← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း(၁၉၈) ငပျင်းတစ်ကောင် မြို့တော်မှ ထွက်ခွာရန် အတင်းအကျပ် စေခိုင်းခံလိုက်ရခြင်း

"ကောင်းပြီ"

ထိုစဉ် ဧကရာဇ် ရှောင်ယွမ်သည် လက်ရန်းခုံပေါ် ရိုက်ချလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူသည် မတ်တတ်ထရပ်လိုက်သည်။ ကျီရွှမ်၏ သေဆုံးမှုကြောင့် မှိုင်းညို့နေခဲ့သော သူ၏မျက်နှာမှာ ယခုအခါ ပြန်လည်တောက်ပလာခဲ့သည်။

သူသည် ချန်ချင်းနှင့် အမတ်ကြီးများကို တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ သားဖြစ်သူကိုသာ စိုက်ကြည့်လိုက်သည်။

"ငါ့အမိန့်တော်ကို ကြေညာလိုက်"

ဧကရာဇ် ရှောင်ယွမ်၏ အသံမှာ တည်ငြိမ်ပြီး အားမာန်အပြည့် ရှိကာ ၊ စာကြည့်ခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

"အခုအချိန်ကစပြီး အိမ်ရှေ့စံ ရှောင်ရှန်းဟာ 'တိုင်းပြည်လှည့်လည် စစ်ဆေးခြင်း' ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျနိးနမ်ဂိတ်ကို သွားရောက်ပြီး စစ်ရေး ၊ နိုင်ငံရေး စတဲ့ ကိစ္စရပ်အားလုံးကို ကြီးကြပ်ရမယ်"

"ကောင်းကင်တံခါးရဲ့ ထူးခြားချက်တွေကိုလည်း စုံစမ်းပြီး ဘိုးဘေးဧကရာဇ်ရဲ့ တံဆိပ်ကို အားဖြည့်ရမယ်၊ စစ်သူကြီး ချန်ချင်းနဲ့ မြို့စောင့်တပ်မှ တပ်သား သုံးထောင်က အစောင့်အဖြစ် လိုက်ပါရမယ်"

" စူးဝမ်ချင်ဟာ ဆေးမှူးအဖြစ် လိုက်ပါပြီး လိုအပ်တဲ့ ဆေးဝါတွေကို ဝာာဝန်ယူရမယ်၊ ဒီနေ့ကစပြီး စတင်ထွက်ခွာမယ် ၊ နည်းနည်းမှ နောက်ကျလို့ မဖြစ်ဘူး"

ဧကရာဇ်မင်းမြတ်၏ တာဝန်ပေးအပ်မှုမှာ အလွန်လျင်မြန်ပြီး ငြင်းဆန်ခွင့်ပင် မရလိုက်ချေ။

ချန်ချင်းသည် ဒူးတစ်ဖက်ထောက်ကာ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"

အမတ်ချုပ်ကြီး နှင့် ကျန်အမတ်များကလည်း ထောက်ခံလေ၏။

"အရှင်မင်းရဲ့ ဉာဏ်ပညာကြီးမားလွန်းပါတယ်... အိမ်ရှေ့စံကိုယ်တိုင် ဒီလို အန္တရာယ်များတဲ့နေရာကို ကိုယ်တိုင်သွားရောက်တာဟာ ကျွန်တော်တို့ သာရှမင်းဆက်အတွက် ကောင်းချီးတစ်ခုဖြစ်သလို ပြည်သူပြည်သားအားလုံးအတွက်လည်း ကောင်းကျိုးတစ်ခုပါပဲ"

ဆုံးဖြတ်ချက်ချမှတ်သော ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ အရမ်းမြန်ဆန်လွန်းသဖြင့် ရှောင်ရှန်း ခမျာ ကန့်ကွက်ရန်ပင် အချိန်မရလိုက်ချေ။

