အခန်း ၃၃၄
Vol. 34 Ch. 334
အခန်း (၃၃၄) - အသံများကို အဓိပ္ပာယ်ဖော်ခြင်း (၁)
ကျိုးလီချင်းသည် အစပိုင်းတွင် အနည်းငယ် မသေချာဖြစ်နေခဲ့သော်လည်း အချိန်များကုန်လွန်လာပြီး ထိုအသံများ ပျောက်ကွယ်မသွားသောအခါ သူမကြားနေရသည်မှာ ပျံလွှားငှက်များ၏ အသံဖြစ်ကြောင်း သေချာသွားလေသည်။
သူမသည် ဤအဖြစ်အပျက်ကြောင့် အံ့အားသင့်နေခဲ့သော်လည်း ယခင်က ယုမေပြောခဲ့သည့် အသံများကြားရခြင်းနှင့် ပတ်သက်သည့် စကားများကို ရုတ်တရက် သတိရသွား၏။
ကျိုးလီချင်း၊ ကျိုးရီနှင့် ဟယ်ရှန်းတို့ မကြားနိုင်ချိန်တွင် သူမက အဘယ်ကြောင့် ထိုအသံများကို ကြားနိုင်ရသနည်းဟူသော ရှင်းပြချက်ကို ပြန်လည်အမှတ်ရလာပြီးနောက် ကျိုးလီချင်းမှာ သူမ၏ရင်ဘတ်ကို ဖွဖွလေးကိုင်လိုက်လေသည်။
ထိုအသံများကို ကြားနိုင်ရန် အဓိကအလိုအပ်ချက်မှာ စိတ်နှလုံးတည်ငြိမ်ရန်ပင်။
ကျိုးရီနှင့် ဟယ်ရှန်းတို့နှစ်ဦးလုံး သွေးနီရဲရဲသားရဲစိတ်၀င်မှို၏ ဘေးထွက်ဆိုးကျိုးများကို ခံစားနေရပြီဖြစ်ရာ သူတို့၏စိတ်များမှာ ဂနာမငြိမ်ဖြစ်နေကြသည်။
တစ်ချိန်တည်းမှာပင် ကျိုးလီချင်းသည် နှလုံးသားသန့်စင်ရေးရေတံခွန်၏ ကျေးဇူးကြောင့် နတ်ဆိုးများနှင့် လေးနှစ်ကြာ ရင်ဆိုင်ခဲ့ရပြီး ထိုသုံးဦး သတိလစ်သွားချိန်တွင်ပင် သူမတစ်ယောက်တည်းကသာ သတိရှိနေခြင်းနှင့် ထိုလက်တွေ့ဘဝ၏ ဖိစီးမှုများကြောင့် အထိတ်တလန့်နှင့် ကစဉ့်ကလျား ဖြစ်နေခဲ့ခြင်းဖြစ်၏။
'အမေက အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို လိမ်မပြောခဲ့ဘူးပဲ'
သူမက ပြုံးလျက် တွေးလိုက်လေသည်။
ပျံလွှားငှက်အသံများ ထွက်ပေါ်လာခြင်းက အခြေအနေကို ပြောင်းလဲသွားစေခဲ့၏။
လွန်ခဲ့သော တစ်နာရီခန့်ကထက်စာလျှင် အရာရာသည် အနည်းငယ် ပို၍အပြုသဘောဆောင်ကာ မျှော်လင့်ချက်ရှိလာသယောင် ထင်ရသည်။
အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် သူမ၌ အသုံးချစရာ တစ်ခုခု ရှိနေပြီဖြစ်သည်။
ထိုပျံလွှားအသံများကို မည်သို့အသုံးပြုရမည် သို့မဟုတ် မည်သို့အဓိပ္ပာယ်ဖော်ရမည်ကို မသိသေးလျှင်ပင် အနည်းဆုံး လက်ဆုပ်လက်ကိုင်ပြစရာ အရာတစ်ခု ဖြစ်နေသေးသည်။
ကျိုးလီချင်းသည် အာရုံအားလုံးကို ပျံလွှားအသံများအပေါ်တွင်သာ စူးစိုက်ရန် ဆုံးဖြတ်လိုက်ရင်း ထိုသုံးဦးကို အပေါ်ဝတ်ရုံနှင့်အတူ အောက်ချပေးလိုက်လေသည်။
'ယုမေပြောပုံအရဆိုရင် သူမက ပျံလွှားအသံ၊ ပုရစ်၊ နွား၊ ကြိုးကြာ၊ နှံကောင်နဲ့ ပုစဉ်းရင်ကွဲ အသံတွေကို ကြားခဲ့ရတာပဲ”
