အခန်း ၃၃၁
Vol. 34 Ch. 331
အခန်း (၃၃၁) - အရာအားလုံး မင်းအပေါ်မှာပဲ မူတည်တော့တယ်
"ငါတို့က အခုမှ စတွေ့ဖူးကြတာဆိုတော့ မင်း ငါတို့ကို ယုံကြည်လာအောင် မလုပ်နိုင်သေးဘူးဆိုတာ သိပါတယ်”
“ဒါပေမဲ့ ဟယ်ရှန်း၊ ဒီကိစ္စမှာတော့ သူပြောတဲ့အတိုင်း လုပ်သင့်တယ်လို့ ထင်တယ်”
“ငါ့ညီမက ဒီလိုကိစ္စမျိုးတွေမှာ အရမ်းတော်တယ်။ ပြီးတော့ သူ့ရဲ့ ခန့်မှန်းချက်တွေက အများအားဖြင့် ကွက်တိမှန်လေ့ရှိတယ်"
ကျိုးရီက ဖုံးကွယ်မထားနိုင်သော ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ပြောလိုက်၏။
ဟယ်ရှန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လက်လျှော့အရှုံးပေးလိုက်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
"ကောင်းပြီလေ၊ ကျရှုံးမယ်ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ တကယ်လို့ အဲဒီမှာသာ တစ်ခုခုရှိနေခဲ့မယ်ဆိုရင်တော့ ငါတို့အတွက် အကောင်းဆုံးပဲ"
"ငါတို့ ဘယ်ကိုသွားသင့်လဲ"
သူက ယုမေထံသို့ အကြည့်ရွှေ့ကာ ထပ်မေးလိုက်သည်။
"မဝေးပါဘူး၊ ရှေ့နားက မေပယ်ပင်ရဲ့ ထောင့်မှာတင်"
ယုမေက မီတာရာဂဏန်းအနည်းငယ်အကွာက မျက်စောင်းထိုးထောင့်တစ်နေရာရှိ မေပယ်ပင်ကို လက်ညှိုးထိုးပြရင်း ပြန်ဖြေလိုက်၏။
ခန္ဓာကိုယ်အကြောသေမသွားမီ အချိန်ငါးမိနစ်အောက်သာ ကျန်ရှိတော့သဖြင့် ယုမေ ဟိန်းဟောက်သံကြားခဲ့ရသည့် နေရာသို့ သူတို့အားလုံး ကမန်းကတန်း သွားလိုက်ကြသည်။
ထိုနေရာ၌ မည်သို့သော ကံကြမ္မာမျိုး စောင့်ကြိုနေစေကာမူ ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း သူတို့အားလုံး၏ ရင်ထဲတွင်မူ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေသည်။
ထိုအသံများကို ကြားခဲ့ရသည့် ယုမေကိုယ်တိုင်ပင်လျှင် စိုးရိမ်ပူပန်နေသော အမူအရာ ရှိနေ၏။
သူတို့၏ အစောပိုင်း အတွေ့အကြုံများမှာ လုံးဝ လွယ်ကူချောမွေ့ခဲ့ခြင်း မရှိပေ။
သူမနှင့် ကျိုးလီချင်းတို့မှာ အနီရောက်သရဖူနှုတ်သီးရှည်ငှက်ကြောင့် အသက်ပေးရလုနီးပါးဖြစ်ခဲ့ရပြီး ကျိုးရီမှာလည်း မိုးမခပင်နှင့် ရင်ဆိုင်ခဲ့ရမှုကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များ ရရှိထားဆဲဖြစ်သည်။
ထိုတိရစ္ဆာန်အော်သံများ ထွက်ပေါ်လာရာ ဇာစ်မြစ်တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို မည်သူသိနိုင်မည်နည်း။
အကွာအဝေး နီးကပ်လာသည်နှင့်အမျှ အချိန်များ နှေးကွေးသွားသကဲ့သို့ ထင်မှတ်ရ၏။
မီတာသုံးရာ၊ မီတာနှစ်ရာ၊ မီတာတစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ်မှစ၍ အချိန်နှစ်မိနစ်ခွဲအလိုတွင်မူ ယုမေပြောခဲ့သည့် နေရာသို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ကြလေသည်။
