← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇)

"တစ်ဖက်သတ်အချစ်ဆိုတာကလေ... နင့်ရဲ့ အကြည့်တွေထဲမှာ ငါ့သဘောနဲ့ငါ အကြိမ်တစ်သောင်းလောက် နစ်မွန်းသေဆုံးခဲ့ရပြီး... အကြိမ်တစ်သောင်းလောက် ပြန်လည်မွေးဖွားလာရတာမျိုးပဲ"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

သူမတို့ ကျောင်းပေါက်ဝတွင် ဆယ်မိနစ်မပြည့်တပြည့်သာ စောင့်လိုက်ရပြီး ထိုကားလေး ရောက်လာခဲ့၏။

ယန့်စစ်ရှီက နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး ရှလီ ဝင်ထိုင်လိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးပဲ"

ယန့်စစ်ရှီက ခေါင်းညိတ်ပြပြီး သူမကို အတွင်းဘက်ကိုနည်းနည်း တိုးထိုင်ရန် အချက်ပြလိုက်သည်။

ရှလီမှာ အံ့သြသွားပြီး ဘယ်ဘက်ကိုအမြန်တိုးထိုင်ပေးလိုက်ရာ ယန့်စစ်ရှီကလည်း ခါးကိုနည်းနည်းကိုင်း၍ ကားပေါ်ကိုတက်လာပြီး တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်၏။

ယန့်စစ်ရှီ ဘာလို့ ယာဉ်မောင်းဘေးခုံတွင် မထိုင်လဲဟု စဉ်းစားရန် ရှလီမှာ အချိန်မရှိလိုက်ဘဲ ယာဉ်မောင်းက လှည့်ကာ ဘယ်သွားမည်လဲဟု မေးလာသဖြင့် သူမက အလျင်စလို ဖြေလိုက်ချေသည်။

"ချူချန် သက်မွေးဝမ်းကျောင်း နည်းပညာကောလိပ်... ကျောင်းသစ်ကို"

သက်မွေးကျောင်း၏ ကျောင်းခွဲသစ်မှာ ဖွံ့ဖြိုးမှုဇုန်နှင့် မြို့မဧရိယာ နယ်စပ်တွင် တည်ရှိပြီး ကားမောင်းသွားလျှင် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်မည်ဖြစ်သည်။

တကယ်တမ်းတွင် ယန့်စစ်ရှီက သူမဘေး၌ ထိုင်နေလျှင်ပင် လမ်းတစ်လျှောက်လုံး ရှလီမှာ ကယောင်ကတမ်း တွေးတောနေရန် စိတ်မကူးနိုင်ခဲ့ချေ။

ကျူးရွှမ်ဆီမှ တစ်ကြိမ် ရွှီနင်ဆီမှ တစ်ကြိမ်ဖြင့် ဖုန်းများ ဆက်တိုက်ဝင်လာကာ သူမ ကားငှားရပြီလား လမ်းပိတ်နေသလားဟု မေးမြန်းနေကြသောကြောင့်ပင်။

ရှောက်ယွီလုံထံမှပင် ဖုန်းတစ်ကော ဝင်လာသေးပြီး အလုပ်လုပ်တာ မသေချာမရေရာသဖြင့် သူမကို ဒုက္ခပေးမိပြီဖြစ်ကြောင်း သူ့ဘော်ဒါဖြစ်သူ အလုပ်သမားရေးရာကော်မတီဝင်ကိုယ်စား တောင်းပန်စကား ဆိုလာ၏။

ထိုသို့ဖြင့် လမ်းတစ်လျှောက်လုံး ဖုန်းပြောလိုက် လမ်းအခြေအနေကို စောင့်ကြည့်လိုက်ဖြင့် ကားလေးမှာ သက်မွေးဝမ်းကျောင်း ကျောင်းကိုရောက်သွားချေသည်။

