အခန်း ၃၂
Vol. 4 Ch. 32
အခန်း ၃၂
"နင်က အမြဲတမ်း ပဟေဠိဆန်လွန်းတယ် နောက်ဆုံးအချိန်ထိတိုင်အောင် ဒီဇာတ်လမ်းရဲ့ အဖြေကို ငါရှာမတွေ့ခဲ့ဘူး"
—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》
သန့်ရှင်းရေးအစီအစဉ်ကြီး ပြီးဆုံးသွားပြီး လမ်းတစ်လျှောက်ရှိ သစ်ပင်များတွင် ရောင်စုံအလံလေးများ လွင့်ဝဲနေကာ မင်ကျန်းအလယ်တန်းကျောင်း၌ ဤမျှသန့်ရှင်းသပ်ရပ်ပြီး ခမ်းနားခန့်ညားသော အခိုက်အတန့်မျိုးမှာ ရှားပါးလှသည်။
ကျောင်းနှစ်ပတ်လည်နေ့တွင် စာသင်စရာမလိုသော်လည်း မနက်ခင်း စာကြည့်ချိန်ကတော့ ပုံမှန်အတိုင်းပင် ဖြစ်ချေသည်။
မနက်ခင်း စာကြည့်ချိန်တွင် ရှလီက ကျန်းဟုန်ထံမှ မက်ဆေ့ချ်တစ်စောင် ရခဲ့ပြီး အားလျှင် ဖုန်းပြန်ခေါ်ရန် မှာထား၏။
အရေးကြီးကိစ္စရှိနေမည်ကို စိုးရိမ်သဖြင့် သူမက ဖုန်းကိုယူကာ ရေချိုးခန်းထဲကိုတိတ်တဆိတ် သွားလိုက်သည်။
ဖုန်းပြန်ခေါ်လိုက်ရာ ကျန်းဟုန်က ပြောလာခဲ့သည်။
"ဘာအရေးကြီးကိစ္စမှ မရှိပါဘူး နင့်အဖေက အဆောင်မှာ ကွန်ပျူတာတစ်လုံး တပ်ချင်နေလို့ သူကလည်း နားမလည်တော့ လူလိမ်ခံရမှာစိုးလို့ နင့်ကို ဘယ်လိုဟာမျိုး ဝယ်ရမလဲ လှမ်းမေးခိုင်းတာ"
ကွန်ပျူတာဝယ်မည့်ကိစ္စကို ယခင်က ရှကျန့်ယန် တစ်ချက်ပြောဖူးသည်။ ပထမဆုံး အိမ်တွင်တပ်မည်ဟု ပြောခဲ့သော်လည်း ရှလီက ကျောင်းနားမှာနေပြီး သူတို့က စက်ရုံအဆောင်တွင် နေထိုင်ကြသောကြောင့် အိမ်တွင်ထားလျှင်အသုံးပြုဖို့အခွင့်အရေး ရှိမည်ကိုမဟုတ်ပေ။
အဆောင်တွင် သူတို့နှစ်ယောက်အတွက် ဖျော်ဖြေရေး သိပ်မရှိချေ။ ကျန်းဟုန်က ရုပ်သံဇာတ်လမ်းတွဲများ ကြည့်ချင်ပြီး ရှကျန့်ယန်က စစ်တုရင်ကစားချင်ကာ အားလပ်ချိန်တွင် စာရိုက်ရန်နှင့် ခေတ်နောက်ကျမကျန်ခဲ့စေရန် QQ သုံးရန် သင်ယူချင်နေသောကြောင့် ဖြစ်သည်။
ရှလီက သေချာပေါက် ထောက်ခံသလို ပြောလိုက်သည်။
"သမီးသူငယ်ချင်းတွေကို မေးကြည့်လိုက်ဦးမယ် ပြီးမှ အဖေတို့ကို ပြန်ပြောပြမယ်"
ကျန်းဟုန်က ပြန်ပြောသည်။
"နင့်အဖေ့ကို ပိုက်ဆံ တိုက်ရိုက်လွှဲခိုင်းလိုက်မယ် မေလပထမပတ် ပိတ်ရက်ကျရင် နင် ကူဝယ်ပေးပြီး ဒီကိုလာတပ်ပေးဖို့ လူခေါ်ခဲ့လိုက်လေ"
လက်ဆေးနေစဉ် နောက်ဘက်အိမ်သာခန်းထဲမှ တစ်စုံတစ်ယောက်က တံခါးခေါက်ကာ ခေါ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ကျောင်းသူ"
