အခန်း ၃၃၉
Vol. 34 Ch. 339
အခန်း (၃၃၉) - သိုင်းပညာများ ရွေးချယ်ခြင်း (၂)
လက်သီးသိုင်းနှင့်ပတ်သက်သည့် သိုင်းပညာကို လှိုင်းပုတ်လက်သီးသိုင်းဟု ခေါ်ဆိုပြီး လက်ဝါးသိုင်းကိုမူ ညှိုးရော်သစ်ရွက်လက်ဝါးသိုင်းဟု ခေါ်လေသည်။
ခြေသိုင်းမှာ နှင်းမုန်တိုင်းခွဲခြေကန်သိုင်းဖြစ်ပြီး နောက်ဆုံးခြေလှမ်းသိုင်းမှာမူ ခြေရာမဲ့သစ်ရွက်လွင့် ခြေလှမ်းသိုင်းဟု အမည်ရပေသည်။
ကျိုးလီချင်းသည် လှိုင်းပုတ်လက်သီးသိုင်းကို အကြမ်းဖျင်းမျှသာ ဖတ်ရှုခဲ့သော်လည်း ထိုတစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ယင်းသိုင်းပညာကို သိသိသာသာ တိုးတက်လာစေရန်အတွက် သူတို့အနေဖြင့် ထူးခြားသော ကြိုးစားအားထုတ်မှု လိုအပ်မည်ဖြစ်ကြောင်း သိလိုက်ရ၏။
သူတို့ရရှိထားသော အချိန်တိုလေးအတွင်း သိသာထင်ရှားသည့် တိုးတက်မှုမျိုး ရရှိချင်ပါက တစ်ခုတည်းကိုသာ အာရုံစိုက်မှ ရနိုင်လိမ့်မည်။
ထိုသိုင်းပညာတစ်ခုစီတိုင်းတွင် အဆင့်အသီးသီး၌ အကောင်အထည်ဖော်ရန်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဖောက်ထွက်နိုင်ရန် ဆေးရည်များနှင့် မည်သို့ပေါင်းစပ်ရမည်ဟူသော လမ်းညွှန်ချက်များ ပါဝင်လေသည်။
ယင်းတို့တွင် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ ရွှေအဆင့်အထိ အဆင့်ဆင့်သော လမ်းညွှန်ချက်များ ပါရှိပေသည်။
ကျိုးလီချင်းက သိုင်းပညာတစ်ခုစီတိုင်းကို အပေါ်ယံ ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် သူမအတွက် အခွင့်အရေးပိုများနိုင်မည်ဟု ထင်ရသော သိုင်းပညာတစ်ခုကို ရွေးချယ်လိုက်လေတော့သည်။
"ငါကတော့ လက်သီးသိုင်းကိုပဲ ရွေးမယ်"
ကျိုးရီက ပြောလိုက်၏။
"ငါကတော့ လက်ဝါးသိုင်းလို့ ဆုံးဖြတ်လိုက်ပြီ။ ညီမလေးယုမေကရော ဘယ်လိုလဲ"
ကျိုးလီချင်းက မေးလိုက်သည်။
ယုမေက အစပိုင်းတွင် ဖြေရန် တုံ့ဆိုင်းနေပုံရသော်လည်း အနေခက်စွာဖြင့် ပြန်ဖြေလာလေသည်။
"ကျွန်မက ဖူးပွင့်လာတဲ့ အေးချမ်းသောကြာပန်း တရားထိုင်ခြင်းသိုင်းကို ရွေးမလို့ပါ"
ယုမေက အဆူခံရမည်ကို ကြောက်ရွံ့နေသော ကလေးတစ်ဦး၏ စိုးရိမ်တကြီးအပြုံးဖြင့် ပြောလိုက်၏။
"ဘာလို့လဲ"
ကျိုးရီက အလွန်အမင်း အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။
ဖူးပွင့်လာသော အေးချမ်းသည့်ကြာပန်း တရားထိုင်ခြင်းသိုင်းမှာ စိတ်ကို ခိုင်မာစေရန်နှင့် ငြိမ်သက်စေရန်အတွက်သာ ဖြစ်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဖောက်ထွက်ရာတွင် အသုံးမပြုနိုင်ပေ။
ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်များရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏ ခန္ဓာကိုယ်များအား တိုးတက်ခိုင်မာလာစေရန်သာ အာရုံစိုက်ကြသည်။