“ဒီအသံတွေက အဲဒီလိုအစဉ်အတိုင်း ထွက်လာတာလား၊ ဒါမှမဟုတ် သူမခေါင်းထဲ အရင်ပေါ်လာတဲ့ဟာကို ပြောလိုက်တာလား'
ကျိုးလီချင်းသည် သူမသွားမည့် ဦးတည်ချက်ကို ရွေးချယ်ရန် အသုံးပြုခဲ့သော သစ်ကိုင်းကို ကောက်ယူရန်အတွက် ရှေ့သို့ လျှောက်သွားလိုက်၏။
ထို့နောက် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ယုမေပေးခဲ့သော သဲလွန်စအားလုံးကို ချရေးရန် ထိုသစ်ကိုင်းကို အသုံးပြုလိုက်တော့သည်။
ပထမဆုံးအနေဖြင့် သူမကြားခဲ့ရသော အသံများကို ချရေးလိုက်သည်။ ထို့နောက် အသံများ၏ အစီစဉ်ကဲ့သို့သော သူမ၏ မေးခွန်းအချို့ကို ထပ်မံဖြည့်စွက်လိုက်သည်။
ထို့နောက်တွင်မူ မေးခွန်းတစ်ခုကို ပေါ်လွင်ထင်ရှားစွာ ရေးချလိုက်လေ၏။
'ဒါက အစီအရင်များလား'
ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံဖြင့် ဤမြက်ခင်းပြင်သို့သာ ပြန်လည်ရောက်ရှိလာသော အစောပိုင်းက အတွေ့အကြုံသည် အစီအရင်တစ်ခုရှိနေခြင်း၏ လက္ခဏာများပင် ဖြစ်သည်။
ထိုအရာ၏ လှိုင်းဂယက်များကို သူမ လုံးဝမသိရှိနိုင်ခြင်းက သူမ၏ လက်ရှိစွမ်းရည်ထက် ကျော်လွန်နေသော အရာတစ်ခုဖြစ်ကြောင်း သက်သေပြနေပြီး ၎င်းကို အကြမ်းပတမ်းနည်းလမ်းဖြင့် ဖျက်ဆီး၍မရနိုင်ကြောင်း ဆိုလိုခြင်းဖြစ်၏။
'ဒီအသံတွေက သော့ချက်များလား'
ထိုသို့ ဖြစ်နိုင်ခြေများကြောင်း သူမ တွေးတောလိုက်မိသည်။
ယန်ချင်းအနေဖြင့် သဲလွန်စအချို့ ချန်မထားဘဲ ဖောက်ထွက်ရန် မဖြစ်နိုင်လောက်သည်အထိ အဆင့်မြင့်လွန်းသော အစီအရင်တစ်ခုကို ချထားမည်မဟုတ်ကြောင်း ခံစားမိပြီး ထိုအသံများက သဲလွန်စ ဖြစ်ကောင်းဖြစ်နိုင်သည်။
သူမ ရေးချင်သမျှ ရေးချပြီး အတွေးများကို စနစ်တကျ စီစဉ်ပြီးသည်နှင့် တစ်ပြိုင်နက် ဖြည်းညင်းစွာ အသက်ရှူထုတ်၊ အသက်ရှူသွင်းလုပ်လိုက်ပြီးနောက် အာရုံခံစားမှုအားလုံးကို အကြားအာရုံ၌သာ စူးစည်းကာ မျက်လုံးမှိတ်ထားလိုက်၏။
သူမ၏ နှလုံးသားကို ပိုမိုတည်ငြိမ်စေရင်း ပတ်ဝန်းကျင်မှ အသံများထဲတွင် သူမကိုယ်သူမ နစ်မြုပ်စေလိုက်သည်။
သူမ၏ အတွေးများကို ချရေးကာ ခန့်မှန်းချက်များ ပြုလုပ်နေစဉ်အတွင်း ပျံလွှားငှက်သံများမှလွဲ၍ အခြားမည်သည့်အသံကိုမျှ မကြားရသေးပေ။
၎င်းမှာ သူမ၏စိတ်နှလုံး အပြည့်အဝ မတည်ငြိမ်သေးကြောင်းကို ဆိုလိုခြင်းဖြစ်ကြောင်း သံသယဝင်မိ၏။
သူမသည် အတွေးများကို ဗလာကျင်းပစ်လိုက်ပြီး ပျံလွှားအသံများအပေါ်၌သာ အာရုံစိုက်ထားလိုက်သည်။
ငါးမိနစ်မပြည့်မီမှာတင် သူမ၏လုပ်ရပ်များက ချက်ချင်းဆိုသလို အကျိုးထူးလာလေသည်။