ကျောင်းပေါက်ဝကိုဝင်ပြီး ရှလီက ကားပြတင်းပေါက်ကိုချကာ ဖြတ်သွားဖြတ်လာသူတွေကို ခေါ်၍ နှစ်ကြိမ်ခန့် လမ်းမေးလိုက်ရပြီး ကားလေးမှာ ထိုမိန်းကလေး ခြောက်ယောက် နေသည့် အဆောင်ရှေ့ကိုအဆင်ပြေစွာ ရောက်သွားလေတော့သည်။

သူမက ဘယ်ဘက်ကားတံခါးကို အလျင်စလို ဖွင့်လိုက်ပြီး ယန့်စစ်ရှီအား လှမ်းပြောလိုက်သည်။

"ငါ့ကို ခဏလောက် စောင့်ပေးပါဦးနော်"

ထိုအဝတ်အစား ခြောက်စုံမှာ ခေါက်ပင်မခေါက်ထားဘဲ Xtep အမှတ်တံဆိပ် စက္ကူအိတ်တစ်လုံးထဲကိုဖောင်းပွနေအောင် ဖရိုဖရဲ ထိုးသိပ်ထည့်ထားသဖြင့် ရှလီမှာ အိတ်ပေါက်သွားမည်စိုး၍ တိုက်ရိုက်ပင် ပွေ့ချီလာခဲ့ရ၏။

ကားပေါ်ရောက်ပြီး ကားက အပြင်ကိုမောင်းထွက်သည့်အချိန်မှ ရှလီက အိတ်ထဲမှ အဝတ်အစားတွေကို ထုတ်ယူကာ အရေအတွက် စစ်ဆေးရင်း တစ်စုံချင်းစီကို သေသပ်စွာ ခေါက်နေလိုက်သည်။

ကံကောင်းစွာဖြင့် အဝတ်အစားများ မညစ်ပတ်နေသော်လည်း တစ်စုံတွင်မူ ကော်လာ၌ တစ်ခုခု ပေကျံနေသလိုဖြစ်နေချေသည်။

သူမက ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်ပြီး ထိုနေရာကို အနီးကပ် ချိန်ထိုးကြည့်လိုက်၏။

ယန့်စစ်ရှီက နည်းနည်း ကိုယ်ကိုလှည့်ကာ လက်ကိုဆန့်ထုတ်၍ ကားခေါင်မိုးရှိ ခလုတ်တစ်ခုကို နှိပ်ပေးလိုက်သည်။

ရှလီမှာ ခေါင်းမမော့ရဲဘဲ မျက်နှာလေး နည်းနည်း ပူထူသွားကာ ပြောလိုက်သည်။

"ကျေးဇူးပဲ"

ကားခေါင်မိုးတွင် မီးရှိသည်ကိုပင် သူမ မသိသဖြင့် သူမကိုယ်သူမ အတွေ့အကြုံမရှိသူဟု သူ ထင်သွားမည်လား။

ယန့်စစ်ရှီက လက်ကို ပြန်ရုပ်သွားမှသာ ရှလီက မျက်လွှာချကာ ထိုပေကျံနေသော နေရာကို နည်းနည်း ထိတ်လန့်စွာဖြင့် ကြည့်လိုက်၏။

လက်သန်း လက်သည်းခွံအရွယ်အစားခန့်ရှိပြီး နှုတ်ခမ်းနီ ပေနေသလိုဖြစ်နေချေသည်။

ပြန်ပေးချိန်တွင် ဆိုင်ရှင်က သူမတို့အပေါ် အပြစ်ပုံချမည်စိုးသဖြင့် ဖုန်းကိုထုတ်ကာ အထောက်အထားအဖြစ် ဓာတ်ပုံရိုက်ထားရန် ပြင်လိုက်သည်။

သို့သော် အစောကြီးကတည်းက လဲသင့်နေပြီဖြစ်သော သူမ၏ဖုန်းမှာ အလင်းရောင်မလုံလောက်ချိန်တွင် ရိုက်ကူးထားသော ပုံများက ဝါးနေသဖြင့် လုံးဝ ကြည့်၍မရချေ။

