အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း(၁၉၅)
ရှောင်ယန်အကြောင်း ပြောလာသဖြင့် စူးဝမ်ချင်း၏ နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုအဖြစ် အနည်းငယ် ကွေးညွှတ်သွားလေ၏။
" မင်းသား(၅)က အသက်ဘေးကနေ လွတ်မြောက်လာပြီးကတည်းက ရှင့်ကို အရမ်းကျေးဇူးတင်နေတယ်"
" မနေ့ကတည်းက အရှေ့နန်းဆောင်တစ်ခုလုံး သူပေးလိုက်တဲ့ ကျေးဇူးတင်လက်ဆောင်တွေနဲ့ ပြည့်နေပြီ ၊ လင်းဇီ ပြီးတော့ နှင်းကြာပွင့်တွေရော.. ဂိုဒေါင်တစ်ဝက်လောက် ပြည့်နေပြီ ..."
" ဒါတင်မကသေးဘူး ရှင် နိုးလာရင် သူကိုယ်တိုင်လာပြီး ဒူးထောက် ကျေးဇူးတင်မယ်လို့ ပြောနေလေရဲ့"
" ဟင့်အင်း လုပ်နဲ့နော်"
ရှောင်ရှန်း တစ်ယောက် ကြောက်လန့်ကာ တုန်ယင်သွားသည်။
"သူ့ကို လုံးဝ မလာခိုင်းနဲ့နော် ...ခုတင်လေး ပြန်ကောင်းလာတဲ့ ငါ့အရိုးတွေကို ရိုက်ချိုးပစ်မိမှာ ကြောက်ရတယ်"
စူးဝမ်ချင်း၏ မျက်ဝန်းထဲက အပြုံးသည် ပို၍ပင် နက်ရှိုင်းလာလေ၏။ သူမက ဆက်ပြောသည်။
"ပြီးတော့ ချန်ချင်း စစ်သူကြီး.. သူ့ရဲ့ ဒဏ်ရာတွေကလည်း ကောင်းသွားပြီ၊ ဒီရက်ပိုင်း သူက စစ်စခန်းမှာ စစ်သည်တွေကို ဟောပြောပွဲလုပ်ပေးနေတယ်"
"ပြောတာကတော့ အိမ်ရှေ့စံမင်းသားက မြေအောက်နန်းတော်ထဲမှာ ဘယ်လိုမျိုး တည်ငြိမ်စွာနဲ့ မကောင်းဆိုးဝါးကောင်ကို တစ်ချက်တည်းနဲ့ ဘယ်လိုတွေ ဖျက်ဆီးလိုက်တယ်ဆိုတာပဲ"
ရှောင်ရှန်း၏ မျက်နှာမှာ စိမ်းဖန့်ဖန့် ဖြစ်လာလေ၏။
"အဲ့တာကြောင့်..."
စူးဝမ်ချင်းက သူ့ကို ကြည့်ကာ အနှစ်ချုပ်လိုက်သည်။
"အခုဆိုရင် တစ်တိုင်းပြည်လုံး၊ မင်းမျိုးမင်းနွယ်တွေကအစ လမ်းဘေးဈေးသည်တွေအထိ အိမ်ရှေ့စံမင်းသားက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ပြောနေကြတယ််"
" ရှင်က အပြင်ပန်းမှာ ဘာမှမလုပ်သလိုနဲ့ အတွင်းမှာတော့ ဉာဏ်ပညာတွေ အပြည့်နဲ့ အရာရာကို ကြိုတင်တွက်ချက်နိုင်တယ်... ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ အမတ ၊ သာရှမင်းဆက်ရဲ့ ထောက်တိုင်ဆိုပဲ"
"ဖူး——"
ရှောင်ရှန်းတစ်ယောက် သောက်လက်စ ဆေးရည်များပင် အန်ထွက်လုနီးပါး ဖြစ်ခဲ့ရလေသည်။
'အမတ....'
'ထောက်တိုင်တဲ့လား'
'သူ့ဘဝရဲ့ ရည်မှန်းချက်က အပူအပင်မရှိတဲ့ ငါးဆားနယ်တစ်ကောင် (အပျင်းကြီးသူ) ဖြစ်ဖို့လေ... လူတွေ ကိုးကွယ်တဲ့ ရုပ်ထုကြီးဖြစ်လာဖို့ မဟုတ်ဘူး'
သူသည် အရာအားလုံးကို ရှုပ်ထွေးအောင် ကြိုးစားလေလေ ပို၍ နာမည်ကြီးလာလေလေဖြစ်ပြီး ၊ သူ၏ သရုပ်ပင်လျှင် "မြို့တော်၏ နံပါတ်တစ် ငပျင်းမင်းသား" မှ "ကောင်းကင်ဘုံမှ ဆင်းသက်လာသော အမတ" အဖြစ်သို့ ခုန်တက်သွားလေ၏။
'ဒီလက်ဆောင်... မဟုတ်ဘူး၊ ဒီ "ရွှေရောင် အချုပ်အနှောင်" က တကယ်ကို အဆိပ်အတောက်ပဲ'
သူသည် မျက်နှာကို လက်နှင့်အုပ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ရင်း အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်သည်။ လက်တွေ့ဘဝက သူ့ကို အနိုင်ယူသွားခဲ့ပုံရသည်။
သူ၏ စိတ်ပျက်နေသော ပုံစံကို ကြည့်ပြီး စူးဝမ်ချင်းမှာ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ရယ်မိလိုက်တော့သည်။
ထိုရယ်သံမှာ ကြည်လင်တောက်ပပြီး ကျောက်ပြားပေါ် ရေစက်ကျသံ သကဲ့သို့ နန်းဆောင်အတွင်းရှိ အုံ့ဆိုင်းမှုများကို ဖယ်ရှားလိုက်လေ၏။
