← Chapters

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း (၃၃၈) - သိုင်းပညာများ ရွေးချယ်ခြင်း (၁)

အဖွဲ့သားများမှာ တောင်ထိပ်သို့ ရောက်ရှိနိုင်မည်ဟူသော မျှော်လင့်ချက်ကြောင့် စိတ်အားထက်သန်လာပြီးနောက် သူတို့ရရှိထားသော ဆေးညွှန်းအမျိုးမျိုးကို အကဲဖြတ်ကာ ဆေးရည်ဖော်စပ်ရန် ပြင်ဆင်လိုက်ကြလေသည်။

"ငါတို့ သတိလစ်နေတာ သုံးနာရီတောင် ကြာသွားတာလား"

ကျိုးရီက ရုတ်တရက် အော်ဟစ်လိုက်၏။

သူက သိချင်စိတ်ဖြင့် သူတို့ သတိလစ်နေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း ကျိုးလီချင်းကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

မှိုများကိုမစားမီ ဟယ်ရှန်းပြောခဲ့သလို တစ်နာရီ သို့မဟုတ် မိနစ်သုံးဆယ်ခန့်သာ ကြာမည်ဟု ထင်မှတ်ထားခဲ့သော်လည်း သုံးနာရီဟူသောအချိန်ကား ဟယ်ရှန်းပြောခဲ့သည်ထက် အလွန်ပင် ကျော်လွန်နေချေပြီ။

"ဟုတ်တယ်၊ သုံးနာရီတောင် ကြာသွားတယ်။ တစ်ခုခုမှားယွင်းနေပြီလို့ ငါလည်း ထင်ခဲ့ပေမယ့် နင့်ရဲ့အသက်ရှူနှုန်းက ပုံမှန်ပဲလေ..."

ကျိုးလီချင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။

သို့သော် ထိုပေါ့ပါးမှုက ကျိုးရီ၏ မျက်နှာအမူအရာကို ပြေလျော့သွားစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

"ခွေးကောင်၊ မင်းပြောတော့ အလွန်ဆုံးမှ တစ်နာရီပဲဆို။ ဘယ်လိုလုပ်ပြီး သုံးနာရီတောင် အိပ်ပျော်သွားရတာလဲ"

ကျိုးရီက မကျေနပ်မှုများ ပေါ်လွင်နေသော လေသံဖြင့် ဟယ်ရှန်းကို မေးလိုက်၏။

ထိုအမှန်တရားကြောင့် ဟယ်ရှန်းကိုယ်တိုင်လည်း ကျိုးရီနည်းတူ တုန်လှုပ်သွားပုံရသည်။

သို့သော်လည်း ကျိုးရီက သူ့ကို အပြစ်တင်ခွင့်မရစေရန် သူ၏ မျက်နှာအမူအရာကို တည်ငြိမ်လေးနက်သောအသွင်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်လေသည်။

"အဘိုးက ငါ့ကို အဲဒီလိုပဲ ပြောခဲ့တာလေ။ ဒီနေ့မှ ငါကိုယ်တိုင် ပထမဆုံးအကြိမ် စမ်းသုံးကြည့်ဖူးတာ”

“အမဲလိုက်တဲ့အခါ အများအားဖြင့် ငါတစ်ယောက်တည်း ဖြစ်နေတတ်လို့ တခြားအချိန်တွေမှာ ဒီလိုစွန့်စားမှုမျိုး မလုပ်ရဲဘူး”

“တစ်ယောက်တည်းရှိနေတုန်း တစ်နာရီလောက် သတိလစ်နေတာက ငါ တာဝန်မယူနိုင်တဲ့ စွန့်စားမှုမျိုးပဲ..."

"မင်း... မင်း... ဘယ်လောက်တောင် ပေါ့ဆရတာလဲကွာ"

ကျိုးရီသည် တုန်ယင်နေသော လက်ချောင်းများဖြင့် ဟယ်ရှန်းကို ညွှန်ပြကာ စကားပြောရန်ပင် ရုန်းကန်နေရ၏။

သူသည် မိမိ၏ စိတ်ခံစားချက်များအား ထိန်းချုပ်နိုင်စွမ်းရှိခြင်းအပေါ် အမြဲတစေ ဂုဏ်ယူလေ့ရှိသည်။

