အခန်း ၆၂
Vol. 7 Ch. 62
🐽 Chapter 62
လက်ထပ်ပြီး ရက်အနည်းငယ် ကြာသောအခါ ခေတ္တမျှ မတွေ့ရသည့် အချိန်အတွင်း၌ ယွီရွေ့ကျူးမှာ လက်ထပ်ပြီးသည့် နေ့ရက်များကြောင့် ပိန်ချုံးမသွားသည့်အပြင် ရေစိမ်ထားသည့် ပန်းများကဲ့သို့ ဖူးပွင့်လာပြီး အလွန်ဆွဲဆောင်မှုရှိသည့် မွှေးရနံ့တစ်ခုနှင့် ဖြစ်နေရပါသည်။
သူ့အကြည့်ကို ခံစားမိသကဲ့သို့ပင် ယွီရွေ့ကျူး မျက်လုံးများက သူ့ဘက်သို့ ရွေ့လာပြီး သူမမေးစေ့ကို အနည်းငယ် မော့ထားကာ ထိုကြောင်မျက်လုံးလေးများက သူ့အကြည့်နှင့် ဆုံတွေ့လိုက်၏။
ယခင်က ယွီရွေ့ကျူးမှာ သူ့ရှေ့တွင် ခေါင်းငုံ့၍ ခန္ဓာကိုယ်ကို နှိမ့်ထားကာ မြှောက်ပင့်၍ တောင်းပန်တတ်သည်။ ထိုပြင် သူ့ကို မော့ကြည့်သည့်အခါ သူမမျက်လုံးများမှာ လေးစားအား ကျမှုများ၊ သူ့အပေါ် ပြင်းထန်သော မြတ်နိုးမှုများ၊ အရူးအမူး ဖြစ်မှုများနှင့်ပင် ပြည့်နှက်နေတတ်၏။
စုန့်ချင်းရှန်းမှာ ယွီရွေ့ကျူး၏ဤသို့သောပုံစံကို ငြီးငွေ့နေပြီး သူမတွင် အလွန်လှပသည့် မျက်နှာတစ်ခုရှိလျှင်ပင် သူ့ကို ခံစားချက်ကောင်းမဖြစ်စေပါပေ။
မည်သို့ပင်ဖြစ်စေ၊ သူ သူမကို မည်သို့ပင် ဆက်ဆံပါစေ၊ သူမက သူ့နောက်မှ တောက်တဲ့ကဲ့သို့သာ ဖြစ်နေမည်ဖြစ်၏။ သူ ကန်ထုတ်လိုက်လျှင်ပင် ယိမ်းယိုင်သွားပြီး သူမခန္ဓာကိုယ်ပေါ်မှ ဖုန်များကို ခါထုတ်ကာ သူ့နောက်သို့ဆက်လိုက်နေမည်သာ ဖြစ်သည်။
သူမက လှပကာကစား၍ရသော်လည်း သူမနှင့် အတူရှိရန်မှာ သေချာပေါက် မဖြစ်နိုင်ပါပေ။
ယွီရွေ့ကျူးက သူ့အတွက် အဝတ်လျှော်၊ ထမင်းချက်ပေးပြီး မြို့နယ်အတွင်းသို့ လိုက်လာစဉ်က သူ ဘာမျှမတွေးခဲ့ပါပေ။ သို့သော် ထိုအချိန်က သူသည် ကျီချိုးရှင်းနှင့် တွေ့ဆုံနေပြီဖြစ်ပြီး ခြေလှမ်းတစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းကာ ဆယ်နှစ်မျှကြိုးစားရမည့် အလုပ်ကို သက်သာလိုသည့် အတွေးမျိုးရှိနေပြီဖြစ်၏။
အကယ်၍ ယွီရွေ့ကျူးနှင့်သာ အမှန်တကယ်အပြုအမူတစ်ခုခု ရှိခဲ့မည်ဆိုလျှင် သူမ၏ သူ့အပေါ် စွဲလမ်းမှုနှင့်ဆိုပါက ကျီချိုးရှင်းနှင့် သူ့အဆက်အသွယ်ကိုထိခိုက်နိုင်သည်။
ထိုကြောင့် စုန့်ချင်းရှန်းမှာ ယွီရွေ့ကျူးနှင့် အမှန်တကယ် တိုးတက်မှု တစ်စုံတစ်ရာမရှိအောင် သည်းခံနေခဲ့ခြင်းဖြစ် ၏။
နောက်ပိုင်းတွင် သူနှင့် ကျီချိုးရှင်းမှာ အမှန်တကယ်လက်တွဲဖြစ်သွားပြီး ဆက်ဆံရေးကိုအတည်ပြုနိုင်ခဲ့သည့်အခါ သူ တိတ်တိတ်လေး သက်ပြင်းချနိုင်ခဲ့ပါသည်။ ကံကောင်း၍ ယွီရွေ့ကျူးကြောင့် သူ့အရေးကြီးသော ကိစ္စများမနှောင့်နှေးသွားခဲ့ခြင်းဖြစ်၏။
