← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

"နှစ်သစ်ကူးတစ်ခုမှာ ဘုရားကျောင်းကို အမွှေးတိုင်သွားထွန်းရင်း စဉ်းစားကြည့်မိတယ် ကျွန်မရဲ့ ဆုတောင်းတွေကို နတ်ဘုရားတွေဆီမှာ မအပ်နှံချင်တော့ဘူး နတ်ဘုရားတွေတောင် မတတ်နိုင်တဲ့ နေရာတွေ ရှိသေးတာပဲလေ... အကယ်၍သာ ဖြစ်နိုင်မယ်ဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံးက ဆုတောင်းတွေအားလုံးကို နင့်ဆီ ပေးချင်တယ်... နင် ပျော်ရွှင်ပူပန်မှုကင်းပြီး တစ်သက်လုံး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်"

—— ရှယ်ရီဝိုင် စမ်းသပ်ခန်း 《အိပ်မက်တွေကို ဖြတ်သန်းခဲ့တဲ့ ကိုးနှစ်တာ》

ကိုးနာရီတိတိတွင် ဝမ်ချန်းလည်း ရောက်လာပြီး စက္ကန့်သုံးဆယ်ခန့်သာ ကွာဟကာ အချိန်အလွန်တိကျ၏။

ဆိုင်စဖွင့်ချိန်ဖြစ်သဖြင့် ကွန်ပျူတာအရောင်းဆိုင်တွင် လူမများသေးဘဲ နေရာတိုင်းတွင် ပိတ်ရက်ပရိုမိုးရှင်းပိုစတာတွေကို ကပ်ထားသည်။

ထိုအချိန်က ကွန်ပျူတာအရောင်းဆိုင်များနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များကဲ့သို့သော 3C ပစ္စည်းဆိုင်များမှာ စည်းကမ်းသေချာမရှိဘဲ ဆိုင်ရှင်များက သတင်းအချက်အလက် ကွာဟမှုကို အခွင့်ကောင်းယူကာ အရည်အသွေးညံ့သော ပစ္စည်းတွေကို အကောင်းစားအဖြစ် ဟန်ဆောင်ရောင်းချခြင်း အဟောင်းကို အသစ်အဖြစ် လိမ်ရောင်းခြင်း ဒါမှမဟုတ်လုပ်ဆောင်ချက်တွေကို ချဲ့ကားပြောကာ ဈေးပေါသော ပစ္စည်းတွေကို ရောင်းချလေ့ရှိကြသည်။

ဒီနေရာတွင် လှည့်ကွက်တွေ အများကြီးရှိပြီး ကျွမ်းကျင်မှုမရှိလျှင်အလိမ်ခံရဖို့သာ ရှိ၏။

ရှလီက ဒီနေရာကိုလာသူအများစုမှာ ဆိုင်ရှင်များ၏ လှည့်စားမှုကို ခံရမည်ဟု ယုံကြည်ထားသည်။

သို့သော် ယန့်စစ်ရှီကတော့ အလွန်ပြတ်သားပြီး တိကျ၏။ သူက ဆိုင်ရှင်ကို သူရေးထားသော စာရင်းအတိုင်းသာ ပစ္စည်းထုတ်ခိုင်းပြီး မရှိလျှင်နောက်တစ်ဆိုင်ကိုပြောင်းသွားသည်။

ဆိုင်ရှင်က အခြားအမျိုးအစား ပိုကောင်းကြောင်း နားချရန် ကြိုးစားသော်လည်း သူက စကားနှစ်ခွန်းတည်းဖြင့် အချက်ကျကျ ပြန်လည်ချေပနိုင်ခဲ့သည်။

ဝမ်ချန်းက ရှလီအား တီးတိုးပြောလာသည်။

"နောက်ဆို ငါ ပစ္စည်းဝယ်ရင် သူ့ကို အကူအညီတောင်းရမယ် ပိုက်ဆံအများကြီး သက်သာမှာ သေချာတယ်"

စာရင်းရှိထားပြီးဖြစ်ကာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေခြင်းမဟုတ်သဖြင့် နှစ်နာရီပင်မပြည့်မီ ကွန်ပျူတာတစ်လုံး တပ်ဆင်ပြီးသွား၏။

ပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် ပစ္စည်းအားလုံးကို ဆိုင်တစ်ဆိုင်တည်းတွင်သာ တတ်နိုင်သမျှ ရွေးချယ်ခဲ့ကြသည်။

