← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉)

"မနက်ခင်းပါ နေ့လယ်ခင်းပါ ညချမ်းပါ ပြီးတော့ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

လူတိုင်းက အနားကိုသွားမဝိုင်းကြဘ အဝေးတစ်‌ေနရာမှနေ၍သာ စပ်စုချင်စိတ်ဖြင့် ကြည့်နေကြ၏။

ရှလီက အပေါ်ထပ်စင်္ကြံလမ်းတွင်သာ ရပ်နေပြီး အောက်ကိုဆင်းမသွားခဲ့ချေ။

ညအမှောင်ထဲတွင် အိုးယန်ကျင့်က ခြေတစ်ဝက်ခန့် ရှေ့တိုးသွားပြီး ခန္ဓာကိုယ်ကို အရှေ့ကိုနည်းနည်းကိုင်းကာ အလျင်လိုပြီး ရိုးသားဟန်ရှိသော ကိုယ်ဟန်အမူအရာဖြင့် ရပ်နေသည်ကို တွေ့ရသည်။

သူမ ဘာပြောနေသည်ကို သေချာမကြားရသော်လည်း တော်တော်လေးရှည်လျားသော စကားများဖြစ်မည်ဟု ထင်ရသည်။

သူမ၏ မျက်နှာချင်းဆိုင်ရှိ ယန့်စစ်ရှီကတော့ တိတ်ဆိတ်စွာနေနေပြီး သူမပြောပြီးသွားချိန်တွင်မှ စကားစပြောလာ၏။

အိုးယန်ကျင့်က လက်မောင်းဖြင့် မျက်နှာကို ကာကွယ်လိုက်ပြီး လှည့်ကာ ထွက်ပြေးသွားတော့သည်။

ကွက်လပ်ဘေးရှိ သစ်ပင်များစီတန်းနေသော လမ်းဘက်ကိုပြေးသွားချိန်တွင် လမ်းဘေးသစ်ပင်အောက်မှ လူတစ်ယောက် ထွက်လာပြီး သူမကို တားကာ ပခုံးလေးကို ဖက်ထားလိုက်သည်။ ထိုသူမှာ လင်ချင်းရှောင်ပင် ဖြစ်သည်။

ယန့်စစ်ရှီက ထိုနေရာတွင် ဆက်မနေတော့ဘဲ သစ်ပင်များရှိသော လမ်းဘက်ကိုလှည့်ထွက်သွား၏။

လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့ဘေးမှ ဖြတ်သွားချိန်တွင် သူက တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။

အမှောင်ထဲတွင် သူ၏မျက်နှာပေါ်ရှိ အမူအရာကို သေချာမမြင်ရသော်လည်း ထိုကျောပြင်လေးက အေးတိအေးစက်နိုင်ပြီး အထီးကျန်ဆန်နေသည်ဟု ခံစားရသည်။

ရှလီက လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့ကို ခဏမျှ ငေးကြည့်နေပြီး အောက်ကိုဆင်းသွားခဲ့သည်။

သစ်ပင်အရိပ်အောက်တွင် အိုးယန်ကျင့်က လင်ချင်းရှောင်၏ ပခုံးပေါ်တွင် မျက်နှာအပ်ကာ တိုးညင်းစွာ ငိုကြွေးနေ၏။

သူမဝတ်ထားသော အမွေးပွကော်လာပါသည့် အနွေးထည်လေးမှာ ဆောင်းလေအောက်တွင် တုန်ယင်နေပြီး သူမကိုယ်တိုင်နှင့်ပင် တူနေချေသည်။

ရှလီက အိတ်ကပ်ထဲမှ တစ်ရှူးထုပ်ကို ထုတ်ယူကာ တစ်ရွက်ဆွဲထုတ်ပြီး တိတ်ဆိတ်စွာ ကမ်းပေးလိုက်သည်။

ဖြတ်သွားဖြတ်လာလူများက သူတို့ဘက်ကိုတစ်ချက်နှစ်ချက်မျှ လှမ်းကြည့်သွားကြ၏။

ရှလီက လင်ချင်းရှောင်နှင့် အိုးယန်ကျင့်တို့ကို သစ်ပင်အရိပ်ထဲကိုနည်းနည်း တွန်းပို့ပေးလိုက်ပြီး သူမကိုယ်တိုင်က အရှေ့တွင်ရပ်ကာ စပ်စုသော အကြည့်တွေကို ကာကွယ်ပေးထားလိုက်သည်။

