← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း(၁၉၂) ဘိုးဘေး၏ စစ်ဆေးမေးခြင်း

ရှေးကျသော ထိုကျောက်စိမ်းပြားမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ရှောင်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းလက်ငင်း လွှမ်းခြုံသွားလေ၏။

ထို့နောက် အလွန်အိုမင်းပြီး အာဏာစက် အပြည့်ပါသော အသံတစ်ခုသည် ရှောင်ရှန်း၏ ရှုပ်ထွေးနေသော နတ်အသိစိတ် ပင်လယ်ထဲ၌ မိုးခြိမ်းသံအလား ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

"ဆက်ခံသူ၊ မင်း အပြစ်ကို သိရဲ့လား"

' အပြစ်သိရမယ်.. ဘာအပြစ်ကို ပြောတာလဲ'

'ငါ့ရဲ့ အကြီးမားဆုံးအပြစ်ကတော့ နိုးမလာသင့်ဘဲ ကမ္ဘာပျက်တဲ့အထိ အိပ်နေသင့်တာပဲ'

ရှောင်ရှန်း၏ အသိစိတ်မှာ ဝေဝါးနေပြီး ၊ ထိုစိတ်အနှောင့်အယှက်ဖြစ်စေသော အသံကို လျစ်လျူရှုကာ သူ၏ မပြီးဆုံးသေးသော အိပ်မက်ထဲတွင်သာ ဆက်လက် မျောလွင့်ရန် ကြိုးစားလိုက်၏။

သို့သော် နောက်အခိုက်အတန့်တွင် ငြင်းဆန်မရသော ဆွဲငင်အားတစ်ခုက သူ၏ လွင့်မျောနေသော အသိစိတ်ကို ရုတ်တရက် ဆွဲယူလိုက်ပြီး အဆုံးမဲ့ ရွှေရောင်နယ်မြေတစ်ခုအတွင်းသို့ ဆွဲသွင်းခဲ့သည်။

ဤနေရာတွင် ဘာမျှမရှိ၊ စင်ကြယ်သော အလင်းရောင် နှင့် အာဏာစက်သာ ရှိသည်။

သူ့ရှေ့တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ရှိနေပြီး၊ အဆုံးတွင် ၎င်းသည် အနက်ရောင်နဂါးဝတ်ရုံနှင့် သရဖူကို ဆောင်းထားသော ဧကရာဇ်တစ်ပါး၏ အသွင်အဖြစ် ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။

ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည် ထွားကျိုင်းကာ ခမ်းနားထည်ဝါသော အရှိန်အဝါမျိုး ရှိသည်။ ခဏတာပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း ကမ္ဘာလောကကို အုပ်စိုးထားသော ထိုဖိအားမှာ ရှောင်ရှန်းကိုပင် အသက်ရှူကျပ်သွားစေသည်။

"ထတော့ "

ထိုဧကရာဇ်မင်း၏ ပုံရိပ်က ဆိုလိုက်၏။ သူ၏ အသံသည် ခေါင်းလောင်းသံအလား ကျယ်လောင်ကာ ရွှေရောင်နယ်မြေတစ်ခုလုံး တုန်ခါသွားစေသည်။

ရှောင်ရှန်းတစ်ယောက် တုန်လှုပ်သွားပြီး ၊ မူလက ဝေဝါးနေသော အသိစိတ်မှာလည်း နိုးထလာလေ၏။ သူ၏ ဖခမည်းတော် ရှောင်ယွမ်ထက်ပင် အဆပေါင်းရာချီ၍ လွှမ်းမိုးမှုရှိသော ဤ "ဧကရာဇ်မင်း" ကို ကြည့်ပြီး ဦးနှောက်ထဲတွင် ခဏမျှ ဗလာကျင်းသွားသည်။

'ဒါက ဘယ်နေရာလဲ...ငရဲက ဖွင့်တဲ့ ဆိုင်ခွဲသစ်များလား... အလှဆင်ထားတာ အတော်လေး တောက်တောက်ပပ ရှိတာပဲ'

"မင်းက ရှောင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက် ရှောင်ရှန်းလား"

ဧကရာဇ်မင်း၏ အကြည့်သည် သူ့ဆီသို့ ကျရောက်လာလေ၏။

"ဟုတ်... ဟုတ်မှာပါ"

ရှောင်ရှန်း တစ်ယောက် သူ့အလိုလို တုံ့ပြန်ဖြေဆိုလိုက်သည်။

"ဟမ်"

