အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄)
လင်ချင်းရှောင်နှင့် နျဲ့ချူဟန်တို့ သီချင်းဆိုပြီးသွားတော့ မိုက်ခရိုဖုန်းကို ချထားခဲ့ပြီး လျှောက်လာကြသည်။
ရှလီက ယန့်စစ်ရှီရှိရာကိုတစ်ချက် ကြည့်လိုက်ပြီး နှလုံးသားက ဒိတ်ကနဲ ခုန်သွားကာ သူတို့နှစ်ယောက် ထိုင်ချလိုက်ချိန်နှင့် အံကိုက်ပင် မတ်တပ်ရပ်၍ ဟိုဘက်ကိုခုံနှစ်ခုံစာခန့် ရွှေ့ထိုင်လိုက်၏။
လူတစ်ယောက်အား နေရာဖယ်ပေးလိုက်သလိုသဘာဝကျလွန်းလှသဖြင့် မည်သူကမျှ သတိမထားမိကြချေ။
သေချာသည်ကတော့ ယခုအချိန်တွင် သူတို့နှစ်ယောက်က ဘေးလူများ၏ မြှောက်ပင့်ပေးခြင်းခံရသော တိတ်ဆိတ်သည့် ပျော်ရွှင်မှုထဲတွင် နစ်မြောနေကြသေးသဖြင့် ဘေးလူတွေကို သတိထားမိရန် စိတ်မပါကြခြင်း ဖြစ်လောက်သည်။
လာရောက်သူများထဲတွင်လည်း သမီးရည်းစား မကျတကျ ဖြစ်နေသော နောက်ထပ် အတွဲတစ်တွဲ ရှိနေသေး၏။
ခဏထိုင်ပြီး လင်ချင်းရှောင်နှင့် နျဲ့ချူဟန်တို့က တခြားသူများ သူတို့ကို လုပ်ခဲ့သလိုမျိုး ပြန်လုပ်ရန် ကြံစည်လိုက်ကြသည်။
နောက်တစ်ကြိမ် ဝိုင်းဝန်းမြှောက်ပင့်ကြပြန်ရာ အခန်းတွင်းရှိ အငွေ့အသက်က ပို၍ ဆူညံလာပြီး ပို၍ ပူနွေးလာခဲ့ချေသည်။
ရှလီကလည်း ဤကဲ့သို့သော ရူးသွပ်ဖွယ်ကောင်းသည့် အငွေ့အသက်များကြောင့် ပို၍ ရဲတင်းလာသလိုဖြစ်လာ၏။
ယန့်စစ်ရှီက ဘာလှုပ်ရှားမှုမျှ မရှိသေးဘဲ သူ အိပ်ပျော်နေကြောင်း သူမ သေချာသွားသည်။
ထို့ကြောင့် မည်သူမျှ သတိမထားမိချိန်တွင် သူမက သူထိုင်နေသောဘက်ကိုခုံနှစ်ခုံစာ ထပ်ရွှေ့သွားလိုက်၏။
ဒီတစ်ကြိမ်တွင်တော့ သူနှင့် သူမကြားတွင် လူတစ်ကိုယ်စာပင် မရှိတော့သည့် အကွာအဝေးသာ ကျန်ရှိတော့ချေသည်။
နှလုံးခုန်သံက ဗုံတီးနေသလိုမြန်ဆန်နေပြီး သူ ရုတ်တရက် နိုးလာမည်ကို အလွန် ကြောက်ရွံ့နေမိသည်။
ကံကောင်းထောက်မစွာဖြင့် သူ မနိုးလာခဲ့ပေ။
ပထမဆုံးအကြိမ် တွေ့ခဲ့ရသည့် ကားထဲကိုပြန်ရောက်သွားသလိုသူနှင့် ဒီမျှနီးကပ်စွာ ရှိနေခဲ့ခြင်း ဖြစ်၏။
ရှလီက ခန့်ညားတယ်'ဟူသော စကားလုံးကို အသုံးမပြုချင်ပေ။ ထိုစကားလုံးက နည်းနည်း ပို၍ရင့်ကျက်ပြီး အချိုးအစားကျကာ ထက်မြက်မှုရှိသူများနှင့်သာ ပို၍လိုက်ဖက်မည်ဟု သူမ ထင်မိသည်။ နောက်ဆယ်နှစ်အကြာတွင်မှ ထိုစကားလုံးက ယန့်စစ်ရှီနှင့် အမှန်တကယ် လိုက်ဖက်လာမည် ဖြစ်လောက်သည်။
