← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

🐽 Chapter 72

ကျောက်ကျစ်ဖန် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သေမတတ် နေရခက်နေသည်ဟုသာ ခံစားရ၏။ အိမ်ပြန်ရောက်သည့်အခါ သူ့အရှက်ရဖွယ် အသွင်အပြင်က ယွီမိသားစုကို တုန်လှုပ်သွားစေသည်။

ဟော်ချန်ယဲ့မှာ သူ့ဗိုက်နေရာ အားလုံးနီးပါးကို ထိုးကြိတ်ခဲ့သဖြင့် အဝတ်အစားများ ဖုံးလွှမ်းထားသည့်အခါ ဘာမျှမမြင်ရသော်လည်း သူ့ပုံစံမှာ အထူးသဖြင့် အရှက်ရဖွယ် ဖြစ်နေလေသည်။

ယွီရှားက သူ့ကို ကြည့်ကာ သိမ်မွေ့သော အံ့သြမှု အမူအရာဖြင့် မေးလိုက်သည်။

"ဘာလို့ ရေတွေ စိုနေတာလဲ၊ ရေကန်ထဲက ငါးတွေက ဘယ်လောက် ညစ်ပတ်လိုက်လဲ၊ ဘာလို့ ရေသွားကူးရတာလဲ"

မည်သည့်ခွေးကောင်ကများ ရေဆင်းကူးပါမည်နည်း။

ကျောက်ကျစ်ဖန်မှာ သေမတတ် ဒေါသထွက်နေလေ၏။

သူက ကန်ချခံလိုက်ရခြင်း ဖြစ်သည်။ သူ့မိန်းမကလည်း တကယ်ပင်၊ ပုံမှန် ဉာဏ်ရည်ရှိသည့် မည်သူကများ ငါးသွားမျှားရင်း ရေကန်ထဲ ခုန်ချပါမည်နည်း။

သူ့ကို ဟော်ချန်ယဲ့က ရေကန်ထဲ ကန်ချပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်ဟု ကျောက်ကျစ်ဖန် ပြောချင်သော်ငြား ဤသို့ပြောရသည်မှာ အမှန်ပင် ရှက်စရာကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က အရင်စပြောခဲ့ခြင်း ဖြစ်သလို ဟော်ချန်ယဲ့ကိုလည်း ပြန်မယှဉ်နိုင်သောကြောင့် ဖြစ်၏။ အကယ်၍ သူ သွားပြောလိုက်သဖြင့် ဟော်ချန်ယဲ့က ဒေါသထွက်ကာ သူ့ကို နောက်တစ်ကြိမ် ထပ်မံရိုက်နှက်လျှင် သူ အမှန်တကယ် သေသွားပေလိမ့်မည်။

ထို့ကြောင့် ကျောက်ကျစ်ဖန်မှာ သေမတတ် နာကျင်နေပြီး အရှက်ရနေသော်လည်း အံကြိတ်ကာ တည်ငြိမ်ချင်ယောင် င်္ဆောင်၍ ပြောလိုက်သည်။

"အင်း၊ အရမ်းပူလို့ ရေဆင်းချိုးတာပါ"

"ဖူး"

ယွီရွေ့ကျူးမှာ မအောင့်ထားနိုင်တော့ဘဲ အသံထွက်ရယ် မောလိုက်လေသည်။

အကဲခတ်တတ်သူတိုင်း ကျောက်ကျစ်ဖန်၏အခြေအနေ မှားယွင်းနေကြောင်းကို အမှန်တကယ် မြင်နိုင်လေသည်။ သူ တစ်ကိုယ်လုံး ရေများစိုရွှဲက ရွှံ့များ ပေကျံနေပြီး ရေကူးသွားသည်ဟု အတင်းအကျပ် ဆင်ခြေပေးနေသည်ကို မြင်ရသောအခါ ယွီရွေ့ကျူး အမှန်ပင်ပျော်ရွှင်သွား၏။

