အခန်း ၇၀
Vol. 7 Ch. 70
🐽 Chapter 70
မိုးခြိမ်းတာလား
ယွီမိခင် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မေးလိုက်၏။
"သူ အခု မိုးခြိမ်းတာကို ကြောက်နေလို့လား၊ အရင်က သူ အဲ့လိုပြောတာ မကြားဖူးပါဘူး၊ မင်းက ဒါလေးအတွက်နဲ့ ငါ့ဆီ လာတာလား"
ဟော်ချန်ယဲ့သည် သူ့အိတ်ကပ်ထဲရှိ စာရွက်စာတမ်းများကို အလိုအလျောက် စမ်းကြည့်လိုက်မိသည်။
သူ မူလက ယွီမိခင်အား ယွီရွေ့ကျူးနှင့် သူ့အိမ်ထောင်ရေးအကြောင်း ပြောပြချင်ခဲ့သော်လည်း စကားစမည့်ဆဲဆဲတွင် ယခင်က တွေ့ခဲ့ရသော လက္ခဏာများအားလုံးနှင့် ပေါင်းစပ်ကာ စိတ်ထဲ၌ ခန့်မှန်းချက်တစ်ခု ဝင်ရောက်လာခဲ့လေသည်။
လူတစ်ယောက်သည် မည်သို့ ဤမျှ လျင်မြန်စွာ ရုတ်တရက် ပြောင်းလဲသွားနိုင်သနည်းဟု ဟော်ချန်ယဲ့ ယခင်ကတည်းက သံယယဝင်ခဲ့ဖူး၏။
မင်္ဂလာဦးညတွင် ယွီရွေ့ကျူးမှာ အလွန်ဆိုးရွားသော သဘောထားရှိခဲ့ပြီး သူ့အပေါ် ရွံရှာမုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် သတိလစ်မေ့မြောရာမှ နိုးလာသော ယွီရွေ့ကျူးမှာမူ အလွန် နူးညံ့သိမ်မွေ့သော သဘောထားရှိကာ အမြဲတမ်း ပြုံးရွှင်နေတတ်သည်။ သူ့မျက်နှာပေါ်ရှိ အမာရွတ်များကို မရွံရှာသည့်အပြင် သူ့အနားသို့ပင် တက်ကြွစွာ ချဉ်းကပ်လာခဲ့သည်။
ဟန်ဆောင်နေခြင်း မဟုတ်လျှင်၊ သူ့ကို ကျီစယ်နေခြင်း မဟုတ်လျှင် သို့မဟုတ် စိတ်ရောဂါ ရှိနေခြင်း မဟုတ်လျှင်၊ ဖြစ်နိုင်ခြေရှိသည်မှာ ဤသည်မှာ လူတစ်ယောက်တည်း မဟုတ်ခြင်းပင် ဖြစ်ချေတော့မည်။
ဤအတွေးမျိုး ဟော်ချန်ယဲ့၏ စိတ်ထဲတွင် ပေါ်လာပြီးနောက် သူကိုယ်သူပင် ရူးသွားပြီဟု ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေ ယွီရွေ့ကျူးသည် သူ့ရှေ့၌ပင် လဲကျသွားခဲ့ပြီး သူ့ရှေ့၌ပင် မျက်လုံး ပြန်ဖွင့်လာခဲ့ရာ ဤကဲ့သို့သော ကိစ္စမျိုး မည်သို့ဖြစ်နိုင်မည်နည်း။
ယခုကာလအတွင်း သူသည် ယွီရွေ့ကျူးကြောင့် အမှန်ပင် ကမောက်ကမ ဖြစ်ခဲ့ရလေသည်။
သို့သော် ဟော်ချန်ယဲ့ နှုတ်ခမ်းကို စေ့ကာ အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် မျက်လုံးပင့်ကြည့်ကာ ယွီအမေအား မေးလိုက်၏။