ယခုအချိန်တွင်တော့ သူက လူငယ်တစ်ယောက်၏ အံ့မခန်း ဆွဲဆောင်မှုမျိုး ပို၍ရှိနေ၏။
နှင်းပွင့်များဖြင့် တင်စားရမည်ဆိုလျှင်ပင် သူက ဆောင်းဦးရာသီ၏ ပထမဆုံးကျဆင်းလာသော နှင်းပွင့်များ ဖြစ်ပေလိမ့်မည်။
သူမ ဂယောက်ဂယက် တွေးတောနေစဉ် ရုတ်တရက် ယန့်စစ်ရှီက တစ်ချက်လှုပ်ရှားသွား၏။
သူမမှာ လန့်သွားသဖြင့် နှလုံးသားက လည်ချောင်းထဲမှ ထွက်ကျလာတော့မတတ် ဖြစ်သွားရချေသည်။
တော်သေးသည်က သူ နိုးမလာဘဲ ခန္ဓာကိုယ်ကို နည်းနည်းသာ ဘေးကိုစောင်းလိုက်ခြင်း ဖြစ်သည်။
လက်ရှည်အင်္ကျီအိတ်ကပ်ထဲတွင် ထည့်ထားသော iPod က ထွက်ကျလာပြီး ဆိုဖာပေါ်ကိုကျသွား၏။
ရှလီမှာ ထိုလှုပ်ရှားမှုကြောင့် အလွန်လန့်သွားပြီး အချိန်အတော်ကြာသည်အထိ မလှုပ်ရဲတော့ချေ။
သတိပြန်ဝင်လာတော့ ခိုးကြောင်ခိုးဝှက်စိတ်ေလးက ပြန်ပေါ်လာပြန်၏။
သူမက ဒီမေးခွန်းကို သိချင်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်ပြီး ယခုတော့ အခွင့်အရေးက သူမရှေ့တွင် ရောက်နေပြီ မဟုတ်လား။
အချိန်အတော်ကြာအောင် စဉ်းစားပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်ကို နည်းနည်း ကိုင်းညွတ်ကာ iPod ၏ မျက်နှာပြင်ဆီကိုလှမ်းကြည့်လိုက်၏။
ဖွင့်ထားသည်မှာ အင်္ဂလိပ်သီချင်း တစ်ပုဒ် ဖြစ်သည်။
သူမက ကိုယ့်ဖုန်းကိုထုတ်ကာ စာတိုရေးသည့်နေရာကို ဖွင့်ပြီး သီချင်းနာမည်နှင့် အဆိုတော်နာမည်ကို မှတ်စုကြမ်းထဲတွင် မှတ်ထားလိုက်၏။
KTV ခန်းလေးက ကမ္ဘာနှစ်ခု ကွဲထွက်သွားသလိုဖြစ်နေချေသည်။
တစ်ဖက်တွင် ဆူညံပွက်လောရိုက်နေပြီး ကျန်တစ်ဖက်တွင်တော့ သူမနှင့် ယန့်စစ်ရှီ နှစ်ယောက်တည်းရှိသော ထောင့်လေးတစ်ထောင့် ဖြစ်သည်။
သူမက ထိုမျက်နှာပြင်လေးကို စိုက်ကြည့်ကာ အင်္ဂလိပ်အသံဖမ်းလေ့ကျင့်ခန်း လုပ်နေသည်ထက်ပင် ပို၍ သေချာစွာ မှတ်သားနေမိ၏။
တစ်ပုဒ်ပြီးတစ်ပုဒ်။
အချိန်ဘယ်လောက်ကြာသွားမှန်းမသိ လင်ချင်းရှောင်က လျှောက်လာသဖြင့် ရှလီက ဖုန်းမျက်နှာပြင်ကို အမြန်ပိတ်လိုက်ပြီး သူမ ခိုးကြည့်၍ရလာသော လျှို့ဝှက်ချက်လေးကို ဝှက်ထားလိုက်၏။
လင်ချင်းရှောင်က ဝင်ထိုင်ပြီး ရေသောက်ကာ မေးလိုက်သည်။
"နင် ဘာလို့ ဒီမှာ တစ်ယောက်တည်း လာထိုင်နေတာလဲ"