သူသည် နယ်စပ်သို့သွား၍ သဲစားရမည့် မိမိ၏ ကံကြမ္မာကို လူအများက လွယ်လွယ်ကူကူ ဆုံးဖြတ်လိုက်သည်ကို ကြည့်ပြီး အံ့အားသင့်နေမိသည်။

"ခဏ"

သူသည် နောက်ဆုံးတော့ အသံထွက်လာလေပြီ။

"ခမည်းတော် ၊ အမတ်‌မင်းတွေ ဒါ... ဒါက နည်းနည်း အလျင်စလို မဖြစ်လွန်းဘူးလား... ကျွန်တော်က လက်ချော်ပြီး ပစ်လိုက်မိရုံပါ"

လူတိုင်း သူ့ကို ပို၍ပင် လေးစားကြည်ညိုမိသွားသညိ။

'ကြည့်စမ်း၊ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ အရည်အချင်းကို ကြွားဝါခြင်းမရှိ ဘယ်လောက်တောင် နှိမ့်ချလိုက်သလဲ....'

" ကျန်းနမ်ဂိတ်က မိုင်တစ်ထောင်ကျော်ဝေးတဲ့အပြင် လူသူကင်းမဲ့ပြီး သဲမုန်တိုင်းတိုက်နေတဲ့ နေရာမျိုးမှာ ကျွန်တော်က အဲ့ကို သွားပြီး ဘာလုပ်ရမှာလဲ"

ရှောင်ရှန်း တစ်ယောက် စိုးရိမ်ပူပန်လာကာ ငြင်းဆိုလေတော့၏။

"မြို့တော်မှာက သက်တောင့်သက်သာနဲ့ အိမ်ရာကောင်း ၊ အစားအသောက်ကောင်းတွေ ရှိနေတာကို... ကျွန်တော် မသွားဘူး"

ချန်ချင်းက ရိုးသားစွာဖြင့် အကြံပေး၏။

" အရှင့်သား ... နှိမ့်ချစရာ မလိုပါဘူး ၊ အရှင့်သားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဉာဏ်ပညာနဲ့ဆိုရင် ကျန်းနမ်ဂိတ်မှာ ထိုင်နေရုံနဲ့တင် ရန်သူတွေကို ကြောက်လန့်သွားစေမှာ သေချာတယ်"

အမတ်ချုပ်ကြီးကလည်း မုတ်ဆိတ်ကို သပ်ချရင်း အလေးအနက် ပြောဆိုလိုက်သည်။

" အရှင့်သား ဒါဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စပါ ၊ ကိုယ်ရေးကိုယ်တာအတွက်နဲ့ ငြင်းပယ်လို့ မရပါဘူး"

ရှောင်ရှန်းမှာ သူ၏ "နတ်ဘုရားလက်" ကြောင့် လှည့်စားခံလိုက်ရသော ဤအမတ်များကို ကြည့်ပြီး ဘာတစ်ခွန်းမှ မပြောနိုင်တော့ချေ။

ယနေ့ကိစ္စတွင် သူ့ဘက်ကနေ ဘာမှ ပြောဆိုလို့ရတော့မည် မဟုတ်ကြောင်း သူ နားလည်လိုက်သည်။

ထိုနေ့ညလယ်တွင် ဧကရာဇ်မင်းသည် ရှောင်ရှန်းကို သီးသန့် ခေါ်ယူတွေ့ဆုံခဲ့သည်။

ဧကရာဇ် ရှောင်ယွမ်သည် ရွှေပလ္လင်ပေါ်တွင် လဲလျောင်းနေပြီး ၊ နေ့ခင်းက အရှိန်အဝါများကို ဖယ်ရှားထားသဖြင့် ဤအချိန်တွင် ပင်ပန်းနွမ်းနယ်နေသော လူအိုကြီးတစ်ယောက်လိုပင်။

"ခမည်းတော်၊ သားတော်ကို ခေါ်တာလား"