ထိုအချိန်တွင် ထောင်ရှီးယွဲ့နှင့် အခန်း ၂၀ မှ ကောင်မလေးနှစ်ယောက် လျှောက်လာကြ၏။

သူတို့ကလည်း ခုနကကိစ္စကို ဆွေးနွေးနေကြပုံရပြီး ထောင်ရှီးယွဲ့က ထိုကောင်မလေးနှစ်ယောက်ကို ပြောလိုက်သည်။

"အရင်က စကားတောင် မပြောဖူးဘဲနဲ့ သွားဖွင့်ပြောတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ ဘာကွာလို့လဲ"

ထောင်ရှီးယွဲ့၏ အသံမှာ အမှန်တော့ သိပ်မကျယ်လှပေ။

သို့သော် လင်ချင်းရှောင်က ရုတ်တရက် ခေါင်းမော့လာပြီး မေးလိုက်၏။

"နင် ဘယ်သူ့ကို ပြောနေတာလဲ"

ထောင်ရှီးယွဲ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး လန့်သွားကာ သစ်ပင်အရိပ်အောက်တွင် လူရှိနေကြောင်း တကယ်ပင် သတိမထားမိခဲ့ပုံရသည်။

သူမက ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။

"နင့်ကို ပြောနေတာမှ မဟုတ်တာ နင်က ဘာလို့ ဒေါသထွက်နေရတာလဲ"

လင်ချင်းရှောင်က ပြန်ပက်၏။

"ကွယ်ရာမှာ အတင်းတုပ်နေတာကရော နင့်မှာ ဘာအစွမ်းအစရှိလို့လဲ"

ထောင်ရှီးယွဲ့က ပြောလာသည်။

"မျက်နှာချင်းဆိုင်လည်း ငါ ပြောရဲပါတယ် ငါပြောတာ မှားနေလို့လား"

လင်ချင်းရှောင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"နင်က သူနဲ့ စကားပြောဖူးတယ်လေ နင်က တော်တော်ရင်းနှီးနေတာပဲ နင်ကကျတော့ ဘာလို့ သွားဖွင့်ပြောဖို့ သတ္တိမရှိရတာလဲ"

ထောင်ရှီးယွဲ့မှာ စကားပြန်မပြောနိုင်ဘဲ ဆွံ့အသွားတော့သည်။

သူတို့နှစ်ယောက်က မူလကတည်းက အဆင်မပြေကြဘဲ လင်ချင်းရှောင်ကလည်း ဒဲ့ဒိုးပြောတတ်သူဖြစ်ရာ အခြေအနေက အပ်ဖျားနှင့် ဆန်စေ့ ထိပ်တိုက်တွေ့နေသကဲ့သို့ပင်။

ထိုအချိန်တွင် အိုးယန်ကျင့်က လင်ချင်းရှောင်ကို ဆွဲကာ တိုးညင်းစွာ ပြောလိုက်၏။

"ရှောင်ရှောင် ထားလိုက်ပါတော့ ဆက်မပြောပါနဲ့တော့"

လင်ချင်းရှောင်က ဒေါသမပြေနိုင်ပေ။

"နည်းနည်းလေး ချောတာနဲ့ပဲ ဘာတွေများ အထင်ကြီးစရာရှိလို့လဲ နင့်လိုလူ သူ့ကို ဘယ်နေရာများ မမီလို့လဲ သူတို့လို မျက်လုံးကို ခေါင်းပေါ်တင်ထားတဲ့သူတွေက"

အိုးယန်ကျင့်၏ အသံလေးမှာ ကွဲကြေတော့မည့်အလား ဖြစ်နေသည်။

"သူ့ကို အဲဒီလို မပြောပါနဲ့"

လင်ချင်းရှောင်က ထောင်ရှီးယွဲ့ကို မျက်စောင်းထိုးလိုက်ပြီး သူမကို ဆက်မပြောချင်တော့ဘဲ အိုးယန်ကျင့်ကိုသာ နှစ်သိမ့်ပေးနေလိုက်သည်။

