အခန်း ၃၃၅
Vol. 34 Ch. 335
အခန်း (၃၃၅) - အသံများကို အဓိပ္ပာယ်ဖော်ခြင်း (၂)
အသံများက ရှုပ်ထွေးနေဆဲဖြစ်သောကြောင့် ကျိုးလီချင်းသည် တိရစ္ဆာန်အသံတစ်ခုတည်းကိုသာ အာရုံစိုက်ကာ အသံအစဉ်လိုက်ကို အတည်ပြုပြီးနောက် တစ်ခုချင်းစီအား သီးခြားခွဲထုတ်ရန် ဆုံးဖြတ်လိုက်၏။
သူမသည် နွားသံမှ စတင်လုပ်ဆောင်ခဲ့လေသည်။
ပျံလွှားငှက်အသံကဲ့သို့ပင် အစပိုင်း၌ အသံများသည် နေရာအနှံ့အပြားမှ ထွက်ပေါ်လာပြီး နွားအကောင်ရေများစွာထံမှ လာသကဲ့သို့ ထင်မှတ်ရပေ၏။
သူမ၏ယခင်အတွေ့အကြုံများအရ စိတ်ကို တည်ငြိမ်အောင်ထား၍ နားစွင့်လိုက်သောအခါ နွားအရေအတွက်မှာ တစ်ကောင်တည်းသာ ကျန်ရှိတော့ပြီး အသံထွက်ပေါ်လာသည့် ဦးတည်ရာကိုလည်း ရှင်းရှင်းလင်းလင်း သိရှိသွားလေတော့၏။
ဤနည်းအတိုင်းပင် သူမသည် နွားမှဆိတ်အထိ တိရစ္ဆာန်အသံတစ်ခုစီတိုင်းကို သီးခြားခွဲထုတ်ကာ အသံထွက်ပေါ်လာသည့် ဦးတည်ရာအတိအကျကို အတည်ပြုနိုင်ခဲ့လေသည်။
အားလုံးပြီးစီးသွားသောအခါ သူမက မျက်လုံးဖွင့်လိုက်ပြီး ကျိုးပဲ့နေသော သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူကာ အစောပိုင်းက တူးဆွထားသော မြေကြီးပေါ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်၏။
ထိုစက်ဝိုင်းကို ဆယ်စုခွဲလိုက်ပြီး အစုတစ်ခုစီတွင် တိရစ္ဆာန်တစ်ကောင်စီ၏အမည်ကို ရေးသားလိုက်လေသည်။
ပျံလွှားငှက်မှစတင်ကာ နွား၊ ကြိုးကြာ၊ ပုရစ်၊ ဗျိုင်း၊ ဝံပုလွေ၊ ပုစဉ်းရင်ကွဲ၊ နှံကောင်၊ ငန်းနှင့် နောက်ဆုံးတွင် ဆိတ်အထိ အစဉ်အတိုင်း ရေးမှတ်လိုက်၏။
ပုံဆွဲပြီးနောက် အရာအားလုံးမှန်ကန်ကြောင်း အတည်ပြုရန် ထပ်မံစစ်ဆေးလိုက်ပြီး ဆွဲထားသောပုံကို ကြည့်ကာ တိတ်တဆိတ် စဉ်းစားခန်းဝင်နေလေတော့၏။
"အင်း... ဒီထဲက တချို့အသံတွေက ဦးတည်ရာတွေ ထပ်နေတာပဲ"
"ဒါတွေကို ဘယ်လိုအသုံးပြုရမလဲ။ ဦးတည်ရာကလွဲပြီး တခြားအဓိပ္ပာယ်တွေများ ရှိသေးတာလား"
"လက်ရှိအခြေအနေအရဆိုရင် ငါဘာလုပ်ရမလဲဆိုတဲ့ လမ်းကြောင်းအတိအကျကို မပေးသေးဘူးပဲ"
ကျိုးလီချင်းက မေးစေ့ကို လက်ဖဝါးဖြင့်ထောက်ကာ စက်ဝိုင်းပေါ်ကို သစ်ကိုင်းဖြင့် ရေးဆွဲရင်း တီးတိုးရေရွတ်လိုက်၏။
သူမ ကြားရသော အသံများက အသုံးပြု၍မရနိုင်သေးသော ကျပန်းဦးတည်ရာများကိုသာ ပေးစွမ်းနိုင်၏။
ထိုဦးတည်ရာများနောက်ကို လိုက်သွားပါက စက်ဝိုင်းထဲတွင်သာ လည်ပတ်နေမည်ဖြစ်ပေသည်။
