← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅)

"ကျွန်မ မမက်မောခဲ့ဖူးတာ မဟုတ်ပါဘူး... တစ်ခါတလေ ဆုံတွေ့ရတဲ့အခါတွေမှာရယ်... အိပ်မက်တွေထဲမှာရယ်ပေါ့"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

သောကြာနေ့ မွန်းလွဲပိုင်းတွင် 《ရှီးအန်းအရေးအခင်း》 ပြဇာတ်အတွက် ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်ရန် ကျောင်းဆောင်ဟောင်းဘက်ရှိ စာသင်ခန်းအလွတ်တစ်ခန်းကို ငှားရမ်းထားခဲ့၏။

ပါဝင်သူအရေအတွက် များပြားသောကြောင့် ကျောင်းသားဆန္ဒပြသည့် ဇာတ်ကွက်ကို အရှေ့ဆုံးတွင်ထား၍ လေ့ကျင့်ရချေသည်။

ရှလီမှာလည်း ထိုဇာတ်ကွက်ထဲတွင် ကျောင်းသူတစ်ယောက်အဖြစ် ပါဝင်ရပြီး အရေးပါသော အခန်းကဏ္ဍနှင့် ပြောရမည့် ဒိုင်ယာလော့ခ်များ မရှိဘဲ အားလုံးနှင့်အတူ ကြွေးကြော်သံတွေကို လိုက်အော်ရုံသာ ဖြစ်သည်။

ထိုဇာတ်ကွက်ကို နှစ်ခေါက်ခန့် လေ့ကျင့်ပြီး ကျန်းရွှယ်လျန် နေရာမှ သရုပ်ဆောင်မည့်သူနှင့် ဒိုင်ယာလော့ခ်များ တိုင်ပင်၍ အံဝင်ခွင်ကျဖြစ်သွားတော့ ကျောင်းသားအများစုမှာ အရင်ပြန်သွားကြပြီ ဖြစ်သည်။

ကျန်နေခဲ့သော သရုပ်ဆောင်များမှာ ဇာတ်ကွက်ပိုများသဖြင့် တစ်ခန်းချင်းစီ လေ့ကျင့်ကာ အားနည်းချက်တွေကို ရှာဖွေပြင်ဆင်ရမည် ဖြစ်၏။

ရှလီနှင့် လင်ချင်းရှောင်တို့က ကန်တင်းသို့အတူတူသွားကာ ရွှီနင်အတွက် ညစာဝယ်ပေးပြီး ကူညီရန် ဆက်နေခဲ့ကြသည်။

ယန်ဟူချန်နှင့် ကျန်းရွှယ်လျန်တို့က ကျန်ကျဲ့ရှီကို စစ်တပ်ဖြင့်အကြပ်ကိုင်ရန် လျှို့ဝှက်တိုင်ပင်သည့် ဇာတ်ကွက်ကို လေ့ကျင့်နေစဉ် တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့်၍ ဝင်လာခဲ့ချေသည်။

ရှလီက စာသင်ခန်းပြတင်းပေါက်ဘေးတွင်ထိုင်၍ ကန်တင်းမှဝယ်လာသော ခေါက်ဆွဲကြော်ကို လင်ချင်းရှောင်နှင့်အတူ စားနေပြီး အလွန်ဆာလောင်နေသဖြင့် အငမ်းမရ စားသောက်နေမိသည်။

လူသံကြား၍ ရှလီ တံခါးဝကိုမော့ကြည့်လိုက်တော့ သီးမလိုပင် ဖြစ်သွားရ၏။

စုန့်ဇစ်ဝမ် နေရာမှ သရုပ်ဆောင်မည့် ဝမ်ချန်းက နောက်ကျမှ ရောက်လာပြီး သူနှင့်အတူ ဝင်လာသူမှာ ယန့်စစ်ရှီပင် ဖြစ်နေသည်။

ဝမ်ချန်းကို စုန့်ဇစ်ဝမ်နေရာမှ သရုပ်ဆောင်ရန် ထောင်ရှီးယွဲ့က အတင်းထည်းထားတာဖြစ်ပြီး သူက မျက်မှန်တပ်ကာ ဆံပင်အရှေ့ချထားသည်တွေကို အနောက်သို့သပ်တင်လိုက်လျှင် စုန့်ဇစ်ဝမ်၏ ပုံစံနှင့် အတော်လေးတူသွားသောကြောင့် ဖြစ်သည်။

