← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

"ငါက သတ္တိကြောင်တဲ့သူပါ နင့်နာမည်ကို ရေးဖို့တောင်မှ တခြားလူသိသွားမှာကို ကြောက်နေမိတယ်"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

ထိုနေ့နောက်ပိုင်း နှစ်ပတ်ကျော်ကြာသည်အထိ ရှလီ ကျောင်းဝင်းထဲတွင် ယန့်စစ်ရှီကို မတွေ့ခဲ့ရတော့ချေ။

ဝမ်ချန်းနှင့် အမှတ်မထင်ဆုံမိ၍ မေးကြည့်ရာ ဝမ်ချန်းက ယန့်စစ်ရှီ ခွင့်ယူထားကြောင်းနှင့် ကျောင်းဘယ်တော့ ပြန်တက်မည်ကို သူမသိကြောင်း ပြောပြ၏။

ခွင့်ယူရသည့် အကြောင်းရင်းကို မေးရာ ဝမ်ချန်းက ပို၍ပင် မသိဖြစ်နေသည်။ သူကိုယ်တိုင်က အတန်းဖော်များ၏ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လုံးဝစိတ်မဝင်စားသလို ယန့်စစ်ရှီကလည်း လူများနှင့် ခပ်ကင်းကင်းနေတတ်သော စရိုက်မျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။

အလင်းလက်ဆုံးနှင့် သာယာလှပဆုံးသော ဧပြီလတွင် ဖြစ်သော်လည်း ရှလီကတော့ စိတ်ဓာတ်မတက်ကြွနိုင်ဘဲ ဖြစ်နေချေသည်။

သူမသည် အများအားဖြင့် ဝက်ခြံထွက်လေ့မရှိသော အသားအရေမျိုးဖြစ်သော်လည်း ယခုကာလအတွင်း နဖူးနှင့် နှုတ်ခမ်းဘေးတွင် ဝက်ခြံနှစ်ဖု ရုတ်တရက် ထွက်လာကာ ရောင်ရမ်းနေပြီး နာကျင်ကာ ယားယံနေ၏။

သူမမှာ မပူသင့်မှန်း သိသော်လည်း မနေနိုင်ဘဲ စိတ်ပူနေမိသည်။

အရင်နှစ်က ယန့်စစ်ရှီနှင့် ထောင်ရှီးယွဲ့၏အမေတို့ ပြောနေသည်ကို ခိုးနားထောင်မိခဲ့တာနှင့် ကျောင်းနှစ်ပတ်လည်နေ့တွင် ယန့်စစ်ရှီ၏ အဘွားပြောခဲ့သော စကားတွေကို ပြန်စဉ်းစားကြည့်ရာ ယန့်စစ်ရှီ၏ အမေ ဖျားနာနေခြင်းဖြစ်နိုင်ကြောင်း ရှလီက ခန့်မှန်းမိ၏။

ဖျောက်ဖျက်၍မရသော စိုးရိမ်ပူပန်မှုများကြားတွင် ဧပြီလ လစဉ်စာမေးပွဲ ပြီးဆုံးသွားချေသည်။

အမှတ်စာရင်းက မြန်မြန်ထွက်လာပြီး စာမေးပွဲပြီး ဒုတိယနေ့တွင် အဆင့်တွေကို ကြေညာ၏။ အထူးအတန်းများတွင် ယှဉ်ပြိုင်မှုက ပြင်းထန်ပြီး အဆင့်တစ်ဆင့်နှင့်တစ်ဆင့်ကြား အမှတ်ကွာဟချက်မှာ အလွန်နည်းပါးသည်။ ရှလီက အတန်းထဲတွင် အဆင့် ကိုး ရရှိပြီး လတ်တလော အကြိမ်များနှင့် နှိုင်းယှဉ်လျှင် ကြီးကြီးမားမား ပြောင်းလဲမှုမရှိပေ။

မွန်းတည့်ချိန် နေ့လယ်နားချိန်ပြီးဆုံးပြီး ရှလီက ကျောင်းသားအဆောင်မှထွက်ကာ ကျောင်းဆီကိုသွားခဲ့သည်။

ကျောင်းပေါက်ဝရှိ စာရေးကိရိယာဆိုင်ကို ဖြတ်သွားချိန်တွင် အပြင်ဘက်ရှိ ခင်းကျင်းထားသော စားပွဲပေါ်မှ 《See Movie Midnight》 မဂ္ဂဇင်းတစ်အုပ်ကို ယူလိုက်ပြီး စာအုပ်အသစ်နှင့် ဘောပင်အသစ် ဝယ်ရန် ဆိုင်ထဲကိုဝင်သွားလိုက်သည်။