သူမရရှိထားသော သဲလွန်စများသည် နောက်တစ်ဆင့်အတွက် လမ်းစပေးနိုင်ရန် လုံလောက်ပါစေဟုသာ မျှော်လင့်နိုင်တော့၏။
သူမက မြေပုံဘေးတွင် မှတ်စုများရေးမှတ်ရင်း တစ်ကိုယ်တည်း ရေရွတ်နေခဲ့ပြီး မလှုပ်မယှက်ဖြင့် မိနစ်သုံးဆယ်ခန့် ကုန်လွန်သွားခဲ့လေ၏။
"ငါ လွတ်သွားတာများ ရှိနေမလား"
တစ်နာရီကြာသည့်တိုင် နောက်ထပ်ဘာဆက်လုပ်ရမည်ကို စဉ်းစား၍မရသေးကြောင်း သိလိုက်ရသောအခါ ကျိုးလီချင်းက ရေရွတ်လိုက်လေ၏။
"ငါ တစ်ခုခုလွတ်သွားတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခါ ထပ်ကြိုးစားကြည့်တာ အရှုံးမရှိပါဘူးလေ"
သူမက ထိုအသံများကို ထပ်မံခွဲခြားနိုင်ရန် ပြင်ဆင်သည့်အနေဖြင့် မျက်လုံးမှိတ်ကာ တီးတိုးရေရွတ်လိုက်၏။
တစ်မိနစ်... ဆယ်မိနစ်... ဆယ့်ငါးမိနစ်နှင့် နောက်ဆုံးတွင် မိနစ်နှစ်ဆယ်ခန့် ကုန်လွန်သွားချိန်၌ ကျိုးလီချင်း၏ မျက်လုံးများမှာ အထိတ်တလန့်ဖြင့် ပွင့်လာခဲ့၏။
"ငါ မကြားရတော့ဘူး"
သူမက အလန့်တကြား အော်ဟစ်လိုက်ပြီး အလျင်စလိုထလိုက်စဉ် သူမဆွဲထားသော ပုံမှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားရ၏။
"မဟုတ်ဘူး... မဟုတ်ဘူး... တစ်ခုခုတော့မှားနေပြီ"
ကျိူလီချင်းမှာ အစောပိုင်းတွင်ကမှ ကြားနေရသော တိရစ္ဆာန်အသံများ ပျောက်ကွယ်သွားသည်ကို မယုံကြည်နိုင်သေးသဖြင့် ထပ်မံကြားရလိုကြားရငြားဖြင့် တိတ်ဆိတ်စွာ တရားထိုင်ရန် နေရာပြန်ယူလိုက်လေ၏။
သို့သော် ဆယ်မိနစ်ခန့် ကုန်လွန်သွားသည်အထိ သူမအနားတွင် ကျိုးရီနှင့် အခြားသူများ၏ အသက်ရှူသံများမှလွဲ၍ ဘာမျှရှိမနေတော့ချေ။
ကျိုးလီချင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားလုနီးပါး ဖြစ်ခဲ့သော်လည်း ရရှိထားသည့် အချက်အလက်များဖြင့်သာ အလုပ်လုပ်ရန် မိမိကိုယ်ကို သတိပေးကာ စိတ်ကို အမြန်တည်ငြိမ်စေလိုက်၏။
အစပိုင်းတွင် အခက်အခဲရှိသော်လည်း စိတ်ထဲပေါ်လာသမျှ အကြံဉာဏ်တိုင်းကို ချရေးရင်းဖြင့် မကြာမီတွင် သူမ၏ အရှိန်အဟုန်ကို ပြန်လည်ရှာတွေ့သွားလေတော့သည်။
အားလုံးချရေးပြီးချိန်၌ သူမ ကျေနပ်သွားပေသည်။
သူမသည် မဖြစ်နိုင်သော အကြံဉာဏ်များကို ဖယ်ရှားပြီး ဖြစ်နိုင်ခြေရှိသည်များကို သီးခြားခွဲထုတ်ကာ အကြံဉာဏ်များကို ချက်ချင်း စိစစ်လိုက်၏။