ထောင်ရှီးယွဲ့က တစ်ချက်မဲ့ကာ သူမ၏သူငယ်ချင်းများနှင့်အတူ ထွက်သွားတော့သည်။

အတော်ကြာပြီးတွင် အိုးယန်ကျင့်၏ စိတ်ခံစားချက်များ နည်းနည်း တည်ငြိမ်သွား၏။

သူမ၏ မျက်နှာပေါ်ရှိ မိတ်ကပ်များ ပျက်နေပြီဖြစ်သော်လည်း လင်ချင်းရှောင်နှင့် ရှလီကို ပြုံးပြကာ ပခုံးတွန့်ရင်း ပြောလာသည်။

"တကယ်တော့ ဒီလိုဖြစ်သွားတာလည်း ကောင်းပါတယ် မဟုတ်ရင် ငါက ဒီကိစ္စကိုပဲ အမြဲတွေးနေမိပြီး သေချာလေ့ကျင့်ဖို့နဲ့ စာလုပ်ဖို့ အာရုံစိုက်နိုင်မှာ မဟုတ်ဘူး အခု ငြင်းခံလိုက်ရပြီဆိုတော့လည်း စိတ်လျှော့လိုက်လို့ ရသွားပြီပေါ့"

လင်ချင်းရှောင်က မေးလိုက်သည်။

"သူ ဘာပြောလိုက်လို့လဲ အရမ်းနားထောင်ရဆိုးတဲ့ စကားတွေ ပြောလိုက်သေးလား"

လင်ချင်းရှောင်၏ ပုံစံမှာ အိုးယန်ကျင့်ကသာ ဟုတ်တယ် ဟု ဖြေလိုက်လျှင် သူမက ယန့်စစ်ရှီထံကိုတိုက်ရိုက်သွား၍ ပြဿနာရှာတော့မည့်ဟန် ရှိနေသည်။

အိုးယန်ကျင့်က အမြန်ငြင်းလိုက်သည်။

"မပြောပါဘူး သူ့ကို သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့ သူကိုယ်တိုင်က တကယ်တော့ အဆင်မပြေတာတွေ အများကြီးရှိပြီး ငါပြောသလောက်လည်း မကောင်းပါဘူးတဲ့ လောလောဆယ်မှာ သူ ပူပန်နေရတဲ့ ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေသေးလို့ တခြားကိစ္စတွေကို တွေးဖို့ စိတ်ကူးမရှိသေးဘူးတဲ့"

ရှလီက နားထောင်ရင်း ရင်ထဲကိုဒီည၏ ဆောင်းလေများ တိုက်ခတ်ဝင်ရောက်လာသလိုခံစားလိုက်ရ၏။

ထိုခံစားချက်က သူမကိုယ်တိုင် အငြင်းခံလိုက်ရသလိုပင် ဝမ်းနည်းစရာကောင်းလှသည်။

ဒါက ယန့်စစ်ရှီ၏ ပုံစံပင်။ အလွန်ယဉ်ကျေးသော်လည်း မည်သူမျှ ကျော်ဖြတ်၍မရနိုင်လောက်အောင် အေးတိအေးစက်နိုင်လှသည်။

လင်ချင်းရှောင်က မေးလိုက်သည်။

"ဘာ ပိုအရေးကြီးတဲ့ကိစ္စလဲ နိုင်ငံခြားသွားဖို့ မဟုတ်ဘူးလား"

အိုးယန်ကျင့်က ဖြေလာသည်။

"မဟုတ်လောက်ဘူးလို့ ငါထင်တယ် သူက တော်တော်လေး ရိုးသားပါတယ်"

အိုးယန်ကျင့်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး ပြောလာသည်။

"ငါ အတန်းထဲ ခဏပြန်သွားလိုက်ဦးမယ် ရှောင်ရှောင် နင်တို့ရော"

လင်ချင်းရှောင်က ဖြေ၏။

"ငါတို့အတန်းက ဇာတ်ကောင်ဝတ်စုံတွေကို သွားသိမ်းပေးရဦးမယ်ထင်တယ် ခဏနေကျရင် နင့်အတန်းကို ငါလာခဲ့မယ် ငါ နင့်ကို ရေခဲမုန့် ဝယ်ကျွေးမယ်"

အိုးယန်ကျင့်က သူတို့ကို လက်ပြကာ ပြောလိုက်သည်။

"ကောင်းပြီလေ ဘိုင့်ဘိုင်"

ရှလီက အိုးယန်ကျင့်၏ ပေါ့ပါးသွက်လက်သော ကျောပြင်လေးကို ငေးကြည့်ရင်း တစ်ခဏမျှ အားကျစိတ်များသာ ပြည့်နှက်သွားမိသည်။