ရှလီက ခေါင်းမော့ကာ ယန့်စစ်ရှီကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဓာတ်ပုံရိုက်ဖို့ နင့်ဖုန်းလေး ခဏလောက် ငှားလို့ရမလား"

ယန့်စစ်ရှီက ခေါင်းညိတ်ပြပြီး အနက်ရောင် အနွေးထည်အပွအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူကာ အပေါ်သို့ပွတ်ဆွဲ၍ လော့ခ်ဖွင့်ပြီး ကင်မရာကို ဖွင့်ကာ သူမထံ ကမ်းပေးလိုက်၏။

ထိုအချိန်က မင်ကျန်းကျောင်းတွင် လူကြိုက်အများဆုံး ဖုန်းမှာ Nokia 5300 ဖြစ်ပြီး အနီနှင့်အဖြူ ရောစပ်ထားကာ ဒီဇိုင်းလှပပြီး ဖျော်ဖြေရေးစနစ်များ အားကောင်းသဖြင့် ယောကျ်ားလေးရော မိန်းကလေးပါ အသုံးပြုရန် သင့်တော်သည်။ လင်ချင်းရှောင် အသုံးပြုနေသည်မှာလည်း ထိုဖုန်းပင် ဖြစ်သည်။

ယန့်စစ်ရှီ၏ ဖုန်းမှာကား ၂၀၀၈ ခုနှစ်ကမှ အသစ်ထွက်ထားသော Nokia N96 ဖြစ်ပြီး အနက်ရောင်ကိုယ်ထည်နှင့် အလွန်ရိုးရှင်းသပ်ရပ်ကာ သူ၏ အငွေ့အသက်နှင့် အလွန်လိုက်ဖက်လှချေသည်။

ရှလီက ယန့်စစ်ရှီ၏ ဖုန်းကိုကိုင်ကာ ထိုနှုတ်ခမ်းနီရာကို ချိန်၍ နှစ်ပုံခန့် ရိုက်လိုက်၏။

ပြန်ပေးချိန်တွင် သူမလက်ဖဝါးထဲ၌ ချွေးစေးလေးများ ထွက်နေသည်ဟု ခံစားလိုက်ရပြီး သူမက မေးလိုက်သည်။

"အဲဒီပုံလေးကို ငါ့ဆီ ပို့ပေးလို့ရမလား"

ရှလီက သူမ၏ ဖုန်းနံပါတ်ကို ပြောပြလိုက်၏။

"မက်ဆေ့ချ်ကနေပဲ ပို့လိုက်... ငါ့ဖုန်းနံပါတ်က ၁၃၉..."

ဘလူးတုသ်ဖြင့် ပို့၍ရကြောင်းကို ရှလီ မေ့နေတာ မဟုတ်။ သူမ တမင်သက်သက် လုပ်ခြင်းသာ ဖြစ်ချေသည်။

ယန့်စစ်ရှီ၏ ရှည်သွယ်သော လက်ချောင်းများက ဖုန်းကီးဘုတ်ကို ဖြည်းညင်းစွာ နှိပ်နေသည်ကို မျက်လုံးထောင့်မှ သူမ မြင်လိုက်ရပြီး ခဏအကြာတွင် သူမ၏ဖုန်းလေး တုန်ခါသွား၏။

မက်ဆေ့ချ် ဝင်စာပုံးကို ဖွင့်ကြည့်လိုက်တော့ ထိုပုံနှစ်ပုံ ရောက်နေပြီ ဖြစ်သည်။

သိမ်းဆည်းပြီး ယွီကာကဲ ဆိုင်ရှင်ထံကိုပို့ပေးလိုက်ကာ ထိုအဝတ်တွေကို သက်မွေးဝမ်းကျောင်းကျောင်းမှ မိန်းကလေးများက ညစ်ပတ်အောင် လုပ်ထားခြင်းဖြစ်ကြောင်း အသိပေးလိုက်လေတော့သည်။

