← Chapters

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း (၃၃၂) - ကျိုးလီချင်း၏ ရုန်းကန်လှုပ်ရှားမှု

ယုမေသည် သူမ နားမလည်နိုင်သော စကားအချို့ကို ချန်ထားခဲ့ပြီးနောက် ချက်ချင်းပင် သတိလစ်မေ့မြောသွားသည်ကို မြင်လိုက်ရသဖြင့် ကျိုးလီချင်းမှာ ဆွံ့အမှင်တက်သွားရလေသည်။

သို့သော်လည်း ရှုပ်ထွေးတုန်လှုပ်နေသည့်ကြားမှပင် သူမသည် အစ်ကိုဖြစ်သူ၏ အခြေအနေကို ဦးစွာ သွားစစ်ဆေးလိုက်၏။

အသက်ရှူသံ ပုံမှန်ရှိနေသည်ကို အတည်ပြုပြီးနောက်မှသာ သက်ပြင်းတစ်ချက်ကို အသာချနိုင်တော့သည်။

သူသည် ရရှိထားသော ဒဏ်ရာများကြောင့် အင်အားကုန်ခမ်းသွားခြင်း၊ သွေးနီရဲရဲသားရဲစိတ်၀င်မှို၏ ဘေးထွက်ဆိုးကျိုးများနှင့် မြစ်ရေကြောင့် ခံစားလိုက်ရသည့် အကျိုးသက်ရောက်မှုများကြောင့် သတိလစ်သွားခြင်း ဖြစ်ပုံရပေ၏။

သူ့ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိသည်ကို အတည်ပြုပြီးနောက် သူမသည် သူ့ကိုနှိုးရန် ကြိုးစားကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

ထို့နောက် ခြေလှမ်းအနည်းငယ်အကွာတွင်ရှိနေသော ဟယ်ရှန်းဆီသို့ သွားကြည့်သော်လည်း ကျိုးရီကဲ့သို့ပင် သတိမေ့မြောနေပြီး သူမ ခေါ်နေသည့်တိုင် လုံးဝ တုံ့ပြန်မှု မရှိချေ။

နောက်ဆုံးတွင် သူမသည် ယုမေဆီ၌ ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သော်လည်း ယုမေသည်လည်း ထိုနှစ်ဦးနည်းတူပင် ဖြစ်နေ၏။

ယုမေမှာ သူမ၏ မဆုတ်မနစ်သော စိတ်ဓာတ်စွမ်းအားဖြင့်သာ တောင့်ခံထားနိုင်ခဲ့ပုံရပြီး ကျိုးလီချင်းအား နားမလည်နိုင်သောစကားများ ပြောပြီးသည်နှင့် ချက်ချင်းပင် သတိလစ်သွားခဲ့ခြင်း ဖြစ်ပေသည်။

ကျိုးလီချင်း၏ အာရုံများမှာ ဝေဝါးနေဆဲဖြစ်ပြီး မိမိတစ်ဦးတည်းသာ သတိရှိနေသည်ကို သဘောပေါက်လိုက်ချိန်တွင် စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ လွှမ်းမိုးလာတော့သည်။

မိမိတို့ ရင်ဆိုင်နေရသော အန္တရာယ်ရှိသည့် အခြေအနေကို သိရှိသွားပြီးနောက် သူမသည် အလိုအလျောက်ပင် ဟယ်ရှန်းပေးခဲ့သော သစ်သားတူကို အလျင်အမြန် ရှာဖွေလိုက်ရာ ကံကောင်းထောက်မစွာဖြင့် သူမ သတိရလာသည့်နေရာနှင့် မနီးမဝေးတွင်ပင် တူကို တွေ့ရှိလိုက်ရ၏။

ထို့နောက် ၎င်းကို ကပျာကယာ ကောက်ကိုင်လိုက်ပြီး ကျိုးရီ၏ နံဘေးသို့ ပြေးသွားလိုက်သည်။

သူမသည် ဒူးတစ်ဖက်ထောက်ကာ ကျိုးရီ၏ ခန္ဓာကိုယ်ကို ကျောပေးလျက် ကာကွယ်ထားလိုက်၏။

ကျိုးရီ၏ နံဘေးတွင် ဂရုတစိုက် နေရာယူပြီးနောက်မှသာ ပတ်ဝန်းကျင်ကို ကြည့်ရှုရန် အချိန်ရတော့သည်။