ဟော်ချန်ယဲ့က ဤယောက်ဖကို မည်သို့များလုပ်လိုက်သဖြင့် သူ့ကိုကြည့်ရသည်မှာ ဤမျှ ကြောက်ရွံ့သွားရသနည်း။

ဤသည်မှာ ယွီမိသားစုမှ ကျန်လူများလည်း သိချင်နေသည့်အရာ ဖြစ်လေသည်။

ယွီမိခင်သည် ကျောက်ကျစ်ဖန်၏ ဟန်ရေးပြကာ မောက်မာ သော သဘောထားကို မနှစ်သက်သော်လည်း သူမက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

"မင်းယောက္ခထီးရဲ့ အဝတ်အစားတွေ ရှိတယ်၊ လာလဲလိုက်ပါဦး၊ မဟုတ်ရင် နောက်မှ ဘယ်လို ပြန်မလဲ၊ ပြီးတော့ မင်းမျက်နှာပေါ်က ရွှံ့တွေကိုလည်း ဆေးလိုက်ဦးလေ"

ကျောက်ကျစ်ဖန်၏ မျက်နှာမှာ ခေတ္တမျှ ခရမ်းရောင် သန်းသွားပြီး မျက်နှာမှာ ဝက်သည်းကဲ့သို့ နီရဲသွားကာ နောက်ဆုံးတွင် ဒေါသတကြီးဖြင့် အိမ်အတွင်းသို့ ဝင်သွားလေတော့ သည်။

ဟော်ချန်ယဲ့ သူ့ကို မကြည့်ဘဲ မည်းနက်သော မျက်လုံးများဖြင့် ယွီရွေ့ကျူးကို ငုံ့ကြည့်လိုက်၏။ သူ့ကျယ်ဝန်းပြီး ကြမ်းတမ်းသော လက်ဝါးက ယွီရွေ့ကျူး၏လက်ကောက် ဝတ်ကို ဖမ်းဆုပ်ကာ သူ့ဘက်သို့ ဆွဲယူရင်း ပြောလိုက်သည်။

"အိမ်ပြန်မယ်"

ယွီရွေ့ကျူး မျက်ခုံးပင့်ကာ သူ့ကို မော့ကြည့်လိုက်သည်။

"အိမ်ပြန်မယ် ဟုတ်လား"

သူမက ဟော်ချန်ယဲ့ ဤတစ်ကြိမ်တွင် သူမကို ကွာရှင်းတော့မည်ဟု ထင်မှတ်ထားခြင်းဖြစ်သည်။ မင်္ဂလာဆောင်သည့် နေ့ရက်များတွင် မိဘအိမ်သို့ ပြန်ကာ ကွာရှင်းရန်ကျိန်ဆိုထားခဲ့သည် မဟုတ်ပါလား။

သူက မည်သို့ကြောင့် ဤသို့ ပြန်လာရပါသနည်း။ ကွာရှင်းမည့်အကြောင်း မည်သည်ကိုမျှ မပြောသည့်အပြင် ယခုအခါ သူမလက်ကိုပင် ကိုင်ကာ အိမ်မှ ထွက်သွားတော့မည် ဟုဆိုနေ၏။

ဟော်ချန်ယဲ့၏ သဘောထားမှာ အလွန်လျင်မြန်စွာပြောင်း လဲသွားလေသည်။

သူမ၏လက်ကောက်ဝတ်ကို ကိုင်ထားသော လက်မှာအလွန် သန်မာသင့်သော်လည်း ယခုအချိန်တွင်မူ အားမှာ အလွန် ပေါ့ပါးနေလေ၏။

ယွီရွေ့ကျူး မျက်နှာမော့ကာ သူမ လက်ချောင်းများကို ဆန့်ထုတ်ပြီး သူ့လက်ချောင်းဆယ်ချောင်းနှင့် တင်းကျပ်စွာ ယှက်နွယ်လိုက်သည်။ ထင်သည့်အတိုင်းပင် ဟော်ချန်ယဲ့၏ တောင့်တင်းကာ အနည်းငယ် နေရခက်နေသော အမူအရာကို လျင်မြန်စွာ တွေ့လိုက်ရ၏။

