← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း(၁၉၄) အရှင့်သား ကိုယ်ပေါ်က တက်တူးက အတော်လှတာပဲ

နိုးထလာပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်ရသည့် အခိုက်အတန့်သည် မေ့မြောမသွားခင်က ကြုံတွေ့ခဲ့ရသည့် သေရေးရှင်ရေးအချိန်ကထက်ပင် အတော်လေး နေရခက်ပေသည်။

နန်းဆောင်တံခါးကို တွန်းဖွင့်လိုက်သည့် "ကျွီ " ဟူသော အသံသည် နန်းဆောင်အတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ရှောင်ရှန်း၏ လက်မှာ ရင်ဘတ်ပေါ်ရှိ နွေးထွေးသော အရေပြားပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ အင်္ကျီရင်ဘတ်မှာ ဟနေပြီး သူ၏ ရင်ဘတ်ကြွက်သားများနှင့် ရွှေရောင် နဂါးတက်တူးအသစ်စက်စက်ကို မြင်တွေ့နေရသည်။

"ငါ ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ၊ ဘယ်လိုလုပ်ပြီး တက်တူးကြီး ရလာတာလဲ" ဟူသော သူ၏ ငိုမဲ့မဲ့ အမူအရာကို ပြန်မရုပ်သိမ်းရသေးခင်မှာပင် စူးဝမ်ချင်း၏ အကြည့်နှင့် တည့်တည့်ကြီး ဆုံမိသွားလေ၏။

လေထုမှာ ‌အေးခဲသွားသည်။

စူးဝမ်ချင်းမှာ ထိုနေရာတွင်ပင် ခြေလှမ်းရပ်တန့်သွားပြီး ဆေးခွက်ကို ကိုင်ထားသည့် သူမ၏ လက်မှာ အနည်းငယ် တုန်ယင်သွားသည်။

နှင်းခဲများ ဖုံးလွှမ်းထားသကဲ့သို့ အေးစက်ပြီး လှပသော သူမ၏ မျက်နှာလေးသည် ဆောင်းရာသီ ဆီးနှင်းများကြားတွင် ကြွေကျလာသော မက်မွန်ပွင့်ဖတ်လေးများကဲ့သို့ပင် နီမြန်းကာ ရှက်သွေးဖြာသွားသည်။

သူမ၏ အကြည့်ကို အမြန် ရွှေ့လိုက်ပြီး ဘေးနားရှိ ပစ္စည်းစင်ပေါ်သို့ ကျရောက်သွားသည်။ ထိုစင်ပေါ်တွင် တင်ထားသည့် ကျောက်စိမ်းပစ္စည်းတစ်ခုခုကို အရေးတကြီး လေ့လာနေသည့်အလား ထင်မှတ်ရသည်။

"ရှင်... ရှင် နိုးလာပြီလား"

သူမ၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း မသိမသာ တုန်ယင်နေသော အသံနှင့် တောင့်တောင့်ကြီး ဖြစ်နေသော လေသံတို့က လက်ရှိ သူမ၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။

ရှောင်ရှန်း၏ ဦးနှောက်သည် ထိုအချိန်တွင် မယုံနိုင်လောက်အောင် လျင်မြန်စွာ အလုပ်လုပ်နိုင်ခဲ့သည်။

သူသည် လက်ကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီး အင်္ကျီရင်ဘတ်ကို လုံအောင် ပြန်ဆွဲဖုံးလိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် လက်ရိပ်ကိုပင် မမြင်လိုက်ရချေ။

"အဟမ်း"

သူသည် ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး ၊ စောနက အရှက်ရစရာ အခြေအနေကို ဖြေဖျောက်ရန် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

"ငါကိုယ်တော်... ကိုယ့်ဒဏ်ရာကို စစ်ဆေးကြည့်တာပါ ၊ အမ်... နှလုံးသွေးကြောတွေ တည်ငြိမ်မှု ရှိ မရှိ စစ်ဆေးနေတာ"

ဤအကြောင်းပြချက်ကို သူ ကိုယ်တိုင်တောင် ယုံကြည်လိမ့်မည်မဟုတ်။

သို့သော် စူးဝမ်ချင်းသည် ဘာမှပြန်မပြောခဲ့ပေ။ သူမသည် ဆေးခွက်ကို ကိုင်ကာ ဖြည်းညင်းစွာ လျှောက်လာပြီး မျက်လွှာလေး ချကာ ဆေးခွက်ကို လှမ်းပေးလိုက်၏။

"ရှင် သုံးရက်သုံးညလုံးလုံး မေ့မျောနေခဲ့တာ၊ ဘယ်လိုခံစားရလဲ"

သူမ၏ လေသံမှာ ပုံမှန်အတိုင်း နူးညံ့သွားပြီး၊ သူမကိုယ်တိုင်ပင် သတိမထားမိသော စိုးရိမ်မှုအနည်းငယ် ပါဝင်နေသည်။

"သုံးရက်သုံးည ဟုတ်လား"

ရှောင်ရှန်းသည် ခပ်နွေးနွေး ဆေးခွက်ကို လက်ခံယူလိုက်ရင်း စိတ်ထဲတွင် တုန်လှုပ်သွားသည်။

