အခန်း ၃၃
Vol. 4 Ch. 33
အခန်း ၃၃
သူ ကြားလိုက်မကြားလိုက် သူမ မသိပေ။
သို့သော် သူမက သူ့ကို တကယ်ပင် ကျေးဇူးတင်မိသည်။ နောက်ဆုံးစကားတစ်ခွန်းဖြင့် သူမအား နေရခက်လှသော လူမှုဆက်ဆံရေးမှ ကယ်သွားသည်မဟုတ်လား။
နံနက် ကိုးနာရီတွင် ကျောင်းနှစ်ပတ်လည်ပွဲကို တရားဝင် စတင်ခဲ့သည်။
မနက်ပိုင်း အစီအစဉ်များမှာ အများအားဖြင့် မိန့်ခွန်းပြောခြင်းများသာဖြစ်ပြီး ပညာရေးဌာနမှ တာဝန်ရှိသူများ ကျောင်းအုပ်ကြီး ဌာနမှူးများနှင့် ထူးချွန်သော ကျောင်းသားဟောင်း ကိုယ်စားလှယ်များ ပါဝင်၏။
ကျောင်းသားအားလုံးက အားကစားကွင်းတွင် ထိုင်ကာ မြင့်တက်လာသော နေပူရှိန်အောက်တွင် ရှည်လျားပြီး အဆုံးအစမရှိသော မိန့်ခွန်းတွေကို နားထောင်ရင်း အသက်ရှင်ရခြင်းကိုပင် ငြီးငွေ့နေကြချေသည်။
ရှလီကတော့ အတန်းထဲတွင် မရှိပေ။
သူမက စင်မြင့်နောက်ကွယ်တွင် လက်ရှိစခန်းမှူးအား အရေးပေါ်အခြေအနေတွေကို ဖြေရှင်းရန် အတွေ့အကြုံများ ဝေမျှပေးနေစဉ် ကြီးကြပ်ရေးဆရာမှ တားထားသဖြင့် အတူတကွ ကူညီပေးနေရ၏။
စက်ပစ္စည်းတွေကို ချိန်ညှိထားပြီးဖြစ်ကာ ကြီးကြပ်ရေးဆရာကိုယ်တိုင် ကိုင်တွယ်နေသဖြင့် အခြားသူများမှာ အမှန်တကယ် လုပ်စရာမရှိလှပေ။
ရှလီက နောက်ဘက်တွင် ထိုင်နေရပြီး နည်းနည်း ပျင်းရိနေမိချေသည်။
ယန့်စစ်ရှီ၏ အဘွား စင်မြင့်ပေါ်ကိုတက်လာသည်အထိပင်။
ဘေးရှိ စားပွဲပေါ်တွင် ကျောင်းသားဟောင်းများ၏ မှတ်တမ်းအချက်အလက်များ ရှိနေသဖြင့် ရှလီက ယူကြည့်လိုက်ပြီး သူမ၏အမည်မှာ တိုက်ရှုဖန်းဖြစ်ကြောင်း မှတ်သားထားလိုက်သည်။
ယန့်စစ်ရှီ၏ အဘွားက မိန့်ခွန်းပြောပြီး ဦးညွှတ်ကာ မိုက်ခရိုဖုန်းကို ပြန်ထားလိုက်၏။
မိုးချိန်းသံကဲ့သို့လက်ခုပ်သံများကြားတွင် သူမက စင်မြင့်အောက်ကိုဆင်းလာခဲ့သည်။
ထိုအချိန်တွင် အစောက အတူလာခဲ့သော အိတ်ဆွဲထားသည့် ယန့်စစ်ရှီအဘိုး၏ လက်ထောက် ဒါမှမဟုတ် အတွင်းရေးမှူးဟု ယူဆရသော အမျိုးသားက စင်မြင့်အစွန်းကိုအပြေးအလွှားသွားကာ ယန့်စစ်ရှီအဘွား၏ နားနားသို့ကပ်၍ တစ်ခုခုကို တိုးတိုးပြောလိုက်၏။
ရှလီက စင်မြင့်နောက်ကွယ်တွင် ထိုင်နေသည်မှာ မဝေးလှသဖြင့် အတွင်းရေးမှူး စကားပြောပြီး ယန့်စစ်ရှီအဘွား၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်ကို သေချာ မြင်လိုက်ရသည်။
သူတို့နှစ်ယောက်က စင်အောက်ရှိ လူအုပ်ကြီးထဲကိုမျှော်ကြည့်နေကြသည်။
ယန့်စစ်ရှီ၏ အရိပ်အယောင်ကို ရှာဖွေနေပုံရ၏။
ရှလီက ခဏမျှ တုံ့ဆိုင်းနေပြီး မတ်တပ်ရပ်ကာ အနားကိုတိုးသွားလိုက်သည်။ သူမ ဝင်ပါရန် မသင့်တော်သော်လည်း ၎င်းတို့က ယန့်စစ်ရှီ၏ ဆွေမျိုးများ ဖြစ်နေကြသည်လေ။
ယန့်စစ်ရှီ၏ အဘွားက ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုရှလီအား မေးလာသည်။
"ရှောင်ရှ သမီးတို့ အတန်းတွေကို ဘယ်လိုအစီအစဉ်နဲ့ ထိုင်ခိုင်းထားတာလဲ ရှောင်ယန့်တို့ အပြည်ပြည်ဆိုင်ရာအတန်းက ဘယ်နားမှာလဲ"
ရှလီက မေးလိုက်သည်။
"အဘွားက ယန့်စစ်ရှီကို ရှာနေတာလား"
"ဟုတ်တယ် အရေးကြီးကိစ္စရှိလို့ သူ့ကို ဖုန်းခေါ်တာလည်း မကိုင်ဘူး ဒီကလေးကတော့"