ထိုဧကရာဇ်မင်း က နှာခေါင်းရှုံ့လေ၏။

ထိုအသံလှိုင်းကြောင့် ရှောင်ရှန်း၏ စိတ်ဝိညာဉ်ပင်လျှင် ပျံ့လွင့်လုနီးပါး ဖြစ်သွားရသည်။

"‘ဟုတ်မှာပါ’ ဟုတ်လား ... တော်ဝင်မျိုးနွယ်ဖြစ်လျက်နဲ့ တိုးတက်ဖို့ မကြိုးစားဘဲ ပျော်ပါးနေတာ၊ ဒါဟာ ပထမအပြစ်ပဲ"

"ရှားပါးလှတဲ့ 'မွေးရာပါ တာအိုသန္ဓေသားလောင်း' ကို ပိုင်ဆိုင်ထားတယ် ၊ ဒါဟာ ကောင်းကင်ဘုံက ပေးသနားတဲ့ မဟာလမ်းစဉ်ရဲ့ အခြေခံပဲ....ဒါပေမဲ့ မင်းက အဲ့တာကို အိပ်စက်ဖို့အတွက်နဲ့ အလဟဿ အသုံးချနေတယ် ၊ ဒါဟာ ဒုတိယအပြစ်ပဲ"

"ရန်သူတွေကဖြင့် ရှေ့ရောက်နေပြီ... တိုင်းပြည်ကြီး အန္တရာယ်ကျရောက်နေချိန်မှာ ဘယ်လို ကယ်တင်ရမလဲဆိုတာ မစဉ်းစားဘဲ အိပ်ရာထဲမှာ အသေကောင်လို လှဲနေပြီး လှည့်စားဖို့ ကြိုးစားနေတယ်၊ ဒါဟာ တတိယအပြစ်ပဲ"

မေးခွန်းများစွာ တရစပ် ထွက်ပေါ်လာပြီး ၊ စကားတိုင်းက တစ်ခွန်းထက်တစ်ခွန်း ပိုမိုပြင်းထန်လာပြီး ပို၍ကျယ်လောင်လာသည်။

နောက်ဆုံးတွင် ထိုဧကရာဇ်မင်းသည် သူ့ကို ငုံ့ကြည့်ပြီး နောက်ဆုံး မေးခွန်းအဖြစ် စစ်ဆေးမေးမြန်းလိုက်သည်။

"အချက်အလက်တွေ အားလုံးက ထင်ရှားနေပြီ.. ရှောင်ရှန်း၊ မင်း အပြစ်ကို သိပြီလား"

ဆူပူကြိမ်းမောင်းခံလိုက်ရသော ရှောင်ရှန်းခမျာ တစ်ခေါင်းလုံး ဒူဝေဝေ ဖြစ်လို့နေ၏။သူသည် မိုးမြေတစ်ခုလုံးကို လှုပ်ကိုင်နိုင်စွမ်းရှိသော အရှိန်အဝါများကြား အချိန်အတော်ကြာမှ ပြန်သတိကပ်လာသည်။

သာမန်မင်းသားတစ်ပါးသာဆိုလျှင် ကြောက်လန့်တကြားဖြင့် ဒူးထောက်တောင်းပန်နေလောက်ပြီပင်။

သို့သော် ရှောင်ရှန်းမှာ ထိုသို့မဟုတ်။

သူ၏ အရိုးထဲတွင်ရှိသော ပျင်းရိသည့် မျိုးရိုးဗီဇမှာ ဤမျှ ပြင်းထန်သော ဖိအားများအောက်တွင် မကြောက်မရွံ့သည့် စိတ်ဓာတ်ကို ထုတ်ဖော်ပြသခဲ့လေ၏။

သူသည် ခေါင်းမော့ရင်ကော့လိုက်ပြီး ၊ အမြဲတမ်း ပျင်းရိနေတတ်သော သူ၏ မျက်ဝန်းတို့တွင် ပထမဆုံးအကြိမ်အဖြစ် မကျေနပ်သော အမူအရာတို့ ထင်ဟပ်နေလေသည်။

"ကျွန်တော် ကြိုက်တယ်လေ"

သူ၏ဖြေဆိုသံသည် ရွှေရောင်နယ်မြေထဲတွင် ပဲ့တင်ထပ်သွားလေ၏။

ဧကရာဇ်မင်းမှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ဆွံ့အသွားမိသည်။ သူသည် ဤကဲ့သို့သော အဖြေကို ရလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်မထားခဲ့ပေ။