ထိုနေရာသည်... စိတ်ပျက်ဖွယ်ကောင်းလောက်စွာ သာမန်မျှသာ ဖြစ်နေပေသည်။
သူတို့အားလုံး ထိုနေရာသို့ ရောက်လာချိန်တွင် သူတို့ထံ ပြေးဝင်တိုက်ခိုက်လာမည့် ကျားဖြူတစ်ကောင်ကို အနည်းငယ် မျှော်လင့်ထားခဲ့ကြ၏။
အမှန်တွင် ဟယ်ရှန်းတစ်ယောက်တည်းသာ ထိုသို့မျှော်လင့်ထားခဲ့ခြင်းဖြစ်ပြီး ကျန်လူများမှာမူ အစောပိုင်းမှ ကိုက်တတ်သောမိုးမခပင်နှင့် အနီရောင်သရဖူနှုတ်သီးရှည်ငှက်တို့၏ တိုက်ခိုက်မှုမျိုးအား မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်လေသည်။
သို့သော်လည်း သူတို့ မြင်တွေ့လိုက်ရသည်မှာ ညင်သာစွာ စီးဆင်းနေသော မြစ်တစ်စင်း၊ သစ်ကတိုးပင်အချို့၊ သစ်ရွက်ကြွေများဖုံးလွှမ်းနေသော မြက်ခင်းတိုများနှင့် ခပ်သဲ့သဲ့ထွက်ပေါ်နေသော ပုရစ်အော်သံများသာ ဖြစ်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် အန္တရာယ်နှင့်တူသည့် အရာတစ်ခုမျှ မရှိပေ။
"ယုမေ၊ ဒီနေရာက ဟုတ်ရောဟုတ်ရဲ့လား"
ဟယ်ရှန်းက မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး ရှေ့က သစ်ပင်တစ်ပင်ဆီသို့ ပေါ့ပေါ့ပါးပါး ပစ်ပေါက်လိုက်ရင်း မေးလိုက်သည်။
သူ၏လုပ်ရပ်ကြောင့် အားလုံး အံ့သြမှင်သက်သွားကြပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြ၏။
"တောင်းပန်ပါတယ်၊ အကျင့်ပါနေလို့ပါ"
သူက အရူးတစ်ယောက်ကဲ့သို့ သွားဖြီးရင်း ပြောလိုက်သည်။
"ဟုတ်တယ်၊ ဒီနေရာပဲ။ ဒါပေမဲ့ အခုတော့ ကျားအော်သံရော တခြားတိရစ္ဆာန်တွေရဲ့ အသံကိုရော မကြားရတော့ဘူး"
ယုမေက ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြစ်စွာ လှည့်ပတ်ကြည့်ရင်း ပြန်ဖြေလိုက်သည်။
လွန်ခဲ့သော စက္ကန့်အနည်းငယ်ကပင် ထိုအသံများသည် နေ့ခင်းကြောင်တောင်ကဲ့သို့ ရှင်းလင်းပြတ်သားနေခဲ့ပြီး သူမ၏ နားထဲသို့ အနီးကပ် တိုးတိုးလေး ကပ်ပြောနေသယောင် ရှိခဲ့သော်လည်း ယခုတွင်မူ တီးတိုးသံလေးမျှပင် မကြားရတော့ချေ။
ကျိုးလီချင်းနှင့် ဟယ်ရှန်းတို့က သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေချိန်တွင် ကျိုးရီမှာမူ လက်ရှိတွင် သူ့အား ဒုက္ခပေးနေသော ရူးသွပ်ချင်စဖွယ် ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ထားနိုင်ရန် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလေ၏။
တစ်မိနစ်ခန့်ကြာသည်အထိ လှည့်ပတ်ရှာဖွေခဲ့သော်လည်း နက်နဲဆန်းကြယ်ခြင်း၊ နိမိတ်မကောင်းခြင်း၊ သို့မဟုတ် မသင်္ကာစရာကောင်းခြင်းစသည့် အရိပ်အယောင်တစ်ခုကိုမျှ ရှာမတွေ့ခဲ့ကြပေ။
အရာအားလုံးက ဆောင်းဦးရာသီရှိ သာမန်တောအုပ်တစ်ခု၏ ပုံရိပ်သာဖြစ်နေပြီး မြစ်ရေပြင်ပေါ်တွင်လည်း သစ်ရွက်များ တင်ဆောင်ကာ ညင်သာစွာ စီးဆင်းနေလေသည်။
"ငါတို့ မြစ်ထဲ ခုန်ချကြရင်ရော ဘယ်လိုလဲ"