ဝမ်ချန်းက စုန့်မေးလင် နေရာမှ သရုပ်ဆောင်သော ထောင်ရှီးယွဲ့ကို မေးလိုက်သည်။

"ငါ့အလှည့် မရောက်သေးဘူးမလား"

ထောင်ရှီးယွဲ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း သူမ၏အကြည့်များက ယန့်စစ်ရှီထံကိုရောက်နေကာ နားသယ်စပ်မှ ဆံပင်လေးတွေကို သပ်တင်လိုက်ပြီး အထင်အရှား ဝမ်းသာအားရဖြင့် မေးလိုက်၏။

"မရောက်သေးဘူး... ယန့်စစ်ရှီက ဘယ်လိုလုပ် ရောက်လာတာလဲ"

ဝမ်ချန်းက ပြန်ဖြေသည်။

"ငါ့အသံထွက်တွေကို ကူပြီးပြင်ပေးဖို့ သူ့ကို အကူအညီတောင်းထားလို့"

ထို့နောက် ယန်ဟူချန် နှင့် ကျန်းရွှယ်လျန် တို့က ဆက်၍ လေ့ကျင့်ကြသည်။

ကျန်းရွှယ်လျန် နေရာမှ သရုပ်ဆောင်သော ကောင်လေး၏ ဒိုင်ယာလော့ခ်အသံနေအသံထားမှာ အတော်ဆိုးရွားနေပြီး စာကျက်နေသလိုအတက်အကျ လုံးဝမရှိသော်လည်း ဘာမှတတ်နိုင်မည်မဟုတ်ပေ။ သူသည် အခန်း ၇ တွင် အချောဆုံးနှင့် အရပ်အရှည်ဆုံး ယောကျ်ားလေးဖြစ်ပြီး ကောင်လေး ၁၁ ယောက်ထဲမှ ရွေးချယ်ထားသော ကျောင်းရဲ့ King ဖြစ်နေသောကြောင့်ပင်။

ယန်ဟူချန် နေရာမှ သရုပ်ဆောင်သူမှာ ရှောက်ယွီလုံဖြစ်ပြီး ဒီနေရာအတွက် သူက ရွှီနင်နှင့် ကျူးရွှမ်တို့ထံ အတော်ကြာအောင် တောင်းဆိုခဲ့ရကာ ဒိုင်ယာလော့ခ်တွေကိုပင် ကြိုတင်၍ အလွတ်ရအောင် ကျက်မှတ်ထားခဲ့သည်။ ရွှီနင်က မျက်နှာမလိုက်ဘဲ လူရွေးပွဲ တစ်ခုလုပ်ကာ ယောကျ်ားလေးအချို့ကို သရုပ်ဆောင်ကြည့်ခိုင်းခဲ့ပြီး နောက်ဆုံးတွင် ရှောက်ယွီလုံ၏ အသံထွက်မှာ အကောင်းဆုံးဖြစ်ကြောင်း သေချာသွားမှသာ သူ့ကို ရွေးချယ်လိုက်ခြင်းဖြစ်၏။

ယခုအချိန်တွင် ထိုနှစ်ယောက်က ဆက်၍ ဇာတ်တိုက်နေကြပြီး နောက်ကျမှရောက်လာသော ဝမ်ချန်းက ယန့်စစ်ရှီကိုခေါ်ကာ ဘေးတစ်ဖက်သို့ပတ်၍ ဝင်ထိုင်လိုက်သည်။

လေ့ကျင့်ရာတွင် အဆင်ပြေစေရန် စာသင်ခန်းအလယ်ကို အလွတ်ထားပေးထားပြီး ပြတင်းပေါက်တစ်လျှောက်တွင် ကုလားထိုင်တွေကို တန်းစီချထားချေသည်။

ဝမ်ချန်းနှင့် ယန့်စစ်ရှီတို့မှာမူ ခုံလွတ်တစ်ခုံခြားကာ ရှလီတို့၏ ဘေးတွင် ဝင်ထိုင်လိုက်ကြသည်။