ထိုဆိုင်ရှင်မှာ သဘောကောင်းပြီး ရိုးသားပုံရကာ ယန့်စစ်ရှီ တောင်းသမျှ ပစ္စည်းတွေကို အတိအကျ ထုတ်ပေးပြီး နောက်ဆုံးတွင် ပိတ်ရက်ပရိုမိုးရှင်းအဖြစ် လျှော့ဈေးပေးလိုက်သေးရာ ရှလီက သုံးထောင့်ငါးရာတန်သည့် စနစ်ကို သုံးထောင့်နှစ်ရာဖြင့် ရရှိခဲ့သည်။

ကျွီရှုမြို့နယ်က ဝေးသဖြင့် ဆိုင်ရှင်က ပို့ဆောင်တပ်ဆင်ခ ယွမ်ငါးဆယ် အပိုတောင်းကာ မနက်ဖြန် မနက်ပိုင်းတွင် လာပို့ပေးမည်ဟု ရှလီနှင့် သဘောတူလိုက်သည်။

ငွေရှင်းပြီး ဆိုင်ရှင်က ဘောက်ချာနှင့် ပြေစာ ရေးပေးနေစဉ် ရှလီက မေးလိုက်သည်။

"ဦးလေးလူတွေ လာပို့ခါကျမှ ပစ္စည်းတွေ လဲထားတာမျိုး မလုပ်ဘူးမလား"

ဆိုင်ရှင်မှာ ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး ပြန်ဖြေ၏။

"စိတ်ချပါ ညီမလေးဆီ ပို့ပေးမယ့်ဟာတွေက အသစ်စက်စက်တွေချည်းပါပဲ ညီမလေးရှေ့ကျမှ ထုပ်ပိုးမှုကို ဖြည်ပြပါ့မယ် တကယ်လို့ မယုံသေးရင် အခုကတည်းက ဓာတ်ပုံရိုက်ထားပြီး အဲဒီကျရင် ဒီသူငယ်ချင်းကို စစ်ဆေးခိုင်းလိုက်လေ အတုပါရင် ဆယ်ဆလျော်မယ် ဟုတ်ပြီလား"

ရှလီက သူတို့ကို ပြောလိုက်သည်။

"ထျန်းရှင်းလမ်းကို သွားရအောင် နေ့လယ်စာ ငါ ဝယ်ကျွေးမယ်"

ဝမ်ချန်းက ပြောသည်။

"ဘာလို့လဲ ငါက နင့်ကို ကူညီခဲ့တာမှ မဟုတ်တာ"

"..."

တစ်ခါတစ်ရံတွင် ရှလီက သူ့ကို ဒီလောက်အထိ ပွင့်လင်းရိုးသားမနေစေချင်ပေ။

ကံကောင်းစွာဖြင့် ဝမ်ချန်းတွင် အလွန်အကျွံ အကြောင်းရင်းရှာမနေတတ်သည့် အားသာချက်တစ်ခုရှိသည်။ ရှလီက သူလည်း ဒီနေ့ လိုက်လာပေးသဖြင့် ဆိုင်ရှင်က သူမကို မလိမ်ရဲခြင်းဖြစ်ကြောင်း ပြောပြတော့ သူက အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ ဝမ်းသာအားရ လက်ခံလိုက်၏။

ကွန်ပျူတာအရောင်းဆိုင်က ထျန်းရှင်းလမ်းနှင့် သိပ်မဝေးဘဲ လမ်းလျှောက်လျှင် ဆယ့်ငါးမိနစ်သာ ကြာသည်။

လမ်းလျှောက်သွားရာတွင် ဝမ်ချန်းက ရှေ့မှတစ်လှမ်းဦးသွားပြီး ရှလီနှင့် ယန့်စစ်ရှီတို့က သူ့နောက်မှ ယှဉ်လျက် လိုက်ပါသွားကြသည်။

သူတို့သုံးယောက်က အတန်းတစ်တန်းတည်းမှ မဟုတ်သလို ပုံမှန်အားဖြင့် တွေ့ဆုံဆက်ဆံရသော လူများနှင့် ကိစ္စများလည်း မတူညီကြပေ။ ရင်းနှီးသလားဆိုလျှင်လည်း သိပ်မရင်းနှီးလှသဖြင့် အတူလမ်းလျှောက်ချိန်တွင် ရှလီက ဘာအကြောင်းပြောရမှန်း တကယ်မသိပေ။

ကံကောင်းစွာဖြင့် ဝမ်ချန်းက သူစိတ်ဝင်စားသော နယ်ပယ်တွင် ဝေမျှချင်စိတ် အလွန်ပြင်းထန်သူဖြစ်ရာ ရှလီက သူ သိပ္ပံရုပ်ရှင်တွေကို နှစ်သက်ကြောင်းကြားဖူးသဖြင့် ကားအချို့ အကြံပြုခိုင်းလိုက်၏။

