်၏။

မျက်စိဖြင့်မမြင်နိုင်သော အတားအဆီးတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင် မည်သူကမျှ သူ့အနားကိုချဉ်းကပ်နိုင်တော့မည် မဟုတ်ချေ။

အိုးယန်ကျင့်က စိတ်ပျက်အားငယ်စွာဖြင့် ထိုနေရာတွင်သာ ဆက်ထိုင်နေပြီး လင်ချင်းရှောင်က သီချင်းဆိုရန် ခေါ်သော်လည်း သူမက စိတ်မပါတော့ပေ။

သူမက ဤမျှလှပစွာ ပြင်ဆင်လာခဲ့ပြီး ကျောင်း၏ ထိပ်တန်းအဆိုတော် ဆယ်ဦးစာရင်းတွင် ပါဝင်နိုင်လောက်အောင် ကောင်းမွန်သော အသံကို ပိုင်ဆိုင်ထားသော်လည်း ယနေ့ညတွင်မူ နည်းနည်းမျှပင် အသုံးမဝင်ခဲ့ချေ။

အိုးယန်ကျင့်၏ မိဘတွေက စည်းကမ်းတင်းကျပ်ပြီး အိမ်ပြန်ချိန် သတ်မှတ်ထားသဖြင့် ညကိုးနာရီခန့် ရောက်တော့ မဖြစ်မနေ ပြန်ရတော့၏။

လင်ချင်းရှောင်က မတ်တပ်ရပ်ကာ မေးလိုက်သည်။

"ခဏလောက် ဆက်မဆိုတော့ဘူးလား"

အိုးယန်ကျင့်က ခေါင်းခါပြလိုက်ပြီး ယန့်စစ်ရှီ ရှိရာကိုနောက်တစ်ချက် ထပ်ကြည့်လိုက်ကာ မကျေမချမ်းနှင့် ဝမ်းနည်းမှုများ ရောယှက်နေသော လေသံဖြင့် ပြောလိုက်သည်။

"အဖေ့ကားက အောက်ကို ရောက်တော့မယ်တဲ့"

"ဒါဆို ငါ အောက်ဆင်းပြီး လိုက်ပို့ပေးမယ်လေ"

လင်ချင်းရှောင်က အိုးယန်ကျင့်ကို လိုက်ပို့ပြီး အခန်းထဲကိုပြန်လာကာ ရှလီ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး အိတ်ထဲမှ မုန့်တစ်ထုပ်ကို ရွေးယူကာ ဖောက်လိုက်၏။

သက်ပြင်းချသလိုသူမက ပြောလာသည်။

"တော်သေးတာပေါ့ ငါ သဘောကျတဲ့သူက ဘယ်က နာမည်ကြီးတဲ့လူမှ မဟုတ်လို့ မဟုတ်ရင် ငါလည်း ဝမ်းနည်းလွန်းလို့ သေမှာပဲ"

ရှလီ ဘာပြောရမည်ကို မသိတော့ချေ။

လူအများကြီးက သဘောကျနေတဲ့သူကို သဘောကျမိပြီး ဝမ်းနည်းရတဲ့ ခံစားချက်မျိုး ဝင်လာပြီဆိုတာနဲ့တင် ကိုယ်က ရှုံးနေပြီ မဟုတ်လား။

သူမကတော့ တစ်ခါမှ ဝမ်းနည်းရသည်ဟု မထင်မိခဲ့ပေ။ အစကတည်းက တစ်ဖက်လူထံမှ တုံ့ပြန်မှုရရှိလာမည်ဟု မျှော်လင့်ချက် မထားခဲ့ဖူး၍လေ။

လင်ချင်းရှောင်က ယန့်စစ်ရှီရှိရာကိုတစ်ချက်ကြည့်ကာ အသံကိုနှိမ့်ပြီး ပြောလိုက်သည်။

"အမှန်တိုင်းပြောရရင်... သူက ပေချန်လို မြို့ကြီးမှာဆိုရင် ထူးချွန်တဲ့ မိန်းကလေးတွေ ဘယ်လောက်များများ မြင်ဖူးခဲ့မလဲ မသိဘူး ငါတို့ မင်ကျန်းက လူတွေကို သူ တကယ်ပဲ မျက်စိကျပါ့မလား"