သို့သော် ယခုမူ သူ့ရှေ့မှ ယွီရွေ့ကျူး၏ပုံစံကို ကြည့်ပြီး စုန့်ချင်းရှန်း စိတ်နှလုံးမှာ အနည်းငယ်မျှ မလှုပ်ရှားဘဲ မနေနိုင်တော့ဘဲ သူ့နှလုံးသားမှာ ယားယံနေသည်။
ယွီရွေ့ကျူးမှာ ယခု သူ့အတွက် ယခင်ကထက် ပိုဆွဲဆောင်မှု ရှိနေချေပြီ။
"သား၊ အမေ့အတွက် ဆုံးဖြတ်ပေးပါဦး၊ ဒီယွီရွေ့ကျူးက ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး တကယ် လုပ်တတ်တာပဲ၊ သူမ အမေ့အပေါ် ဆက်ဆံတဲ့ သဘောထားကို ကြည့်ပါဦး၊ ဒီမြေ ခွေးမလေးက သိပ်မောက်မာလွန်းတယ်”
စုန့်မိခင်မှာ ငိုကြွေးနေဆဲပင်ဖြစ်ပြီး သူမ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်း တော်တော်များများကလည်း ခေါင်းပြူကြည့်နေကြပါသည်။ စုန့်ချင်းရှန်း မျက်မှောင်ကြုတ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမကို တွဲထူလိုက်၏။
"အမေ၊ အရင်ထပါ"
သူ မတ်တတ်ရပ်လိုက်ပြီး ယွီရွေ့ကျူးကို တစ်စုံတစ်ရာပြောကြားလိုသော်လည်း ပထမဆုံးအံ့သြသွားရပြီးနောက် ယွီရွေ့ကျူးမှာ စက်ဘီးပေါ်၌ ထိုင်ကာ အခြားသူတစ်ဦး၏ရင်ခွင်အတွင်းသို့ မှီနေကြောင်း စုန့်ချင်းရှန်း သတိပြုမိသွားလေသည်။
ထို့ပြင်တစ်ဖက်လူမှာ ဟော်ချန်ယဲ့၏ အလွန်ရိုင်းစိုင်းသော မည်းနက်သည့် မျက်လုံးများကို ကြည့်ရင်း စုန့်ချင်းရှန်း လန့်သွားပြီးနောက် လျင်မြန်စွာတုံ့ပြန်လိုက်လေ၏။
“ခင်ဗျားက “
မြို့နယ်တွင် သူတွေ့ခဲ့သည့် ထူးဆန်းသော ဝက်သတ်သမားပင်။ ထိုအချိန်က တစ်ဖက်လူက သူ့မျိုးရိုးနာမည်မှာ စုန့်ဖြစ်သလောဟု အထူးတလည် မေးမြန်းခဲ့သည်မှာ မအံ့သြတော့ပါပေ။ သူက ယွီရွေ့ကျူး ခင်ပွန်းဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သူ့မျက်လုံးများသည် ဟော်ချန်ယဲ့ မျက်နှာထက်ရှိ အမာရွတ်ဆီမှ လျှောဆင်းသွားပြီး ခဏရပ်တန့်သွားလေသည်။ ထို့နောက် စုန့်ချင်းရှန်းက အဓိပ္ပာယ်ပါပါ အသံထွက် ရယ်မောရင်း ပြောလိုက်၏။
"ဂုဏ်ယူပါတယ် ယွီရွေ့ကျူး၊ နင် လက်ထပ်တုန်းက ငါ မလာနိုင်ခဲ့ဘူး၊ ဒါပေမဲ့ အခု သတို့သားက ဘယ်လိုပုံစံလဲဆိုတာ ငါ မြင်ရပါပြီ၊ သူက တကယ်ကို အရည်အချင်းရှိတဲ့သူပဲ၊ နင် ငယ်ငယ်တုန်းက ရုပ်ချောတဲ့သူတွေကို သဘောကျတယ်လို့ ပြောဖူးတာ ငါ မှတ်မိတယ်၊ အခု နင့်ဆန္ဒ ပြည့်ဝသွားပြီပေါ့”
ယွီရွေ့ကျူးမှာ ရုပ်ချောသည့်သူများကို အရူးအမူးဖြစ်တတ် သည်ဆိုသည်မှာ လူတိုင်းသိရှိကြပြီး ယွီရွေ့ကျူးက ငယ်စဉ်ကတည်းက သူ ရုပ်ချောသောကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် သူ့နောက်သို့ တကောက်ကောက် လိုက်နေခဲ့သည်ကို ရွာအတွင်းရှိ လူတိုင်းသိရှိကြသည်။
သို့သော် ယခု လက်ထပ်သည့်သူမှာ မျက်နှာ၌အမာရွတ် ရှိနေပြီး အလွန်လည်း ရက်စက်မည့်ပုံပေါက်နေသဖြင့် ယွီရွေ့ကျူး၏အလှအပ စံနှုန်းများနှင့်လုံးဝကိုကွဲပြားနေလေသည်။