ထိုအခါ ဝမ်ချန်းက စကားစမြည်ကို စတင်လိုက်ပြီး 《The Matrix》 မှသည် 《2001: A Space Odyssey》 အထိ ပြောပြနေသဖြင့် ထျန်းရှင်းလမ်းသို့သွားရာ လမ်းတစ်လျှောက်လုံး စကားသံမပြတ်ခဲ့ချေ။

ရှလီနှင့် ယန့်စစ်ရှီတို့ကမူ စကားသိပ်မပြောဘဲ ဝမ်ချန်း၏ ရှင်းပြချက်တွေကို အလိုက်သင့် ဝင်ပြောရုံသာ ရှိသည်။

အတူလျှောက်လာချိန်တွင် ရှလီက လက်တစ်ဖက်ဖြင့် သူမ၏ကျောပိုးအိတ်ကြိုးကို မသိမသာ ဆုပ်ကိုင်ထားမိပြီး လက်ဖဝါးတွင် ချွေးစေးများ ပြည့်နေသော်လည်း သူမ၏မျက်နှာထားကမူ ဘာမှမဖြစ်သလိုပင်။

လမ်းက အမြဲတမ်း ညီညာမနေဘဲ လမ်းဘေးပလက်ဖောင်းပေါ်တွင် တစ်ခါတစ်ရံ စက်ဘီးများဒါမှမဟုတ်ဆိုင်ဆိုင်းဘုတ်များ ပိတ်ဆို့နေသဖြင့် သူတို့က လမ်းမပေါ်သို့ဆင်းကာ ထိုနေရာကိုကွေ့ပတ်ပြီးမှ ပလက်ဖောင်းပေါ် ပြန်တက်ရ၏။

တက်လိုက်ဆင်းလိုက်၊ တစ်ခါတလေ ဖြောင့်တန်းစွာ တစ်ခါတလေ ကွေ့ကောက်စွာဖြင့်...

ထိုအရာက လမ်းတစ်လျှောက်လုံးရှိ သူမ၏ အလှည့်အပြောင်းများသော စိတ်ခံစားချက်နှင့် တူညီနေသကဲ့သို့ပင်။

ဒီလမ်းလေးကို ဒီလိုပဲ ဆက်လျှောက်သွားချင်ပြီး ဘယ်တော့မှ အဆုံးမသတ်ပါစေနဲ့ဟု သူမ ‌ဆုတောင်းမျှော်လင့်မိသည်။

ထျန်းရှင်းလမ်းကိုရောက်တော့ ရှလီက ယန့်စစ်ရှီနှင့် ဝမ်ချန်းတို့ကို ဘာစားချင်လဲဟု မေးလိုက်သည်။

ပုံမှန်အားဖြင့် ကျောင်းသားများ စုစားလျှင် KFC၊ မက်ဒေါ်နယ်နှင့် 'Howkelai' စတိတ်ဆိုင်တို့ကိုသာ ရွေးချယ်လေ့ရှိကြသည်။

ယန့်စစ်ရှီက ပြောလာသည်။

"နင့် သဘောအတိုင်းပဲလေ နင်ပဲ ဆုံးဖြတ်လိုက်"

ရှလီက ဝမ်ချန်းကို ထပ်မေးလိုက်သည်။

ဝမ်ချန်းက ဖြေသည်။

"Ajisen Ramen ဆိုင်အသစ် ဖွင့်ထားတယ်မလား ငါ မစားရသေးဘူး"

ရှလီက ယန့်စစ်ရှီဘက်လှည့်ကာ မေးလိုက်သည်။

"အဲဒီသွားစမ်းကြည့်မလား"

ယန့်စစ်ရှီက ခေါင်းညိတ်ပြ၏။

ဆိုင်ထဲသို့ဝင်၍ ထိုင်ပြီး စားပွဲထိုးက မီနူးစာအုပ် လာချပေးသည်။

ရှလီက ထိုအပေါ်ရှိ ဈေးနှုန်းတွေကို ကြည့်လိုက်ပြီးမှ စိတ်အေးသွားတော့သည်။ သူမက ဧည့်ခံရန် ပြင်ဆင်ထားပြီးဖြစ်သဖြင့် ပိုက်ဆံကို နှမြောမည်မဟုတ်သော်လည်း သူမပါလာသော ငွေသား လုံလောက်မှုရှိမရှိကိုသာ စိုးရိမ်နေခြင်းဖြစ်သည်။