အထူးသဖြင့် စိတ်ခံစားချက်ထိန်းချုပ်နိုင်ခြင်းက သူ၏ အသက်မွေးဝမ်းကျောင်း ကိရိယာတစ်ခုဖြစ်သော ခရမ်းရောင်မြို့တော်၌ ပို၍ပင် အရေးပါပေသည်။

သို့တိုင် ဟယ်ရှန်းနှင့် တွေ့ဆုံပြီးကတည်းက သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ပိုမိုရုန်းကန်လာရပြီး အထူးသဖြင့် ဒေါသပေါက်ကွဲမှုများကို ထိန်းချုပ်ရန် ပိုမိုခက်ခဲလာလေသည်။

'ငါ့ခန္ဓာကိုယ်ထဲမှာ သွေးနီရဲရဲသားရဲစိတ်၀င်မှိုရဲ့ အာနိသင်တွေ ရှိနေသေးတာလား...'

သူ အလွယ်တကူ ဒေါသထွက်လာသည်ကို သတိထားမိသောအခါ စိတ်ထဲမှ တွေးလိုက်မိသည်။

"အဘိုး လိမ်ပြောခဲ့တယ်လို့‌ ငါမထင်ဘူး... ယုမေ၊ မြစ်ထဲကိုမျိုချခံရချိန်မှာ မင်းတစ်ယောက်တည်း နိုးနေတာလို့ ပြောခဲ့တယ် မဟုတ်လား..."

ယုမေက ဟယ်ရှန်း၏ မေးခွန်းကို တုံ့ပြန်သောအားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကျိုးလီချင်းလည်း သတိလစ်သွားတယ်ဆိုတော့ မြစ်က ငါတို့ကို တစ်ခုခုလုပ်လိုက်တာ ဖြစ်နိုင်တယ်”

“ပြီးတော့ မှိုက ခန္ဓာကိုယ် အကောင်းပကတိရှိနေမှသာ အလုပ်လုပ်တာလေ၊ မင်းက အကောင်းမှ မဟုတ်ဘဲ... ဆေးပင်တချို့နဲ့ ပြန်ဆက်ထားရတဲ့ အရိုးစုအကျိုးကြီး သက်သက်ပဲဟာကို”

“အဲဒီလိုအခြေအနေမျိုးနဲ့ ခန္ဓာကိုယ်တစ်ခုက သွေးနီရဲရဲသားရဲစိတ်၀င်မှိုလို ပြင်းထန်တဲ့ အာနိသင်ကို ဘယ်လိုလုပ် အလွယ်တကူ ခံနိုင်ရည်ရှိမှာလဲ။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား"

ဟယ်ရှန်းက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"မင်းလည်း သုံးနာရီတောင် သတိလစ်နေတာပဲ မဟုတ်ဘူးလား။ ငါ့မှာက အရိုးကျိုးနေလို့ဆိုတဲ့ ဆင်ခြေလေးတောင် ရှိသေးတယ်။ မင်းကရော ဘာဆင်ခြေရှိလဲ"

ကျိုးရီက လျင်မြန်စွာ ပြန်လည်ချေပလိုက်၏။

သူတို့နှစ်ဦး အပြန်အလှန် ငြင်းခုန်နေကြပြီးနောက် ဟယ်ရှန်းဖော်စပ်နေသော ဆေးရည်မှာ လျှံကျလုနီးပါးဖြစ်လာချိန်တွင်မှ ကျိုးလီချင်းက ဝင်ရောက်တားဆီးလိုက်ရတော့သည်။

ဟယ်ရှန်းသည် ဖားပြုတ်ဆေးပေါင်းဖိုထဲသို့ ဆေးပင်တစ်ဆုပ်စာခန့်ကို လျင်မြန်စွာ ပစ်ထည့်လိုက်ရာ လျှံကျလုနီးပါးဖြစ်နေသော ဆေးရည်များမှာ တဖြည်းဖြည်း ငြိမ်ကျသွားလေသည်။

"သူ ဘာဆေးရည်ဖော်စပ်နေတာလဲ"

ကျိုးလီချင်းက စာမေးပွဲမစတင်မီတွင် ယန်ချင်း ပေးအပ်ထားသော ဆောင်းဦးရွက်ကြွေသိုင်းစဉ် ၁၀၈ ချက်ပါဝင်သည့် လက်စွဲစာအုပ်ကို ထုတ်ယူကာ မေးလိုက်၏။

သူမသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ ကြေးအဆင့်မှ ငွေအဆင့်သို့ မည်သို့ကူးပြောင်းရမည်ကို ဖော်ပြထားသော စာမျက်နှာသို့ လှန်လိုက်သည်။

ထိုအပိုင်းတွင် မတူညီသော ဆေးညွှန်းရှစ်မျိုး ပါဝင်ပေသည်။

"ငါတို့ ဒီတစ်ခုကို ရွေးထားတာ... မြရောင်ကောင်းကင်ကျေးဇူးဆေးရည်လေ..."