ယွီမိသားစု အိမ်အတွင်းသို့ ဝင်ကာ ကျောက်ကျစ်ဖန်အတွက် အဝတ်အစားများကို မွှေနှောက်ရှာဖွေနေစဉ် ယွီရွေ့ကျူးက သူ့ကို တိုက်ရိုက်ပင် မေးလိုက်သည်။

"ကျွန်မကို ကွာရှင်းဖို့ မိဘအိမ်ပြန်ခေါ်လာတာလို့ ရှင် ပြောခဲ့တယ် မဟုတ်လား၊ အခု ဘာလို့မပြောတော့တာလဲ"

အနည်းငယ် ပင့်ထားသော မျက်ခုံးများနှင့် မျက်လုံးတို့မှာ ဆွဲဆောင်မှုရှိနေပြီး နီမြန်းသောနှုတ်ခမ်းများမှာလည်း တောက်ပနေလေသည်။

ဟော်ချန်ယဲ့မှာ နှုတ်ခမ်းကိုစေ့ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး အောက်သို့ တွဲကျနေသော သူ့အခြားလက်ဝါးမှာ မသိမသာ လက်သီးဆုပ်ထားမိသည်။

"မင်း ကွာရှင်းချင်ရင် ငါ အခု မင်းကို အဖော်လိုက်လုပ်ပေးနိုင်တယ်"

ယွီရွေ့ကျူးမှာ စိတ်ပျက်သွားသည်ဟု ခံစားလိုက်ရသဖြင့် သူမလက်ကို ချက်ချင်းရုပ်သိမ်းလိုက်ကာ သူ့ကို မကျေနပ်စွာ စိုက်ကြည့်လိုက်၏။

"တခြား လင်မယားတွေ ကွာရှင်းချင်တယ်ဆိုရင် တစ်ဖက်က ကယ်တင်ဖို့ အပြင်းအထန် ကြိုးစားရမှာပဲ၊ ကျွန်မက ကွာ ရှင်းမယ်လို့ ပြောတဲ့အခါ ရှင်က ဒီအတိုင်း လွှတ်ထားလိုက်တာပဲ၊ ရှင် ကျွန်မကို လုံးဝ ဂရုမစိုက်ဘူးပဲ၊ ဟော်ချန်ယဲ့၊ ရှင် ဘာသဘောလဲ"

ဟော်ချန်ယဲ့ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး ယွီရွေ့ကျူး ပြောသည့်စကားမှာ အမှန်တကယ်ပင် မတရားဟု ခံစားလိုက်ရ၏။

သူက နှုတ်ခမ်းကိုစေ့ထားပြီး ဘာစကားမျှ မပြောသော် လည်း မသိမသာမျက်မှောင်များကြုံ့လာလေသည်။

ဤအိမ်ထောင်ရေးတွင် သူ့ကို ကွာရှင်းရန် ပထမဆုံးမကျေမနပ်ဖြစ်သူမှာ သိသာထင်ရှားစွာ ယွီရွေ့ကျူးဖြစ်၏။ သူက သူမကို အတင်းအကျပ် မလုပ်ချင်ဘဲ သူမ၏ အကြံဉာဏ်များကို ဖြည့်ဆည်းပေးပြီး ဆန္ဒများကို လိုက်လျောပေးချင်ရုံသာ။

သို့သော် ယွီရွေ့ကျူးက မည်သို့ကြောင့် ဤမျှကောက်ကျစ် စဉ်းလဲနိုင်ရပါသနည်း။

အဆုံးတွင်မူ သူ့အမှားသာ ဖြစ်သွားရချေသည်။

ဟော်ချန်ယဲ့ ခေတ္တမျှ မည်သို့ တုံ့ပြန်ရမည်ကိုမသိဘဲ နောက် ဆုံးတွင် ယွီရွေ့ကျူးကို တည်ကြည်သောမျက်နှာဖြင့် ကြည့်ကာ မေးလိုက်သည်။