ဖြစ်နိုင်ခြေရှိသော အကြံဉာဏ်များထဲမှ တစ်ခုချင်းစီ၏ အားသာချက်များကို သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် နောက်ဆုံးတွင် အသံများနောက်သို့လိုက်ရန်ဟူသော အကောင်းဆုံးအကြံဉာဏ်ကို ရွေးချယ်လိုက်လေတော့သည်။
သူမသည် ဤအချက်ကို အာရုံစိုက်ထားလျက် ကြားခဲ့ရသမျှ အရာအားလုံးကို ပြန်လည်တွေးတောရင်း စိတ်ကို တည်ငြိမ်စေလိုက်၏။
ထိုသို့လုပ်ဆောင်ရန် သူမအတွက် သိပ်မခက်ခဲလှပေ။
ကံကောင်းထောက်မစွာဖြင့် တိရစ္ဆာန်အသံများကို ကြားခဲ့ရသည်မှာ အချိန်သိပ်မကြာသေးသကဲ့သို့ အသေးစိတ်အချက်အလက်များကို ပြန်လည်မှတ်မိနိုင်စွမ်းရှိခြင်းမှာလည်း သူမ၏ အကောင်းဆုံးအရည်အချင်းများထဲမှ တစ်ခုဖြစ်ပေသည်။
အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားပြီး လေပြေညင်းများက ကျိုးလီချင်းကို ဖြတ်သန်းတိုက်ခတ်သွားချိန်တွင် သူမသည် ကြားခဲ့ရသမျှ အသံတစ်သံချင်းစီကို စိတ်ထဲ၌ တိတ်ဆိတ်စွာ ပိုင်းခြားစိတ်ဖြာနေခဲ့၏။
"အကြိမ်ရေတွေပဲ... ဒါပဲဖြစ်ရမယ်"
ကျိုးလီချင်းက အလျင်အမြန်ပြောလိုက်ပြီး မတ်တပ်ထကာ စက်ဝိုင်းအတွင်းရှိ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏အထက်တွင် ဂဏန်းများ စတင်ရေးခြစ်လိုက်၏။
ပျံလွှားငှက်ဘေးတွင် (၁၃) ၊ နွားဘေးတွင် (၈) ၊ ကြိုးကြာဘေးတွင် (၇) ၊ ပုရစ်ဘေးတွင် (၁၀) ၊ ဗျိုင်းဘေးတွင် (၁၄) ၊ ဝံပုလွေဘေးတွင် (၂၁) ၊ ပုစဉ်းရင်ကွဲဘေးတွင် (၃) ၊ နှံကောင်ဘေးတွင် (၅) ၊ ငန်းဘေးတွင် (၉) နှင့် နောက်ဆုံး ဆိတ်ဘေးတွင် (၆) စသည်ဖြင့် ရေးမှတ်လိုက်၏။
ကျိုးလီချင်းက ထိုဂဏန်းများကို တစ်ချက်ပြန်ကြည့်ကာ စိတ်ထဲမှ တွက်ချက်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။
"ကိုးဆယ့်ခြောက်"
"ငါ အဲဒီကနေ စသင့်တယ်"
သူမက ပျံလွှားငှက်အသံများ ထွက်ပေါ်လာသည့် ဦးတည်ရာသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။
ယခင်အတိုင်းပင် သူမက သူတို့သုံးဦးအား ထည့်ထားသော ဝတ်ရုံကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က သစ်သားတူကို ကိုင်ဆောင်ကာ ပျံလွှားငှက်အသံများ ထွက်ပေါ်လာသည်ဟု ယူဆထားသော အနောက်ဘက်သို့ လျှောက်သွားလိုက်၏။
မြက်ခင်းပြင်နှင့် သစ်ပင်များကြားရှိ နယ်နိမိတ်သို့ ရောက်သောအခါ စိတ်အားထက်သန်မှုအပြည့်ဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းကို ရေတွက်ကာ ရှေ့သို့ လျှောက်လှမ်းသွားလေ၏။
"တစ်... နှစ်... သုံး..."