ရှလီက ဖုံးကွယ်ပြီး ပြန်ဖြေသည်။
"အော် ငါ ရွှီနင်နဲ့ QQ ကနေ စကားပြောနေတာလေ"
သူမ ရင်ထဲတွင် တုန်လှုပ်မှုများက မပြေပျောက်သေးဘဲ စာမေးပွဲကြီးတစ်ခုကို ယခုလေးတင် ဖြတ်သန်းခဲ့ရသလိုဖြစ်နေချေသည်။
သူတို့အခန်းကို ဆယ်နာရီအထိ ငှားထားခြင်းဖြစ်ရာ အချိန်ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
လင်ချင်းရှောင်က သီချင်းတစ်ပုဒ် ရွေးထားသေးပြီး သူမက မစောင့်နိုင်တော့သဖြင့် မတ်တပ်ရပ်ကာ သီချင်းရွေးသည့်စက်ဆီသို့သွားပြီး ထိုသီချင်းကို အပေါ်ဆုံးကိုရွှေ့လိုက်၏။
ရှလီက ဘေးတွင် အိပ်နေဆဲဖြစ်သောသူကို တစ်ချက်ကြည့်လိုက်ပြီး ခဏတုံ့ဆိုင်းနေကာ သူ၏လက်မောင်းကို ဖွဖွလေး ထိလိုက်သည်။
ကောင်လေးက မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လာပြီး နားကြပ်တစ်ဖက်ကို ဖြုတ်လိုက်ချေသည်။
ရှလီက တိုးတိုးလေး ပြောလိုက်သည်။
"သူတို့တွေ ပြန်ဖို့ လုပ်နေကြပြီထင်တယ်"
ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်ပြီး iPod ကို ပြန်သိမ်းလိုက်၏။
သီချင်းရွေးသည့်စနစ် မပိတ်မီလေးတွင် တစ်စုံတစ်ယောက်က 《အချစ်သီချင်း ဘုရင်》 သီချင်းကို ရွေးကာ အပေါ်ဆုံးကိုတင်လိုက်ပြီး သီချင်းပြောင်းလိုက်သည်။
၁၂ မိနစ်ကြာသော သီချင်းဖြစ်ပြီး တစ်ယောက်တစ်လှည့်စီ ဆိုကြကာ ဆိုင်ရှင် ဒေဝါလီခံရသည်အထိ ဆိုမည်ဟု ကျိန်တွယ်ထားကြသကဲ့သို့ပင်။
ယောကျ်ားလေး နည်းနည်းကတော့ အတူမပါဝင်တော့ဘဲ အရင်ပြန်သွားကြ၏။
သို့သော် ခဏအကြာတွင် သူတို့က အခန်းထဲကိုစိတ်လှုပ်ရှားစွာဖြင့် ပြန်ပြေးဝင်လာကြပြီး အော်ပြော၏။
"အပြင်မှာ နှင်းတွေကျနေပြီ"
ဒီတစ်ကြိမ်တွင်တော့ မည်သူမျှ သီချင်းမဆိုကြတော့ဘဲ အားလုံးက အဝတ်အစားများယူကာ ပစ္စည်းတွေကို သိမ်းဆည်းကြပြီး ရှုပ်ပွနေသော အခန်းကို ထားရစ်ကာ အပြင်ကိုအစီအရီ ထွက်လာကြတော့သည်။
အပြင်ဘက်တွင် လမ်းမနှင့် ပန်းခင်းထဲရှိ ချုံပုတ်များပေါ်တွင် အဖြူရောင်အလွှာပါးပါးလေး ဖုံးလွှမ်းနေပြီး နှင်းကျနေသည်မှာ အတန်ကြာပြီဖြစ်ပုံရချေသည်။
လမ်းမီးတိုင်အောက်တွင် နှင်းပွင့်ငယ်များက တိတ်တဆိတ် ကျဆင်းနေ၏။
