အခန်း ၃၄၀
Vol. 34 Ch. 340
အခန်း (၃၄၀) - ခြေရာမဲ့သစ်ရွက်လွင့် ခြေလှမ်းသိုင်း
ဟယ်ရှန်းမှာ ခြေရာမဲ့သစ်ရွက်လွင့် ခြေလှမ်းသိုင်းအကြောင်းကို ဖတ်လေလေ မျက်မှောင်ကြုတ်လာလေလေပင်။
သို့သော် ထို့ထက်ပို၍ သူ၏ရင်တွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းလာကာ မျှော်လင့်ချက်များဖြင့် ရင်ခုန်လှုပ်ရှားလာလေသည်။
ခြေရာမဲ့သစ်ရွက်လွင့် ခြေလှမ်းသိုင်းသည် ဘက်စုံသုံးနိုင်ပြီး သူ၏ ပုံသေမရှိသော တိုက်ခိုက်ရေးဟန်နှင့် အလွန်လိုက်ဖက်သည့် ပြောင်းလဲမှုပေါင်းများစွာ ပါဝင်လေ၏။
သူသည် အဆင်ပြေလျှင် မြားများကို အသုံးပြုပြီး မြားများကုန်သွားသောအခါ ဓားပျံများကို ပြောင်းလဲအသုံးပြုတတ်သည်။
အနီးကပ်တိုက်ခိုက်ရမည်ဆိုလျှင် ပုဆိန်ကို ကိုင်ဆောင်တိုက်ခိုက်တတ်သော်လည်း ဓားငယ်တစ်လက်ကို အသုံးပြုရသည်မှာလည်း သူ၏အကျင့်နှင့် ကိုက်ညီနေပြန်သည်။
တိုက်ပွဲလိုအပ်ချက်ပေါ် မူတည်၍ လက်နက်များကို အဆက်မပြတ် ပြောင်းလဲအသုံးပြုတတ်သောကြောင့် သူ၏တိုက်ခိုက်ရေးပုံစံကို ပံ့ပိုးပေးနိုင်မည့် ခြေလှမ်းသိုင်းတစ်ခု သူ့အတွက် လိုအပ်ပေသည်။
ထို့ကြောင့်ပင် သူ့အဘိုး ဝယ်ပေးခဲ့သော မည်သည့်ခြေလှမ်းသိုင်းကိုမျှ သူ မလေ့ကျင့်ခဲ့ခြင်း ဖြစ်၏။
မည်သည့်သိုင်းပညာရပ်ကမျှ သူ၏လိုအပ်ချက်များနှင့် မကိုက်ညီခဲ့သော်လည်း ယခုအခါ ခြေရာမဲ့သစ်ရွက်လွင့် ခြေလှမ်းသိုင်းကမူ နောက်ဆုံးတွင် သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့လေသည်။
ဤခြေလှမ်းသိုင်း၏ အဓိကရည်ရွယ်ချက်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အနုစိတ်ထိန်းချုပ်နိုင်ရန်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ လှုပ်ရှားမှုကို ထောက်ပံ့ရန်အတွက် အစိတ်အပိုင်းတစ်ခုတည်းကိုပင် အသုံးပြုနိုင်ရမည် ဖြစ်သည်။
ဥပမာအားဖြင့် ခန္ဓာကိုယ်ကို ရွေ့လျားရန် ခြေမတစ်ချောင်းတည်းကိုသာ အသုံးပြုကာ စွမ်းအင်ကို အနိမ့်ဆုံးထား၍ အသုံးချခြင်းဖြင့် မြေပြင်ပေါ်တွင် မည်သည့်သဲလွန်စမျှ ကျန်ရစ်ခဲ့မည်မဟုတ်ပေ။