"ယွီရွေ့ကျူးမှာ တခြား အကျင့်လေးတွေများ ရှိသေးလား၊ ဒါမှမဟုတ် သူ ကြိုက်တာ၊ မကြိုက်တာ၊ ကြောက်တတ်တာမျိုးလေးတွေများ ရှိလား"
ယွီမိခင် အနည်းငယ် အံ့အားသင့်သွားရသည်။
မူလက ဟော်ချန်ယဲ့က သူတို့၏ အိမ်ထောင်ရေးအကြောင်း လာပြောမည်ဟု သူမ ထင်ထားခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ ယွီရွေ့ကျူးအကြောင်းကိုသာ မေးမြန်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမတို့ မိသားစု၏ရွေ့ကျူး ကြိုက်နှစ်သက်သည့် အရာများကိုပင် သူက စုံစမ်းမေးမြန်းနေသေး၏။
ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလောက်တောင် ကောင်းနေပြီလား။
ယွီရွေ့ကျူးသည် စားပွဲဝိုင်းတွင် ထိုင်ရင်း ဟော်ချန်ယဲ့ကို ပျင်းရိပျင်းတွဲဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့အမေကို ဘာတွေ ပြောနေတာလဲ"
ဟော်ချန်ယဲ့၏ စကားများမှာ တိုတောင်းပြတ်သားပြီး သူမအား ဖုံးကွယ်ထားလိုသည့် ရည်ရွယ်ချက် လုံးဝ မရှိပေ။
"ဘာမှ မပြောပါဘူး၊ မေးခွန်း နည်းနည်း မေးရုံတင်ပါ"
မေးခွန်းမေးတာလား။ သူက သူမကို ကွာရှင်းချင်လို့ မိဘတွေကို အိမ်ထောင်ရေးကိစ္စ သွားပြောတာ မဟုတ်ဘူးလား။
ယွီရွေ့ကျူးသည် ခေါင်းငုံ့ကာ သူမ၏ စကတ်ကို ကိုင်တွယ်ကြည့်လိုက်၏။ အပေါ်ယံ၌ စကတ်ပေါ်မှ ပန်းပွင့်ဒီဇိုင်းများကို စစ်ဆေးနေပုံရသော်လည်း အမှန်တကယ်တွင်မူ အထဲ၌ ချုပ်ထားသော အိတ်ကပ်ကို စမ်းသပ်ကာ အထဲမှ ပစ္စည်းများ ပျောက်ပျက်သွားခြင်း ရှိမရှိ စစ်ဆေးနေခြင်း ဖြစ်သည်။
သူမသည် မှန်တင်ခုံရှိ သော့ခတ်ထားသော ငွေသေတ္တာကို ဖွင့်ကာ ဤကာလအတွင်း အသားများ ထောက်ပံ့ပေးပြီး အတူတကွ မျှဝေခံစားရန် ဟော်ချန်ယဲ့အတွက် ငွေတစ်ဝက်ကို ချန်ထားခဲ့ပြီး ကျန်တစ်ဝက်ကိုမူ သူမ၏ အိတ်ကပ်ထဲတွင် တိုက်ရိုက် ထည့်လာခဲ့ခြင်း ဖြစ်သည်။
တာတုန်းရွာသို့ ပြန်၍ ကွာရှင်းရန်သာ စောင့်နေခြင်းဖြစ်ပြီး နောက်ထပ် ပြန်သွားကာ အလုပ်ရှုပ်ခံနေစရာ မလိုတော့ဘဲ ရှင်းရှင်းလင်းလင်းနှင့် သပ်သပ်ရပ်ရပ် တိုက်ရိုက် ပြန်သွားနိုင်ရန် ဖြစ်လေသည်။
သူမ၏ စာရွက်စာတမ်းများကိုလည်း ယူဆောင်လာခဲ့ရာ ယနေ့တွင် ဟော်ချန်ယဲ့က ကွာရှင်းရန် စကားတစ်ခွန်းသာ စတင်ပြောလိုက်ပါက သူမ လုံးဝ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