ရှောင်ရှန်းတစ်ယောက် အားမရှိဟန်ဖြင့် ဦးညွှတ်လိုက်ပြီး သူ့စိတ်ထဲတွင် နောက်ဆုံးအကြိမ် ခုခံရန် ကြံစည်လိုက်သည်။

"ကျန်းနမ်ဂိတ် သွားရမှာကို စိတ်ဆိုးနေတုန်းလား"

ဧကရာဇ် ရှောင်ယွမ်က သူ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ မှုန်ဝါးနေသော်လည်း အရာရာကို ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရသည်။

"သားတော်က မဝံ့ရဲပါဘူး"

ရှောင်ရှန်း တစ်ယောက် ဆူပုတ်ပုတ်ဖြင့် ပြန်ဖြေလိုက်သည်။

"သားတော်က ဗဟုသုတနည်းတဲ့သူမို့ အဖေ့မျှော်လင့်ချက်တွေကို ပျက်စီးစေမှာ စိုးရိမ်လို့ပါ"

"မင်းက မျှော်လင့်ချက် ပျက်စီးမှာကို စိုးရိမ်တာ မဟုတ်ဘူး၊ မင်း ဒုက္ခရောက်မှာတွေးပြီး စိုးရိမ်နေတာမလား"

ဧကရာဇ် ရှောင်ယွမ်က တည့်တိုးပြောလိုက်သည်။

ရှောင်ရှန်းကလည်း ရဲရဲဝံ့ဝံ့ပင် ဝန်ခံလိုက်သည်။

"ဟုတ်တယ် သားတော် ဒုက္ခရောက်မှာ ကြောက်တာ....သားတော်ရဲ့ ဘဝရည်မှန်းချက်က အပျင်းကြီးဖို့ပဲ"

" ကျန်းနမ်ဂိတ်လို နေရာမျိုးမှာ လေနဲ့မိုးဒဏ်ကို အံတုပြီး 'အထက်လောကက နတ်ဘုရား' တွေနဲ့ တိုက်ခိုက်ရတာ သေတာထက် ပိုဆိုးတယ်... သားတော် မသွားဘူး"

သူသည် ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။

ဧကရာဇ် ရှောင်ယွမ်သည် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးမှာ နွေးထွေးသော အပြုံးမဟုတ်ချေ။

သူသည် ထထိုင်လိုက်ပြီး ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများကို တစ်ဖန် ထုတ်ဖော်လိုက်သည်။

"ဒါဟာ အမိန့်ပဲ"

သူ၏ အသံမှာ မကျယ်လောင်သော်လည်း သံမဏိကဲ့သို့ ခိုင်မာသည်။

"မင်း မသွားဘူးဆိုရင်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ရှန်းတစ်ယောက် ရင်ခုန်သွားသည်။

' လာပြီ လာပြီ၊ ခြိမ်းခြောက်တော့မှာပေါ့လေ... ငါ့ကို အိမ်ရှေ့စံရာထူးကနေ ဖယ်ရှားလိုက်ရင် ပိုတောင် ကောင်းသေး...'

"ငါ မင်းရဲ့ အိမ်ရှေ့စံရာထူးကို ဖျက်သိမ်းမယ်...."

ရှောင်ရှန်း၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားလေ၏။

' ပျော်စရာကိစ္စကြီးပဲ...'

သူသည် ဒူးထောက်ကာ ကျေးဇူးတင်လိုက်ချင်သည်။

သို့သော် ဧကရာဇ် ရှောင်ယွမ်က နောက်တစ်ခွန်းကို ဖြည်းညင်းစွာ ထပ်ပြောလိုက်သည်။

"ပြီးတော့ မင်းကို ကြိုးနဲ့တုပ်ပြီး အတင်းအကျပ် ခေါ်သွားမယ်"

"......."

ရှောင်ရှန်း၏ မျက်နှာပေါ်ရှိ အပြုံးရိပ်မှာ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားတော့သည်။

All Chapters