သူမ၏ သတ္တိကို အားကျမိသလို နောင်တစ်ချိန် အမှတ်ရစရာများထဲတွင် ထိုကဲ့သို့ထင်ရှားသော မှတ်တိုင်တစ်ခု ရှိနေမည်ကိုလည်း အားကျမိချေသည်။

လူငယ်ဘဝဆိုတာ ဒီလိုပဲမဟုတ်လား။ အများကြီး ချိန်ဆတွက်ချက်ပြီး အလေးအနက် စဉ်းစားနေစရာမှ မလိုတာ။

ဘယ်လောက်ပဲ ဝမ်းနည်းစရာကောင်းပါစေ စောင်ခြုံပြီး တစ်ဝကြီးငိုချလိုက်ရုံဖြင့် နောက်နေ့တွင် သစ်ကြားသီးလို ဖောင်းအစ်နေသော မျက်လုံးများဖြင့် မနက်ပိုင်းစာဖတ်ချိန်ကို အချိန်မှန် တက်နိုင်သေးသည်ပင်။

အပေါ်ထပ်ရှိ အတန်းထဲကိုပြန်ရောက်လာခဲ့သည်။

ထောင်ရှီးယွဲ့က ဖျော်ဖြေပွဲအောင်မြင်တဲ့ အထိမ်းအမှတ်အဖြစ် အားလုံးကို တစ်ညလုံး KTV သီချင်းသွားဆိုရန် စည်းရုံးနေသည်။ မနက်ဖြန်လည်း ကျောင်းပိတ်ရက်ဖြစ်သဖြင့် အခွင့်ကောင်းပင်။ အချို့က သဘောတူကြသော်လည်း အချို့က အိမ်က မလွှတ်ကြောင်း ပြောကြ၏။

ပုံမှန်အချိန်များတွင်သာဆိုလျှင် လင်ချင်းရှောင်က နျဲ့ချူဟန်ကိုပါ အတင်းခေါ်သွားမည်မှာ သေချာသည်။

သို့သော် သူမက ခုနကမှ ထောင်ရှီးယွဲ့နှင့် ရန်ဖြစ်ထားသည်မဟုတ်လား။

သူမက ရှလီကို တိုးညင်းစွာ ပြောလိုက်သည်။

"ရှရှ နင်သွားချင်ရင် သွားလိုက်လေ ငါ့ကို အားနာနေစရာမလိုဘူး"

ရှလီက ခေါင်းခါလိုက်၏။

"ငါ မသွားတော့ဘူး တန်းပြီး ပြန်အိပ်ချင်နေပြီ"

ယန့်စစ်ရှီလည်း ထွက်သွားပြီဖြစ်သည်။

ရှလီက စိတ်မဝင်စားတော့ဘဲ ထိုပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ချင်တော့ချေ။

လူတိုင်းက ဇာတ်ကောင်ဝတ်စုံတွေကို လဲလိုက်ကြပြီး အမှားအယွင်းမရှိ စစ်ဆေးပြီး မိဘလာကြိုသော အလုပ်သမားရေးရာကော်မတီဝင်က ယူသွားကာ မနက်ဖြန်တွင် လင်ချင်းရှောင် အနုပညာကော်မတီဝင်တို့နှင့်အတူ သွားပြန်ပေးမည်ဖြစ်သည်။

လင်ချင်းရှောင်က အိုးယန်ကျင့်နှင့်အတူ ထွက်သွားသည်။ ရွှီနင်က သီချင်းဆိုခြင်းကဲ့သို့သော အရာတွေကို အမြဲတမ်း စိတ်မဝင်စားသဖြင့် ထောင်ရှီးယွဲ့ စီစဉ်သော အစီအစဉ်တွင် မပါဝင်ဘဲ တန်း၍ အိမ်ပြန်ရန် ပြင်ဆင်နေ၏။

ရှလီကလည်း သူမနှင့်အတူ အပြင်ကိုထွက်လာခဲ့သည်။

အောက်ထပ်တွင် ရှလီကို ဝမ်ချန်းက တားလိုက်သည်။

သူက အခြေအနေကို မသိသေးပုံရသည်။

"နင် ယန့်စစ်ရှီကို မြင်မိလား ငါ သန့်စင်ခန်းသွားလိုက်တဲ့ အချိန်လေးတင် ဘယ်ပျောက်သွားမှန်းမသိဘူး အခုထိ ပြန်မလာသေးဘူး"