ရှလီက ဘေးဘက်ကိုခိုးကြည့်လိုက်ပြီး ခုနကလို လေဆင်နှာမောင်းတိုက်သလိုအငမ်းမရစားသောက်နေသည့်ပုံစံကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။ ယန့်စစ်ရှီက သူမဘက်ကိုသတိထားမိမည်မဟုတ်မှန်း သိနေသော်လည်း သူမက အလိုအလျောက်ပင် ဣန္ဒြေဆယ်လိုက်မိပြီး တူဖြင့် ခေါက်ဆွဲကြော်ကို နည်းနည်းချင်းစီသာ ကော်စားကာ အစားအသောက်ပျက်နေသော မိန်းမပျိုလေးတစ်ဦးအလား ဟန်ဆောင်လိုက်၏။

သူမကိုယ်တိုင်ပင် နည်းနည်း ဟန်ဆောင်လွန်းနေသည်ဟု ခံစားမိ၍ နှုတ်ခမ်းကိုစေ့ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုပြုံးလိုက်မိသည်။

ရွှီနင်က ယခုတစ်ခေါက် လေ့ကျင့်မှုအတွက် ရည်မှန်းချက်ကို နည်းနည်းနိမ့်ထားပြီး စာရွက်မကြည့်ဘဲ ပြောနိုင်လျှင် ရပြီဟုဆိုကာ အများကြီး တင်းကျပ်မနေတော့ဘဲ နောက်တစ်ခန်းမှ သရုပ်ဆောင်တွေကို ထွက်လာရန် ခေါ်လိုက်၏။

ရှောက်ယွီလုံက ရှလီနှင့် လင်ချင်းရှောင်တို့ရှေ့မှ မတော်တဆ ဖြတ်သွားသလိုလုပ်ကာ ပြုံး၍ မေးလိုက်သည်။

"နင်တို့က ဒါရိုက်တာရွှီရဲ့ လက်ထောက်တွေဆိုတော့ ငါသရုပ်ဆောင်တာ အဆင်ပြေရဲ့လား"

ရှောက်ယွီလုံ၏ အကြည့်များက သူမဆီကိုဦးတည်နေသဖြင့် ထိုစကားမှာ သူမကို မေးနေခြင်းဖြစ်ကြောင်း ရှလီက သေချာပေါက် သိလိုက်သည်။

"အင်း... နင်က ဒိုင်ယာလော့ခ်တွေကို အရမ်းအလွတ်ရနေတော့ တော်တော်လေး ကောင်းပါတယ်"

ရှလီမှာ သူမက ခုနက တစ်ချိန်လုံး ခုံနှစ်ခုံအကွာမှ ယန့်စစ်ရှီကိုသာ အာရုံစိုက်နေမိပြီး သေချာနားမထောင်ခဲ့ရကြောင်းကို ပြောရန် အားနာနေမိချေသည်။

ရှောက်ယွီလုံက ပြုံးကာ နှာခေါင်းကို တစ်ချက်ပွတ်လိုက်ပြီး ဘေးဘက်ကိုလှည့်ကာ အလွတ်ဖြစ်နေသော ခုံတွင် ဝင်ထိုင်လိုက်၏။

"ဒါဆိုလည်း ကောင်းတာပေါ့... တော်ပါသေးရဲ့"

အခန်းအချို့ ပြီးသွားတော့ ဝမ်ချန်း၏ စုန့်ဇစ်ဝမ်၊ ထောင်ရှီးယွဲ့၏ စုန့်မေးလင် နှင့် ကျန်ကျဲ့ရှီ သုံးယောက်တို့က ကွန်မြူနစ်ကိုယ်စားလှယ်များနှင့် စေ့စပ်ဆွေးနွေးသင့် မသင့် တိုင်ပင်သော ဇာတ်ကွက်ကိုရောက်လာသည်။