ကျူးရွှမ်၏ အသံမှာ အလွန်အမင်း စိုးရိမ်နေ၏။

"ဘယ်လိုလဲ... ရပြီလား"

ရှလီက ပြန်ဖြေသည်။

"ရပြီ... အခု အပြန်လမ်းမှာ ရောက်နေပြီ"

ကျူးရွှမ်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောလာသည်။

"ဒါဆိုလည်း တော်ပါသေးရဲ့... ငါ ပြင်းပြီးသားလူတွေကို ခန်းမဘက်ကို တိုက်ရိုက်သွားပြီး စောင့်ခိုင်းထားတယ် နင်ရောက်တာနဲ့ သူတို့နဲ့ မိတ်ကပ်ပြင်ပြီးရင် အတူတူ သွားလိုက်ကြတော့ လူရှာမတွေ့ရင် ငါ့ဆီ ဖုန်းဆက်လိုက်"

ဖုန်းချပြီး ရှလီက ယန့်စစ်ရှီကို ကြည့်ကာ ပြောလိုက်၏။

"ကျေးဇူးပါပဲ... နင်သာ မကူညီရင် ငါ သေချာပေါက် အချိန်မီမှာ မဟုတ်ဘူး"

ယန့်စစ်ရှီက ပြန်ဖြေသည်။

"ကိစ္စမရှိပါဘူး... ဘာမှမဟုတ်တာလေးပ‌ဲ"

ရှလီက လက်မောင်းကိုမြှောက်ကာ စာဖတ်မီးကို ပိတ်လိုက်ချေသည်။

သူမက လက်တစ်ဖက်ဖြင့် အဝတ်အစားတွေကို ပွေ့ဖက်ထားပြီး အခြားလက်တစ်ဖက်က ဖုန်းကို ကိုင်ထားကာ ပြန်လည်မှောင်မည်းသွားသော ကားအတွင်း၌ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ပြဿနာက ချောချောမွေ့မွေ့ ပြေလည်သွားခဲ့ပြီ။

သူမက ယန့်စစ်ရှီ၏ ဖုန်းနံပါတ်ကိုပါ ရရှိသွားခဲ့၏။

ဒီနေ့ထက် ပိုပြီးပြည့်စုံတဲ့နေ့ဆိုတာ ရှိမှာမဟုတ်တော့ပေ။

ကားက ကျောင်းပေါက်ဝတွင် ရပ်သွားပြီး ယန့်စစ်ရှီက ကားတံခါးကို အရင်ဖွင့်ကာ ဆင်းသွားသည်။

ရှလီက ထိုင်ခုံကို အားပြုကာ ကားတံခါးဝကိုတိုးသွားချိန်တွင် ယန့်စစ်ရှီက သူမ ရင်ခွင်ထဲရှိ အဝတ်ထုပ်ကို ကူယူပေးရန် လက်ဆန့်တန်းလာချေသည်။

သူမက အလျင်စလို ပြောလိုက်၏။

"ရပါတယ် ရပါတယ်... မလေးပါဘူး ငါ့ဘာသာပဲ ကိုင်လာခဲ့ပါ့မယ်"

ဘယ်လိုရှင်းပြရမည်နည်း။ သူမက ဒီအပေါစား စက္ကူအိတ်လေးမှာ သူ့အတွက် မသင့်တော်ဘူးဟု ထင်နေမိသည်။

သို့သော် ယန့်စစ်ရှီက ဘာမှထပ်မပြောတော့ဘဲ လက်ဆန့်ကာ စက္ကူအိတ်၏ လက်ကိုင်ကြိုးကို ဆွဲယူလိုက်၏။