သူတို့သုံးယောက် ကိုယ်စီ မှာလိုက်ကြသည်။

ဝမ်ချန်းက လမ်းတစ်လျှောက်လုံး စကားတွေပြောလာခဲ့သဖြင့် ယခု ပင်ပန်းသွားပုံရကာ ထိုင်ခုံတွင် မှီထိုင်ရင်း မျက်လုံးများ ပြူးကျယ်ကာ ခဏမျှ ငေးမောနေ၏။

ခဏအကြာတွင် သူက သတိပြန်ဝင်လာပြီး ယန့်စစ်ရှီကို မေးလိုက်သည်။

"အဲဒီကျရင် စင်ကာပူကို မင်း ဘယ်နှစ်ရက်နေ့ သွားမှာလဲ ကျန်းချန်ကနေ သွားမှာလား ဒါမှမဟုတ် ပေချန်ကို အရင်ပြန်မှာလား"

ယန့်စစ်ရှီက ဖြေသည်။

"သုံးရက်နေ့ ကျန်းချန်ကနေ ဟောင်ကောင်ကို transit ဝင်ပြီးမှ သွားမှာ"

"ကျန်းချန်မှာ စင်ကာပူကို တိုက်ရိုက်ပျံတဲ့ လေယာဉ်မရှိဘူးလား"

"အင်း"

ဝမ်ချန်းက ပြောသည်။

"ဒါဆို အဲဒီကျရင် မင်းနဲ့ လေယာဉ်တစ်စီးတည်း အတူတူဝယ်လိုက်မယ်လေ"

ယန့်စစ်ရှီက ခေါင်းညိတ်ပြလိုက်၏။

ရှလီက မေးလိုက်သည်။

"နင်တို့ စာမေးပွဲသွားဖြေကြမလို့လား"

ဝမ်ချန်းက ဖြေလိုက်သည်။

"အင်း SAT လေ နှစ်ဝက်မှာ သုံးကြိမ်ရှိတာ ဇွန်လ ၆ ရက်နေ့က နောက်ဆုံးအကြိမ်ပဲ တကယ်တော့ ငါ သိပ်ယုံကြည်မှုမရှိပါဘူး ဒီတိုင်း အရင်သွားစမ်းကြည့်မလို့"

ရှလီက သံပရာရည်ကို သောက်ရင်း ခဏမျှ စကားမပြောဘဲ နေလိုက်သည်။

ဒီကိစ္စတွေက သူမနဲ့ တကယ်ကို အလှမ်းဝေးလွန်းလှသည်။

ယခုအချိန်တွင် သူမအတွက်ဆိုလျှင် အခြားကမ္ဘာတစ်ခုမှ ကိစ္စများကဲ့သို့ဝေးကွာလွန်းနေ၏။

သေချာသည်မှာ မူလကတည်းက ယန့်စစ်ရှီသည် အခြားကမ္ဘာတစ်ခုမှ လူတစ်ယောက် ဖြစ်ကောင်းဖြစ်နေနိုင်သည်။

စားပြီးခါနီးတွင် ယန့်စစ်ရှီက မတ်တပ်ရပ်လိုက်ပြီး ရှလီနှင့် ဝမ်ချန်းတို့ကို ဆက်ပြောနေရန်ပြောကာ သူက ရေချိုးခန်းကိုသွားလိုက်သည်။

မကြာမီ သူ ပြန်ရောက်လာပြီး ရှလီက အကုန်စားပြီးပြီဖြစ်သဖြင့် ငွေရှင်းရန် ကောင်တာကိုသွားလိုက်သည်။

ကောင်တာရှိ ဝန်ထမ်းက စနစ်ကို စစ်ဆေးကြည့်ပြီး ပြောလာသည်။

"ညီမလေးတို့ဝိုင်းက ရှင်းပြီးသွားပြီရှင့်"

ရှလီမှာ ကြောင်အမ်းသွားပြီးမှ သဘောပေါက်သွား၏။

နေရာကိုပြန်ရောက်တော့ သူတို့သုံးယောက် အိတ်ကိုယ်စီယူ၍ ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

ရှလီက ခြေတစ်လှမ်း နောက်ချန်နေခဲ့ပြီး ယန့်စစ်ရှီနှင့် ယှဉ်လျက် လျှောက်လာကာ တိုးတိုးလေး ပြောလိုက်သည်။

"ငါ ဝယ်ကျွေးမယ်လို့ ပြောထားတာကို"