' အိပ်လို့ကောင်းလိုက်တာ... မဟုတ်ဘူး၊ ငါ ဒီလောက်ကြာအောင် မေ့မျောနေခဲ့တာလား'

သူသည် မျက်လုံးများမှိတ်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးကြည့်လိုက်သည်။

စစ်ဆေးကြည့်ပြီးနောက်၊ သူ့လက်ထဲက ဆေးပန်းကန်လုံးကိုပင် ကျိုးပဲ့လုမတတ် ညှစ်လိုက်မိသည်။

မူလက အားနည်းနေခဲ့သော သွေးကြောများမှာ ယခုအခါ ပို၍ အားကောင်းလာပြီး ခိုင်မာစွာ ပြန်လည်တည်ဆောက်ထားသည်။ သွေးကြောအတွင်းနံရံများတွင် ခပ်ဖျော့ဖျော့ တောက်ပနေသော ရွှေအလင်းရောင်လေး တစ်ခု ရှိနေသည်။

ဝမ်းဗိုက်ပိုင်းတွင် ထို "မွေးရာပါ တာအိုသန္ဓေသားလောင်း" သည် ကောင်းစွာကျွေးမွေးထားသော ဘိုးဘေးတစ်ဦးကဲ့သို့ အေးအေးလူလူ လွင့်မျောနေသည်။

သူသည် စုပ်ယူထားသော အနုတ်လက္ခဏာဆောင်သည့် ဝိညာဉ်စွမ်းအားများကို အသန့်စင်ဆုံး စွမ်းအင်များအဖြစ် ပြောင်းလဲပေးနေပြီး ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းစေသည်။ သူ၏ ကျင့်ကြံဆင့်မှာလည်း နောက်တစ်ဆင့် တိုးတက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ရှောင်ရှန်းမှာ မပျော်ရွှင်နိုင်ပေ။

သူသည် မျက်လုံးကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။ သွေးရောင်ပြန်လည်ရရှိစပြုလာသည့် သူ၏ မျက်နှာတွင် ဘဝကြီးကို အရှုံးပေးထားသော အမူအရာများသာ ရှိနေ၏။

သူသည် ခေါင်းကိုမော့ကာ မျက်နှာကျက်ရှိ အလှဆင်ထားသော ပန်းချီကားချပ်များကို ကြည့်ရင်း သက်ပြင်းချမိလေသည်။

"ခံစားရတာ... ပိုတောင် ပင်ပန်းလာသလိုပဲ"

စူးဝမ်ချင်မှာ နှစ်သိမ့်စကား ပြောရန် ဟန်ပြင်လိုက်သော်လည်း ၊ ဤမျှော်လင့်မထားသော အဖြေကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။

သူမသည် တိုင်းပြည်ကြီးတစ်ခုလုံးကို ထမ်းပိုးထားသည့်အတိုင်း ငိုမဲ့မဲ့ဖြစ်နေသော ရှောင်ရှန်း၏ အမူအရာကို ကြည့်ပြီး နားမလည်နိုင်ဖြစ်မိသလို တစ်ဖန် ရယ်ချင်မိပြန်သည်။

"ဒီသုံးရက်အတွင်း မြို့တော်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့တယ်"

သူမက လက်ရှိ အခြေအနေများကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။

"မြေအောက်နန်းတော်ကိစ္စကို ဧကရာဇ်မင်းမြတ်က အမိန့်ပေးပြီး လျှို့ဝှက်ထားလိုက်ပြီ...အပြင်လူတွေကိုတော့ မင်းသား(၃)က မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး အိမ်ရှေ့စံကို လုပ်ကြံဖို့ ကြိုးစားလို့ ချက်ချင်း ဖမ်းဆီးလိုက်တယ်လို့ပဲ ကြေညာထားတယ်"

" အစ်ကိုတော်(၃) သူ..."

" မင်းသား(၃) ရှောင်ကျင်းကို မင်းသားဂုဏ်ပုဒ်ကနေ ဖယ်ရှားပြီး တော်ဝင်တရားရုံးမှာ အကျဉ်းချထားတယ် ၊မသေမချင်း အပြင်မထွက်ရဘူး"

စူးဝမ်ချင်၏ လေသံမှာ အလွန်တည်ငြိမ်သည်။

"သူ့ရဲ့ နောက်လိုက်နောက်ပါတွေ ...နန်းတော်ထဲမှာရော...စစ်တပ်ထဲမှာပါ ဧကရာဇ်မင်းမြတ်က ပြတ်ပြတ်သားသား နှိမ်နင်းလိုက်ပြီ ဒါပေမဲ့ အမှောင်ထဲမှာ ပုန်းအောင်းပြီး လှုပ်ရှားနေတဲ့သူတွေ အများကြီး ကျန်နေသေးတယ်"

ရှောင်ရှန်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ ခန့်မှန်းထားသည့်အတိုင်းပင်။

ဖခမည်းတော် ရှောင်ယွမ်သည် လုပ်မည့်လုပ် အမြစ်ပါအောင် ဆွဲနုတ်တတ်သူ ဖြစ်သည်။

"ဒါဆို အစ်ကို(၅)ကရော"

သူက ထပ်မေးလိုက်သည်။

All Chapters