ထို့ကြောင့် ၎င်းကို ခြေရာမဲ့ဟု အမည်ပေးထားခြင်း ဖြစ်၏။
ထိုပညာရပ်သည် သွက်လက်ပေါ့ပါးမှုကို ရရှိစေရန် ခြေလှမ်း၏ ပေါ့ပါးမှုကို အထူးအလေးပေးထားသည်။
မြေကြမ်း၊ ရွှံ့နွံတော၊ ကျောက်ဆောင်များနှင့် သန့်စင်သော ရေပြင်ပေါ်တွင်ပင် ဖြစ်စေကာမူ ထိုပညာရပ်ကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ထားသရွေ့ မည်သည့်နေရာကိုမဆို တူညီသော လွယ်ကူမှု၊ အမြန်နှုန်းတို့ဖြင့် ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ပေသည်။
ကြွေကျနေသော သစ်ရွက်တစ်ရွက်ကိုပင် ခုန်ပျံရန် ခြေနင်းခုံအဖြစ် အသုံးပြုနိုင်သေး၏။
ထိုသိုင်း၏ ကွဲပြားသော ပြောင်းလဲမှုများက ဟယ်ရှန်းကို အလွန်အမင်း အံ့အားသင့်သွားစေပြီး တစ်စုံတစ်ဦး၏ သဲလွန်စများကို ဖျောက်ဖျက်ပေးနိုင်ခြင်းမှာ မုဆိုးတစ်ဦးဖြစ်သော သူ့အတွက် အပိုဆုတစ်ခုပင် ဖြစ်လေသည်။
'စာမေးပွဲမအောင်ရင်တောင် ဒီကျင့်စဉ်ကို ဆက်သိမ်းထားပြီး သုံးလို့ရတယ်လို့ စစ်ဆေးရေးမှူးက ပြောခဲ့တယ်’
‘စာမေးပွဲအတွက် သတ်မှတ်ထားတဲ့ အချိန်တိုလေးအတွင်းမှာ ဒီပညာရပ်ကို ကျွမ်းကျင်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်မှန်း ငါသိပါတယ်”
‘ဒါပေမဲ့ နောက်ပိုင်း နှစ်အနည်းငယ်လောက် လေ့ကျင့်လိုက်ရင်တော့ ငါလုပ်နိုင်လောက်တယ်’
‘ဒီပညာရပ်ရဲ့ အသုံးဝင်မှုက အမြုတေဖွဲ့စည်းခြင်းနယ်ပယ်အထိတောင် သက်ရောက်မှုရှိတယ်။ စစ်ဆေးရေးမှူးက တကယ်ကို ရက်ရောတာပဲ'
ဟယ်ရှန်းက တွေးလိုက်လေသည်။
သူသည် အသုံးမဝင်သော အတွေးများကို ချက်ချင်းဖယ်ရှားလိုက်ပြီး အာရုံတစ်ခုလုံးကို ခြေလှမ်းသိုင်း၏ အခြေခံများကို လေ့လာခြင်း၌သာ နှစ်မြှုပ်လိုက်တော့သည်။
ကျိုးရီနှင့် ကျိုးလီချင်းတို့သည်လည်း သူတို့၏ ကိုယ်ပိုင်သိုင်းများကို စတင်လေ့လာနေကြပြီး ယုမေကမူ သူမ၏ လက်စွဲစာအုပ်လေးကို ကိုင်ဆောင်ကာ ဆေးဖော်စပ်သည့်စားပွဲဆီသို့ သွားလေ၏။
"တရားထိုင်ခြင်းပညာရပ်နဲ့အတူ အမြင့်ဆုံးစွမ်းဆောင်ရည်ရဖို့ဆိုရင် မျက်မမြင်ငြိမ်းချမ်းရေးကြာမြစ် လိုအပ်တယ်လို့ ရေးထားတယ်။ ပုံကြမ်းတွေအရ ဒီမှာ မြင်လိုက်မိသလိုပဲ..."
