အခန်း ၃၃၇
Vol. 34 Ch. 337
အခန်း (၃၃၇) - အထူးဇုန်နယ်မြေ
သတိလစ်မေ့မြောနေသော ကျိုးလီချင်းကိုကြည့်ရင်း ယန်ချင်းက အံ့သြချီးကျူးစွာ သက်ပြင်းချလိုက်လေသည်။
သူမအနေဖြင့် အရပ်လေးမျက်နှာဆယ်ပါး ပါကွအစီအရင်အား ဖြတ်ကျော်နိုင်ခဲ့ခြင်းက အသိအမှတ်ပြုခံရရန် ထိုက်တန်ပေ၏။
ထိုအစီအရင်မှာ အပြာရောင်အဆင့် ထိပ်တန်းအစီအရင်တစ်ခု ဖြစ်သည်။
ဆိုလိုသည်မှာ အစီအရင်ကို အသက်သွင်းလိုက်ချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ တာအိုစွမ်းအင်များကို ဆွဲယူကာ ဝိညာဉ်ရေးရာသဘောတရားတစ်ခုကို ဖန်တီးနိုင်စွမ်းရှိခြင်းပင်။
နန်းတော်နယ်ပယ်နှင့် ၎င်းအောက်ရှိ မည်သူ့ကိုမဆို ပိတ်လှောင်သတ်ဖြတ်နိုင်ပြီး အကယ်၍ အစောပိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ဦးသာ သတိလက်လွတ်ဖြစ်သွားပါက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်မှာလည်း မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပေ။
မူလအစီအရင်ကို ချမှတ်ရန်အတွက် ကောင်းကင်တက်လှမ်းခြင်းအဆင့် ရတနာပစ္စည်းတစ်ခုနှင့် ထိပ်တန်းအရှင်သခင်အဆင့် ရတနာများစွာ လိုအပ်သောကြောင့် ယန်ချင်းက ၎င်း၏ပုံစံငယ်ကိုသာ အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသာ အမြင့်ဆုံးဖြစ်နေသည့် စာမေးပွဲတစ်ခုအတွက် ထိုမျှအဆင့်မြင့်မားသော ပစ္စည်းများကိုသာ ရဲရဲတင်းတင်း အသုံးပြုခဲ့မည်ဆိုပါက သယံဇာတများကို အလွဲသုံးစားလုပ်မှုဖြင့် ဒဏ်ငွေဆယ်ခုထက်မက ပေးဆောင်ရမည်မှာ အသေအချာပင်။
ထို့ကြောင့် သူသည် အလယ်အလတ်အဆင့် အရှင်သခင်ရတနာတစ်ခုကို အဓိကကျောက်ဆူးအဖြစ် အသုံးပြုကာ ကောင်းကင်အဆင့် သယံဇာတများကို ဒုတိယအထောက်အကူပြုပစ္စည်းများအဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။
အစီအရင်ခန်းမ၏ အကူအညီဖြင့် သူ ချမှတ်ထားသော အစီအရင်နှင့် အသုံးပြုထားသည့် ပစ္စည်းများမှာ အဆင့်လျှော့ချထားသော ပုံစံငယ်ဖြစ်နေသော်လည်း အခြေခံတည်ဆောက်ခြင်းနယ်ပယ်အောက်ရှိ ယှဉ်ပြိုင်သူများအတွက်မူ ရင်ဆိုင်ရန် ခက်ခဲလွန်းနေဆဲပင် ဖြစ်သည်။
အစီအရင်များတွင်ကျွမ်းကျင်သော သာမန်အထွတ်အထိပ် အမြုတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုအစီအရင်ကြောင့် သေဆုံးသွားနိုင်ရာ စွမ်းရည်နှင့် အင်အားကြီးကြီးမားမားမရှိသော ယှဉ်ပြိုင်သူတစ်စုအတွက်မူ ပြောနေရန်ပင် မလိုတော့ချေ။