Chenguang အမှတ်တံဆိပ် ဘောပင်အသစ်စမ်းနေစဉ် အပြင်ဘက်မှ အေးစက်စက် အသံတစ်သံဖြင့် ဆိုင်ရှင်အား 《See Movie Midnight》 မဂ္ဂဇင်းအသစ် ရောင်းကုန်သွားပြီလားဟု မေးလိုက်သည်ကို ကြားလိုက်ရ၏။

အပြင်ဘက် သတင်းစာစင်ရှေ့တွင် ခေါင်းနည်းနည်းငုံ့ကာ မဂ္ဂဇင်းရွေးနေသူမှာ နှစ်ပတ်ကျော်ကြာ မတွေ့ရသော ယန့်စစ်ရှီပင် ဖြစ်သည်။

သူက အနက်ရောင် ဆွဲကြိုးပါ ခေါင်းစွပ်အင်္ကျီကို ဝတ်ထားပြီး ထိုအရောင်က သူ့ကို နည်းနည်း ပို၍ ပိန်သွားသယောင် ထင်ရစေသည်။ သူ၏မျက်နှာထားက ခံစားချက်မဲ့နေဆဲဖြစ်သော်လည်း ယခင်ကထက် ပို၍အေးစက်နေပုံပေါ်ပြီး သူစိမ်းများ အနားမကပ်ရဟူသော အငွေ့အသက်က သိသာထင်ရှားနေ၏။

ဆိုင်ရှင်က ပြန်ဖြေသည်။

"ကုန်သွားပြီ နောက်ဆုံးတစ်အုပ် ခုနကတင် ရောင်းလိုက်ရတာ"

ရှလီက နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ယန့်စစ်ရှီက အကြည့်လွှဲကာ လှည့်ထွက်သွားပြီ ဖြစ်ချေသည်။

ရှလီက သူမယူထားသော ပစ္စည်းတွေကို အမြန်ငွေရှင်းပြီး သူ့နောက်မှ လိုက်သွားလိုက်သည်။

ယန့်စစ်ရှီ၏ ခြေလှမ်းများက မြန်ဆန်လှသဖြင့် ရှလီမှာ အမီလိုက်ရန် အပြေးကလေး သွားရမည်ဖြစ်သော်လည်း အဲ့လိုဆိုလျှင် သူ့အာရုံက သူမဆီ မလွဲမသွေ ရောက်လာမည်ပင်။

ထို့ကြောင့် သူမက မနီးမဝေးမှ လိုက်သွားပြီး စင်္ကြံလမ်းကို ဖြတ်ကာ ကွေ့သွားသောနေရာတွင် အခန်း ၂၀ ထဲကိုသူဝင်သွားသည်ကို တွေ့လိုက်ရ၏။

အခန်း ၂၀ ကို ဖြတ်သွားချိန်တွင် ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ကြည့်လိုက်ရာ လူတိုင်းက ယန့်စစ်ရှီကို သိချင်စိတ်ဖြင့် ကြည့်နေကြသော်လည်း မည်သူမှ အနားမသွားကြပေ။

ဝမ်ချန်းတစ်ယောက်သာ သူ၏စားပွဲအနားသို့သွားကာ ဘာတွေပြောနေမှန်းမကြားရသော်လည်း ခွင့်ယူခဲ့သည့်ရက်များအကြောင်း မေးနေပုံရ၏။

သူ ပေါ်လာသည်ကိုမြင်ရတော့ သူမ စိတ်အေးသွားသလိုခံစားရသော်လည်း သူ၏အခြေအနေကို မြင်ရတော့ ပို၍ပင် စိုးရိမ်မိသွားချေသည်။

ရှလီက ကျောင်းသုံးစာအုပ်များဖြင့် နေ့လယ်ကဝယ်လာသော မဂ္ဂဇင်းကို ဖုံးကွယ်ထားကာ အတန်းချိန်နှစ်ချိန်အတွင်း မဂ္ဂဇင်းတစ်အုပ်လုံးကို ပြီးအောင် ဖတ်လိုက်၏။

မွန်းလွဲပိုင်း နောက်ဆုံးအတန်းချိန်ပြီးဆုံးတော့ ရွှီနင်က သူမအား ညစာအတူစားရန် ခေါ်သော်လည်း သူမက လောလောဆယ် ဗိုက်မဆာသေးကြောင်းနှင့် ခဏနေမှ သွားမည်ဟု ပြောလိုက်သည်။

အတန်းထဲမှ လူအများစု ထွက်သွားချိန်တွင် ရှလီက မဂ္ဂဇင်းကိုပိုက်ကာ အပြင်ကိုထွက်လာခဲ့သည်။