ကျိုးရီ သိထားသလောက်ဆိုလျှင် ဤသည်မှာ ချီသန့်စင်ခြင်းနယ်ပယ်အထိပင် သက်ရောက်မှုရှိပြီး စဉ်ဆက်မပြတ် လေ့ကျင့်မှုများနှင့် ဆေးရည်များက ချီသွေးကြောများကို ခိုင်မာကျယ်ပြန့်လာစေကာ ချီပမာဏအမြောက်အမြားကို ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိစေရန် လုပ်ဆောင်ပေးသည်။
အခြေခံတည်ဆောက်ခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်မှသာလျှင် ခန္ဓာကိုယ်နှင့် မသက်ဆိုင်သော အခြားရှုထောင့်များကို အာရုံစိုက်လေ့ရှိကြပေသည်။
ကျင့်ကြံသူတစ်ဦးသည် အခြေခံတည်ဆောက်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်များသို့ ရောက်ရှိမှသာ သူတို့၏ စိတ်ဝိညာဉ်ကို စတင်ခိုင်မာအောင် ပြုလုပ်လေ့ရှိသည်။
ထိုအချိန်မတိုင်မီ ပြုလုပ်ခြင်းက ကျင့်ကြံခြင်းအရှိန်ကို နှေးကွေးသွားစေရုံသာရှိပြီး အစောပိုင်းအဆင့်တွင် စိတ်ဝိညာဉ်ကို လေ့ကျင့်ခြင်းသည် အသုံးမဝင်သလောက်ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ဖောက်ထွက်ရန် နီးကပ်လာချိန်မှသာလျှင် စိတ်ဝိညာဉ်ပင်လယ် ပွင့်လာလေ့ရှိသောကြောင့်ဖြစ်၏။
အစောပိုင်းကာလများတွင် စိတ်ဝိညာဉ်တိုးတက်လာစေရန် အာရုံစိုက်တတ်သူများဟူ၍ ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင်များကိုသာ သူ သိထားလေသည်။
'နေပါဦး၊ သူမကများ...'
အနေရခက်စွာပြုံးနေသော ယုမေထံ အကြည့်ရောက်သွားချိန်တွင် ကျိုးရီ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။
'သူမကသာ အဲ့ဒီလိုမျိုးဆိုရင်တော့ ဒါတွေအကုန်လုံးက ရှင်းသွားပြီ...'
ကျိုးရီက ခေါင်းယမ်းရင်း တွေးလိုက်လေသည်။
"ယုမေ၊ ညီမလေး ဖြေစရာမလိုပါဘူး။ ဒါက ညီမလေးရဲ့ ဆန္ဒဆိုရင်လည်း အဆင်ပြေပါတယ်။ ငါတို့ ဒီအထိရောက်လာနိုင်တာ ညီမလေးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ပါတယ်။ ဒါက ညီမလေးအတွက် အကောင်းဆုံးလို့ ထင်ရင်လည်း ရပါတယ်"
ကျိုးရီက ယုမေအား ကြင်နာယုယသော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျိုးရီ"
ယုမေက သက်ပြင်းချကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးရင်း ပြောလိုက်သည်။
သူမသည် သတိအမြန်ဆုံး ပြန်လည်ရရှိခဲ့သူဖြစ်ပြီး ကျန်လူများထက် မိနစ်နှစ်ဆယ်ခန့်ပင် စောနေခဲ့သည်။
ကျန်သူများ အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် သူမက နေရာတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုရာ ဤနေရာသည် အထူးဇုန်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့၏။