'ဒီနေရာက ဘယ်နေရာလဲ'

သူမသည် ပတ်ဝန်းကျင်ကို သတိကြီးစွာထားလျက် ကြည့်ရှုရင်း တွေးလိုက်မိသည်။

သူတို့သည် မီတာနှစ်ရာခန့်ကျယ်ဝန်းသော စက်ဝိုင်းပုံမြက်ခင်းပြင်တစ်ခုအတွင်း ပိတ်မိနေပုံရပြီး ပတ်ပတ်လည်တွင် ကြည့်ရုံမျှဖြင့် စိတ်မသက်မသာဖြစ်စေလောက်သည်အထိ မြင့်မားလွန်းသော သစ်ပင်ကြီးများ ဝန်းရံလျက်ရှိနေပေသည်။

သူမသည် သစ်ပင်များ၏ ထိပ်ဖျားကို မြင်နိုင်ရန် ကြိုးစားကြည့်သော်လည်း စူးရှသော အဖြူရောင်အလင်းတန်းနှင့် ဝေဝါးနေသော သစ်ရွက်များကိုသာ မြင်တွေ့ရ၏။

ထိုသစ်ပင်များ မည်မျှမြင့်မားသည်ကို ကြည့်ရှုခြင်းက အမြင်အာရုံကို ထိခိုက်စေပြီး ခေါင်းမူးလာစေသောကြောင့် သူမသည် ဆက်လက်ကြည့်ရှုရန် မကြိုးစားတော့ဘဲ လက်လျှော့လိုက်လေသည်။

'ပျံလွှား၊ ပုရစ်၊ နွားလားဥသဘ၊ ကြိုးကြာ၊ နှံကောင်၊ ပုစဉ်းရင်ကွဲ...ဘာကို ဆိုလိုတာလဲ။ ငါ ဘာမှလည်း မကြားရပါဘူး'

ကျိုးလီချင်းသည် ယုမေ သတိမေ့မသွားမီပြောခဲ့သည့် နောက်ဆုံးစကားလုံးများကို စိတ်ထဲမှ တိတ်တဆိတ် စဉ်းစားနေမိသည်။

သူမသည် ယုမေပြောပြခဲ့သော စကားများနှင့် ဆက်စပ်နိုင်မည့် အရာတစ်ခုခုကို ရှာဖွေရန် မျှော်လင့်ချက်ဖြင့် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း သာမန်တောအုပ်နှင့် မြက်ခင်းပြင်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မတွေ့ရချေ။

သူမသည် ကျိုးရီ၏နံဘေးတွင် အမြဲရှိနေစေရန် ဂရုစိုက်လျက် မိမိ၏ အနီးတွင်ရှိသော သစ်ပင်တစ်ပင်ချင်းစီကို စိုက်ကြည့်နေမိ၏။

ဆယ်မိနစ်ခန့် ကုန်လွန်သွားသော်လည်း မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။

မည်သည့်ရလဒ်မျှ ထွက်မလာသည်ကို မြင်သောအခါ သူမသည် ကျိုးရီနှင့် ထိုသစ်ပင်များကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံရကာ နောက်ဆုံးတွင် အံကြိတ်လျက် ကျိုးရီ၏ အနီးမှ ထွက်ခွာခဲ့ပြီး အနီးဆုံးသစ်ပင်ဆီသို့ လျှောက်သွားလိုက်တော့သည်။

သူမ သစ်ပင်ဆီသို့ သွားနေစဉ်တွင်လည်း ကျိုးရီ တစ်စုံတစ်ရာ ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် မျက်လုံးများက သူ့ထံသို့ အကြိမ်ကြိမ် လည်ပြန်ကြည့်ရှုနေမိ၏။

"ထူးခြားတာ ဘာမှမရှိပါလား"

ကျိုးလီချင်းသည် အနီးဆုံးတွင်ရှိနေသော သစ်ကတိုးပင်၏ အခေါက်ကို လက်ဖြင့် အသာအယာပွတ်သပ်ရင်း ရေရွတ်လိုက်မိသည်။