ရှလီက သေချာ ပြန်ဖြေလိုက်သည်။

"သူက အဲဒီလို မောက်မာတဲ့သူမျိုး မဟုတ်လောက်ဘူးလို့ ငါထင်တယ် သူက လူတွေကို မျက်စိကျတယ် မကျဘူး ဆိုတဲ့ စံနှုန်းမျိုးနဲ့ အကဲဖြတ်မှာ မဟုတ်ဘူး ငါခံစားရတာကတော့ သူက ဒီတိုင်း စိတ်မဝင်စားတာပဲ နေမှာပါ"

လင်ချင်းရှောင်က သူမကို ကြည့်ကာ ပြုံး၍ ပြော၏။

"နင်က သူ့အကြောင်းကို အရမ်းသိနေတဲ့သူကျနေတာပဲ"

ရှလီက ကြွားလုံးထုတ်လိုက်သည်။

"ငါက ဘေးကနေ ကြည့်နေတဲ့သူမို့လို့ ပိုမြင်ရတာလေ"

ယနေ့၏ အဓိကဇာတ်လိုက်မှာ ဘယ်လိုပဲဖြစ်ဖြစ် နျဲ့ချူဟန်သာ ဖြစ်သည်။

လူတစ်ယောက် စိတ်ပျက်အားငယ်စွာ ပြန်သွားရခြင်းက တစ်ပွဲလုံးကို မထိခိုက်စေခဲ့ချေ။

အဓိကဇာတ်လိုက်ဖြစ်သည်နှင့်အညီ ဘေးလူများ၏ မြှောက်ပင့်ပေးခြင်းကို ခံရသည်မှာ ရှောင်လွှဲ၍မရဘဲ လင်ချင်းရှောင်ပါ ပါဝင်လာခဲ့၏။

ဘယ်သူကများ 《မင်းတစ်ယောက်တည်းအပေါ်ပဲ ခံစားချက်ရှိတယ်》 သီချင်းကို ရွေးလိုက်မှန်းမသိဘဲ သီချင်းအစ ထွက်လာသည်နှင့် တစ်ပြိုင်နက် အားလုံးက နျဲ့ချူဟန်နှင့် လင်ချင်းရှောင်တို့၏ လက်ထဲကိုမိုက်ခရိုဖုန်းကို အတင်းထိုးထည့်ပေးလိုက်ကြသည်။

လင်ချင်းရှောင်က သူတို့ကို မနောက်ရန် ပြောသော်လည်း မည်သူကမျှ နားမထောင်ဘဲ ပို၍ပင် အားတက်လာကာ သူတို့နှစ်ယောက်လုံး အခန်း၏ အလယ်ကိုတွန်းပို့ခံလိုက်ရ၏။

နျဲ့ချူဟန်က နောက်ဆုံးအနေဖြင့် ရုန်းကန်ကြည့်ရန် ကြိုးစားနေဆဲဖြစ်သည်။

"ငါ သီချင်းဆိုတာ အရမ်းနားထောင်လို့ မကောင်းဘူး..."

"မြန်မြန်ဆိုစမ်းပါ စကားကလည်း များလိုက်တာ"

ထိပ်တန်းကျောင်းသားလေးက တကယ်ကို နှိမ့်ချနေတာ မဟုတ်။ သူ အသံထွက်လာသည်နှင့် တစ်သံမျှပင် ကီးမမှန်ခဲ့ချေ။

အားလုံးက ဝိုင်းရယ်မောလိုက်ကြ၏။

လင်ချင်းရှောင်က သီချင်းဆိုကောင်းသော်လည်း သူမကလည်း ပြန်လည်းမဆွဲခေါ်နိုင်ဘဲ အတူတွဲဆိုရမည့်အပိုင်းတွင် လမ်းလွဲသွားမတတ်ပင် ဖြစ်သွားရချေသည်။

သူတို့တွေ ဆူညံပျော်ပါးနေချိန်တွင် ရှလီကတော့ ယန့်စစ်ရှီကိုသာ တိတ်တဆိတ် ကြည့်နေမိသည်။

သူက ခေါင်းငုံ့ထားပြီး မျက်နှာက အရိပ်ထဲတွင် ဖုံးကွယ်နေကာ လုံးဝ မလှုပ်ရှားဘဲ အိပ်ပျော်နေပုံရ၏။

တကယ်ကို နားလည်ရခက်လှသည်။ သူက လူမှုဆက်ဆံရေးကို သိပ်မလုပ်ချင်ဘဲနဲ့ ဘာလို့ လာဖို့ သဘောတူခဲ့တာလဲ။ ရောက်လာပြီးတော့လည်း ဘာလို့ ထောင့်မှာပဲ တစ်ယောက်တည်း အိပ်နေရတာလဲ။

______

All Chapters