သူမတွင် ဆေးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်း သို့မဟုတ် ထောက်ပံ့ပေးထားသော အခန်းကန့်များ၊ သယံဇာတများနှင့် သက်ဆိုင်သော အခြားစွမ်းရည်များ မရှိသဖြင့် သူမ၏စွမ်းအားကို တိုးတက်စေရန် ကြိုးစားသည့်အနေဖြင့် လမ်းညွှန်စာအုပ်ကိုသာ ဖတ်ရှုနေခဲ့သည်။
သူမ၏ အလိုလိုသိမြင်နိုင်သော အာရုံခံနိုင်စွမ်းမှလွဲ၍ သူမသည် လက်တွေ့တွင် အသုံးမကျသူတစ်ဦးဖြစ်ကြောင်း သိရှိထားရာ ကျန်သူများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် စွမ်းအားတိုးတက်လိုခဲ့ပေသည်။
ကျိုးရီကဲ့သို့ပင် သူမသည်လည်း လမ်းညွှန်စာအုပ်တွင် မှတ်တမ်းတင်ထားသော ကောင်းကင်ပျံလွှားဓားသိုင်းကို စမ်းသပ်ရန် စိတ်ကူးရှိခဲ့သည်။
သို့သော် မည်မျှခက်ခဲကြမ်းတမ်းကြောင်း တွေ့မြင်လိုက်ရချိန်တွင် သူမသည်လည်း ကျိုးလီချင်းကဲ့သို့ ကောက်ချက်ချလိုက်ပြီး အခြားသိုင်းပညာများကိုသာ စမ်းသပ်ကြည့်ရှုရန် ဆုံးဖြတ်လိုက်တော့သည်။
သူမ ဖတ်ရှုလေ့လာနေစဉ်အတွင်းမှာပင် တည်ငြိမ်သော အသံတစ်သံက အခြားသိုင်းပညာများကို လျစ်လျူရှုပြီး ဖူးပွင့်လာသော အေးချမ်းသည့်ကြာပန်း တရားထိုင်ခြင်းသိုင်းကိုသာ အာရုံစိုက်ရန် ပြောလာခဲ့သည်။
ထို့နောက် ယင်းအသံက အခြားသူများကို မပြောပြရန်လည်း မှာကြားခဲ့၏။
ထိုအသံပိုင်ရှင်ကို သူမ မသိသော်ငြား ထိုစကားများထံမှ မည်သည့်အငြိုးအတေးကိုမျှ မခံစားရသဖြင့် အဖွဲ့အစည်းထဲမှ တစ်စုံတစ်ယောက်ဖြစ်ရမည်ဟု ခံစားလိုက်ရသည်။
ငယ်ရွယ်စဉ်ကတည်းကပင် သူမ၏ အငြိုးအတေးများကို အာရုံခံနိုင်စွမ်းမှာ အမြဲတစေ အားကောင်းခဲ့ရာ ထိုစွမ်းရည်ကြောင့်ပင် ဖခင်ဖြစ်သူက လောင်းကစားရုံသို့ သူမအား မရောင်းစားမီ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပေသည်။
ယင်းသိုင်းပညာကို အဘယ်ကြောင့် ရွေးချယ်ရသနည်းဟု ကျိုးရီ မေးလာချိန်တွင် သူတို့ကို လိမ်ညာရမည်ဖြစ်၍ သူမ တုံ့ဆိုင်းနေခဲ့ခြင်းပင်။
သူတို့က အဖွဲ့အသစ်လေး ဖြစ်နေသော်ငြား သူတို့မှာ လူကောင်းများဟု ခံစားရပြီး မလိမ်ညာလိုခဲ့ပေ။
ထို့ကြောင့် ကျိုးရီ၏ နောက်ဆက်တွဲစကားက သူမအတွက် စိတ်သက်သာရာရစေခဲ့လေသည်။
"ဟယ်ရှန်း... နင်ရော ဘယ်လိုလဲ"
ဟယ်ရှန်း ဆေးပေါင်းဖိုအနီးမှ ခွာလာသည်ကို မြင်လိုက်ရချိန်တွင် ကျိုးလီချင်းက မေးလိုက်၏။
"ငါ့ရဲ့ ကစဉ့်ကလျားတိုက်ခိုက်ရေးဟန်နဲ့ဆိုရင် ခြေလှမ်းသိုင်းက ငါနဲ့ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ထင်တယ်…”
“ကဲ၊ ဒါဆိုရင် မင်းတို့ထဲက ဆေးရည်ကို ဘယ်သူစမ်းကြည့်ချင်လဲ၊ ဖော်ပြီးသွားပြီနော်"
ဟယ်ရှန်းက သူ၏အကြည့်ကြောင့် ဘေးဘီသို့ အလိုအလျောက် အကြည့်လွှဲသွားကြသော လူသုံးယောက်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒီလိုသဘောထားမျိုးနဲ့ဆိုရင် မင်းတို့တွေက ဘယ်လိုလုပ် ကျင့်ကြံသူတွေ ဖြစ်လာမှာလဲ..."