အစွန်းရောက်စွာဖြင့် ရေထဲသို့ ခေါင်းနှစ်ထားသည့် ကျိုးရီက မြစ်ထဲမှ ခေါင်းဖော်လိုက်ရင်း ရုတ်တရက် ပြောလာ၏။
သူ၏ အမြှုပ်ထနေသော ပါးစပ်၊ နီရဲနေသော မျက်နှာ၊ သွေးကြောများထင်းနေသော မျက်လုံးများ၊ ဒေါသထွက်နေသကဲ့သို့ အသက်ရှူထုတ်နေသော နှာခေါင်း၊ ယခုအခါ ရေစိုနေသော ဆံပင်များနှင့် သူ၏ လက်ရှိအသွင်အပြင်မှာ ယုံကြည်အားထားလောက်သည့် ဆုံးဖြတ်ချက်မျိုး ချနိုင်မည့်သူ၏ ပုံစံနှင့် လုံးဝ မတူညီပေ။
"ကောင်းသားပဲ၊ လုပ်ကြည့်ကြမလား"
ဟယ်ရှန်းက ထောက်ခံလိုက်လေသည်။
ဟယ်ရှန်းတစ်ယောက် အရွဲ့တိုက်နေခြင်းဖြစ်မည်ဟု ကျိုးလီချင်း ထင်မှတ်လိုက်သော်လည်း သူက ရေကို လက်ဖြင့် စမ်းသပ်၍ ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ သူ အလွန်အလေးအနက်ထားနေမှန်း သူမ သဘောပေါက်သွားလေ၏။
'ဒီနှစ်ယောက် အဆင်ရောပြေရဲ့လား'
ကျိုးလီချင်းသည် ဟယ်ရှန်းပေးထားသော သစ်သားတူကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း လှုပ်ရှားရန် ပြင်ဆင်လိုက်လေသည်။
ထိုနှစ်ယောက်လုံး အသိစိတ်လွတ်နေကြသည်မှာ သိသာလှပေသည်။
"ငါတို့ ခုန်ချသင့်တယ်လို့ ထင်တယ်။ အခုချိန်အထိ ငါတို့ လာခဲ့တဲ့ လမ်းတစ်လျှောက်လုံးမှာ အဲဒီဟိန်းသံက တစ်နေရာတည်းကနေပဲ အမြဲထွက်နေခဲ့တာ။ ဒါက ရေထဲမှာပဲ ရှိနေနိုင်တယ်လို့ ကျွန်မ ထင်တယ်"
ယုမေက မောဟိုက်စွာ အသက်ရှူရင်း ပြောလိုက်၏။
သူမသည် စိတ်ပိုင်းဆိုင်ရာအရ အဆင်ပြေပုံရသော်လည်း ခန္ဓာကိုယ်မှာမူ မှိုကြောင့်ဖြစ်ပေါ်လာသော ပြင်းထန်သည့် ဖိအားမှ မလွတ်မြောက်နိုင်ခဲ့ချေ။
ကျိုးလီချင်းက သူမကို ကြည့်လိုက်ပြီးနောက် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။
"ကောင်းပြီလေ"
ထို့နောက် သူတို့လေးယောက်လုံး တုံ့ဆိုင်းနေခြင်းမရှိဘဲ မြစ်ထဲသို့ ခုန်ချလိုက်ကြသည်။
ထိုသို့ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်သက်နေသော မြစ်ရေပြင်သည် လည်ပတ်နေသော ရေဝဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျားတစ်ကောင်၏ ပါးစပ်ပေါက်ကြီးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေတော့၏။
"မင်းတို့ ဒါကို မြင်ရလား"
ရုတ်တရက် အသွင်ပြောင်းသွားမှုကြောင့် ဟယ်ရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မြင်ရတယ်"
ကျိုးရီက အားအင်ကုန်ခမ်းနေသော လေသံဖြင့် ပြန်ဖြေလေသည်။ သူ၏အသိစိတ်များမှာ တဖြည်းဖြည်း ဝေဝါးလာပုံရပြီး သူတစ်ယောက်တည်း ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။
ကျန်လူများမှာလည်း ရေအောက်သို့ နက်နက်ရှိုင်းရှိုင်း ဆွဲချခံရလေလေ၊ အသိစိတ်လွတ်မသွားစေရန် ထိန်းချုပ်ရသည်မှာ ပိုမိုခက်ခဲလာလေလေ ဖြစ်ပေသည်။
ရေဝဲ၏အောက်ခြေသို့ ရောက်ချိန်တွင်မူ သူတို့အားလုံး သတိလစ်သွားကြလေတော့သည်။
...