"မင်း ငါ့ကို ကွာရှင်းချင်လို့လား"

ယွီရွေ့ကျူး သူမလက်ပိုက်ထားသည်ကို ချလိုက်ပြီး သူ့ကို မကြည့်ဘဲ ဖြေလိုက်၏။

"ရှင် ကျွန်မအပေါ် မကောင်းရင်တော့ ကျွန်မ စဉ်းစားရမှာပဲ၊ ရှင့်အဒေါ် လာတုန်းက ကျွန်မ တော်တော်လေးနေရခက်တယ်၊ ဒီလိုမျိုး ကိစ္စတွေကို အမြဲတမ်းမဖြစ်ပါစေနဲ့"

ဟော်ချန်ယဲ့ ပြန်ပြောလိုက်သည်။

"သူမ မင်းကို ထပ်ပြီး အနှောင့်အယှက် ပေးမှာ မဟုတ်တော့ပါဘူး"

သူက ထပ်မံ၍ မေးလိုက်ပြန်သည်။

"မင်း စိတ်ထဲမှာ တခြားလူ ရှိနေသေးလား"

ဟော်ချန်ယဲ့သည် စုန့်ချင်းရှန်း၏အမည်ကို တိုက်ရိုက် မပြောခဲ့သော်လည်း ဤမေးခွန်းကို မေးပြီးနောက် ချက်ချင်းပင် အနည်းငယ် နောင်တရသွားကာ မျက်မှောင်များ တင်းကျပ်စွာကျုံ့သွား၏။ ဤမေးခွန်းကို သူ မည်သို့များ မေးလိုက်ရသနည်းဟု စတင် တွေးတောနေမိသည်။

ယွီရွေ့ကျူးက ပြုံးပြီး သူ့ကို မော့ကြည့်လိုက်သည်။ မျက်‌ေတာင်များ တဖျတ်ဖျတ်ခတ်ကာ သူ့လည်ပင်းကို အလွန် အကဲပိုစွာ ဖက်လိုက်ရင်း သူ့ထံသို့ ကိုင်းညွတ်ပြီး ရင်းနှီးစွာ ပြောလိုက်၏။

"သေချာပေါက် မရှိပါဘူး"

ဟော်ချန်ယဲ့၏ အသက်ရှူသံများ ရှုပ်ထွေးသွားပြီး လည်စေ့မှာ လှုပ်ရှားသွားကာ သူမ၏ဆော့ကစားချင်သော လက်ကို အမြန် ဖမ်းဆုပ်လိုက်သည်။

ယွီရွေ့ကျူး ပြောသည့်စကားမှာ အမှန်လား အမှားလားဆိုသည်ကို သူ မသိခဲ့သလို သူမ၏ သဘောထားမှာလည်း အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်နေသဖြင့် သူ့ကို မသေချာအောင် ဖြစ်စေ၏။

ယွီရွေ့ကျူး၏ပြုံးရွှင်နေသော မျက်လုံးများကို ကြည့်ရင်း ဟော်ချန်ယဲ့ တိတ်ဆိတ်သွားသည်။

သူ ခေါင်းခါလိုက်ပြီး အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ယွီရွေ့ကျူးကို အလွန်လေးနက်သော သဘောထားဖြင့် စိုက်ကြည့်ကာ နောက်ဆုံးမေးခွန်းကို မေးလိုက်လေသည်။

"ယွီရွေ့ကျူး၊ မင်း ငါနဲ့ သေသေချာချာ ဘဝတစ်ခုတည် ဆောက်ချင်ရဲ့လား”

ယွီရွေ့ကျူး ပြောသည့်စကားမှာ အမှန်လား အမှားလား ဆိုသည်ကို ဂရုမစိုက်ဘဲ သူမက သူ့ကို လိမ်ညာခဲ့လျှင်တောင်မှ ဟော်ချန်ယဲ့က ဂရုတစိုက် လိုက်လံစုံစမ်းမည် မဟုတ်။ သို့သော်လည်း ယခုအချိန်တွင်မူ သူသ ယွီရွေ့ကျူးကို အမှန်တကယ် လေးနက်စွာ စိုက်ကြည့်နေမိသည်။