ရှလီမှာ လန့်သွားပြီး လှည့်ကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
ထိုအသံက နည်းနည်း ရင်းနှီးနေသဖြင့် ရှလီက ခဏစဉ်းစားပြီး မေးလိုက်သည်။
"ထောင်ရှီးယွဲ့လား"
အိမ်သာခန်းထဲတွင် တိတ်ဆိတ်သွားချေသည်။
ရှလီက ဆက်ပြောလိုက်သည်။
"ငါ မပါလာဘူး ခဏစောင့်နေနော် အတန်းထဲ ပြန်သွားပြီး မေးပေးမယ်"
ထောင်ရှီးယွဲ့က ပြန်ဖြေသည်။
"အင်း"
မသွားခင် ရှလီက ခြေလှမ်းတန့်သွားပြီး နောက်ထပ်တစ်ခွန်း ပိုမေးလိုက်၏။
"လစဉ်သုံးအပြင် တခြားဘာလိုသေးလဲ"
ထောင်ရှီးယွဲ့က တောင်းဆိုလာသည်။
"အကိုက်အခဲပျောက်ဆေး"
"ဘယ်လိုအမျိုးအစားလဲ"
"Ibuprofen"
ရှလီက ပြန်ပြောလိုက်သည်။
"ဒါက ငှားရခက်လောက်တယ် ငါ မေးကြည့်ပေးပါ့မယ်"
ရှလီက အတန်းထဲကိုပြန်သွားပြီး ဘေးခုံနှင့် အရှေ့ခုံမှ သူငယ်ချင်းတွေကို မေးကြည့်ရာ အရှေ့ခုံက သူမ၏အရှေ့ခုံကို ထပ်မေးပေးပြီး မကြာမီမှာပင် လစဉ်သုံးတစ်ခုနှင့် Ibuprofen ဆေးကတ်တစ်ခုကို ရရှိခဲ့သည်။
သူမက ၎င်းတို့ကို ကျောင်းဝတ်စုံအင်္ကျီအိတ်ကပ်ထဲထည့်ကာ ကိုယ်ပိုင်ရေဘူးကိုယူ၍ ရေချိုးခန်းကိုပြန်လာခဲ့သည်။
အိမ်သာခန်းတံခါးကို ခေါက်လိုက်ပြီး လစဉ်သုံးကမ်းပေးလိုက်ရာ တံခါးက နည်းနည်း ပွင့်လာပြီး ထောင်ရှီးယွဲ့က လက်လှမ်းပေးလာ၏။
"ကျေးဇူးပဲ"
လက်ဆေးကန်တွင် ခဏစောင့်နေပြီး ထောင်ရှီးယွဲ့က အိမ်သာခန်းထဲမှ ထွက်လာချေသည်။
ရှလီက Ibuprofen နှင့် သူမ၏ရေဘူးကို ကမ်းပေးလိုက်သည်။
"နင် အဆင်ပြေရင် ငါ့ရေဘူးနဲ့ သောက်လို့ရတယ်"
ထောင်ရှီးယွဲ့က ကျောင်းဝတ်စုံကို ဝတ်ထားပြီး ဆံပင်ကို မြင်းမြီးပုံစံ အမြင့်စီးထားကာ မျက်နှာတွင် မိတ်ကပ်ပါးပါး လိမ်းထားသော်လည်း ချွေးစေးများထွက်နေပြီး အလွန်အားနည်းနေပုံပေါ်သည်။
သူမက ဆေးကိုယူ၍ တစ်လုံးဖောက်ထုတ်လိုက်ပြီး ရှလီ၏ရေဘူးကို လှမ်းယူလိုက်သည်။
"ကျေးဇူးပဲ"
ရေနှင့်အတူ သောက်ချလိုက်ပြီး ရေဘူးနှင့် ကျန်တဲ့ ဆေးတွေကို ပြန်ကမ်းပေးလိုက်ချေသည်။
ထောင်ရှီးယွဲ့က သူမကို ကြည့်လာသည်။
"ဘာလို့ ငါ့ကို ကူညီတာလဲ နင်က လင်ချင်းရှောင်နဲ့ ရင်းနှီးတာမဟုတ်ဘူးလား သူ စိတ်ဆိုးမှာကို မကြောက်ဘူးလား"
ရှလီက ကြောင်အမ်းအမ်းဖြစ်သွားရပြီး ပြန်ဖြေလိုက်၏။