မြေညီထပ်ကိုရောက်တော့ အခန်း ၂၀ ၏ အခြေအနေကို အရင်ဆုံး ကြည့်လိုက်၏။

ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့ မရှိကြတော့ဘဲ ညစာသွားစားကြပုံရသည်။

အတန်းထဲတွင် လူသိပ်မရှိဘဲ ကျောင်းသားနှစ်ယောက် သုံးယောက်ခန့်သာ အစားအစာများစားရင်း MP4 ဖြင့် ရုပ်ရှင်ကြည့်နေကြသည်။

ရှလီက သတ္တိမွေးကာ နောက်ပေါက်မှနေ၍ တိတ်တဆိတ် ဝင်သွားလိုက်ချေသည်။

ယန့်စစ်ရှီ၏ ခုံအနားကိုရောက်တော့ စားပွဲပေါ်ကိုတစ်ချက်ကြည့်လိုက်ရာ သေသပ်စွာ စီထားသော စာအုပ်သုံးအုပ် အနက်ရောင်ခဲတံဘူးတစ်ဘူးနှင့် ဖြစ်သလိုချထားသော နားကြပ်တစ်စုံကို တွေ့လိုက်ရ၏။

သူမက မဂ္ဂဇင်း၏ ပထမစာမျက်နှာကို လှန်ကြည့်ကာ သူမရေးထားသော မှတ်စုစာရွက်လေး မပျောက်သေးကြောင်း အတည်ပြုပြီး မဂ္ဂဇင်းကို သူ၏စားပွဲပေါ်တွင် တင်ထားခဲ့ကာ နောက်ပေါက်မှနေ၍ အမြန် ထွက်ပြေးလာခဲ့တော့သည်။

မှတ်စုစာရွက်ပေါ်ရှိ စာလုံးတွေကို သူမက ဘယ်ဘက်လက်ဖြင့် ရေးထားခြင်းဖြစ်ပြီး အတန်းချိန်တစ်ဝက်ခန့် အချိန်ယူရေးခဲ့ရသဖြင့် စာလုံးများက ကောက်ကွေးနေ၏။

ယခင်ကဆိုလျှင် သူမက ယန့်စစ်ရှီအား လူကိုယ်တိုင် ပေးကောင်းပေးမည်ဖြစ်သော်လည်း ယနေ့ စာရေးကိရိယာဆိုင်ရှေ့တွင် တွေ့ခဲ့ရသော ယန့်စစ်ရှီ၏ အေးစက်စိမ်းကားသည့် အပြုအမူက သူမ၏ ရှိစုမဲ့စုသတ္တိလေးတွေကို ရက်ရက်စက်စက် ပြန်ပျောက်သွားစေသည်။

အကယ်၍ မျက်နှာချင်းဆိုင် ငြင်းခံရလျှင် နောက်တစ်ခါ ချဉ်းကပ်ရန် သတ္တိရှိပါဦးမလားဟု သူမကိုယ်သူမ မသိတော့ပေ။

ထို့ကြောင့် အမည်မဖော်ဘဲပေးခြင်းက အခြေအနေကို အပြောင်းအလဲလုပ်ရန် ပိုလွယ်ကူမည်ဖြစ်သည်။

"ကျောင်းသားယန့်... ခုနက ကျောင်းပေါက်ဝမှာ နင်နဲ့ ဆိုင်ရှင် ပြောနေတဲ့စကားကို မတော်တဆ ကြားလိုက်ရတယ် နောက်ဆုံးကျန်တဲ့ မဂ္ဂဇင်းကို ဝယ်သွားတာ ငါပါ... ငါ ဖတ်ပြီးသွားပြီမို့လို့ နင့်ကို ငှားပေးလိုက်တယ်... ဝါသနာတူသူချင်း မျှဝေတဲ့သဘောသက်သက်ပါ နင် အထင်မလွဲဖို့ မျှော်လင့်ပါတယ် အကယ်၍ နင် မလိုချင်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး ကျောင်းရဲ့ ပစ္စည်းပျောက်ရှာဖွေရေးဌာနကို ပို့ပေးထားပါ ငါ အဆင်ပြေတဲ့ရက်ကျရင် သွားယူလိုက်ပါ့မယ်... အပိုဆောင်း။ ရုပ်ရှင်တွေက ဘဝရဲ့ ဖြေဆေးပါပဲ... ရာသီဥတုသာယာပါတယ် နင့်ရဲ့စိတ်တွေ ပျော်ရွှင်နေဖို့ ဆုတောင်းပါတယ်"

နာမည်ကို 'S' ဟု တပ်ထားပြီး 'Sherry' ၏ 'S' ပင် ဖြစ်ချေသည်။

______

All Chapters