ရှလီက သူ့ကို တမင်စနောက်လိုက်သည်။

"နင် ငါ့ကို သိလို့လား"

ထိုအမေးကြောင့် ဝမ်ချန်းမှာ ကြောင်အမ်းသွားပြီး မျက်မှန်ကို ပင့်တင်ကာ သူမကို သေချာစိုက်ကြည့်ရင်း မေး၏။

"ငါ လူမှားသွားလို့လား နင်က အတူတူ ညစာစားခဲ့တဲ့ တစ်ယောက် မဟုတ်ဘူးလား"

ရှလီမှာ စိတ်ဓာတ်ကျနေသော်လည်း ဒီတစ်ကြိမ်တွင်တော့ အသံထွက်၍ ရယ်မောလိုက်မိချေသည်။

"ယန့်စစ်ရှီက ထွက်သွားပြီ"

ဝမ်ချန်းက ညည်းတွားလိုက်သည်။

"သစ္စာဖောက်ကောင် ငါ့ကိုတောင် တစ်ခွန်းမပြောသွားဘူး"

ရှလီက မေးလိုက်သည်။

"ထောင်ရှီးယွဲ့တို့က သီချင်းသွားဆိုကြမလို့တဲ့ နင် မသွားဘူးလား"

ဝမ်ချန်းက ဖြေ၏။

"မသွားပါဘူး ဒီလို ဖျော်ဖြေရေးကိစ္စတွေက ဘာ အကျိုးရှိလို့လဲ ပျင်းစရာကောင်းတယ်"

ရှလီက ဝမ်ချန်းကို နှုတ်ဆက်ပြီး ရွှီနင်နှင့်အတူ ကျောင်းပေါက်ဝကိုလျှောက်လာခဲ့သည်။

ရွှီနင်၏ အဖေက ကားဖြင့် လာကြိုသဖြင့် အရင်ထွက်သွား၏။

ရှလီက ကျောင်းပေါက်ဝရှိ မပိတ်သေးသော စာအုပ်ဆိုင်ထဲကိုဝင်ကြည့်ပြီး ဘောပင်မှင်ဆံ အသစ်အချို့ ဝယ်လိုက်သည်။

အပြင်သို့ထွက်လာချိန်တွင် ထောင်ရှီးယွဲ့တို့ တစ်အုပ်စုလုံး ထျန်းရှင်းလမ်းဘက်ကိုဆူဆူညံညံဖြင့် သွားနေကြသည်ကို တွေ့လိုက်ရ၏။

ညအမှောင်ထဲတွင် ရယ်မောသံများက ပဲ့တင်ထပ်နေသည်။

သူမက လမ်းလျှောက်ရင်း ဖုန်းကိုထုတ်ကာ ဖုန်းစာအုပ်ထဲမှ Y ကို ရှာလိုက်သည်။

ထိုအက္ခရာလေးကိုသာ ကြည့်နေပြီး နောက်ထပ် ဘာမှ ဆက်မလုပ်ဖြစ်ခဲ့ပေ။

သူမက ဖုန်းကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းမော့၍ သစ်ကိုင်းဖျားပေါ်ရှိ တံစဉ်းပုံသဏ္ဌာန် အဝါရောင် လမင်းကြီးကို ငေးကြည့်ရင်း ဖြူဖွေးသော အခိုးအငွေ့တွေကို မှုတ်ထုတ်လိုက်သည်။

ရင်ထဲတွင် စိုစွတ်သော ဆုံးရှုံးမှုတစ်မျိုးကို ခံစားနေရပြီး တစ်ခုခုကို လိုအပ်နေသေးသလိုသို့မဟုတ် ပျော်ပွဲရွှင်ပွဲအပြီးတွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသကဲ့သို့ပင်။

ဒီတစ်ညတာတွင် အချို့က ပျော်ရွှင်နေပြီး အချို့က ဝမ်းနည်းနေကာ အချို့က ဘယ်ရောက်သွားမှန်းမသိဖြစ်နေပြီး အချို့ကတော့ ဆုံးရှုံးသွားသလို ခံစားနေရ၏။

ဆယ့်ခြောက်နှစ်အရွယ်နှင့်သာ သက်ဆိုင်သော ၂၀၀၈ ခုနှစ်သည် ဤသို့ဖြင့် အဆုံးသတ်သွားခဲ့သည်။

_________

All Chapters