သို့သော် အကြောင်းတစ်ခုခုကြောင့် သူက ဘာစကားမျှ ပြောပုံမရချေ။
သူမကို မပြောရုံသာမက ယွီမိခင်နှင့် ဖခင်တို့ကိုလည်း မပြောခဲ့ပေ။
ယခင်က သူမ သူ့ကို နမ်းခဲ့သောကြောင့် တွေဝေသွားခြင်းလား။ သို့မဟုတ် အခြားအကြောင်းပြချက် တစ်ခုခုကြောင့်လား။
ယွီရွေ့ကျူး တွေးတောနေစဉ်မှာပင် ဟော်ချန်ယဲ့ကလည်း သူမကို ကြည့်ရန် ခေါင်းလှည့်လာခဲ့သည်။
ဤအကြည့်တစ်ချက်တွင် သူ့မျက်ဝန်းများမှာ ချက်ချင်း အေးခဲသွား၏။
ဟော်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်သည်။
"မင်း မျက်နှာမှာ"
ယွီရွေ့ကျူး လက်မြှောက်ကာ စမ်းကြည့်ရင်း မေးလိုက်၏။
"ဘာဖြစ်လို့လဲ၊ တစ်ခုခု ပေနေလို့လား"
အစာစားနေစဉ် ပါးပြင်ပေါ်၌ ဆော့စ်များ ပေကျံနေသည်ကို သူမ သတိမထားမိခဲ့သောကြောင့် ဖြစ်သည်။
ဟော်ချန်ယဲ့ ထိုနေရာကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး ယွီရွေ့ကျူး အကြိမ်ကြိမ် စမ်းသပ်သော်လည်း နေရာမှန်ကို ရှာမတွေ့သည်ကို မြင်သောအခါ သူ့ပေါင်ဘေးရှိ လက်ကို အလိုအလျောက် ဆုပ်လိုက်မိသည်။
သူသည် နှုတ်ခမ်းကို စ့ကာ အတော်လေး အားယူ၍ သည်းခံနေရ၏။
မည်းနက်သော မျက်ဝန်းများက သူမ၏ ပါးပြင်များကို အဆက်မပြတ် စိုက်ကြည့်နေလေသည်။
ယွီရွေ့ကျူး၏ အသားအရေမှာ အတော်လေး ဖြူဖွေးသောကြောင့် ထိုနေရာတွင် ပေကျံနေသော ဆော့စ်မှာလည်း အထူး သိသာထင်ရှားနေသည်။
နောက်ဆုံးတွင် ဟော်ချန်ယဲ့ ဆက်၍ သည်းမခံနိုင်တော့ဘဲ အသက်ပြင်းပြင်း ရှူထုတ်လိုက်ကာ ယွီရွေ့ကျူး၏ ပခုံးကို ဖမ်းဆုပ်လိုက်လေသည်။
"မလှုပ်နဲ့"
ယွီရွေ့ကျူးမှာ အကြောင်းရင်းကို မသိသော်လည်း ဟော်ချန်ယဲ့ သူမထံသို့ အနည်းငယ် ကိုင်းညွတ်လာကာ သူ့လက် ချောင်းများဖြင့် သူမ မေးစေ့ကို ကိုင်ထားသည်ကို မြင်လိုက်ရသည်။
သူ ခေါင်းကို ငုံ့ကာ သူမထံသို့ အလွန် လေးနက်စွာ ချဉ်းကပ်လာပြီးနောက် နှုတ်ခမ်းထောင့်များကို သုတ်ပေးရန် လက် မြှောက်လိုက်၏။
ဆော့စ် ပေနေသည့် နေရာမှာ ပါးစပ်နားတွင် ကွက်တိဖြစ်နေရာ ဟော်ချန်ယဲ့၏ လက်ချောင်းထိပ်လေးများဖြင့် မတော်တဆ အနည်းငယ် ထိမိသွားသည်။ သူမ၏ နီမြန်းသော နှုတ်ခမ်းများမှာ ပြည့်ဖြိုးပြီး ထိတွေ့ရသည်မှာ အလွန် နူးညံ့လှသဖြင့် ဟော်ချန်ယဲ့၏ အသက်ရှူသံများ ရပ်တန့်သွားရလေသည်။
