← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း(၁၉၃)

"ထားလိုက်ပါတော့"

ဘိုးဘေးသည် ‌လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ၊ တောင်ကြီးသဖွယ် ပြင်းထန်သော ဖိအားများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

"မကြောက်မရွံ့တဲ့ စိတ်ထား၊ စိတ်တိုင်းကျ လုပ်တာ ၊ လောဘမရှိတာ ... ကြည့်ရတာ ဒါဟာ 'အိပ်မက်မဟာကျမ်း' ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်လိမ့်မယ်"

ရှောင်ရှန်းကို ကြည့်သည့် သူ၏အကြည့်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

ပျင်းရိလွန်းသည့်အတွက် စိတ်တိုမိသည့် ဒေါသလည်း ပါဝင်သလို၊ အနည်းငယ်မျှ သဘောကျမိသည့် အကြည့်လည်း ပါဝင်သည်။

"ကောင်လေး၊ သေချာကြည့်ထား"

ဘိုးဘေးသည် ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ တိုင်းပြည်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သယောင် ရှိသည့် သူ၏ လက်ကို မြှောက်ကာ ရှောင်ရှန်း၏ နဖူးတည့်တည့်ကို ချိန်ရွယ်လိုက်၏။

"ဝီ"

အဆုံးမရှိသော သတင်းအချက်အလက်များသည် ရွှေရောင် ရေစီးကြောင်းတစ်ခုအဖြစ် ရှောင်ရှန်း၏ ဦးနှောက်ထဲသို့ စီးဝင်လာခဲ့သည်။

၎င်းသည် တစ္စေတစ်ရာ၏ စွမ်းအားကို ခံယူရသည်ထက် အဆပေါင်းရာချီ၍ နာကျင်သည်။ သူ၏ နတ်အသိစိတ်မှာ အဆုံးထိ လေမှုတ်ထားသည့် ပူဖောင်းတစ်ခုကဲ့သို့ ဖြစ်နေကာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ်ပင်။

ပင်လယ်ရေပြင်ကဲ့သို့ ကျယ်ပြောလှသော စာလုံးများ၊ ရုပ်ပုံများနှင့် နားလည်ထားသော ဉာဏ်စဉ်များသည် သူ၏ မှတ်ဉာဏ်ထဲသို့ အတင်းအကျပ် ထည့်သွင်းခံလိုက်ရသည်။

၎င်းမှာ အခြေခံတည်ဆောက်ခြင်း၊ ရွှေအမြုတေ ၊ နတ်ဝိညာဉ်အဆင့်မှ စကာ မြင့်မားသော နယ်ပယ်များအထိ ပါဝင်သည့် ပြီးပြည့်စုံသော အိပ်မက်မဟာကျမ်း၏ ကျင့်စဉ်များဖြစ်သည်။ ထို့အပြင် ရှေးခေတ် နဂါးစောင့်ရှောက်သူ ဧကရာဇ်မင်းများ၏ တစ်သက်တာ အတွေ့အကြုံများလည်း ပါဝင်၏။

ထို့အပြင် သာရှမင်းဆက် နဂါးသွေးကြော၏ မူလအစ နှင့် လူ့လောကကို အရေးမထားသော "အထက်လောကက အမတဂိုဏ်း" များ၏ လျှို့ဝှက်ချက်များလည်း ပါဝင်သေးသည်။

"အား... ကွဲထွက်တော့မယ်... ကွဲထွက်တော့မယ်..."

ရှောင်ရှန်းသည် နာကျင်စွာဖြင့် အော်ဟစ်ရင်း ခေါင်းကို ဖိထား၏။

ဤဗဟုသုတ ပင်လယ်ထဲတွင် သူသည် အံ့အားသင့်စရာကောင်းသော "လက်ဆောင်" တစ်ခုကို တွေ့ရှိလိုက်ရသည်။

အိပ်မက်မဟာကျမ်း၏ အမြင့်ဆုံးနယ်ပယ်ကို "ထာဝရ အိပ်မက်" ဟု ခေါ်သည်။

ကျင့်ကြံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် ကျယ်ပြန့်သော ဗလာနတ္ထိကို ဖြတ်သန်းကာ ကမ္ဘာသုံးထောင်ကို အိပ်မက်မက်နိုင်သည်။ အတွေးတစ်ချက်တည်းဖြင့် ကမ္ဘာ‌လောကကို ပြောင်းလဲနိုင်ပြီး ၊ အိပ်မက်မှ နိုးထလာချိန်တွင် ထာဝရကာလကို ကျော်ဖြတ်ပြီးခဲ့လေပြီ။

'ဒါ... ဒါက ငါ့အတွက် အထူးထုတ်လုပ်ထားတဲ့ အကောင်းဆုံး အိပ်စက်ခြင်း ကျင့်စဉ် မဟုတ်လား....'

' ဒါကို လေ့ကျင့်ပြီးရင် ဘယ်သူမှ ငါ့ကို နှိုးလို့မရတော့ဘူး ၊ တစ်ရေးအိပ်လိုက်ရုံနဲ့ ကမ္ဘာပျက်တဲ့အထိ အိပ်နေနိုင်တာပဲ'

ရှောင်ရှန်း၏ ခေါင်းထဲတွင် မကြုံဖူးသော လေ့ကျင့်လိုသည့် စိတ်ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်လာလေ၏။

'သက်တောင့်သက်သာ အိပ်စက်နိုင်ဖို့အတွက် ဒီလောက် နာကျင်မှုကိုတော့ ငါ ခံနိုင်ပါသေးတယ်...'