အရပ်မျက်နှာအနှံ့အပြားမှ ထွက်ပေါ်လာသကဲ့သို့ တုန်ခါနှုန်းအမျိုးမျိုးဖြင့် အသံပြုနေသော မတူညီသည့် ပျံလွှားငှက်တစ်အုပ်ထံမှ အသံများသည် ယခုအခါတွင် အစီအစဉ်တကျဖြစ်လာကာ ညီညာမှုအချို့ ရှိလာခဲ့ပြီဖြစ်၏။
ကျိုးလီချင်းကြားခဲ့ရသည့် ပုံစံအရ အစပိုင်းတွင် ပျံလွှားအသံများကို နားထောင်သောအခါ အားလုံးက ရောထွေးနေပြီး ပျံလွှားငှက်တစ်ထောင်ခန့် တစ်ကောင်နှင့်တစ်ကောင် အပြိုင်အဆိုင် အသံပြုနေကြသကဲ့သို့ ကြားခဲ့ရခြင်းပင်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ထိုဆူညံသံများမှာ ယှဉ်ပြိုင်မှုနည်းပါးလာပြီး ပိုမိုလိုက်ဖက်ညီလာသကဲ့သို့ အရေအတွက်မှာလည်း တစ်ထောင်မှ တစ်ရာသို့ လျော့ကျသွားကာ ယခုအခါတွင် အကောင်နှစ်ဆယ်အောက်သာ ရှိတော့သကဲ့သို့ ကြားလာရပေသည်။
သူမ၏ ခန့်မှန်းချက်များ စတင်မှန်ကန်လာသည်ကို မြင်သောအခါ ကျိုးလီချင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ထားလိုက်၏။
သို့သော် ထိုစိတ်လှုပ်ရှားမှုလေးက အသံပြုနေသော ပျံလွှားအရေအတွက်ကို ချက်ချင်းဆိုသလို ငါးဆယ်အထိ ခုန်တက်သွားစေပြီး အသံများကို အနည်းငယ် ပြန်လည်ကစဉ့်ကလျား ဖြစ်သွားစေခဲ့၏။
သူမသည် စိတ်အားထက်သန်မှုကို ကမန်းကတန်း ထိန်းချုပ်လိုက်ပြီး အာရုံပြန်စိုက်လိုက်လေသည်။
ထိုအခါ အရေအတွက်များ လျော့ကျသွားကာ လိုက်ဖက်ညီမှုလည်း ပြန်လည်စတင်လာ၏။
အချိန်မည်မျှကုန်လွန်သွားသည်ကို သူမ မပြောနိုင်သော်လည်း ဆူညံသံသည် ပျံလွှားတစ်ကောင်တည်းထံမှ သာယာငြိမ့်ညောင်းသော အသံအဖြစ်သို့ ပြောင်းလဲသွားပြီး ယခုအခါ မည်သည့်အရပ်မှလာသည်ကို သူမ တိတိကျကျ ပြောနိုင်နေပြီဖြစ်၏။
'တခြားအကောင်တွေရော ဘယ်ရောက်သွားတာလဲ'
သူမ စိတ်ထဲ၌ တွေးတောမိလိုက်လေသည်။
သူမ၏ အတွေးများကို တုံ့ပြန်သည့်အလား မတူညီသော သတ္တဝါများထံမှ အသံများသည် သူမ၏ နားထဲသို့ ချက်ချင်းဆိုသလို ဝင်ရောက်လာပြီး စိတ်ထဲတွင်ပင် ပဲ့တင်ထပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ရုတ်တရက် အလုံးအရင်းဝင်ရောက်လာမှုက သူမကို အံ့အားသင့်စေကာ အာရုံစူးစိုက်မှုကိုပင် ပျက်ပြားလုနီးပါး ဖြစ်သွားစေခဲ့သည်။
သို့သော် ရှင်းလင်းသော ရလဒ်များနှင့် အလုပ်လုပ်ရမည့် နည်းစနစ်တစ်ခုရှိနေသဖြင့် ဖြည်းညင်းစွာ နားထောင်ရင်း ပြန်လည်အာရုံစူးစိုက်လိုက်လေသည်။
သူမသည် အတင်းအကျပ်ပြုလုပ်ရန် တက်တက်ကြွကြွ ကြိုးစားမည့်အစား မြစ်အတွင်း ဖြည်းညင်းစွာ မျောပါနေသော သစ်ရွက်တစ်ရွက်ကဲ့သို့ လမ်းညွှန်မှုအတိုင်း လိုက်ပါစီးမျောသွားခွင့် ပြုထားလိုက်လေသည်။