အစီအရင်ကို ဖြတ်ကျော်ရာတွင် လွယ်ကူစေရန်အတွက် ယန်ချင်းက ထွက်ပေါ်လာသော သားရဲအသံများထဲတွင် သဲလွန်စများကို တမင်တကာ ဖုံးကွယ်ထားခဲ့လေသည်။
၎င်းတို့၏ အသံထွက်ပေါ်လာသည့် ဦးတည်ရာနှင့် အကြိမ်အရေအတွက်က အစီအရင်၏ အားနည်းချက်များကို ထင်ရှားစေပြီး ၎င်းနောက်သို့လိုက်နိုင်သမျှ ကာလပတ်လုံး အန္တရာယ်ကင်းစွာဖြင့် လွတ်မြောက်နိုင်မည် ဖြစ်၏။
နောက်ဆုံးအပိုင်းမှာမူ ယှဉ်ပြိုင်သူများအနေဖြင့် အသေးစိတ်အချက်အလက်များအား ဂရုပြုမိခြင်း ရှိ၊ မရှိနှင့် မည်မျှပင် ကြောက်ရွံ့နေပါစေ၊ ယုံကြည်ချက်ဖြင့် ရှေ့ဆက်ရဲသော သတ္တိရှိ၊ မရှိကို စမ်းသပ်ရန်အတွက် နောက်ပြောင်ကာ ထည့်သွင်းထားသောအရာ ဖြစ်သည်။
သူသည် အနက်ရောင်လိပ်ဟု လူသိများသော ရွှမ်ဝူ၏ ဟိန်းဟောက်သံကို ပြန်လည်ဖန်တီးနိုင်သည့် သိုင်းပညာရပ်တစ်ခုကို အသုံးပြုခဲ့၏။
၎င်းသည် နဂါး၊ ငှက်နီတော်၊ ကျားဖြူနှင့် ဖီးနစ်ငှက်တို့ကဲ့သို့ပင် ကျော်ကြားမှုအဆင့်အတန်း တူညီသော သတ္တဝါဖြစ်သည်။
နောက်ဆုံးအပိုင်းသည် သတ္တိနှင့် အသေးစိတ်အချက်များကို ဂရုပြုနိုင်စွမ်းအား စမ်းသပ်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် သူပေးထားသော စာအုပ်ငယ်ထဲမှ သဲလွန်စကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်သည်။
ကျိုးလီချင်း၏ စွမ်းဆောင်ရည်က သူ့ကို အထူးအံ့အားသင့်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ လုပ်နိုင်မည်ဟု သူ မသေချာခဲ့သောကြောင့်ပင်။
အထူးသဖြင့် ယုမေနှင့် အခြားသူများ သတိလစ်သွားပြီး သူမတစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် ဖြစ်၏။
အကယ်၍ စာမေးပွဲမတိုင်မီကသာဆိုလျှင် သူမ၏ ဂရုတစိုက်ရှိမှုနှင့် စေ့စပ်မှုတို့ကြောင့် အစီအရင်ကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေး မြင့်မားသည်ဟု ယန်ချင်း တွေးမိခဲ့မည် ဖြစ်သည်။
သို့သော်လည်း နှလုံးသားသန့်စင်ရေးရေတံခွန်တွင် သူမ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် ထိုအရာက သူမအပေါ် သက်ရောက်ခဲ့မှုများကြောင့် သူမ လုပ်နိုင်ပါ့မလားဟူ၍ သူ သံသယဝင်ခဲ့ရသည်။
သူမ ကစဉ့်ကလျားဖြစ်နေခဲ့သော ပထမ တစ်နာရီခွဲအချိန်က သူမ လုပ်နိုင်တော့မည်မဟုတ်ဟု ထင်ရသော်လည်း နိုးထလာချိန်မှစ၍ ပြောင်းလဲသွားသော သူမ၏ စိတ်နေသဘောထားက သူ့ကို အဆက်မပြတ် အံ့အားသင့်စေခဲ့လေသည်။
အရင်လိုပင် ထိတ်လန့်နေပုံရသေးသော်ငြားလည်း သူမသည် ဆက်လက်ကြိုးစားနေခဲ့၏။
....