သတင်းအချက်အလက် အကုန်လုံးကို ထည့်သွင်းပြီးနောက်တွင် ဘိုးဘေး၏ အသွင်ပုံရိပ်မှာ ပျောက်ကွယ်တော့မည့်အလား မှေးမှိန်လာခဲ့သညိ။

သူသည် ရှောင်ရှန်းကို ကြည့်ကာ နောက်ဆုံးစကားကို မှာကြားခဲ့သည်။ အသံမှာ ကျယ်လောင်ခြင်းမရှိတော့သော်လည်း ငြင်းဆိုမရသော ကံကြမ္မာတစ်ခုကို ဆောင်ကျဉ်းထားသကဲ့သို့ပင်။

"ကောင်လေး၊ မှတ်ထား၊ ဒီ 'နဂါးစောင့်ရှောက်သူ ကျောက်စိမ်းပြား' ဟာ အမွေဆက်ခံခြင်းသာမကဘဲ အချုပ်အနှောင်ဆိုလည်း ဟုတ်တယ်"

"ဒီနေ့ကစပြီး မင်းရဲ့ အသက်ဟာ သာရှမင်းဆက်ရဲ့ နဂါးသွေးကြောနဲ့ အတူရှိနေပြီ"

"နဂါးသွေးကြော အားကောင်းရင် မင်းလည်း အားကောင်းမယ်၊ နဂါးသွေးကြော ပျက်စီးရင်တော့... မင်းရဲ့ ဝိညာဉ်ဟာလည်း ပျက်စီးသွားလိမ့်မယ်၊ ဘယ်တော့မှ ပြန်လည်မွေးဖွားလာမှာ မဟုတ်ဘူး"

စကားသံဆုံးသည်နှင့် ရွှေရောင်နယ်မြေတစ်ခုလုံး ကွဲအက်လာ၏။

"ဟင့်အင်း၊ ကျွန်တော် အချိန်ပိုမဆင်းချင်ဘူး"

ရှောင်ရှန်း တစ်ယောက် ကြေကွဲစွာ အော်ဟစ်လိုက်ပြီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ၏ မျက်စိရှေ့တွင် ရင်းနှီးပြီးသား နန်းတော်ဆောင်ကို မြင်လိုက်ရသည်။

ရွှေဝါရောင် ကုလားကာများ၊ နှာခေါင်းထဲသို့ တိုးဝင်လာသော ဆေးရနံ့များနှင့် အမွှေးနံ့သာနံ့များ...

သူသည် ထထိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေသည်မှလွဲ၍ ဘာမှမဖြစ်ကြောင်း သိလိုက်ရသည်။

ကျိုးပဲ့နေသော သွေးကြောများမှာလည်း ပြန်လည်ကောင်းမွန်နေပြီး ပို၍ အားကောင်းလာသလိုပင်။

သူသည် ကိုယ့်ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။

ရှေးကျပြီး နဂါးအမှတ်အသားပါသော ရှေးဟောင်း ကျောက်စိမ်းဆွဲပြားမှာ ပျောက်ကွယ်သွားခဲ့ပြီး ယင်းအစား မွေးရာပါ အမှတ်အသားတစ်ခုကဲ့သို့ ရွှေရောင် နဂါးပုံစံ တက်တူးတစ်ခုက သူ့ရင်ဘတ်တွင် ရှိနေလေ၏။

' ဒါက... အတင်းအကျပ် ချည်နှောင်ထားတာပဲ၊ ဘဝတစ်သက်တာ စာချုပ်ကြီးပဲ မဟုတ်လား.. စမ်းသပ်ကာလတောင် မပေးဘူးတော့ဘူးလား'

ရှောင်ရှန်းတစ်ယောက် ငိုမဲ့မဲ့ မျက်နှာဖြင့် သူ၏ "အချုပ်အနှောင်" ဖြစ်လာသော တက်တူးကို စမ်းကိုင်ကြည့်လိုက်သည်။

"ကျွီ"

တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာသည်။

စူးဝမ်ချင်းသည် ပူနွေးနေသော ဆေးခွက်ကို ကိုင်ကာ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာသည်။

သူမသည် ရင်ဘက်ဟောင်းလောင်းနှင့် ထူးဆန်းသော မျက်နှာအမူအရာ ရှိနေသော ရှောင်ရှန်းကို မြင်လိုက်ရ၏။

သူမ၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။ သူမ၏ အမြဲတမ်း အေးစက်နေတတ်သော မျက်နှာပေါ်တွင် သံသယဖြစ်ဖွယ် နီမြန်းမှုတစ်ခု လွှမ်းခြုံသွားပြီး သူမ၏ အကြည့်ကို မသက်မသာဖြင့် အခြားဘက်သို့ ရွှေ့လိုက်သည်။

"ရှင်... ရှင် နိုးလာပြီလား"

.....

All Chapters