ယုမေက ထောက်ပံ့ပေးထားသော ကမ္ဘာမြေအဆင့် ဆေးဘက်ဝင်အပင်များကို ဂရုတစိုက် လိုက်လံကြည့်ရှုရင်း ရေရွတ်လိုက်လေသည်။
သူမသည် အပင်တစ်ပင်ချင်းစီကို ဂရုတစိုက် လိုက်လံစစ်ဆေးနေပြီးနောက် သူမ၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။
ပလောပီနံဥနှင့်တူသော ရှည်လျားသည့် ဆလင်ဒါပုံစံအမြစ်တစ်ခုကို သူမ မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
သို့သော် ၎င်းသည် အဖြူရောင်ဖြစ်ကာ ရေမြှုပ်နှင့်တူပြီး အရည်များ၊ ဂျယ်လီပုံစံအလွှာများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ရှိနေသည်။
ယုမေက ထိုအမြစ်ကို လက်စွဲစာအုပ်ထဲရှိ ပုံနှင့် နှိုင်းယှဉ်ကာ သေချာစွာ စစ်ဆေးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
သူမသည် အမြစ်ကိုယူကာ တိုက်ခိုက်ရေးအခန်းကန့်ဆီသို့ သွား၍ တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် မျက်မမြင်ငြိမ်းချမ်းရေးကြာမြစ်ကို ပါးစပ်ထဲသို့ ချက်ချင်းထည့်ကာ ဖြည်းညင်းစွာ ဝါးစားလိုက်၏။
ဂျယ်လီအလွှာသည် သူမ၏ဝါးစားမှုကြောင့် အလွယ်တကူ ပေါက်ကွဲသွားပြီး စေးကပ်သော အရည်များ ထွက်ကျလာသည်။
၎င်းသည် ချိုမြိန်သော အရသာရှိပြီး အေးစက်စူးရှသော ခံစားချက်မျိုးကို ပေးစွမ်း၏။
ယုမေသည် ၎င်းကို မျိုမချသေးဘဲ လေးစက္ကန့်လျှင်တစ်ကြိမ် ဝါးစားကာ ပါးစပ်ထဲတွင်သာ ငုံထားလေသည်။
စက္ကန့်နှစ်ဆယ်ခန့် အကြာတွင် ချိုမြိန်ပြီး အေးစက်စေးကပ်သော ခံစားမှုက အခိုးအငွေ့အဖြစ် ပြောင်းလဲသွားကာ အာခေါင်ကို လမ်းကြောင်းအဖြစ် အသုံးပြု၍ ဦးနှောက်ဆီ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။
အေးစက်သော ကြိုးတန်းပေါင်းများစွာသည် သူမ၏ ဦးနှောက်တွင်းရှိ ဆဲလ်တိုင်းကို တွယ်ကပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သူမသည် လက်စွဲစာအုပ်ကို ချက်ချင်းထုတ်ယူလိုက်ပြီး ဖူးပွင့်လာသော အေးချမ်းကြာပန်း တရားထိုင်ခြင်းသိုင်း၏ မန္တန်ကို စတင်ရွတ်ဆိုလိုက်သည်။
အစပိုင်းတွင် ၎င်းသည် သူမအတွက် ဘာမှန်းမသိသော စကားလုံးများဖြစ်နေပြီး မည်သည့်အဓိပ္ပာယ်မျှ မရှိပေ။
ထိုစကားလုံးများကို အာခေါင်ခြောက်ပြီး လျှာတစ်ခုလုံး ထုံထိုင်းလာသည်အထိ ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။
သို့သော် အေးစက်သော ကြိုးတန်းများနှင့် ထိတွေ့သွားသည့် ဆဲလ်တိုင်းနှင့်အတူ ထိုစကားလုံးများသည် အသံထွက်တိုင်း ရင်းနှီးကျွမ်းဝင်လာသကဲ့သို့ ဖြစ်လာလေတော့သည်။