"ဟယ်ရှန်း... မင်း ဘာလုပ်နေလဲဆိုတာ သေချာသိရဲ့လား"
"ကျိုးရီ... မင်းကများ ငါ့ကို မေးရဲသေးတယ်ပေါ့လေ... ဘယ်သူကများ ကျွမ်းကျင်ဆေးဆရာကြီးဟန်ဆောင်ဖို့အတွက် မြေကမ္ဘာအဆင့် ဆေးပင်ခုနစ်ပင်ကို အလဟဿ ဖြုန်းတီးပစ်ခဲ့တာလဲ။ မင်းကို အဲဒီနား ပေးမကပ်ခဲ့သင့်တာ။ နှမြောစရာကောင်းလိုက်တာကွာ..."
"မင်းပေးတဲ့ သွေးနီရဲရဲသားရဲစိတ်၀င်မှိုရဲ့ အာနိသင်တွေကြောင့် ငါ နည်းနည်းလေး စိတ်မငြိမ်နေလို့ပါ။ ပြီးတော့ ငါတို့ သတိလစ်သွားတာ မိနစ်သုံးဆယ်ပဲ ရှိသေးတယ်ဆိုတာ သေချာရဲ့လား"
"ငါ့ကို ဘာလို့ လာမေးနေတာလဲ။ ငါလည်း မင်းလိုပဲ သတိလစ်နေခဲ့တာလေ..."
"ယုမေ... တစ်ခုခု မှားနေလို့လား"
"အသံတွေ ထပ်ကြားနေရပြန်ပြီလို့တော့ ငါ့ကို မပြောနဲ့နော်"
"ဟယ်ရှန်း... ခွေးကောင်... အဲဒီယောက်ချိုဇွန်းကို သေချာလေးချိန်လို့ မရဘူးလား။ ဆေးရည်တွေ အလဟဿဖြစ်ကုန်ပြီ"
"အခုမှ အလဟဿဖြစ်မှာကို စိုးရိမ်နေတယ်ပေါ့လေ..."
"မင်း... မင်း... မင်း..."
"ကျိုးလီချင်း နိုးလာပြီ..."
"လီချင်း... ဖြည်းဖြည်းချင်းထပါ။ ကိုယ့်ကိုယ်ကိုယ် အရမ်းအားမစိုက်နဲ့"
ကျိုးရီက အတင်းရုန်းကန်ထနေသော ကျိုးလီချင်း၏အနားသို့ ပြေးသွားရင်း ပြောလိုက်လေသည်။
ထို့နောက် သူက သူမ၏လက်မောင်းများကို ကိုင်ကာ ထူပေးလိုက်၏။
"ရီ... နိုးနေပြီလား"
အိပ်မှုန်စုံမွှားဖြစ်နေသော ကျိုးလီချင်းမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသကဲ့သို့ ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။
"နိုးနေကြပြီပဲ..."
သူမက ကျိုးရီကို အထက်အောက်အကဲခတ်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ဟယ်ရှန်း၊ နင်ရော... အားလုံး နိုးနေကြတာကို တွေ့ရလို့ ဝမ်းသာပါတယ်"
ဟယ်ရှန်းက သူမကို အနေရခက်စွာ ကြည့်နေသည်ကို သတိပြုမိသွားချိန်တွင် သူမက ရှက်ကိုးရှက်ကန်း ပြောလိုက်၏။
"ငါတို့ကို ကာကွယ်ပေးပြီး ဒီနေရာအထိ ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဟယ်ရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ထိုစကားများကို ပြောနေချိန်တွင် သူသည် အနေရခက်မှုများ ပြည့်နှက်နေပြီး ရုန်းကန်နေရသည့်ပုံ ပေါက်နေလေ၏။
"အနည်းဆုံးတော့ မင်းမှာ အသိစိတ်လေး ရှိသေးတာပဲ..."