ဟယ်ရှန်းက လှောင်ပြောင်လိုက်လေသည်။
"မင်းတို့ထဲက ဘယ်သူမှ မလုပ်ချင်မှတော့ ငါပဲ လုပ်လိုက်ပါတော့မယ်"
ဟယ်ရှန်းက သစ်သားရေချိုးစည်ပိုင်းထဲသို့ ဆေးရည်များကို လောင်းထည့်ရင်း ပြောလိုက်၏။
ထိုအရည်သည် ရေကဲ့သို့ ပျစ်ချွဲပြီး စိမ်းပြာရောင်သန်းနေသည်။
ဆေးပေါင်းဖိုသည် သစ်သားရေချိုးစည်ပိုင်းထက် သေးငယ်နေသော်ငြား ဟယ်ရှန်းက ဆေးရည်များကို စည်ပိုင်းထဲ လောင်းထည့်လိုက်ချိန်တွင် အပြည့်အမောက် ဖြစ်သွားလေသည်။
ထို့နောက် ဟယ်ရှန်းက မျက်ရည်ပေါက်ပုံစံ အပြာနုရောင်သလင်းကျောက်တစ်လုံးကို ဆေးရည်ထဲသို့ ပစ်ထည့်လိုက်ပြီး အဝိုင်းပုံအဖုံးဖြင့် ဖုံးအုပ်လိုက်တော့သည်။
အဖုံး သေချာစွာ ပိတ်သွားကြောင်း အတည်ပြုပြီးနောက် သူက လမ်းညွှန်စာအုပ်ကို ထုတ်ယူကာ ခြေရာမဲ့သစ်ရွက်လွင့်ခြေလှမ်းသိုင်း လမ်းညွှန်ချက်များကို စတင်ဖတ်ရှုလိုက်သည်။
ဆေးရည်အသုံးပြုခြင်း၏ အဓိကသော့ချက်မှာ ပထမဦးစွာ ၎င်းတို့၏ စွမ်းအားများ ကုန်ခမ်းသွားသည်အထိ သက်ဆိုင်ရာ သိုင်းပညာကို လေ့ကျင့်ရန် ဖြစ်သည်။
ထို့နောက်တွင်မှ ခန္ဓာကိုယ်ခိုင်မာလာစေရန် ဆေးရည်ထဲရှိ အာဟာရဓာတ်များကို ဆာလောင်မွတ်သိပ်စွာ စုပ်ယူနိုင်မည့် ဆေးရည်ထဲသို့ ဝင်ရောက်စိမ်ရမည်ဖြစ်ပြီး ထို့နောက်တစ်ဖန် ပြန်ထွက်လာကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်း၌ ဆေးရည်ကို ပိုမိုကောင်းမွန်စွာ သန့်စင်နိုင်စေရန် ကူညီပေးမည့် သိုင်းပညာကို ပြန်လည်လေ့ကျင့်ရမည် ဖြစ်ပေသည်။
အနားမယူမီ အဆိုပါလုပ်ငန်းစဉ်ကို လေးကြိမ်တိတိ ပြုလုပ်ရန် လိုအပ်သည်။
သူတို့ လေ့ကျင့်သည့် သိုင်းပညာတွင် ပိုမိုကျွမ်းကျင်လာလေလေ၊ ဆေးရည်မှ အကျိုးကျေးဇူးများကို ပိုမိုရယူနိုင်လေလေဖြစ်ပြီး ၎င်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ နောက်တစ်ဆင့်သို့ မည်မျှလျင်မြန်စွာ ဖောက်ထွက်နိုင်မည်နည်းဆိုသည်အပေါ် အဓိပ္ပာယ်သက်ရောက်လေသည်။
ယခုရောက်ရှိနေသော အဖွဲ့ဝင်အားလုံးသည် ယုမေမှလွဲ၍ အားလုံး ကြေးအဆင့်တွင်သာရှိပြီး ငွေအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေသည်။