ကျိုးရီက အဆိုပါအမည်ဖြင့် ရေးသားထားသော ဆေးညွှန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

၎င်း၏အောက်တွင် လိုအပ်သော ပါဝင်ပစ္စည်းများ၊ ဆေးပေါင်းဖိုထဲသို့ ထည့်သွင်းရမည့် ယေဘုယျအစီအစဉ်နှင့် အချောသတ်ထွက်ပေါ်လာမည့် ဆေးရည်၏ ပုံပန်းသဏ္ဍာန်တို့ကို ဖော်ပြထားသည်။

သို့သော်လည်း ပါဝင်ပစ္စည်းအချိုးအစား၊ ပါဝင်ပစ္စည်းများကို မည်သို့လုပ်ဆောင်ရမည်နည်း၊ အပူချိန်ထိန်းချုပ်မှုနှင့် ဆေးရည်ဖော်စပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အခြားသော အတိအကျတိုင်းတာမှုများစသည့် အသေးစိတ်အချက်အလက်များကိုမူ တမင်တကာ ချန်လှပ်ထားခဲ့သည်။

ယင်းကိုမြင်လျှင် ကျိုးလီချင်းမှာ ခေါင်းယမ်းလိုက်ရုံမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ဆေးညွှန်းပေါ်၌ ရေးသားထားသော ပါဝင်ပစ္စည်းများတွင် အနည်းဆုံး ရုပ်ပုံကားချပ်များ ပါဝင်နေသည်။

ထိုဆေးညွှန်းအတွက် ဝိညာဉ်ဆေးပင် ၂၁ မျိုးခန့်နှင့် ဝိညာဉ်သားရဲများမှ အစိတ်အပိုင်းများအပြင် သတ္တုရိုင်းတစ်ဒါဇင်ကျော် လိုအပ်လေသည်။

ကျိုးလီချင်းသည် မြေကမ္ဘာအဆင့် အရင်းအမြစ်များ မရှားပါးသော အဆင့်နှစ်မိသားစုတွင် မွေးဖွားလာခဲ့သော်ငြား စာရင်းကို ကြည့်လိုက်သောအခါ ဆေးပင်များနှင့် သတ္တုရိုင်းများ၏ ထက်ဝက်ခန့်ကိုပင် မမှတ်မိနိုင်ခဲ့သလို ဝိညာဉ်သားရဲများ၏ အစိတ်အပိုင်းများနှင့် ပတ်သက်လာလျှင်လည်း လုံးဝ နားလည်နိုင်စွမ်း မရှိခဲ့ပေ။

"ဟယ်ရှန်း၊ နင်က ဆေးပညာကို သိနေတာလား"

ကျိုးလီချင်းက လေသံတွင် အံ့သြမှုအပြည့်ဖြင့် မေးလိုက်လေသည်။

သူမက ဟယ်ရှန်းအား အထင်သေးလို၍ မဟုတ်ပေ။

သို့ရာတွင် ဆေးပညာဆိုသည်မှာ မှော်လက်နက်နှင့် လက်နက်ဖန်တီးခြင်း၊ အင်းကွက်များနှင့် ဝင်္ကပါများ လေ့လာဖန်တီးခြင်းတို့ကဲ့သို့ပင် တိုးတက်မှုရရှိရန်အတွက် အဆမတန်များပြားလှသော အရင်းအမြစ်များ လိုအပ်သည့် ဘာသာရပ်တစ်ခု ဖြစ်ပေသည်။

ဟယ်ရှန်း၏ အဝတ်အစားနှင့် အသုံးအဆောင်များကို ကြည့်ခြင်းအားဖြင့် သူသည် တောင်တန်းပမာ ကြီးမားသော အရင်းအမြစ်များကို လက်လှမ်းမီနိုင်သည့်လူဟု မထင်ရပေ။