ကျိုးရီက လှောင်ပြောင်လိုက်ရာ ဟယ်ရှန်းထံမှ ဒေါသတကြီး စိုက်ကြည့်ခြင်းကို ခံလိုက်ရလေသည်။
"ကျေးဇူးတင်ပါတယ် အစ်မလီချင်း"
ယုမေက လက်သီးများကိုဆုပ်ကာ အရိုအသေပေးရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ မင်းရဲ့သဲလွန်စသာ မရှိခဲ့ရင် ငါလည်း ဒါကို ဖော်ထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး"
ကျိုးလီချင်းက အလျင်စလို ပြောလိုက်ပြီးနောက် အနက်ရှိုင်းဆုံး ကျေးဇူးတင်မှုဖြင့် ဦးညွှတ်လိုက်လေသည်။
အရာအားလုံးက သူမအတွက် နေရာတကျရှိနေသည်ဟု ထင်ရသော်လည်း ယုမေသာ ထိုကိစ္စကို ထုတ်မပြောခဲ့လျှင် သို့မဟုတ် အတင်းအကြပ် မတိုက်တွန်းခဲ့လျှင် သူမအနေဖြင့် သားရဲအသံများကို ရှာဖွေနားထောင်ရန် တွေးမိခဲ့မည် မဟုတ်ပေ။
"ဒါပေမဲ့လည်း လီချင်း... မင်း အရမ်းတော်ပါတယ်။ သူမကို ရအောင်ခေါ်လာဖို့က လွယ်ကူခဲ့မှာ မဟုတ်ဘူး... နောက်ဆုံးတော့ ငါတို့ ရှာတွေ့ခဲ့ပြီ... အထူးဇုန်နယ်မြေတစ်ခုပဲ…”
“လီချင်း...ဒီနေရာမှာရှိတဲ့ အရာတွေကို မင်း စိတ်ကူးတောင်ယဉ်နိုင်မှာ မဟုတ်ဘူး။ ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး..."
ကျိုးရီက စိတ်အားထက်သန်စွာ ပြောလိုက်၏။
ယခုမှသာ သူမသည် ကျိုးရီ၏ သတိပေးမှုကြောင့် အထူးဇုန်နယ်မြေကို လေ့လာစောင့်ကြည့်ရန် အချိန်ရသွားတော့သည်။
သူမက ထိုအရာများကို သေချာမလေ့လာနိုင်မီ သတိလစ်သွားခဲ့ခြင်းဖြစ်ပြီး ယခု အချိန်ရလာချိန်တွင်မူ ၎င်းသည် အံ့မခန်းနေရာဟု ပြောခြင်းကပင် အလွန်လျှော့ပေါ့ပြောရာ ကျနေပေလိမ့်မည်။
ထိုဧရိယာ၏ အောက်ခြေတွင် မြက်ခင်းစိမ်းလေးများနှင့်အတူ အပင်အနည်းငယ် ရှိနေသေးသော်လည်း ၎င်းတို့အားလုံးမှာ သူတို့တွေ့ခဲ့ရသော လမ်းတစ်လျှောက်ရှိ အခြားသစ်ပင်များနှင့် မြက်များထက် အဆများစွာ ပိုမိုထူးခြားနေပုံရသည်။
၎င်းတို့ထံတွင် ဆွဲဆောင်မှုနှင့် ကြွယ်ဝမှုများရှိနေပြီး ပတ်ဝန်းကျင်ရှိ လေထုနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကိုသာမက ကျိုးလီချင်းအပေါ်သို့ပါ သက်ရောက်မှုရှိနေလေသည်။
သူမ ရှူရှိုက်လိုက်သော လေတစ်ချက်၊ ကြည့်လိုက်သော အကြည့်တစ်ချက်တိုင်းတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာရှိ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ထိုဧရိယာကို သစ်ပင်အနည်းငယ်ဖြင့် နယ်နိမိတ်မျဉ်းအဖြစ် အသုံးပြုကာ မတူညီသော ဇုန်နယ်မြေအဖြစ် ပိုင်းခြားထားပုံရသည်။
နေရာတစ်ချို့တွင် ဆေးပေါင်းဖိုများ၊ သစ်သားစည်ပိုင်းများ ရှိနေပြီး အရပ်ရပ်မှ ဆေးပင်အမျိုးမျိုးဖြင့် ပြည့်နှက်နေလေသည်။
'ဒီဆေးပင်တွေအားလုံးကို ငါတို့ စုဆောင်းခဲ့တာလား'
သူမက အခြားနေရာများသို့ အကြည့်ရွှေ့လိုက်ရင်း တွေးလိုက်မိသည်။
နောက်ထပ်နေရာတစ်ခုတွင် မီးဖိုတစ်ခုနှင့် အလုပ်လုပ်ရန် ခုံရှည်တစ်ခုရှိပြီး ကျိုးလီချင်း မမှတ်မိနိုင်သော သတ္တုရိုင်းများနှင့် တွင်းထွက်ပစ္စည်းအမျိုးမျိုး အပြည့်အနှက်ပါသည့် သေတ္တာများလည်း ရှိနေသည်။
အခြားနေရာတစ်ခုတွင်မူ မင်တုံးများ၊ မင်သွေးကျောက်ပြားများနှင့် မှတ်တမ်းလိပ်များ ရှိနေ၏။
နောက်ထပ်နေရာတစ်ခုတွင် လက်နက်စင်တစ်ခုရှိပြီး လက်နက်အမျိုးမျိုးနှင့် ပြည့်နှက်နေကာ နေရာတစ်ချို့မှာမူ လေ့ကျင့်ရေးကွင်းတစ်ခုနှင့် တူလေသည်။
"ဒါတွေအကုန်လုံးက ငါတို့အတွက်လား"
သူမက အံ့သြမှင်တက်စွာ ရေရွတ်လိုက်မိသည်။
"ဒီလိုပါပဲ..."