သူမ၏ခြေထောက်များ မြက်ခင်းပြင်မှ ထွက်ခွာသွားချိန်မှစ၍ လှမ်းသမျှခြေလှမ်းတိုင်းကို ရေတွက်ကာ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။
"ဟင်... ငါ ဘာလို့ ဒီနေရာကို ပြန်ရောက်လာတာလဲ။ ခြေလှမ်းဆယ်လှမ်းတောင် မပြည့်သေးဘူးလေ"
တူညီသော မြက်ခင်းပြင်ထဲသို့ ပြန်ရောက်နေကြောင်း သိလိုက်ရသောအခါ ကျိုးလီချင်းက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။
"မဟုတ်ဘူး... ဦးတည်ရာက မှန်ပါတယ်"
သူမက စိတ်ထဲရှိ အသံများကို ပြန်လည်စဉ်းစားရင်း ပြောလိုက်၏။
"အစဉ်လိုက် မှားနေတာများလား"
သူမက တွေးတောလိုက်၏။
"ဆိတ်ကို စမ်းကြည့်ရအောင်"
သူမက ပြောလိုက်ပြီးနောက် အရှေ့တောင်ဘက်သို့ ဦးတည်လိုက်ကာ မြက်ခင်းပြင်မှ ခြေထောက်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ခြေလှမ်းများကို စတင်ရေတွက်လိုက်လေ၏။
"ခြေသုံးလှမ်းတောင် မပြည့်သေးဘူး"
ပတ်ဝန်းကျင်မြင်ကွင်း ပြောင်းလဲသွားပြီး မြက်ခင်းပြင်သို့ တစ်ဖန်ပြန်ရောက်သွားသောအခါ ကျိုးလီချင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
"ငါ တစ်ခုခုလွတ်နေပြီ..."
နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် သူမ၏လုပ်ငန်းစဉ် မှားယွင်းနေကြောင်း သိသာထင်ရှားလာပေပြီ။
အသံများကို အဓိပ္ပာယ်ဖော်ခြင်းမှ တည်ဆောက်ထားသမျှ ယုံကြည်မှုတို့မှာလည်း အလျင်အမြန် ပြိုလဲသွားခဲ့ရ၏။
သူမက ခေါင်းထဲရှိအရာအားလုံးကို ပြန်လည်သုံးသပ်ရင်း လုံးဝတိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့၏။
သိပ်မကြာမီမှာပင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု သူမထံတွင် ပေါ်လာခဲ့လေသည်။
"အလုပ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"
သူမက ပြောလိုက်ပြီးနောက် ကျိုးရီနှင့် အခြားသူများအားထည့်ထားသော ဝတ်ရုံကို ကိုယ်တွင် ချည်နှောင်လိုက်ကာ သူမစတင်ခဲ့သည့် ဦးတည်ရာဖြစ်သော ပျံလွှားငှက်အသံများ ထွက်ပေါ်လာသည့်ဘက်သို့ လျှောက်လှမ်းသွားလေတော့၏။