"ငါ့အဘိုးက ကိစ္စတော်တော်များများမှာ အားကိုးမရဖြစ်ချင်ဖြစ်နေမှာ၊ ဒါပေမဲ့ ဆေးပင်တွေအကြောင်း လေ့လာတာနဲ့ အသုံးချတဲ့နေရာမှာတော့ တခြားလူတစ်ယောက်လိုပဲ”

“ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်မိတတ်တဲ့ တုံးအအအဘိုးကြီးက ဆေးပညာနဲ့ ဆေးပင်တွေအကြောင်း၊ ပြီးတော့ ဝိညာဉ်သားရဲတွေရဲ့ ဘယ်အစိတ်အပိုင်းက စားလို့အကောင်းဆုံးလဲဆိုတာကို လေ့လာတဲ့နေရာမှာတော့ အဆုံးအစမရှိတဲ့ ဉာဏ်ပညာရေကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတတ်တယ်..."

ဟယ်ရှန်းသည် နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် လောဘတကြီးဖြင့် နှုတ်ခမ်းသပ်လိုက်မိလေသည်။

"သူ့ရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တဲ့ ငါက သူ့ကို မယှဉ်နိုင်သေးပေမယ့် ဒီအတိုင်း အဆင်ပြေရုံလောက်တော့ သိထားပါတယ်။ အနည်းဆုံးတော့ တစ်ယောက်သောသူထက် ပိုသိတာပေါ့..."

ဟယ်ရှန်းက မာနတခွဲသားဖြင့် ပြောဆိုလိုက်ကာ ဒေါသထွက်နေသော ကျိုးရီကို လှောင်ပြောင်သရော်သည့် မျက်လုံးများဖြင့် စောင်းငဲ့ကြည့်လိုက်၏။

သူတို့နှစ်ဦး၏ တုံ့ပြန်ပုံကို မြင်လိုက်ရသောအခါ ကျိုးလီချင်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။

သူမက ယုမေထံသို့ မေးခွန်းထုတ်သည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

'သူတို့တွေ ဘယ်အချိန်ကတည်းက ဒီလောက်ရင်းနှီးသွားကြတာလဲ'

မကြာမီမှာပင် အဖွဲ့သားများသည် ဟယ်ရှန်းဖော်စပ်နေသော ဆေးရည်အပေါ်သို့ အာရုံပြန်စိုက်လိုက်ကြသည်။

အသင်းဖော်ကောင်းပီသစွာပင် ကျိုးလီချင်းက ကူညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဟယ်ရှန်းက ရုတ်တရက် သူမ၏ ဆေးပင်နှင့် ဆေးပညာ ဗဟုသုတအပေါ် မေးခွန်းအနည်းငယ် မေးမြန်းလိုက်ပြီးနောက် ထိုနယ်ပယ်များတွင် လွန်စွာအားနည်းနေကြောင်း ပေါ်လွင်သွားသောအခါ ကျိုးလီချင်းမှာ ရက်ရက်စက်စက် နှင်လွှတ်ခံလိုက်ရလေသည်။

သို့သော် ဟယ်ရှန်းက သူမအား နှင်ထုတ်ရာတွင် ကျိုးရီနှင့် ဆက်ဆံပုံမျိုးမဟုတ်ဘဲ ပို၍နူးညံ့သိမ်မွေ့နေခြင်းက သူမကို အံ့အားသင့်စေခဲ့သည်။

"သူ့ဘာသာလုပ်ပါစေ။ သူ့ရဲ့ မာနထောင်လွှားနေတဲ့ မျက်ခွက်ပေါ် ဆေးပေါင်းဖိုကြီး ပေါက်ကွဲသွားမှာကို ငါ မစောင့်နိုင်တော့ဘူး..."