ယွီရွေ့ကျူး ယခင်က ဤနှုတ်ခမ်းဖြင့် သူ့ပါးပြင်ကို နမ်းခဲ့ခြင်း ဖြစ်၏။
ဤအကြောင်းကို တွေးမိသောအခါ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော ပါးပြင်ပေါ်မှ အထိအတွေ့မှာ ပြန်လည် လောင်ကျွမ်းလာသကဲ့သို့ ဖြစ်လေသည်။
ဟော်ချန်ယဲ့၏ လည်စေ့မှာ လှုပ်ရှားသွားပြီး လက်ကို မီးပူဟပ်ခံရသကဲ့သို့ အမြန် ရုပ်သိမ်းလိုက်ကာ မျက်လွှာချလျက် ပြောလိုက်သည်။ သူ့အသံမှာ အနည်းငယ် အက်ကွဲနေ၏။
"ခုနက ဆော့စ်တွေ ပေနေလို့၊ အခု သုတ်လိုက်ပြီ"
ယွီရွေ့ကျူးက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"အင်း၊ အိုကေလေ"
သူမ ဟော်ချန်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်ကို အလိုအလျောက် လက်မြှောက်၍ စမ်းကြည့်လိုက်၏။
သူမက ဘာမှမဟုတ်ဟု ထင်ခဲ့သော်လည်း ယွီမိခင်နှင့် ယွီရှားတို့၏ ရှုထောင့်မှ ကြည့်လျှင်မူ ဟော်ချန်ယဲ့က ခေါင်းကို အနည်းငယ် ငုံ့ကာ ယွီရွေ့ကျူးထံသို့ ချဉ်းကပ်သွားပြီး သူတို့၏ခေါင်းများ နီးကပ်နေသည်ကို မြင်လိုက်ရသောအခါ နှစ်ပေါင်းများစွာ အိမ်ထောင်ရေး အတွေ့အကြုံရှိသော ထိုအမျိုးသမီးနှစ်ဦးမှာ ချက်ချင်းပင် အမူအရာများသိမ်မွေ့သွားကြသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း ရေရွတ်လိုက်မိသည်။
"သူတို့နှစ်ယောက် နမ်းနေကြတာလား"
နှမြောစရာကောင်းသည်မှာ ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ သူတို့၏ တိုးတိုးတိတ်တိတ် ရေရွတ်သံများကို မကြားလိုက်ရဘဲ ရှင်းပြရန် အခွင့်အရေး လုံးဝမရလိုက်ခြင်းပင် ဖြစ်၏။
အထင်လွဲမှုနှင့် ရှုပ်ထွေးမှုများကြားတွင် ယွီဖခင် အိမ်ထဲမှ ထွက်လာခဲ့လေသည်။
"စောပါသေးတယ်၊ ရွေ့ကျူးလည်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ခဏလောက် ထပ်နေဦး၊ မိသားစုတွေနဲ့ စကားပြောကြဦး၊ နောက်မှ ပြန်လည်း မနောက်ကျပါဘူး"
သူ ဟော်ချန်ယဲ့နှင့် ကျောက်ကျစ်ဖန်ကို တစ်လှည့်စီ ကြည့်လိုက်သည်။
"အိမ်နောက်ဖေးမှာ ရေမြောင်းလေး တစ်ခုရှိတယ်၊ အဲ့ဒီမှာ ငါးတွေ ရှိတယ်၊ မင်းတို့နှစ်ယောက် သွားချင်ရင် အပျင်းပြေ သွားမျှားလို့ ရတယ်၊ ရရင် ညကျ အိမ်ပြန်သယ်သွားပေါ့၊ ဟင်းတစ်ခွက် သက်သာတာပေါ့"