ရှလီမှာ ညစာစားပြီးသွားပြီဖြစ်၍ အားလပ်ချိန်လေးကိုအခွင့်ကောင်းယူကာ အမှိုက်သွားပစ်လိုက်ပြီး ယခုတော့ ဇာတ်ညွှန်းစာအုပ်ကိုကိုင်ကာ လေ့ကျင့်နေသည်ကို ကြည့်ရှုနေသယောင် ဟန်ဆောင်နေမိ၏။

ညာဘက် မျက်လုံးထောင့်မှနေ၍ ယန့်စစ်ရှီက နည်းနည်း ပျင်းရိစွာထိုင်နေပြီး မျက်နှာအမူအရာက နည်းနည်း မောပန်းနေပုံရသည်ကို သူမ တွေ့နေရသည်။ သူက ခြေချိတ်ထိုင်ကာ ဇာတ်ညွှန်းစာအုပ်ကို ပေါင်ပေါ်တင်ထားပြီး လက်ထဲတွင် အနီရောင် မှင်ပင်တစ်ချောင်းကို ကိုင်ထားကာ ဝမ်ချန်း ဒိုင်ယာလော့ခ်ပြောသည့်အခါတိုင်း ဇာတ်ညွှန်းစာအုပ်ပေါ်တွင် တစ်ချက်တစ်ချက် မှတ်သားနေ၏။

သူက ဒီနေ့တွင် အဖြူရောင် အနွေးထည်အပွကို ဝတ်ထားပြီး အထဲမှဝတ်ထားသော ဆွယ်တာမှာလည်း အဖြူရောင်ပင် ဖြစ်ရာ ထိုအဝတ်အစားမှ ရောင်ပြန်ဟပ်နေသော အလင်းရောင်များက သူ၏ ကြည်လင်ချောမောသော မျက်နှာပေါ်ကိုကျရောက်နေပြီး နှင်းပွင့်များကဲ့သို့ဖြူစင်သန့်ရှင်းသော အလင်းရောင်မျိုးကို ပေးစွမ်းနေသည်။

သရုပ်ဆောင်ပြီးသည်နှင့် ဝမ်ချန်းက ယန့်စစ်ရှီထံကိုသွားကာ မေးလိုက်သည်။

"ခုနက ငါ့အသံထွက်တွေ ဘယ်နားမှားသွားတာ ရှိသေးလဲ"

ယန့်စစ်ရှီက ဇာတ်ညွှန်းစာအုပ်၏ တစ်နေရာကို လက်ညှိုးထိုးပြကာ ပြော၏။

"မနေ့က သေချာပြောပြထားတယ်လေ... အသံဖိဖတ်ရမှာက ဒီနေရာမှာ"

ဝမ်ချန်းက ခေါင်းကို ကုတ်ကာ မေးလိုက်သည်။

"ငါ ထပ်မှားဖတ်မိပြန်ပြီလား"

ဝမ်ချန်းက ထပ်မေး၏။

"ရှိသေးလား"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"feel တွေအားလုံးကို မင်းက fill လို့ ဖတ်သွားတယ်"

ဝမ်ချန်းက ပြောလာသည်။

"ငါကတော့ မကွာသလိုပါပဲ"

ယန့်စစ်ရှီက ဘောပင်ကိုယူကာ စာရွက်ပေါ်တွင် ရေးပြလိုက်ပြီး ဝမ်ချန်းက အနားကိုတိုးကပ်၍ ကြည့်လိုက်၏။

"အဲဒါတွေက အသံထွက် သင်္ကေတတွေ မတူကြဘူး... ဒီလိုမျိုးလေး"

ရေးမှတ်ပြပြီးသွားတော့ ယန့်စစ်ရှီက စကားလုံးနှစ်လုံး၏ သရအသံထွက်အပိုင်းကို အဓိကထား၍ ကွဲပြားချက်တွေကို ရှင်းပြပေးလိုက်သည်။

သူတို့ဘက်တွင် တဖြည်းဖြည်းနှင့် အသံထွက်သင်တန်းငယ်လေးတစ်ခု ဖြစ်လာကာ အခြားကျောင်းသားများကလည်း သတိထားမိသွားကြပြီး ရှောက်ယွီလုံက ပထမဆုံး အနားကိုရောက်လာကာ မေးလိုက်သည်။