သူမ ရင်ခွင်ထဲတွင် ချက်ချင်းပင် ပေါ့ပါးသွားချေသည်။

ရှလီက ကမန်းကတန်း ဆင်းသွားပြီး ယန့်စစ်ရှီက အခြားလက်တစ်ဖက်ဖြင့် တံခါးကို ပိတ်လိုက်ကာ အေးစက်စက် လေသံဖြင့်ပင် ပြောလာသည်။

"သွားရအောင်"

ယန့်စစ်ရှီက လမ်းလျှောက်တာ အမှန်တကယ်တော့ မမြန်သော်လည်း သူ၏ အရပ်အမောင်း အားသာချက်ကြောင့် ရှလီမှာ သူနှင့်အပြိုင် လျှောက်နိုင်ရန် ခြေလှမ်းတွေကို နည်းနည်း အရှိန်တင်ရ၏။

လမ်းတစ်လျှောက်လုံးတွင် သူမက ထိုစက္ကူအိတ်လေး မပေါက်ပြဲသွားစေရန်သာ ဆုတောင်းနေမိသည်။

ကျောင်းဝင်းကို ဖြတ်ကျော်ပြီး ကျောင်းဆောင်ဟောင်းကိုရောက်သွားသည်။

ဒုတိယထပ်ရှိ မိတ်ကပ်ပြင်ခန်းအဖြစ် အသုံးပြုနေသော စာသင်ခန်းအလွတ်ထဲတွင် လင်ချင်းရှောင်နှင့် မိန်းကလေး ငါးယောက်သာ ကျန်ရှိနေတော့ချေသည်။

တံခါးဝကိုဝင်လိုက်သည့်အခိုက်အတန့်တွင် မိန်းကလေး ငါးယောက်က တစ်စုတစ်စည်းတည်း ရပ်ကာ တံခါးဝကိုမျှော်လင့်တကြီး ကြည့်နေကြသော မြင်ကွင်းက ရှလီအား မိဘများ အိမ်ပြန်လာမည့်အချိန်ကို စောင့်မျှော်နေသော ကလေးငယ်တွေကို အလိုအလျောက် သတိရသွားစေ၏။

သူမက ပြုံး၍ ပြောလိုက်သည်။

"အဝတ်အစားတွေ ရခဲ့ပြီ"

လင်ချင်းရှောင်က လောဆော်လိုက်၏။

"မြန်မြန်လုပ်ကြ... နင်တို့ အရင်သွားလဲလိုက်ကြ အဝတ်လဲပြီးတာနဲ့ ချက်ချင်းလာပြီး မိတ်ကပ်လိမ်းကြမယ်"

ယန့်စစ်ရှီက စက္ကူအိတ်ကို ကမ်းပေးလိုက်ပြီး ရှလီက လှမ်းယူကာ ရင်ခွင်ထဲပိုက်ထားရင်း သူ့ကို နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယန့်စစ်ရှီက ကိစ္စမရှိကြောင်းပြောကာ သူမကို အဝတ်မြန်မြန်သွားလဲရန် ပြောလိုက်၏။

စကားအများကြီးပြောရန် အချိန်မရှိသဖြင့် ထိုအဝတ်တွေကို ထုတ်ယူကာ အားလုံးက ဆိုဒ်အလိုက် ခွဲဝေယူကြပြီး တကယ်လို့ ဆိုဒ်မကိုက်လျှင်သေးတာထက် ကြီးတာကိုသာ ရွေးချယ်လိုက်ကြချေသည်။

ကော်လာတွင် နှုတ်ခမ်းနီပေနေသော အထည်ကိုတော့ ရှလီက သူမအတွက် ချန်ထားလိုက်၏။

လူခြောက်ယောက်က စင်္ကြံလမ်းအဆုံးရှိ သန့်စင်ခန်းကိုအတူတူသွားကာ အဝတ်လဲပြီး အနွေးထည်အထူကြီးတွေကို ခြုံကာ နည်းနည်း တုန်ယင်စွာဖြင့် စာသင်ခန်းထဲကိုပြေးပြန်လာကြသည်။