ကျိုးရီက သူမနှင့်အတူ မြင်ကွင်းကို ငေးမောကြည့်ရင်း ပြောလိုက်လေသည်။
အထူးဇုန်နယ်မြေတွင် ဤမျှလောက် အရာများစွာ စုပုံနေလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ။
"ငွေရောင်ခန္ဓာကိုယ်ကို ရဖို့အတွက် ငါတို့ အသုံးပြုနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဆေးနည်းဆယ်ခုထက်မက ရှိတယ်”
“ဒါတင်မကသေးဘူး... ရွှေရောင်ခန္ဓာကိုယ်ကိုရောက်ဖို့ ကူညီပေးမယ့်အရာတွေတောင် ရှိသေးတယ်။ ပြီးတော့ စိန်ရောင်ခန္ဓာကိုယ်ကို ဘယ်လိုရနိုင်မလဲဆိုတာကို ဖော်ပြထားတဲ့ ဆေးနည်းတစ်ခုတောင် ရှိသေးတယ်..."
ကျိုးရီက ပြောလိုက်၏။
"ဆိုးတာက ပါဝင်ပစ္စည်းတွေကို ထောက်ပံ့မပေးထားသလို ငါတို့ စုဆောင်းထားတဲ့အရာတွေထဲက ဘယ်အရာကမှလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီလိုဆေးရည်မျိုးကို ဖော်စပ်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုအဆင့်ကို ထည့်မတွက်ထားရင်တောင်မှပေါ့..."
ကျိုးရီက သူ၏လေသံတွင် နောင်တတရားများ ပြည့်နှက်နေလျက် ပြောလိုက်လေသည်။
ကျိုးလီချင်းသည် ဆေးဖော်စပ်ရန် အထူးသီးသန့်ဖယ်ထားပုံရသည့် နေရာသို့ ဖုတ်ကောင်တစ်ကောင်ကဲ့သို့ မျက်နှာအမူအရာဖြင့် လမ်းလျှောက်သွားခဲ့သည်။
မတူညီသော အကန့်များတွင် စီစဉ်ထားသည့် တောင်တန်းကဲ့သို့ ဆေးပင်များကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားတော့သည်။
၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ မည်သည့်အရာများဖြစ်ကြောင်း သူမ မပြောနိုင်သော်လည်း ၎င်းတို့၏ အဆင့်ကို ကြည့်ခြင်းအားဖြင့် အားလုံးမှာ အမြင့်ဆုံးမြေကမ္ဘာအဆင့်ဆေးပင်များဖြစ်ကြောင်း သိနိုင်သည်။
သူမ၏လက်များက ဖားပြုပ်တစ်ကောင်၏ ပုံသဏ္ဍာန်ကဲ့သို့ ဒီဇိုင်းထုတ်ထားသော ဆေးပေါင်းဖိုများဆီသို့ ရောက်သွားလေ၏။
အဆိုပါဆေးပေါင်းဖိုမျိုးမှာ သုံးခုရှိပြီး တစ်ခုနှင့်တစ်ခု အရောင်မတူညီကြပေ။
တစ်ခုမှာ မြေညိုရောင်၊ နောက်တစ်ခုမှာ မီးခိုးရင့်ရောင်ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ အဝါရောင်ဖြစ်သည်။
၎င်းတို့၏ အရည်အသွေးများက တစ်ပြေးညီဖြစ်ပုံရကာ ပတ်ပတ်လည်တွင် တောက်ပနေသော စာလုံးငယ်လေးများ ရှိနေပြီး အောက်ဘက်တွင်မူ ညင်သာသော မီးတောက်ဖြူများ ထုတ်လွှတ်ပေးသည့် မီးသွေးခဲများနှင့် တူသောအရာများ ရှိနေပေသည်။