ရှောင်ရှန်း၏ ပါးစပ် တစ်ခါဖွင့်လိုက်ပါက ရပ်တန့်လို့မရနိုငိတော့ချေ။

"ကျွန်တော့်ရဲ့ ဘဝဆောင်ပုဒ်က "များများလုပ်တာထက် နည်းနည်းလုပ်တာက ပိုကောင်းတယ်၊ အိပ်ခြင်းကသာ အကောင်းဆုံးပဲ' ဆိုတာပဲ"

" မင်းသားဖြစ်တိုင်း ကြက်မတွန်ခင် အိပ်ရာထရမယ်၊ ခွေးထက်နောက်ကျမှ အိပ်ရမယ်၊ လူတွေရဲ့ အသက်ကို စတေးပြီး လုယက်တိုက်ခိုက်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားတာလဲ"

" ကျွန်တော် ကြိုက်လို့အိပ်တာ ၊ အဲ့တာ ဘာဖြစ်လဲ...ဘယ်သူ့ကို ထိခိုက်စေလို့လဲ"

သူသည် ပြောလေ ပို၍ ရဲတင်းလာလေဖြစ်ပြီး တရားစီရင်ခံနေရခြင်း မဟုတ်ဘဲ နန်းတော်ထဲတွင် အရာရှိများနှင့် ငြင်းခုံနေသည့်အလား ထင်မှတ်ရသည်။

"ပြီးတော့ 'မွေးရာပါ တာအိုသန္ဓေသားလောင်း ' က ကျွန်တော့်ဟာ.. ကျွန်တော် ကြိုက်သလိုသုံးမှာပေါ့ ၊ အိပ်ဖို့အတွက် သုံးလို့ရတာ ဒါလည်း သူ့အရည်အချင်းပဲလေ"

" နောက်ပြီး အသေကောင်လို လှဲနေတယ်ဆိုတာ... ဟုတ်တယ်လေ ၊ ကျွန်တော် လှဲနေတာပဲ.. ဒါပေမဲ့ ရလဒ်ကရော ဘယ်လိုဖြစ်သွားလဲ"

" မျက်နှာဖုံးစွပ်ထားတဲ့ကောင်တောင် မီးခိုးအဖြစ်နဲ့ ပျောက်ကွယ်သွားတယ် မဟုတ်လား၊ ကျွန်တော် အိပ်နေရင်းနဲ့လည်း နိုင်သွားတာပဲလေ"

"......."

သာရှမင်းဆက်၏ ဘိုးဘေး၊ တစ်ချိန်တစ်ခါက စကားတစ်ခွန်းတည်းဖြင့် လူသန်းပေါင်းများစွာ၏ အသက်ကို ဆုံးဖြတ်နိုင်သူ ၊ တစ်ခါဒေါသထွက်ရုံဖြင့် လူသန်းပေါင်းများစွာကို သေစေနိုင်သည့် ဧကရာဇ်မင်းကြီးမှာ ဤအခိုက်အတန့်တွင် သူ၏ ရိုင်းစိုင်းပြီး အရှက်မရှိသော စကားလုံးများကြောင့် အသက်ရှုကြပ်ခဲ့ရသည်။

နေ၊ လနှင့် ကြယ်များကို ဆုပ်ကိုင်ထားသယောင် ထင်ရသည့် သူ၏မျက်လုံးများသည် ရှောင်ရှန်းကို စူးစိုက်ကြည့်နေပြီး ရင်ဘတ်တစ်ခုလုံး ပြင်းထန်စွာ နိမ့်ချေမြင့်ချေ ဖြစ်လို့နေ၏။သူ့ကို လွှမ်းခြုံထားသော နဂါးစွမ်းအားများမှာလည်း တည်ငြိမ်မှု မရှိတော့ချေ။

အချိန်အတော်ကြာပြီးနောက် ရှောင်ရှန်းတစ်ယောက် သူ အသတ်ခံရတော့မည်ဟု ထင်မှတ်လိုက်စဉ် ၊ ထိုဘိုးဘေးကြီးမှာ ရုတ်တရက် သက်ပြင်းချလိုက်လေ၏။

ထိုသက်ပြင်းချသံတွင် အဆုံးမရှိသော ပင်ပန်းမှုများနှင့် အကူအညီမဲ့မှုများ ပါဝင်နေခဲ့သည်။

"မင်း... ကောင်စုတ်လေး ၊ မင်းအဖေ ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ"

"အမ် "

ရှောင်ရှန်း အံ့အားသင့်သွားသည်။

' ကျွန်တော့်ရဲ့ ဉာဏ်ကောင်းပြီး ကြောက်စရာကောင်းတဲ့ ဖခမည်းတော်ကြီးက ငယ်ငယ်တုန်းက ဒီလိုတဲ့လား.....'

All Chapters