ကျိုးရီက အဆိပ်ပြင်းသော လေသံဖြင့် ပြောလိုက်၏။

ဟယ်ရှန်း ကျရှုံးလိမ့်မည်ဟု သံသယမရှိသဖြင့် ကျိုးလီချင်းက သူမ၏ မှတ်ချက်များကို ထိန်းသိမ်းထားလိုက်သည်။

သူမသည် ဆေးပညာတွင် မကျွမ်းကျင်သော်လည်း ကျိုးမျိုးနွယ်စုအတွင်းမှ ထက်မြတ်သော ဆေးဆရာအချို့ကို မြင်ဖူးခဲ့ခြင်းကြောင့် ဟယ်ရှန်း၏ ပါဝင်ပစ္စည်းများကို ကိုင်တွယ်စီမံနေပုံကို မြင်သောအခါ သူ့ထံတွင် ထူးခြားသော ကျွမ်းကျင်မှုများရှိကြောင်း သူမ သိနိုင်သည်။

ကျိုးရီလည်း ထိုအချက်ကို သိနေသောကြောင့်သာ ဤကဲ့သို့ ခါးသီးသော အမူအရာဖြစ်နေခြင်းပင်။

'သူ့အဘိုးက ကျွမ်းကျင်တဲ့ ဆေးဆရာတစ်ယောက်ဖြစ်ခဲ့မှာ သေချာတယ်။ ဘယ်အဆင့်မှာ ရှိနေခဲ့မလဲဆိုတာကိုတော့ သိချင်မိသား...'

ကျိုးလီချင်းက တွေးလိုက်လေသည်။

"လီချင်း၊ ယုမေ၊ ဒီဆေးရည်နဲ့ ပေါင်းစပ်ပြီး ဘယ်သိုင်းပညာကို သုံးဖို့ ရည်ရွယ်ထားကြလဲ"

ကျိုးရီက သူ၏ လက်စွဲစာအုပ်ကို စေ့စေ့စပ်စပ် ဖတ်ရှုနေစဉ် မျက်လုံးများအတွင်း မျှော်လင့်ချက်များ တောက်ပလျက် စိတ်အားထက်သန်စွာ မေးမြန်းလိုက်၏။

"ဒီသိုင်းပညာတွေကို ကြည့်စမ်းပါဦး။ လက်သီးသိုင်း၊ လက်ဝါးသိုင်း၊ ဓားသိုင်း၊ ခြေထောက်သိုင်း၊ ကိုယ်ဖော့သိုင်း၊ လှံသိုင်း... ဆောင်းဦးရွက်ကြွေ ကျင့်စဉ်သိုင်း ၁၀၈ ချက်မှာ ရွေးချယ်စရာ နယ်ပယ်တွေ အများကြီးပဲ”

“ငါကတော့ ဓားသိုင်းနဲ့ဆိုရင် အံကိုက်ဖြစ်မယ်ထင်တယ်..."

ကျိုးရီသည် ဆေးပေါင်းဖိုဘေးရှိ တန်ဓားရှည်ကို ဆွဲယူကာ ကောင်းကင်သို့ ချိန်ရွယ်လျက် ရဲရင့်ပြတ်သားစွာ ပြောလိုက်သည်။

"နင် ရူးကြောင်ကြောင်မလုပ်ဘဲ နေလို့မရဘူးလား"

ကျိုးလီချင်းက အစ်ကိုဖြစ်သူ၏ ရူးကြောင်ကြောင်အသွင်အပြင်ကို ရယ်မောရင်း ပြောလိုက်လေသည်။

"လီချင်း၊ နင့်အစ်ကိုက ထူးချွန်တဲ့ ဓားသမားတစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ မထင်ဘူးလား..."

ကျိုးလီချင်းက ဓားကို သိမ်းဆည်းလိုက်ချိန်တွင် ကျိုးရီက သနားစဖွယ်မျက်နှာထားဖြင့် ညည်းတွားလိုက်၏။

"ငါတို့ ဒီကိုရောက်ဖို့အတွက်တင် အချိန်ငါးနာရီနီးပါးလောက် အလဟဿဖြစ်ခဲ့ပြီးပြီ”

“လက်သီး၊ လက်ဝါး၊ ခြေထောက် ဒါမှမဟုတ် ကိုယ်ဖော့သိုင်းတွေကို လေ့ကျင့်တာက ငါတို့အတွက် အချိန်တိုအတွင်း ရလဒ်ကောင်းတွေရဖို့ ပိုကောင်းလိမ့်မယ်..."

ကျိုးလီချင်းက အဆိုပါနယ်ပယ်လေးခုနှင့် သက်ဆိုင်သော သိုင်းပညာများကို ရှာဖွေဖတ်ရှုရင်း ပြန်လည်ပြောဆိုလိုက်လေသည်။

All Chapters