ဟော်ချန်ယဲ့ ငါးမျှားခြင်းကို စိတ်မဝင်စားသော်လည်း ကျောက်ကျစ်ဖန်မှာမူ ဤကဲ့သို့ အခမဲ့ရမည့် အမြတ်လေးကို အလွန် စိတ်ဝင်စားပုံရပြီး မျက်လုံးများ တောက်ပသွား၏။
"ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်တော် သွားစမ်းကြည့်မယ်၊ ကျွန်တော်က ငါးမျှား တော်တယ်ဗျ"
အမှန်တကယ်တွင် ရေမြောင်းထဲ၌ ငါးရှိသည်ဟု ဆိုသော် လည်း ငါးသိုင်းလေးများသာဖြစ်ပြီး ငါးများမှာ သေးငယ်ကာ အရိုးများ၏။ ငါးမျှားချိတ်ချပါက ဖမ်းမိရန် မလွယ်ကူပေ။
ကျေးလက်ဒေသမှ လူများမှာ ပိုလက်တွေ့ကျပြီး ထိုငါးငယ်လေး အနည်းငယ်ကို ဖမ်းယူရန်အတွက် နေ့လယ်ခင်း အချိန်ကို ဖြုန်းတီးရန် အားလပ်ချိန် မရှိကြပေ။
ဟော်ချန်ယဲ့သည် အချက်ပြသော မျက်လုံးများဖြင့် ယွီရွေ့ကျူးကို ကြည့်လိုက်၏။ ယွီရွေ့ကျူး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်ရင်း ပြောလိုက်သည်။
"သွားလေ၊ များများမျှားပြီး ပြန်လာခဲ့၊ ညကျရင် ငါးကြော်စားကြတာပေါ့"
"အင်း"
ဟော်ချန်ယဲ့ မျက်လွှာချလိုက်ပြီး ယွီဖခင် သူတို့နှစ်ဦးကို ပေးသော ငါးမျှားတံကို ယူကာ ဖြည်းညင်းစွာ ထွက်သွားလေသည်။
ငါးမျှားခြင်းမှာ အမှန်တကယ်တွင် ပျင်းစရာကောင်းသော ကိစ္စတစ်ခု ဖြစ်၏။
ငါးစာ မရှိသဖြင့် ကျောက်ကျစ်ဖန် ယွီမိသားစုတွင် ကောက် ရိုးဖျာများ ပုံထားသည့် မြေကြီးထဲသို့ အပြေးအလွှား တူးဆွကာ ငါးစာပြုလုပ်ရန် တီကောင်အချို့ကို ဖမ်းယူလိုက်သည်။
ငါးမျှားတံကို ချိန်ညှိပြီးနောက် ဟော်ချန်ယဲ့နှင့် ကျောက်ကျစ်ဟွာတို့ ရေမြောင်းဘေးတွင် သီးခြားစီ ရပ်ကာ ငါးများ ငါးစာဟပ်မည့်အချိန်ကို စောင့်နေကြလေသည်။
ယနေ့ ရေမြောင်းတွင် ကလေးများ မရှိပေ။ နေ့လယ်အချိန်ဖြစ်ပြီး နေရောင် အနည်းငယ် ပူပြင်းသော်လည်း ကျောက်ကျစ်ဖန်မှာ စိတ်အားထက်သန်နေပြီး နေပူပူကို မကြောက်ပေ။
သို့သော် အချိန်အတော်ကြာ စောင့်နေသော်လည်း ငါးတစ်ကောင်မျှ မမိသောအခါ သူ၏စိတ်လှုပ်ရှားမှုမှာ တဖြည်း ဖြည်း ပျောက်ကွယ်သွားပြီး ပျင်းရိလာလေသည်။
သူ ဘေးရှိ ဟော်ချန်ယဲ့ကို တစ်ချက်ကြည့်လိုက်၏။