သူမသည် ထိုသစ်ပင်၏ အောက်ခြေရှိ ပေါင်းပင်များကိုလည်း လိုက်လံရှာဖွေခဲ့ပြီး သစ်ရွက်အချို့ကိုပင် ခူးကြည့်လိုက်သော်လည်း ယုမေပြောခဲ့သည့်အရာနှင့် တူသည့် သဲလွန်စဟူ၍ ဘာကိုမျှ ရှာမတွေ့ခဲ့ချေ။

ယုမေပေးခဲ့သော သဲလွန်စများအပြင် မိမိတို့ ရောက်ရှိနေသော နေရာမှာ ယန်ချင်းပြောခဲ့သည့် အထူးဇုန် ဖြစ်နေပါစေဟုလည်း တစ်ပိုင်းတစ်စ မျှော်လင့်နေမိ၏။

အကယ်၍ ထိုသို့သာဖြစ်နေပါက သူမသည် စိုးရိမ်စိတ်ကို အနည်းငယ် လျှော့ချနိုင်မည် ဖြစ်သည်။

သို့သော်လည်း အထူးဇုန်တစ်ခုအဖြစ် အမှတ်အသားပြုထားသော ဖားပုံရိပ်ကိုမူ မတွေ့ရှိရသေးချေ။

သူမသည် ထိုသစ်ပင်ကို စစ်ဆေးပြီးနောက် ကျိုးရီကို မျက်ခြေမပြတ်စောင့်ကြည့်ရင်း အခြားသစ်ပင်တစ်ပင်ဆီသို့ ရွှေ့ပြောင်းစစ်ဆေးပြန်သည်။

သူမ၏ ကြိုးစားအားထုတ်မှုများမှာ မည်သည့်ရလဒ်မျှ မထွက်လာဘဲ အချိန်တစ်နာရီခွဲခန့် ကုန်ဆုံးသွားခဲ့လေသည်။

ထိုအချိန်အတွင်း သူမသည် သစ်ပင်ပေါင်းတစ်ဒါဇင်ကျော်ကို စူးစမ်းရှာဖွေခဲ့ပြီး တစ်ပင်ထက်တစ်ပင် ပိုမိုစေ့စပ်သေချာစွာ စစ်ဆေးခဲ့၏။

သူမသည် သစ်ပင်အောက်ရှိ မြက်ပင်တစ်ပင်ချင်းစီကိုပင် လိုက်လံစစ်ဆေးခဲ့ပြီး မည်သည့်အရာကိုမျှ ရှာမတွေ့သောအခါ မြက်ခင်းအောက်တွင် သဲလွန်စများ ဝှက်ထားနိုင်သလောဟု တွေးတောကာ သစ်ပင်များ၏ ပတ်ပတ်လည်ကို တူးဆွကြည့်ခဲ့သော်လည်း ရလဒ်မှာ အချည်းနှီးသာ ဖြစ်သွားလေ၏။

အချိန်တစ်မိနစ်ကုန်ဆုံးသွားတိုင်း သူမ၏ စိုးရိမ်ပူပန်မှုများမှာ ပိုမိုကြီးထွားလာခဲ့သည်။

သူမသည် ပတ်ဝန်းကျင်၌ တန်ဖိုးရှိသော အရာတစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။

သွေးနီရဲရဲသားရဲစိတ်၀င်မှို၏ ဘေးထွက်ဆိုးကျိုးမှာ မိနစ်သုံးဆယ်မှ တစ်နာရီအထိသာ ကြာလိမ့်မည်ဟု ဟယ်ရှန်းက ပြောခဲ့သော်လည်း ကျိုးရီနှင့် အခြားသူများမှာ နိုးထမလာကြသေးချေ။

သတ်မှတ်ထားသော အချိန်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူတို့သည် သတိမေ့မြောလျက် အိပ်ပျော်နေကြဆဲပင် ဖြစ်သည်။

ကျိုးလီချင်းသည် အလွန်တုန်လှုပ်ခြောက်ခြားနေပြီ ဖြစ်သဖြင့် သူတို့သည် သာမန်အိပ်ပျော်နေခြင်းလော၊ သို့မဟုတ် သတိမေ့မြောနေခြင်းလော၊ သို့မဟုတ် မြစ်ရေအဝါးခံရချိန်တွင် တစ်စုံတစ်ရာ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သူမတစ်ဦးတည်းသာ ရှင်သန်ကျန်ရစ်ခဲ့ခြင်းလော ဆိုသည်ကိုပင် မခွဲခြားနိုင်တော့ချေ။

အတွေးပေါင်းများစွာနှင့်အတူ သူမ၏ ထွက်သက်ဝင်သက်များမှာလည်း မမှန်မကန်ဖြစ်လာပြီး ကျယ်လောင်စွာ ရေရွတ်လိုက်မိတော့သည်။

"ဒါက စာမေးပွဲပဲ... ဒါက စာမေးပွဲပဲ... ဒါက စာမေးပွဲပဲ..."