သူမကိုယ်သူမပင် သတိမထားမိလိုက်ဘဲ မန္တန်စတင်ရွတ်ဆိုပြီး မိနစ်အနည်းငယ်အကြာတွင် သူမ၏မျက်လုံးများသည် မျက်မမြင်တစ်ဦးကဲ့သို့ ဖြူဖွေးသွားကာ ပါးစပ်လှုပ်ရှားမှုလည်း ရပ်တန့်သွား၏။
ယုမေသည် သူမကိုယ်သူမ မန္တန်ကို အသံထွက်ရွတ်ဆိုနေဆဲဟု ထင်မှတ်နေသော်လည်း အရာအားလုံးသည် စိတ်ထဲတွင်သာ ဖြစ်ပေါ်နေခြင်း ဖြစ်လေသည်။
ကျန်အဖွဲ့သားများသည် သူတို့၏ ကိုယ်ပိုင်ကျင့်စဉ်များကို လေ့လာရန် အလုပ်များနေကြသဖြင့် သူမ မည်သို့ဖြစ်ပျက်နေသည်ကို လုံးဝ သတိမထားမိကြချေ။
မည်သူမျှ မလှုပ်ရှားကြဘဲ မိနစ်နှစ်ဆယ်ခန့် ကုန်လွန်သွားခဲ့သည်။
နောက်ဆုံးတွင် ဟယ်ရှန်းသည် စိတ်အားထက်သန်သော မျက်လုံးများဖြင့် မတ်တတ်ရပ်လိုက်၏။
ကျိုးလီချင်းနှင့် ကျိုးရီတို့သည် မျက်စိမှိတ်ထားကြပြီး သူတို့၏ သက်ဆိုင်ရာ ကျင့်စဉ်များမှ လှုပ်ရှားမှုများကို စိတ်ထဲတွင် ပြန်လည်ပုံဖော်ကာ အာရုံသွင်းနေကြသည်။
ဟယ်ရှန်းသည် တိုက်ခိုက်ရေးအခန်းငယ်ဆီသို့ တင်းမာသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်ပြီး တိတ်ဆိတ်စွာ တရားထိုင်နေသော ယုမေနှင့် တတ်နိုင်သမျှ အဝေးဆုံးတွင် နေရာယူရန် ကြိုးစားလိုက်လေသည်။
တိုက်ခိုက်ရေးဧရိယာသည် အကျယ်ဆုံးနေရာဖြစ်ပြီး လေးဧကခန့် ကျယ်ဝန်းသည်။ ထို့ကြောင့် သူတို့ထဲမှ မည်သူမဆို တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက်မဖြစ်စေဘဲ သီးခြားလွတ်လပ်စွာ လေ့ကျင့်ရန် လုံလောက်သော နေရာအကျယ်အဝန်းကို ပေးစွမ်းနိုင်ပေသည်။
ဟယ်ရှန်းသည် ဖိနပ်များနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများကို ချွတ်ချလိုက်ရာ သားရဲသားရေဖြင့် ချုပ်လုပ်ထားသော အဝတ်အစားသာ ကျန်ရစ်တော့၏။
သိုင်းပညာရပ်၏ ပထမခြေလှမ်းမှာ သူ၏ ခန္ဓာကိုယ်အလေးချိန် တစ်ခုလုံးကို ရင်းနှီးကျွမ်းဝင်စေရန် ပြုလုပ်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ၏ အလေးချိန်ကို သိရှိနားလည်လာကာ ခန္ဓာကိုယ်ပေါ်တွင် တတ်နိုင်သမျှ ဝန်ကျဉ်းစေရန် ဖြစ်လေသည်။
သူသည် ခန္ဓာကိုယ်ကို အကဲခတ်နိုင်ရန် အပေါ်အောက် အကြိမ်အနည်းငယ် ညင်သာစွာ ခုန်လိုက်သည်။
ထို့နောက် အသက်ရှူခြင်းကို စတင်လေ့ကျင့်လေ၏။
အသက်ရှူနှုန်းထိန်းချုပ်ခြင်းသည် ထိုပညာရပ်၏ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်ပေသည်။
၎င်း၏ အခြေခံတွင်ရှိသော သဘောတရားမှာ အလွန်ရိုးရှင်းပြီး အသက်ရှူသွင်းခြင်းနှင့် ရှူထုတ်ခြင်းတို့ကို စနစ်တကျ ချိန်တွယ်ကာ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီစေရန် သေချာစေခြင်းသာ ဖြစ်လေတော့သည်။