"အာ… ဒါက တစ်ကဏ္ဍစီလေ ဒီလိုအခြေအနေမျိုးမှာ နင် လင်ချင်းရှောင်ဆီက ငှားရင်လည်း သူ ငှားမှာပဲကို"
ထောင်ရှီးယွဲ့က ဘာမှဆက်မပြောသော်လည်း သူမ၏ မျက်နှာထားက သဘောမတူသည့်ပုံ ပေါ်နေသည်။
ရှလီကလည်း ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"နင် ခဏနေရင် ကျောင်းသားကိုယ်စားလှယ်အနေနဲ့ စကားပြောရဦးမှာမလား မြန်မြန် အတန်းထဲပြန်ပြီး နားလိုက်ပါ ရေနွေးများများသောက်… ဘာလိုသေးလဲ မလိုရင် ငါ အတန်းထဲ ပြန်တော့မယ်"
ထောင်ရှီးယွဲ့က ခေါင်းယမ်းပြပြီး ပြောလာသည်။
"ကျေးဇူးပဲ"
"ရပါတယ်"
ရှလီ ရေချိုးခန်းတံခါးဝကိုရောက်ခါနီးတွင် နောက်ကွယ်မှ ထောင်ရှီးယွဲ့က တိုးညင်းစွာ ပြောလိုက်သံကို ကြားလိုက်ရသည်။
"နင်လည်း ယန့်စစ်ရှီကို သဘောကျနေတာမလား"
ရှလီက ခြေလှမ်းများ နည်းနည်း တန့်သွားသော်လည်း မကြားလိုက်သလိုဟန်ဆောင်ကာ အမြန်ထွက်လာခဲ့၏။
သူမမှာ အတန်းထဲကိုပြန်ရောက်သည့်တိုင် စာမေးပွဲတွင် ခိုးချရင်း မိသွားသလိုထိတ်လန့်မှုနှင့် ရှက်ရွံ့မှုတို့ကို ခံစားနေရဆဲ ဖြစ်သည်။
/
ဒီကျောင်းနှစ်ပတ်လည်နေ့ကို ကျောင်းက အထူးအလေးထားသဖြင့် အသံစနစ်အပိုင်းကို ကျွမ်းကျင်သော ဆရာများက တာဝန်ယူထားသည်။
ထိုဆရာမှာ ရေဒီယိုစခန်း၏ ကြီးကြပ်ရေးဆရာဖြစ်ပြီး သူတစ်ယောက်တည်း အလုပ်များနေသဖြင့် လက်ရှိစခန်းမှူးကို ကူညီရန် အမည်တပ်ခေါ်ယူခဲ့သည်။
လက်ရှိစခန်းမှူးမှာ ဖေဖော်ဝါရီလကမှ ရာထူးတက်လာသော အထက်တန်းပထမနှစ်မှ ဂျူနီယာလေးတစ်ယောက်ဖြစ်ပြီး သူမ၏ အတွေ့အကြုံမလုံလောက်မည်ကို စိုးရိမ်သဖြင့် ရှလီထံကိုတိတ်တဆိတ် ဆက်သွယ်ကာ ကူညီရန် တောင်းဆိုခဲ့၏။
နေမင်းကြီးက ပို၍မြင့်တက်လာပြီး မင်ကျန်းအထက်တန်းကျောင်းကလည်း တဖြည်းဖြည်း စည်ကားလာသည်။
ကျောင်းသားဟောင်းများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး အားကစားကွင်းရှိ လက်မှတ်ရေးထိုးသည့်နေရာကိုသွားရောက်ကြသည်။
ရှလီက အားကစားကွင်း စင်မြင့်ဘက်ကိုသွားနေစဉ် လူတစ်စုနှင့် ဆုံတွေ့ခဲ့၏။
သူမက ခြေလှမ်းသွက်သွက်ဖြင့် သွားနေသဖြင့် သေချာသတိမထားမိဘဲ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်မှသာ ရပ်တန့်သွားသည်။