သတ္တဝါအသံများတွင် အစီစဉ်တစ်ခု ရှိမရှိနှင့် နောက်ပိုင်းတွင် အကျိုးသက်ရောက်မှု ရှိလာမည်ကို မသေချာသောကြောင့် ဤအရာသည် သူမအတွက် အလုံခြုံဆုံး ရွေးချယ်မှုဖြစ်မည်ဟု တွေးတောမိ၏။
ထို့ကြောင့် စိတ်ထဲမှ ရွေးချယ်မှုများကို ဗလာကျင်းပစ်လိုက်ပြီး အသံများ၏ လမ်းညွှန်မှုအား မျက်စိမှိတ်ယုံကြည်လိုက်ခြင်းကသာ ပိုကောင်းပေမည်။
အကယ်၍ ထိုအရာ ကျရှုံးသွားပါက ယုမေပေးခဲ့သော အစီအစဉ်အပေါ် အခြေခံ၍ ထိုအသံများကို သီးခြားခွဲထုတ်ရမည်ဖြစ်၏။
ယခင်ကကဲ့သို့ပင် အသံများမှာ အလွန်ရောထွေးနေသဖြင့် မည်သည့်သတ္တဝါ အမျိုးအစားမည်မျှက ထိုအသံများကို ပြုလုပ်နေသည်ကို ခွဲခြား၍ပင် မရနိုင်ခဲ့ပေ။
သို့သော်လည်း ဤအရာက သူမအား နောက်တွန့်မသွားစေခဲ့ချေ။
သူမသည် အသံများအားလုံးကို တိတ်ဆိတ်စွာ ကြိုဆိုရင်း ထိုနေရာတွင် ထိုင်နေခဲ့ပြီး များမကြာမီ သူမ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်လာနိုင်ကာ အစီအစဉ်တစ်ခု ရှိနေပုံပေါ်လေသည်။
ပထမဆုံးအသံမှာ နွား၊ ထို့နောက် ကြိုးကြာ၊ ထို့နောက် ပုရစ်၊ ၎င်းနောက်တွင် ဗျိုင်း၊ ထို့နောက် ဝံပုလွေများ၊ ထို့နောက်တွင် ပုစဉ်းရင်ကွဲများ၊ ၎င်းတို့နောက်တွင် နှံကောင်များ၊ ထို့နောက် ငန်းများနှင့် နောက်ဆုံးတွင် ဆိတ်အသံများဖြင့် အဆုံးသတ်သွား၏။
ယုမေကြားခဲ့ရသည်ထက်ပိုသော အသံများကို ကြားရသောအခါ ကျိုးလီချင်း အံ့အားသင့်သွားခဲ့ပြီး အစီအစဉ်ကလည်း ယုမေ၏အစီအစဉ်နှင့် ကွာခြားနေပုံရလေသည်။
သူမက မှားယွင်းစွာ ယူဆခဲ့ခြင်းသာ ဖြစ်နိုင်ပြီး ယုမေသည် သူမမှတ်မိနိုင်သမျှနှင့် သိရှိနိုင်သမျှ အစီအစဉ်အတိုင်း ထိုအမည်များကို ကျပန်းပြောခဲ့ခြင်းသာ ဖြစ်မည်ကို သူမ မတွေးဘဲ မနေနိုင်ခဲ့ပေ။
ထို့ပြင် သူမက သတ္တဝါအသံများ ပိုမိုကြားရသည့်အပိုင်းနှင့် ပတ်သက်၍ ယုမေသည်လည်း ၎င်းတို့ကို ကြားခဲ့ရနိုင်သော်လည်း အားလုံးကို ပြောပြရန် အချိန်အလုံအလောက် မရှိခဲ့ခြင်းဖြစ်ပေမည်။
အဘယ်ကြောင့်ဆိုသော် ကျိုးလီချင်း သတိပြန်လည်လာချိန်တွင် ယုမေမှာ သေလုမျောပါး အခြေအနေသို့ ရောက်နေပုံရသောကြောင့်ပင်။
ထိုသို့မဟုတ်ဘဲ တောအုပ်ထဲသို့ ရောက်သွားပြီးမှသာ ထိုအသံအပိုများကို ကြားရခြင်းလည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးလီချင်းသည် သူမတို့ကို ပိတ်မိနေစေနိုင်သည့် အစီအရင်ထဲမှ လွတ်မြောက်နိုင်ရန် မျှော်လင့်လျက် လက်ထဲတွင်ရှိသောအရာကို အသုံးပြုကာ တစ်နေရာရာသို့ ရောက်နိုင်မရောက်နိုင်ကို ကြည့်ရန် ဆုံးဖြတ်လိုက်လေတော့သည်။