"လီချင်း... လီချင်း... လီချင်း..."
တစ်စုံတစ်ယောက်က သူမ၏နာမည်အား ခေါ်နေသည့် ဝိုးတဝါးအသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် ကျိုးလီချင်း ညည်းတွားလိုက်လေသည်။
သူမ၏ နားထဲတွင် ရေ၀င်နေသကဲ့သို့ ခံစားနေရ၏။
သူမက ထထိုင်ရန် ကြိုးစားလိုက်သော်လည်း ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အရာအားလုံး ချာချာလည်သကဲ့သို့ ဖြစ်သွားပြီး ဗိုက်ထဲမှ မအီမသာဖြစ်လာကာ မြေပြင်ပေါ်သို့ ပြန်လဲကျသွားလေတော့သည်။
ခေါင်းမူးနေသည့် လက္ခဏာများ သက်သာသွားစေရန်အလို့ငှာ ခေါင်းကို ခါယမ်းလိုက်သော်လည်း ပိုဆိုးသွားသကဲ့သို့သာ ဖြစ်သွားပြီး နောက်ဆုံးတွင် အန်ချလိုက်လေတော့၏။
သူမ တွားသွားနိုင်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်နိုင်ရန် အနည်းငယ် အဆင်ပြေသွားသည်အထိ ငါးမိနစ်နီးပါး အချိန်ယူလိုက်ရလေသည်။
သူမ၏ အမြင်အာရုံမှာ အနည်းငယ် ကြည်လင်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သောအခါ မျက်စိတစ်ဆုံးမြင့်မားရှည်လျားသော သစ်ပင်များကို မြင်တွေ့လိုက်ရပြီး ယင်းတို့၏အောက်တွင်မူ မြက်ခင်းများ ရှိနေပေသည်။
"လီချင်း..."
နောက်ဆုံးတွင် ထိုအသံ၏ ဇာစ်မြစ်ကို သူမ မြင်တွေ့လိုက်ရသည်။
"ယုမေ"
ထိုသို့ရေရွတ်လိုက်ရင်း သူမဆီသို့ ကမန်းကတန်း တွားသွားသွားလိုက်လေသည်။
ထိုအချိန်မှသာ ဟယ်ရှန်းနှင့် ကျိုးရီတို့သည်လည်း ယုမေကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်ကို သူမ သတိထားမိလိုက်၏။
သို့သော်လည်း သူတို့နှစ်ဦးလုံး သတိမရသေးပုံပင်။
"လီချင်း... ငါတို့ အောက်ကို ဆင်းလာတုန်းက ပျံလွှားငှက်၊ ပုရစ်၊ နွားသိုး၊ ကြိုးကြာငှက်၊ နှံကောင်၊ ပုစဉ်းရင်ကွဲ၊ ပုစဉ်း၊ အောက်ချင်းငှက်နဲ့ ဟင်္သာငှက်တွေရဲ့ အသံကို ကြားလိုက်ရတယ်”
“အဲဒါတွေက သဲလွန်စတွေလို့ ထင်တယ်။ အခု အရာအားလုံး မင်းအပေါ်မှာပဲ မူတည်တော့တယ်..."
ကျိုးလီချင်းတစ်ယောက် ကျိုးရီရှိရာသို့ အပြေးအလွှားတွားသွားရန် ပြင်လိုက်ချိန်မှာပင် ယုမေ၏ စကားသံတိုးတိုးကို ကြားလိုက်ရသည်။
ထို့နောက်တွင်မူ ယုမေတစ်ယောက် သတိလစ်သွားလေတော့သည်။