အလိုအလျောက် နောက်သို့လှည့်ကြည့်လိုက်ရာ လူခြောက်ယောက်ကို တွေ့လိုက်ရပြီး ၎င်းတို့မှာ ယန့်စစ်ရှီ လော့ဝေ့ကော် လော့ဝေးနှင့် ဆံပင်ဖြူနေသော သက်ကြီးရွယ်အိုဇနီးမောင်နှံတို့အပြင် အတွင်းရေးမှူးပုံပေါက်သော လက်ဆွဲအိတ်ကိုင်ထားသည့် သူစိမ်းအမျိုးသားတစ်ဦးတို့ ဖြစ်ချေသည်။
ရှလီ၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူမကို လှမ်းခေါ်လိုက်သော လော့ဝေ့ကော်ကို အရင်ဆုံး အားတင်း၍ နှုတ်ဆက်လိုက်ရသည်။
"ဦးလေးလော့"
လော့ဝေ့ကော်က ပြုံးရွှင်စွာဖြင့် ယန့်စစ်ရှီဘေးရှိ သက်ကြီးရွယ်အိုနှစ်ဦးကို မိတ်ဆက်ပေးလာ၏။
"ဒါက ကျွန်တော်တို့ စက်ရုံ လုံခြုံရေးဌာနက လောင်ရှရဲ့သမီး ရှောင်ရှလေ ရှလီ… ဘယ်လို လီ လဲ"
ရှလီမှာ အလွန်တရာ အနေခက်သွားပြီး အသံတိုးတိုးလေးဖြင့်သာ ဖြေလိုက်သည်။
"လီကျန်းမြစ်က လီ ပါ"
လော့ဝေ့ကော်က ခေါင်းညိတ်ပြပြီး ရှလီကို နှုတ်ဆက်ရန် အချက်ပြလိုက်သည်။
"ဒီနှစ်ယောက်က ဥက္ကဋ္ဌဟော့နဲ့ ဆရာမတိုက် လေ"
ရှလီက ထွက်ပြေးချင်စိတ်သာရှိသော်လည်း ၎င်းမှာ အခြေခံယဉ်ကျေးမှုဖြစ်ကြောင်း သိထားသဖြင့် အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်ရ၏။
"မင်္ဂလာပါ ဥက္ကဋ္ဌဟော့ မင်္ဂလာပါ ဆရာမတိုက်"
သူမက ဘေးရှိ ယန့်စစ်ရှီကို မကြည့်ရဲပေ။
နည်းနည်း ရှက်ရွံ့နေမှုကြောင့် သူမ၏ မျက်နှာတစ်ခုလုံး ပူထူနေချေသည်။
သို့သော် ယန့်စစ်ရှီ၏ အဘိုးနှင့် အဘွားမှာ အလွန်ကြင်နာတတ်ပြီး သဘောကောင်းကြမည်ဟု သူမ မထင်ထားခဲ့ချေ ယန့်စစ်ရှီ၏ အဘွားက ရှလီကို ပြုံး၍ ကြည့်ကာ မေးလာသည်။
"ရှောင်ယန့်နဲ့ တစ်တန်းတည်းလားကွဲ့"
ရှလီက တိုးတိုးလေး ပြန်ဖြေသည်။
"မဟုတ်ပါဘူး သမီးက အခန်း ၇ ကပါ"
ယန့်စစ်ရှီ၏ အဘွားက ပြော၏။
"ဒါဆိုလည်း ခဏခဏ တွေ့ကြရင် ရင်းနှီးသွားမှာပါ ရှောင်ယန့်က ဒီကိုရောက်ကတည်းက သူငယ်ချင်း သိပ်မရှိဘူးလေ"
လော့ဝေ့ကော်က ယနေ့ သေသပ်စွာ ဝတ်စားဆင်ယင်ထားသော လော့ဝေးကို အရှေ့သို့တွန်းပို့ကာ အချိန်ကိုက် ဝင်ပြောလိုက်သည်။
"လော့ဝေးက နောက်နှစ်ဆို အထက်တန်းပထမနှစ် တက်ရတော့မှာ အဲဒီကျရင် သခင်လေးယန့် အကူအညီလိုတာရှိရင် လော့ဝေးကိုသာ အချိန်မရွေး ခိုင်းလိုက်ပါ"
သခင်လေးယန့် ဟူသော စကားလုံးသုံးလုံးကို ကြားလိုက်ရချိန်တွင် ယန့်စစ်ရှီ၏ မျက်မှောင်များ နည်းနည်း တွန့်ကွေးသွားသည်ကို ရှလီ၏ မျက်လုံးများက ဖမ်းမိလိုက်၏။