သူမသည် စိတ်တည်ငြိမ်စေရန် ထိုစကားကို တရားမှတ်သည့် ဂါထာကဲ့သို့ ထပ်တလဲလဲ ရေရွတ်နေမိ၏။

သို့သော်လည်း ထိုဂါထာက အသုံးမ၀င်ခဲ့ပေ။

သူမ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး တစ်ကိုယ်လုံးတုန်ရီလျက် ဆံပင်များကို ဆွဲဖွရင်း ထိုစက်ဝိုင်းပုံမြက်ခင်းပြင်ပတ်လည်၌ လှည့်ပတ်လျှောက်လှမ်းနေမိ၏။

သူမသည် စိတ်ပိုင်းဆိုင်ရာ၏ အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိသွားပုံရပြီး မျှော်လင့်ချက်မဲ့သော မျက်နှာ၊ မျက်ရည်များပြည့်လျှံနေသော မျက်ဝန်းများဖြင့် မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။

"ဒါက စာမေးပွဲပဲ..."

သူမသည် တီးတိုးရေရွတ်လိုက်မိသော်လည်း ထိုစကားကို မိမိကိုယ်တိုင်ပင် ယုံကြည်ပုံမရချေ။

သူမ၏ ခြေထောက်များမှာ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း အစ်ကိုဖြစ်သူထံသို့ လမ်းမလျှောက်ဘဲ တွားသွားလိုက်သည်။

သူ့ထံသို့ရောက်ရှိချိန်တွင် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်တော့၏။

"ကျိုးရီ... အစ်ကိုက ညီမလေးကို အစ်ကို့ထက် ပိုထူးချွန်ပြီး ကြီးကျယ်တဲ့အရာတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ အမြဲပြောခဲ့တာ သိပါတယ်”

“ဒါပေမဲ့ ညီမလေးအတွက်တော့ အစ်ကိုက ပိုပြီး အားကိုးရတဲ့သူ ဖြစ်ခဲ့တာပါ။ တကယ်လို့ ညီမလေးတစ်ယောက်တည်းသာဆိုရင် လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး အသက်ရှင်နိုင်ခဲ့ပါ့မလားဆိုတာ မသိဘူး”

“ဒီစာမေးပွဲမတိုင်ခင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အရာတွေကြောင့် ညီမလေးက ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိလာပြီလို့ ထင်ခဲ့တာ”

“အစ်ကို့ကျန်းမာရေးကို ထိခိုက်ခံပြီး ညီမလေးအတွက် အစ်ကို အမြဲ စိုးရိမ်မနေရအောင်ပေါ့”

“ပြီးတော့ စီနီယာအစ်ကို ယန်ချင်းက ငါတို့ကို ဂိုဏ်းထဲဝင်ဖို့ စာမေးပွဲဖြေဆိုခွင့် ပေးခဲ့တုန်းက ညီမလေးစိတ်ထဲမှာ... ဒါက ညီမလေး သတ္တိရှိလာပြီဆိုတာ အစ်ကို့ကို သက်သေပြဖို့ အခွင့်အရေးပဲလို့ တွေးခဲ့တာ”

“ဒါပေမဲ့ အခု ညီမလေး ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲဆိုတာ ကြည့်ပါဦး..."

ကျိုးလီချင်း၏ တိုးညင်းလှသော ငိုရှိုက်သံမှာ တိတ်ဆိတ်နေသော တောအုပ်အတွင်း ပဲ့တင်ထပ်သွားပြီး အရာအားလုံး ဟာလာဟင်းလင်းဖြစ်နေပုံရသဖြင့် ထိုငိုသံမှာ တိုးညင်းလှသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့လွင့်သွားလေတော့သည်။

All Chapters