ထိုဇာတ်ဝတ်စုံမှာ အပြာရောင်အင်္ကျီနှင့် အနက်ရောင်စကတ်ပါသော သမ္မတနိုင်ငံခေတ် ကျောင်းသူဝတ်စုံဖြစ်ပြီး ဆောင်းဦးရာသီပုံစံဖြစ်သော်လည်း ဝတ်ထားချိန်တွင် အတော်လေး အေးစိမ့်နေဆဲပင်။

စာသင်ခန်းထဲကိုပြန်ရောက်လာပြီး စိတ်နည်းနည်း ပြေလျော့သွားသော ရှလီက လင်ချင်းရှောင်၏ သူငယ်ချင်း အိုးယန်ကျင့်လည်း ရှိနေကြောင်း သတိပြုမိသွားချေသည်။

အိုးယန်ကျင့်က အဖြူရောင် အနွေးထည်ရှည်ကြီးထဲတွင် တိုင်းရင်းသားအကကမည့် ဝါးစိမ်းရောင် ဂါဝန်ကို ဝတ်ထားပြီး မိတ်ကပ်နှင့် ဆံပင်ကိုလည်း ပြင်ဆင်ပြီးစီးနေပြီဖြစ်ကာ ဆံပင်ကို ထုံးထားသဖြင့် သူမ၏ လှပပြည့်ဖြိုးသော နဖူးလေး ပေါ်လွင်နေသည်။

လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့က အလုပ်ခွဲလုပ်ကာ တစ်ယောက်လျှင် သုံးယောက်စီ တာဝန်ယူကြပြီး ရှလီကို အိုးယန်ကျင့်က တာဝန်ယူပေးလိုက်၏။

မိတ်ကပ်မှန်ရှေ့တွင် မထိုင်မီ ရှလီက တစ်ချက် ဝေ့ကြည့်လိုက်သည်။

ယန့်စစ်ရှီက စာသင်ခန်းထဲတွင် မရှိတော့ဘဲ ဝမ်ချန်းနှင့် သွားရောက်ပူးပေါင်းရန် ခန်းမဘက်ကိုသွားပုံရချေသည်။

ရှလီက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး အိုးယန်ကျင့်က ကလစ်အချို့ကို ယူကာ သူမ၏ ဆံပင်အရှေ့ချထားသည်တွေကို ညှပ်တင်ပေးလိုက်သဖြင့် နဖူးလေး ပေါ်လာ၏။

အိုးယန်ကျင့်က မေးလိုက်သည်။

"နင် ခုနက မျက်နှာသစ်ခဲ့သေးလား"

ရှလီက ပြန်ဖြေ၏။

"အင်း... လမ်းတစ်လျှောက်လုံး ပြေးလာရလို့ ချွေးနည်းနည်း ထွက်သွားလို့"

အိုးယန်ကျင့်က ပြောလာသည်။

"နည်းနည်းလေး ခြောက်နေသလိုပဲ ငါ နင့်ကို တိုနာလေး နည်းနည်း လိမ်းပေးမယ် ငါကိုယ်တိုင် သုံးတဲ့ဟာလေးမို့ ရတယ်မလား"

ရှလီက ခေါင်းညိတ်လိုက်သည်။

"အင်း အင်း... နင် အဆင်ပြေသလိုသာ လုပ်ပေးပါ"

တိုနာလိမ်းပြီး အိုးယန်ကျင့်က သူမကို အစိုဓာတ်ထိန်း လိုးရှင်း နည်းနည်း လိမ်းပေးပြီး မိတ်ကပ်ခံခရင်မ်ကို လိမ်းပေး၏။

အိုးယန်ကျင့်က ပြောလိုက်သည်။

"နင့် အသားအရေက တအားကောင်းတာပဲ... ဝက်ခြံ သိပ်မထွက်ဘူးလား ဝက်ခြံအမာရွတ် တစ်ခုမှ မရှိဘူးနော်"