သူက ဒီလို လူမှုဆက်ဆံရေးပွဲတွေကို အလွန်မုန်းတီးမည်မှာ သေချာသည်။
ထို့ပြင် ယခုအကြိမ်တွင် သူမကလည်း ဒီပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ရှလီက လော့ဝေ့ကော်ကို ဆက်ပြောခွင့် မပေးချင်တော့သဖြင့် ယန့်စစ်ရှီ၏ အဘိုးနှင့်အဘွားကို ကြည့်ကာ မေးလိုက်သည်။
"အဘိုးနဲ့အဘွားက ကျောင်းသားဟောင်းအနေနဲ့ ကျောင်းနှစ်ပတ်လည်ပွဲကို ပြန်လာတက်ကြတာလားရှင့်"
ယန့်စစ်ရှီ၏ အဘွားက ခေါင်းညိတ်ပြ၏။
ရှလီက အားကစားကွင်း ဝင်ပေါက်ဘက်ကိုလက်ညှိုးထိုးပြလိုက်သည်။
"လက်မှတ်ထိုးရမယ့်နေရာက ဟိုဘက်မှာပါ လက်မှတ်ထိုးပြီးရင် ကျောင်းသားဟောင်းတွေအတွက် အထူးစီစဉ်ထားတဲ့ အမှတ်တရလက်ဆောင်တစ်ခု ရနိုင်ပါတယ်"
ထို့နောက် ကန်တင်းဘက်ရှိ စာသင်ဆောင်ဟောင်းဘက်ကိုလက်ညှိုးထိုးပြပြန်သည်။
"ဟိုဘက်ကတော့ နားနေဆောင်ပါ ကျောင်းနှစ်ပတ်လည်ပွဲက ခဏနေမှ စမှာဆိုတော့ အဘိုးတို့ လက်မှတ်ထိုးပြီးရင် ဟိုဘက်မှာ သွားနားလို့ရပါတယ်… ကျောင်းထဲ လျှောက်ကြည့်ချင်ရင်လည်း ရပါတယ် မင်ကျန်းကျောင်းတော်ရဲ့ ယန့်ရှင်းခန်းမကို ကျောင်းသမိုင်းပြတိုက်အဖြစ် ပြောင်းထားပြီး အဲဒီမှာ တန်ဖိုးရှိတဲ့ ဓာတ်ပုံအဟောင်းတွေ အများကြီး ပြသထားပါတယ် လမ်းမသိရင် ကျောင်းသားတစ်ယောက်ယောက်ကို မေးလိုက်လို့ရပါတယ်"
ယန့်စစ်ရှီ၏ အဘိုးက ပြုံးကာ မေးလာ၏။
"သမီးတို့က အထူးသင်တန်းတွေတောင် ယူထားရတာလား"
ရှလီကလည်း ပြုံးလိုက်သည်။
"အတန်းတိုင်းက အတန်းပိုင်အချိန်မှာ နည်းနည်းစီ ရှင်းပြထားလို့ပါ"
ယန့်စစ်ရှီ၏ အဘိုးက ပြောလာသည်။
"ဒါဆို ရှောင်ရှပဲ အဘိုးတို့ကို လိုက်ပြပေးလို့ရမလား"
ရှလီ စကားပြောမည်ပြုစဉ် ယန့်စစ်ရှီက ဝင်ပြောလိုက်၏။
"ကျွန်တော်ပဲ လိုက်ပြပေးပါ့မယ် ရှလီမှာ သူ့အလုပ်တွေ ရှိသေးတယ်"
ယန့်စစ်ရှီ၏ အဘွားက ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ ကျေးဇူးပဲနော် ရှောင်ရှ သမီးအလုပ် သမီးသွားလုပ်တော့လေ"
ရှလီက ယန့်စစ်ရှီကို နည်းနည်း အံ့ဩစွာ ကြည့်လိုက်သည်။
ယန့်စစ်ရှီက ခံစားချက်မဲ့နေဆဲဖြစ်ပြီး သူမကို တစ်ချက်ကြည့်လိုက်ရာ သူ၏အကြည့်က အလွန်အေးစက်နေ၏။
ရှလီက သူမ အရင်သွားတော့မည်ဟု ပြောလိုက်သည်။
သူတို့နှင့် ဖြတ်လျှောက်သွားစဉ် ရှလီက ယန့်စစ်ရှီကို တိုးတိုး ပြောလိုက်သည်။
"ကျေးဇူးပါ"
_______