သူ့အသက်ရှူသံပင် ခေတ္တမျှ ရပ်တန့်သွားပြီး ပါးလွှာသော နှုတ်ခမ်းများကို စေ့ထားကာ မျက်လုံးများမှာ မီးရှူးမီးတိုင်များကဲ့သို့ တောက်ပနေပြီး ယွီရွေ့ကျူးကို စူးစိုက်စွာ ကြည့်နေ၏။

ယွီရွေ့ကျူး ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး သူမ၏ အနည်း ငယ် ရှုပ်ပွနေသော ဆံပင်များကိုသပ်တင်ကာ မျက်နှာကို သူ့ရင်ဘတ်သို့ အပ်လျက် ပွတ်သပ်လိုက်သည်။

"သေချာတာပေါ့"

ဟော်ချန်ယဲ့ ခေါင်းမော့လိုက်ပြီး ယွီမိသားစုခြံဝင်းအတွင်းရှိ မြင်ကွင်းကို ဖြတ်ခနဲ ကြည့်လိုက်သည်။ သူ့ နှလုံးသားမှာ ဗုံတစ်လုံးကဲ့သို့ အနည်းငယ် တုန်ခါသွားရသည်။

သူသည် ရှားရှားပါးပါးပင် ယွီရွေ့ကျူးကို တွန်းမထုတ်ခဲ့ဘဲ ယွီရွေ့ကျူးက သူ့ရင်ဘတ်သို့ မျက်နှာအပ်ကာ ခါးကိုဖက်၍ ရှုပ်ယှက်ခတ်နေအောင် ပြုလုပ်နေသည်အားလွှတ်ထားလိုက်၏။

ဟော်ချန်ယဲ့ အချိန်အတော်ကြာ ဘာစကားမျှ မပြောဘဲ စိတ်ထဲတွင် ကိစ္စအမျိုးမျိုးကို အလွန်ရှုပ်ထွေးစွာ တွေးတောနေကာ အတွေးများမှာ လွင့်ပျံနေပြီး ခေတ္တအကြာတွင် ယွီရွေ့ကျူး၏ လက်ကို ကိုင်ကာ သူမကို စူးစိုက်စွာ ကြည့်လိုက်သည်။

"သွားကြစို့၊ အိမ်ပြန်ရအောင်"

ယွီမိသားစုအိမ်အတွင်းမှ ကျောက်ကျစ်ဖန်၏ အမျိုးမျိုးသော ငိုယိုညည်းတွားသံများ ထွက်ပေါ်လာ၏။ အကြောင်းမှာ သူ အဝတ်အစားများချွတ်၍ ရေသွားချိုးသည့်အချိန်တွင် ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကြောင့် ဖြစ်ပေလိမ့်မည်။ ယွီရှား၏နှစ်သိမ့်သံများ၊ ယွီမိသားစု မိဘများ အဝတ်အစားများ မွှေနှောက်ရှာဖွေနေသည့် အသံများစသည့် အရာအားလုံးမှာ အလွန် ရှင်းလင်းပြတ်သားနေလေသည်။

သို့သော် ယခုအချိန်တွင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ သိသာထင်ရှားစွာပင် ဂရုမစိုက်ကြချေ။

ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့ကို ခေတ္တမျှ မော့ကြည့်နေပြီး ရုတ်တရက် ရယ်မောလိုက်သည်။

သူမက အသံကို မြှင့်ကာ အခန်းအတွင်းသို့ လှမ်းပြောလိုက်၏။

"အမေ၊ အစ်မ၊ ချန်ယဲ့နဲ့ ကျွန်မ ပြန်တော့မယ်၊ အလုပ်များနေကြတာဆိုတော့ ကျွန်မတို့ အရင်သွားတော့မယ်”

All Chapters