၎င်းမှာ မိန်းကလေးတွေကို ငွေမရှင်းခိုင်းတတ်သော သူ၏ယဉ်ကျေးမှုကြောင့် ဖြစ်နိုင်သည်။

သို့သော် သူမကတော့ သဘောမကျသည့်အပြင် နည်းနည်း စိတ်ရှုပ်သွားမိသည်။

ယန့်စစ်ရှီက ခေါင်းငုံ့ကာ သူမကို ကြည့်လာ၏။

ခဏအကြာတွင် သူက ပြောသည်။

"ဆောရီး... ဒါဆို နင် ငါ့ကို အချိုရည် ဝယ်တိုက်လေ"

ရှလီက အမြန် ခေါင်းညိတ်ပြလိုက်သည်။

မြေပြင်ပေါ်ကိုပြုတ်ကျသွားသော စွန်လေးက လေဟုန်စီးကာ ပြန်လည်ပျံသန်းသွားသလိုစိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်လာခဲ့ချေသည်။

လမ်းတစ်ဖက်ခြမ်းတွင် ဘာဘယ်တီးဆိုင် တစ်ဆိုင်ရှိသည်။

ရှလီက ထုံးစံအတိုင်း သံပရာသီးဆဲဗင်းအပ် အေးအေးလေးကို မှာလိုက်သည်။

ဝမ်ချန်းက မီနူးပေါ်ရှိ အရာအားလုံးကို တစ်ခုချင်း ကြည့်ပြီး အကုန်လုံး အချိုကဲနေသည်ဟု ထင်သဖြင့် မသောက်တော့ဘဲ ရေသန့်သာ သောက်မည်ဟု ပြော၏။

ယန့်စစ်ရှီလည်း နည်းနည်း တွေဝေနေပြီး ပြောလိုက်သည်။

"သံပရာသီးဆဲဗင်းအပ် အေးအေးလေး"

ရှလီ၏ မျက်တောင်လေးများ တုန်ခါသွား၏။

သူမက သူမကိုယ်ကို ထိန်းချုပ်ထားပြီး ယန့်စစ်ရှီကို လှည့်မကြည့်ခဲ့ပေ။

ယောကျ်ားလေးအများစုက အချိုရည်ကို သိပ်မကြိုက်ကြကြောင်း သူမ သိထားပြီး ၎င်းတို့ထဲတွင် သံပရာသီးဆဲဗင်းအပ်က အလန်းဆန်းဆုံး ရွေးချယ်မှုဖြစ်ရာ အံ့ဩစရာတော့ မဟုတ်ပေ။

သူမ သိသော်လည်း နှလုံးခုန်မြန်နေတာကိုတော့ မထိန်းချုပ်နိုင်ခဲ့ချေ။

ဝန်ထမ်းက ပြောလာသည်။

"သံပရာသီးဆဲဗင်းအပ် အေးအေးလေး နှစ်ခွက် အားလုံးပေါင်း..."

ရှလီက ပိုက်ဆံအိတ်ကိုဖွင့်ကာ ယွမ်နှစ်ဆယ်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

အမ်းငွေကို ယူပြီး အိတ်ထဲမှ ဖရဲသီးပုံစံ ပိုက်ဆံအိတ်လေးကို ထုတ်ကာ အကြွေစေ့တွေကို ထည့်လိုက်၏။ ခဏစောင့်ပြီး သံပရာသီးဆဲဗင်းအပ် နှစ်ခွက်ကို ကောင်တာမှ လှမ်းပေးလာသည်။

ရှလီက တစ်ခွက်ယူလိုက်ပြီး ပိုက်နှစ်ချောင်းဆွဲကာ ယန့်စစ်ရှီအား တစ်ချောင်း ကမ်းပေးလိုက်သည်။

ယန့်စစ်ရှီက လှမ်းယူလိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးပဲ"

လက်ချောင်းဖြင့် အဖြူရောင်ပိုက်၏ ထိပ်ကိုဖိကာ အောက်ကိုထိုးဖောက်လိုက်၏။

ကြည်လင်သော ဆဲဗင်းအပ် အစိမ်းနုရောင် သံပရာသီးအကွင်းလေးများနှင့်အတူ ပူစီဖောင်းလေးများက အထက်ကိုပလုံစီနေသည်။

သူ့လက်ထဲရှိ ထိုတစ်ခွက်ကတော့ ရှလီ၏ မှတ်ဉာဏ်ထဲရှိ ၂၀၀၉ ခုနှစ် နွေဦးအစပိုင်းလေးပင် ဖြစ်ချေသည်။

_______

All Chapters