ရှောင်ရှန်းသည် လက်ချောင်းကြားမှ ခိုးကြည့်လိုက်ရာ စူးဝမ်ချင်းသည် ခေါင်းလေးစောင်းကာ ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဖယောင်းတိုင်အလင်းရောင်သည် သူမ၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေပြီး ၊ ပုံမှန်မြင်တွေ့နေကြ သူမ၏ အေးစက်မှုကို ပျောက်ကွယ်သွားစေကာ နွေးထွေးမှုကို ဖြစ်ပေါ်စေသည်။
ဘာကြောင့်မှန်းမသိ၊ ရှားရှားပါးပါး သူမ၏ အပြုံးကို ကြည့်ရင်း ရှောင်ရှန်း၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် စိတ်အနှောင့်အယှက်များမှာ ထူးဆန်းစွာပင် ငြိမ်သက်သွားသည်။
သူ့ဘဝကြီးသည် ဤမျှလောက် မဆိုးရွားသေးမှန်း ခံစားလိုက်ရသည်။ နောင်တွင် အမှုများကို စုံစမ်းစစ်ဆေးသောအခါ သို့မဟုတ် အလုပ်ကို အလေးအနက်ထားဖို့ အတင်းအကျပ်ခိုင်းစေခံရသည့် အခါတိုင်း ဤကဲ့သို့ ရယ်နိုင်မောနိုင်၊ ရှက်နိုင်ပြီး မိမိ၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်သူတစ်ယောက် သူ့ဘေးမှာ ရှိနေသရွေ့ ဘဝကြီးမှာ ဆိုးရွားလှသည်တော့ မဟုတ်သေးပေ။
ဤအတွေးကို ထိုင်တွေးနေမိသော ရှောင်ရှန်းကိုယ်တိုင်ပင် အံ့ဩသွားမိသည်။
' သွားပြီ၊ ငါတော့ ဘိုးဘေးကြီးရဲ့ စွမ်းအားကြောင့် ရူးသွားပြီလား မသိဘူး ၊ "အလုပ်လုပ်တာ" ကိုတောင် မမုန်းတော့ဘူးတဲ့လား...'
ရှောငိရှန်းတစ်ယောက် အတွေးလွန်နေစဉ် ၊ တံခါးပြင်ပမှ အလျင်စလို ခြေသံများ ထွက်ပေါ်လာသည်။
"အိမ်ရှေ့စံ ...အိမ်ရှေ့စံ၊ မကောင်းတော့ဘူး"
အစေခံငယ်လေး တစ်ယောက်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးဝင်လာသည်။ သူ၏ မျက်နှာမှာ ကြောက်လန့်နေပြီး အသံများပင် တုန်ယင်နေသည်။
ရှောင်ရှန်းနှင့် စူးဝမ်ချင်းတို့၏ မျက်နှာမှာ တင်းမာသွားသည်။
ထိုအစေခံငယ်လေးသည် ဒူးထောက်ကာ ငိုသံပါကြီးဖြင့် လျှောက်တင်လေ၏။
"အိမ်ရှေ့စံ၊ အရေးကြီးတဲ့ ကိစ္စ ဖြစ်ပြီ...နက္ခတ်တာရာဌာနက... အကြီးအကဲ၊ သူ... သူ..."
ရှောင်ရှန်း မျက်မှောင်ကြုတ်သွားပြီး အလေးအနက် မေးလိုက်သည်။
"ရှင်းရှင်းပြောစမ်း၊ အကြီးအကဲ ဘာဖြစ်တာလဲ"
အစေခံငယ်လေးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ ပြန်ဖြေလိုက်၏။
"အကြီးအကဲ... သူ... ကြယ်ကြည့်စင်မြင့်မှာ သွေးစာတစ်စောင် ချန်ခဲ့ပြီး... အားလုံးရဲ့ ရှေ့မှာပဲ ကြွမြန်းသွားပြီ"
"သေသွားပြီ ဟုတ်လား"
ရှောင်ရှန်း၏ ခေါင်းထဲတွင် ခဏတာ ဗလာကျင်းသွားသည်။တာအိုဘာသာတွင် ဤစကားလုံးနှစ်လုံးသည် ဉာဏ်အလင်းရရှိခြင်း နှင့် ကောင်းကင်ဘုံသို့တက်လှမ်းခြင်းကို ကိုယ်စားပြုသည်။
သို့သော် သာမန်လူများ၊ အထူးသဖြင့် ငိုသံပါဖြင့် ပြောလာသော မိန်းမစိုးလေး၏ အမူအရာကို ကြည့်လျှင်ဖြင့် ဤသည်မှာ များသောအားဖြင့် တစ်ခုတည်းသော အရာကိုသာ ဆိုလိုသည်။
ထိုသူမှာ သာမန်သေဆုံးခြင်းမျိုး မဟုတ်ဘဲ ထူးခြားစွာဖြင့် သေဆုံးသွားခြင်းပင်။
သူသည် ဆေးခွက်ကို တွန်းဖယ်လိုက်ပြီး အဝတ်အစားများ သေသပ်မှု ရှိမရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။
"လမ်းပြစမ်း"
စူးဝမ်ချင်းသည်လည်း သူ့နောက်မှ အမြန်လိုက်ပါသွားသည်။
ယခုအချိန်တွင် သူမ၏ မျက်နှာပေါ်ရှိ ရှက်သွေးဖြာမှုများ မရှိတော့ဘဲ စိုးရိမ်ပူပန်မှုများ အစားထိုး ဝင်ရောက်လာလေ၏။