စုန့်ချင်းရှန်းက ဤသို့ ပြောလိုက်ခြင်းမှာ ဟော်ချန်ယဲ့ကို သိသိသာသာ လှောင်ပြောင်နေခြင်းဖြစ်၏။
ယွီရွေ့ကျူး နောက်ကျောမှ ခန္ဓာကိုယ် ရုတ်တရက်တင်းမာ ၍ တောင့်တင်းသွားသည်ကိုခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်လျှင် ဟော်ချန်ယဲ့၏ ကျယ်ဝန်းသော လက်ဝါးကြီးက စက်ဘီးလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
ယခုအချိန်တွင် ဟော်ချန်ယဲ့ မည်သို့သော မျက်နှာအမူအရာ ရှိနေမည်ကို ယွီရွေ့ကျူး မော့ကြည့်ရန်ပင် မလိုအပ်ဘဲ ခန့်မှန်းနိုင်လေသည်။ သူသည် နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားပြီး မျက်လုံးများ မည်းမှောင်နေမည်မှာ သေချာလှပေသည်။
မည်သို့ပင်ဖြစ်စေ သူသည် ရင်ဘတ်ကို ဓားဖြင့် တိုက်ရိုက် အထိုးခံလိုက်ရခြင်းဖြစ်၏။
သူက အခြားသူများကိုပင် အထိမခံဘဲ ပတ်ဝန်းကျင်ရှိ လူများ မကြောက်လန့်စေရန် အမာရွတ်ကို ဖုံးအုပ်ဖို့ ဆံပင်ကို အနည်းငယ် ရှည်အောင် ထားရှိခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် နေ့ခင်းကြောင်တောင်၌ ၎င်းကို စုန့်ချင်းရှန်းက ထောက်ပြလိုက်ခြင်းဖြစ်လေ၏။
စုန့်ချင်းရှန်း၊ ဒီကောင်ကတော့လေ။
ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို ဒေါသတကြီး တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ဟော်ချန်ယဲ့ ခါးကိုဖက်လိုက်ပါသည်။ သူမပါးပြင်ကလည်း ဟော်ချန်ယဲ့ ရင်ဘတ်ကို ဖိကပ် ထားပြီး သူ့ကို မေးမော့ပြလိုက်၏။
"ဟုတ်တယ်၊ ငါ့ကို ဒီလောက်ကျေနပ်စေမယ့်သူကို ရှာတွေ့ခဲ့တာ ငါ တကယ် ကံကောင်းတာပဲ၊ သူက ရုပ်ချောရုံတင်မကဘူး၊ သူ့ခန္ဓာကိုယ်ကလည်း ပထမတန်းစားပဲ၊ ပြီးတော့ သူ့ကြွက်သားတွေကလည်း ယောကျ်ားပီသတယ်"
သူမက ခနဲ့တဲ့လေသံနဲ့ ဆက်ပြောလိုက်လေသည်။
"လေတိုက်ရင် လွင့်သွားနိုင်တဲ့၊ တစ်ကိုယ်လုံးမှာ အသားနှစ်ကျပ်သားလောက်တောင် မရှိတဲ့ ကြက်ပေါက်လေးတွေလို ပိန်လှီနေတဲ့သူတွေနဲ့ မတူဘူး၊ သူတို့က ဘယ်လိုလုပ် ငါ့ယောကျ်ားနဲ့ တူနိုင်မှာလဲ၊ ညဘက်ဆို ဗိုက်ကြွက်သားတွေက ချောမွေ့နေပြီး ရင်အုပ်ကြွက်သားတွေကလည်း ထိရတာ သက်သောင့်သက်သာ ရှိတယ်၊ သူက ငါ့ကို လက်တစ်ဖက်တည်းနဲ့ သယ်ပြီး ပတ်ချာလည်လှည့်နိုင်တယ်၊ ငါက သိပ်ကြိုက်တာ၊ သူ့ကို ဘယ်လောက်ပဲ ထိထိ မဝဘူး"
"ငါ သိပ်ကံကောင်းတယ်လို့ပဲ ပြောနိုင်တော့မယ်၊ ဒီလောက် စွမ်းဆောင်ရည်ကောင်းတဲ့ ခင်ပွန်းနဲ့တွေ့ဖို့ ဖြူလျော့လျော့ ကြက်ပေါက်လေးကို လွဲချော်ခဲ့ရတာပဲ၊ ဘုရားသခင်က ငါ့အပေါ် ကောင်းပါတယ်၊ အချိန်မီ ပျော်ရွှင်ခွင့်မရနိုင်ပေမဲ့ ငါ လိုချင်တာကို တကယ်ရခဲ့တယ်”