ထိုသို့ဖြင့် သူမသည် အထူးဇုန်နယ်မြေ၏ မတူညီသော အပိုင်းများအနှံ့သို့ သတိလက်လွတ်သွားလာကာ ထိုနေရာတွင် သိမ်းဆည်းထားသော မတူညီသည့် သယံဇာတများကို လေ့လာစစ်ဆေးနေလေသည်။
နေရာတိုင်းတွင် မြေကမ္ဘာအဆင့် ထိပ်တန်းအဆင့်ရှိ တူညီသော သယံဇာတပစ္စည်းများ ရှိနေ၏။
လက်နက်အမျိုးမျိုးရှိသော နေရာ၌သာ ကွဲပြားမှုကို သူမ တွေ့ခဲ့ရသည်။
ထိုနေရာတွင် သိမ်းဆည်းထားသော အချောထည်လက်နက်များကို သေမျိုးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ၎င်းတို့၏ အရည်အသွေးက သေသပ်လှပနေပုံရသော်လည်း ကျင့်ကြံခြင်းအခြေခံမရှိသူများအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။
အကယ်၍ သူမကသာ ထိုလက်နက်များကို ရာစုနှစ်သံမဏိကျောက်စရစ်ခဲဖြင့် အားကုန်လွှဲပေါက်ရဲပါက ၎င်းတို့ထဲမှ အနည်းငယ်မှာ ကျိုးပဲ့သွားမည်ကို သေချာပေါက် သိနေသည်။
လေ့ကျင့်ရေးကွင်းက သူမကို အအံ့သြဆုံးဖြစ်စေခဲ့သော နေရာဖြစ်၏။
ထိုနေရာတွင်ရှိနေသည့် စက္ကန့်တိုင်း၌ သူမကိုယ်သူမ တည်ငြိမ်လာပြီး အတွေးများက ပိုမိုထက်မြက်လာသည်ကို ခံစားနိုင်လေသည်။
"ဒီနေရာက..."
သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
"တောင်ပေါ်တက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ငါတို့ရဲ့ ခွန်အားတွေတိုးလာအောင် ကူညီပေးဖို့ အထူးတလည် ဒီဇိုင်းထုတ်ထားတာပဲ..."
ကျိုးရီက ဝင်ပြောလိုက်လေသည်။
ကျိုးရီ ထိုသို့ပြောလိုက်သည်နှင့် ကျိုးလီချင်း လှည့်ကြည့်လိုက်ရာ သူတို့၏ စိတ်ဓာတ်များက တိုက်ခိုက်လိုစိတ်များဖြင့် မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။
တည်ငြိမ်သော ယုမေပင်လျှင် သူမ၏ မျက်လုံးများထဲ၌ တိုက်ခိုက်လိုစိတ်များ လင်းလက်သွားသည်ကို မြင်လိုက်ရ၏။
"ငါတို့ ထိပ်ဆုံးကို ရောက်ရမယ်ဟေ့"
လေထု၏ လွှမ်းမိုးမှုအောက်သို့ ရောက်သွားသော ကျိုးလီချင်းက အော်ဟစ်လိုက်သော်လည်း သူတို့သုံးယောက်က သူမကို မှင်တက်စွာ ကြည့်နေကြသည်ကို မြင်လိုက်ရချိန်တွင် ရှက်ကိုးရှက်ကန်းဖြင့် ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်တော့သည်။
"ငါတို့ ထိပ်ဆုံးကို ရောက်ရမယ်ဟေ့"
စက္ကန့်အနည်းငယ်အကြာတွင် ထိုသုံးယောက်သားကလည်း အော်ဟစ်လိုက်ကြပြီးနောက် အားလုံး ပွဲကျကာ ရယ်မောလိုက်ကြလေတော့သည်။