ရှလီက ပြန်ဖြေ၏။

"သိပ်မထွက်ဘူး ထင်တာပဲ"

အိုးယန်ကျင့်က ဖောင်ဒေးရှင်း တစ်စက်ခန့်ကို ညှစ်ယူကာ သူမ၏ မျက်နှာပေါ်ရှိ နေရာအနှံ့ကိုအစက်ချပေးလိုက်သည်။

"မျက်နှာလေးကလည်း တအားသေးတာပဲ မိတ်ကပ် အရမ်းသက်သာတယ်"

အလှလေးတစ်ယောက်၏ ချီးမွမ်းခြင်းကိုခံရ၍ မပျော်ရွှင်မည့်သူ မရှိရာ ရှလီမှာလည်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရချေသည်။

အိုးယန်ကျင့်က သူမ၏ အချစ်ပြိုင်ဘက် တစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ရှလီမှာ သူမနှင့် ယှဉ်ပြိုင်လိုစိတ် နည်းနည်းမျှ မရှိသလိုပင် သူမကို တွေ့တိုင်း ရင်ထဲတွင် တကယ်လှတာပဲ ဟုသာ ရေရွတ်မိ၏။

အရန်သရုပ်ဆောင်တစ်ယောက်အနေဖြင့် မိတ်ကပ်ကို အလွန်အမင်း သေသပ်စွာ လိမ်းရန်မလိုအပ်ဘဲ မျက်ခုံးမွှေးနှင့် နှုတ်ခမ်းနီကိုသာ ဖြည့်စွက်ကာ မျက်နှာအချိုးအစားကို ပေါ်လွင်စေရန် အရိပ်နှင့် အလင်းကိုသာ အသုံးပြုလိုက်ပြီး ဇာတ်ခုံမီးရောင်အောက်တွင် ဝါးတားတား မဖြစ်နေလျှင် ရပြီဖြစ်သည်။

ဆံပင်ပုံစံနှင့်ပတ်သက်၍ ရှလီ၏ ဆံပင်မှာ ညှပ်ရိုးအထိသာ ရှိပြီး သဘာဝအတိုင်း ခွဲထားသော ရှစ်ဂဏန်းပုံစံ ဆံပင်ကို အရှေ့ချထားကာ ဆံသားမှာ နူးညံ့ပြီး ပေါ့ပါးကာ ဖောင်းကြွနေ၏။ ဆံပင်အရောင်မှာ အလွန်မရင့်ဘဲ အလင်းရောင်အောက်မှာ သစ်အယ်သီးရောင်ကဲ့သို့ဖြစ်နေသည်။

သိပ်မရှည်သဖြင့် အခြားမိန်းကလေးများကဲ့သို့ကျစ်ဆံမြီးကျစ်၍ မရသောကြောင့် အိုးယန်ကျင့်က ခေါင်းပတ်အပြားတစ်ခုကို ယူ၍ ပတ်ပေးလိုက်ရာ တကယ့်ကို သမ္မတနိုင်ငံခေတ်မှ ခေတ်မီတိုးတက်သော ကျောင်းသူလေးတစ်ဦး၏ ပုံစံပေါက်သွားချေသည်။

လူခြောက်ယောက်စလုံး မိတ်ကပ်ပြင်ပြီးသွားတော့ လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့အပါအဝင် အားလုံးက ခန်းမဘက်ကိုအမြန်သွားကြ၏။

ပြဇာတ်ကမည့် ကျောင်းသားများအားလုံး စင်္ကြံလမ်းထဲတွင် ပြည့်ကျပ်နေကြသည်။

ဆူညံနေသော အခြေအနေအောက်တွင် ကျူးရွှမ် ရွှီနင်တို့နှင့် အနိုင်နိုင် သွားရောက်ပူးပေါင်းလိုက်ရသည်။