"ယန့်စစ်ရှီ... ဒီစကားစုရဲ့ ဆက်စပ်အသံထွက်က မှန်ရဲ့လားဆိုတာ ကူပြီးနားထောင်ပေးလို့ရမလား"

ရှောက်ယွီလုံက စတင်လိုက်သဖြင့် ကျောင်းသားအတော်များများက တစ်ယောက်ပြီးတစ်ယောက် အနားကိုတိုးကပ်လာကြပြီး ဝါကျတွေကို မည်သို့အသံဖိဖတ်ရမည် th ဗျည်းသံကို မည်သို့အသံထွက်လျှင် အမှန်ကန်ဆုံးဖြစ်မည်နှင့် အချိန်တိုအတွင်း တရုတ်သံပါနေသည်ကို မည်သို့လျှော့ချရမည် စသည်တို့ကို မေးမြန်းကြလေတော့သည်။

ဒီအရာက ရှလီကို အလွန်ပင် အံ့အားသင့်သွားစေသည်။

ယန့်စစ်ရှီကဲ့သို့ပြဇာတ်တွင်ပါဝင်ရန်ပင် ပျင်းရိကာ ဆူညံသောနေရာတွေကို ပါဝင်ပတ်သက်လေ့မရှိဘဲ KTV ကဲ့သို့သော နေရာမျိုးကိုပင် ရှောင်ဖယ်တတ်သူက ယခုလို လူအုပ်ကြီးဝိုင်းအုံကာ မေးမြန်းနေမှုတွေကို ရင်ဆိုင်ရချိန်တွင်လည်း မည်သည့် စိတ်မရှည်မှုမျိုးမှ မပြသခဲ့ပေ။

သူက တက်ကြွမှု မရှိလှသလို မမောမပန်း သင်ကြားပြသပေးသည့် ဆရာတစ်ယောက်၏ ပုံစံမျိုးနှင့်လည်း မသက်ဆိုင်သည်မှာ သိသာလှချေသည်။

ရင်းနှီးသော ဝမ်ချန်းကိုသာ သူက အသေးစိတ် ခွဲခြမ်းစိတ်ဖြာကာ ရှင်းပြပေးသည်။

သို့သော် အခြားကျောင်းသားများ၏ မေးခွန်းတွေကိုလည်း သူက မေးသမျှ ပြန်ဖြေပေး၏။

ရှလီက ဇာတ်ညွှန်းစာအုပ်ကို ကိုင်ကာ အတော်ကြာအောင် တုံ့ဆိုင်းနေမိပြီး စာရွက်တစ်ထောင့်ကို သူမက ပွတ်ချေထားသဖြင့် လိပ်နေကာ လက်ဖဝါးထဲတွင်လည်း ချွေးစေးလေးများ ထွက်လာသည်။

သို့သော် နောက်ဆုံးတွင်တော့ ထိုလူအုပ်ထဲကိုသွားရောက်ပူးပေါင်းရန် သူမ သတ္တိမမွေးနိုင်ခဲ့ချေ။

၎င်းက သိမ်မွေ့သော ကိုယ့်ကိုယ်ကိုယ် လေးစားမှုနှင့် ရှက်ရွံ့မှုတစ်မျိုးမှ မြစ်ဖျားခံလာသကဲ့သို့ပင်။

ကိုယ်သဘောကျရသူကို ကိုယ့်၏ မပီသသော အင်္ဂလိပ်အသံထွက်တွေကို မကြားစေချင်သောကြောင့် ဖြစ်သည်။

၎င်းမှာ ပျင်း၍ ခေါင်းမလျှော်ဖြစ်ရာမှ နည်းနည်း အဆီပြန်နေသော ဆံပင်အရှေ့ချထားသည်များနှင့် အများကြီးစားမိ၍ မထိန်းချုပ်နိုင်ဘဲ ထွက်လာသော လေတက်သံတစ်ခု စသည်တို့နှင့် တူညီ၏။

ကိုယ်သဘောကျရသော ယောကျ်ားလေးရှေ့တွင် ဖုံးကွယ်ထားချင်သည့် သေးငယ်သော အရှက်ရစရာ ကိစ္စလေးများပင် ဖြစ်သည်။

________

All Chapters