ယန့်စစ်ရှီက အရှေ့ဘက် ခပ်စောင်းစောင်းတွင် ရပ်နေပြီး အနက်ရောင် အနွေးထည်အိတ်ကပ်ထဲကိုလက်နှစ်ဖက်ကို ထည့်ထားကာ ခေါင်းကို နည်းနည်း မော့ထားပြီး လေထုထဲတွင် သူ မှုတ်ထုတ်လိုက်သော အဖြူရောင်လေငွေ့လေးများ ရှိနေသည်။
ရှလီက ရုတ်တရက် မေးလိုက်သည်။
"ပေချန်ရဲ့ ဆောင်းရာသီမှာ နှင်းခဏခဏကျလား"
သူမကိုယ်တိုင်ပင် အဘယ်ကြောင့် ဤကဲ့သို့အစအဆုံးမရှိသော မေးခွန်းမျိုးကို ရုတ်တရက် မေးလိုက်မိမှန်း မသိတော့ချေ။
မြောက်ပိုင်းဆိုသည်မှာ သူမအတွက် အလွန်ဝေးကွာသော နေရာတစ်ခုဖြစ်ပြီး ဒီမျှအရွယ်ရောက်လာသည်အထိ မိသားစုအခြေအနေကြောင့် ပြည်နယ်အပြင်ဘက်ကိုတစ်ကြိမ်မျှပင် မထွက်ဖူးခဲ့သဖြင့် အပြင်ကမ္ဘာကြီးက မည်သို့ရှိမည်ကို သူမ မသိခဲ့ပေ။
ယန့်စစ်ရှီက သူမကို တစ်ချက် လှည့်ကြည့်လာပြီး သူမက သူ့ကို စကားပြောနေခြင်းဖြစ်ကြောင်း သေချာသွားစေရန် အတည်ပြုလိုက်သကဲ့သို့ပင်။
သူက ခေါင်းညိတ်ပြလိုက်ပြီး မေးလာ၏။
"နှင်းကျတာ ကြိုက်လို့လား"
"အင်း..."
ယန့်စစ်ရှီက ပြောသည်။
"အခွင့်အရေးရရင် ပေချန်ကို လာလည်လို့ရပါတယ်"
ယန့်စစ်ရှီက စကားအလျဉ်အရ အလွတ်သဘော ပြောလိုက်ခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုအချိန်မှစ၍ သူမ၏ ကာလရှည်ကြာ ဆန္ဒတစ်ခု ဖြစ်လာခဲ့ချေသည်။
ပေချန်ကို သွားလည်ရမည်။
နောက်ပိုင်း ၂၀၁၆ ခုနှစ်တွင် 《ငါ့ရဲ့ တာအို သူငယ်ချင်းတစ်ယောက်》 ဟူသော နာမည်ကြီးသီချင်းတစ်ပုဒ် ထွက်လာခဲ့၏။
တစ်စုံတစ်ယောက်က မှတ်ချက်ပေးသည့် နေရာတွင် ဒီစာကိုရေးသားခဲ့သည်။
"မင်းက မရည်ရွယ်ဘဲ ဖြတ်တိုက်သွားတဲ့ လေပြင်းလေးဆိုပေမဲ့ ရင်ထဲမှာတော့ တောင်ကျချောင်းရေလို လှိုင်းဂယက်တွေကို ဖြစ်ပေါ်စေခဲ့တယ်"
ယန့်စစ်ရှီ၏ မင်ရောင်ဆံပင်များထက်ကိုနှင်းပွင့်များ ကျဆင်းလာပြီး အချိန်အကြာကြီး အရည်မပျော်ဘဲ ရှိနေခဲ့ချေသည်။
နှင်းပွင့်များကပင်လျှင် သူ့ကို ပို၍ မျက်နှာသာပေးနေသကဲ့သို့ပင်။
ရှလီ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သော နာကျင်မှုလေးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
လောကီကမ္ဘာထဲက အဖြူရောင်အစက်လေးတစ်ခု... လောကဓမ္မတာထဲက မီးအိမ်ပေါင်း သောင်းချီ...
၂၀၀၈ ခုနှစ်၏ အဆုံးသတ်ပိုင်းလေးသာ ကျန်ရှိတော့ချေသည်။
ထိုနေ့က သူမသည် သူမ သဘောကျရသော ကောင်လေးနှင့်အတူ နှင်းကျသည်ကို အတူတကွ ကြည့်ခဲ့ရသည်။