ရွှီနင်က အရှေ့တိုးလာပြီး ရှလီကို တင်းကျပ်စွာ ဖက်ထားလိုက်၏။

"ဝူးဝူးဝူး... ဒီနေ့သာ နင်မရှိရင် ငါတို့ ဘယ်လိုလုပ်ရမလဲမသိဘူး"

ရှလီက ပြုံးကာ သူမ၏ကျောကို ပုတ်ပေးလိုက်သည်။

"အဆင်ပြေပြေနဲ့ ကပြနိုင်ရင် ရပါပြီ"

ရှလီက ပထမဆုံးအခန်းဖြစ်သော ဆန္ဒပြကျောင်းသားများ၏ တန်းစီရာထဲကိုဝင်သွားပြီး သူမက ခြေဖျားထောက်ကာ လှုပ်ရှားနေသော လူအုပ်ကြီးကို ကျော်လွန်၍ ပတ်ဝန်းကျင်ကိုလိုက်လံကြည့်ရှုလိုက်၏။ ဝမ်ချန်းကို တွေ့သော်လည်း ယန့်စစ်ရှီ၏ အရိပ်အယောင်ကိုတော့ မတွေ့ရချေ။

ဝမ်ချန်းက သုံးထည်တွဲ သိုးမွှေးကုတ်အင်္ကျီကို ဝတ်ထားပြီး ဆီများသုတ်ကာ အနောက်သို့လှန်ဖီးထားသော ဆံပင်ပုံစံက သူ၏ ပုံမှန် နည်းနည်း အူကြောင်ကြောင်နိုင်သော ပုံစံနှင့် လုံးဝမလိုက်ဖက်ဘဲ နည်းနည်း ရယ်စရာကောင်းနေသည်။

စင်ပေါ်တက်ရတော့မည်ကိုပင် သူက ဇာတ်ညွှန်းစာအုပ်ကို ကိုင်ကာ အဆက်မပြတ် ရေရွတ်ဖတ်ရှုနေပြီး တကယ်ကို အလေးအနက်ထားနေ၏။

မကြာမီမှာပင် အစီအစဉ်အမှတ် ၅ ဖြစ်သော 《ရှီးအန်းအရေးအခင်း》 အလှည့်ကိုရောက်လာရာ ရှလီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး အခြားအရာတွေကို စိတ်ပူနေရန် အချိန်မရှိတော့ချေ။

ဆန္ဒပြသည့် ဇာတ်ကွက်မှာ ပထမဆုံးအခန်းဖြစ်ပြီး ကျူးရွှမ်၏ ညွှန်ကြားမှုအောက်တွင် အားလုံးက ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ တန်းစီ၍ စင်ပေါ်တက်သွားကြပြီး ကြွေးကြော်သံတွေကို အားမာန်အပြည့်ဖြင့် အော်ဟစ်လိုက်ကြသည်။

အတန်း၏ King ဖြစ်သူ သရုပ်ဆောင်သော ကျန်းရွှယ်လျန်က ချက်ချင်းဆိုသလို စင်ပေါ်တက်လာပြီး ကျောင်းသားများနှင့် ညှိနှိုင်းကာ ကျေနပ်လောက်သော အဖြေတစ်ခုကို သေချာပေါက် ပေးမည်ဟု ကတိပေးလိုက်၏။

ဒီဇာတ်ကွက်အပေါ် ရှလီ၏ မှတ်ဉာဏ်မှာ အလွန်ဝေဝါးနေပြီး ခဏလေးအတွင်းမှာပင် ပြီးဆုံးသွားသလိုခံစားရကာ စိတ်လှုပ်ရှားမှုကြောင့် ချွေးများထွက်ပြီး ခြေဖဝါးများ ပျော့ခွေနေသည့် ခံစားချက်သာ အစစ်အမှန် ဖြစ်သည်။

_________

All Chapters