ရှလီက ပြောလိုက်သည်။
"ဒါဆို အဘွား ခဏစောင့်နေနော် သမီး သွားခေါ်ပေးမယ်"
ရှလီက ကြီးကြပ်ရေးဆရာအား နှုတ်ဆက်ပြီး ဘေးရှိ လူသွားလမ်းမှတစ်ဆင့် ပတ်သွားကာ ပရိသတ်ခုံ၏ နောက်ဆုံးတန်းကိုရောက်သွားသည်။ အခြားသူတွေကို အနှောင့်အယှက်မဖြစ်စေရန် ကိုယ်ကိုနှိမ့်ကာ ကြားထဲမှ ဖြတ်လျှောက်သွားပြီး အခန်း ၂၀ ကို ရှာတွေ့သွား၏။
ယန့်စစ်ရှီက ဝမ်ချန်းနှင့် အတူထိုင်နေပြီး သူ့ပေါင်ပေါ်တွင် စာအုပ်တစ်အုပ်တင်ထားကာ ထိုစာအုပ်ပေါ်တွင် စာရွက်အလွတ်တစ်ရွက်တင်၍ ဘောပင်တစ်ချောင်းကိုင်ကာ ပုစ္ဆာတစ်ပုဒ်ကို တွက်နေပုံရသည်။
ဝမ်ချန်းက ခေါင်းကို တိုးကပ်ကာ မျက်တောင်မခတ်တမ်း ကြည့်နေသည်မှာ သူက မှော်ပြနေသည်ကို ကြည့်နေသကဲ့သို့ပင်။
ရှလီက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်လှမ်းကာ ယန့်စစ်ရှီ၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။
ယန့်စစ်ရှီက ရုတ်တရက် လှည့်ကြည့်လာ၏။
ဤမျှနီးကပ်သော အကွာအဝေးတွင် နေရောင်အောက်၌ ပုံမှန်ထက် ပို၍ အရောင်ဖျော့သော သူ၏ မျက်ဝန်းတွေကို ရှင်းလင်းစွာ တွေ့နိုင်သည်။
ရှလီမှာ ချက်ချင်းပင် အသက်ရှူရခက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဟိုလေ… နင့်အဘွားက နင့်ကို ရှာနေတယ် အရမ်းလောနေတာ အရေးကြီးကိစ္စ ရှိလို့နေမယ်"
ယန့်စစ်ရှီက သူ၏လက်ထဲရှိ ပစ္စည်းတွေကို ဝမ်ချန်းထံ ကမ်းပေးလိုက်သည်။
"ငါ ခဏသွားလိုက်ဦးမယ်"
ရှလီက အရှေ့မှ ယန့်စစ်ရှီက အနောက်မှ လိုက်လာကာ တန်းစီနေသည့်နေရာမှ ထွက်ခွာခဲ့ပြီး နောက်ဘက်မှပတ်၍ လူသွားလမ်းပေါ်ကိုပြန်ရောက်လာခဲ့ကြသည်။
ယန့်စစ်ရှီ၏ ခြေလှမ်းများက မြန်ဆန်လှပြီး တဖြည်းဖြည်းနှင့် ရှလီ၏ အရှေ့ကိုရောက်သွားကာ ရှလီမှာ အပြေးလေး လိုက်မှသာ အမီလိုက်နိုင်တော့ချေသည်။
စင်မြင့်နောက်ကွယ်ကိုရောက်တော့ ယန့်စစ်ရှီ၏ အဘိုးနှင့် လော့ဝေ့ကော် သားအဖတို့လည်း ရောက်နေကြပြီ ဖြစ်သည်။
ယန့်စစ်ရှီ၏ အဘွားက အပြေးအလွှား လာကြိုပြီး စိုးရိမ်တကြီးဖြင့် ပြောလာသည်။
"ရှောင်ယန့် သားအမေက..."
သူမက စကားခြောက်ခွန်းသာ ပြောရသေးသော်လည်း ယန့်စစ်ရှီက ဖြတ်ပြောလိုက်၏။
"အဘွား အိမ်ရောက်မှ ဆက်ပြောကြတာပေါ့"
ယန့်စစ်ရှီ၏ အဘိုးက လော့ဝေ့ကော်အား ပြောလိုက်သည်။
"အိမ်မှာ ကိစ္စရှိလို့ ကျွန်တော်တို့ အရင်ပြန်နှင့်မယ် နောက်ပိုင်း အလှူငွေပေးတဲ့ အခမ်းအနားကို ခင်ဗျားပဲ ကိုယ်စားတက်ပေးလိုက်ပါ"
လော့ဝေ့ကော်က ပြန်ဖြေသည်။
"ဥက္ကဋ္ဌဟော့ စိတ်ချလက်ချသာ သွားပါ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါ့မယ်"
မှာပြီး သူတို့သုံးယောက်နှင့် အတွင်းရေးမှူးတို့ အလောတကြီး ထွက်ခွာသွားကြ၏။
ယန့်စစ်ရှီက ရှလီ၏အနားမှ ဖြတ်သွားချိန်တွင် ရှလီက ခေါင်းမော့၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ကောင်းကင်ကြီး၏ ထောင့်တစ်နေရာ ပြိုကျသွားသလိုသူ၏မျက်နှာပေါ်တွင် ဤမျှလေးနက်သော အမူအရာမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။