← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

🐽 Chapter 73

အခန်းအတွင်းရှိ ယွီမိခင်နှင့် ယွီရှားတို့က ပြန်ထူးလိုက်ပြီး အပြင်သို့ ထွက်ကြည့်ရန် ကြိုးစားခဲ့သော်လည်း အပြင်သို့ ရောက်လာသည့်အခါ ခြံထဲတွင် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့ မရှိတော့ပေ။

ကျောက်စရစ်ခဲများနှင့် ချိုင့်ခွက်များ ပြည့်နှက်နေသော ကျေးလက်မြေသားလမ်းမှာ ကြမ်းတမ်းနေပြီး ယွီရွေ့ကျူးသည် စက်ဘီး၏ အရှေ့တန်းပေါ်တွင် ဘေးတစောင်းထိုင်နေကာ သူမ၏ နောက်ကွယ်တွင် ဟော်ချန်ယဲ့၏ ခန္ဓာကိုယ်မှာ နွေးထွေးနေပြီး သူ့လက်မောင်းများက သူမကို ရစ်ပတ်ထားလေသည်။

ယွီရွေ့ကျူးသည် တစ်ခုခုကို စဉ်းစားနေပြီး ဟော်ချန်ယဲ့က သူမကို တစ်ခါတစ်ရံ ငုံ့ကြည့်နေ၏။

ထောင်ဟွာရွာသို့ အပြန်လမ်းမှာ အလွန်ဝေးပြီး မနက်ခင်းကကဲ့သို့ စက်ဘီးစီးရန် အချိန်အတော်ကြာ ယူရသော်လည်း ယခုအချိန်တွင်မူ သူ မည်သည့် ပင်ပန်းမှုကိုမျှ မခံစားရသကဲ့သို့ ဟော်ချန်ယဲ့၏ မျက်လုံးများမှာ အလွန် တောက်ပနေသည်။

ယွီရွေ့ကျူး နောက်သို့ မှီလိုက်ရာ သူမနောက်ကျောသည် ဟော်ချန်ယဲ့၏ အသက်ရှူသံနှင့်အတူ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသော သန်မာသော ရင်အုပ်ကြွက်သားများနှင့် နီးကပ်သွားသည်အထိပင်။

သူမ မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားကာ ခပ်ဖွဖွလေး ရယ်မောလိုက်သည်။ သူမ၏ သွယ်လျပြီး ဖြူဖွေးသော လက်ချောင်းများက အနောက်သို့ စမ်းသပ်ကြည့်ကာ သူ့ကို တမင်သက်သက် မော့ကြည့်လိုက်၏။

"ဟော်ချန်ယဲ့၊ ရှင့်ခန္ဓာကိုယ်ပေါ်က အဲဒါက ဘာလဲ၊ ကျွန်မကို လာထောက်နေလို့ နေရခက်တယ်"

ဟော်ချန်ယဲ့ တောင့်တင်းသွားလေသည်။

သူ့ဝမ်းဗိုက်အောက်ပိုင်းတွင် ရှုပ်ယှက်ခတ်နေသော လက်ကို ခံစားမိသဖြင့် ဟော်ချန်ယဲ့ နှုတ်ခမ်းကို တင်းကျပ်စွာ စေ့လိုက်ရာ နားရွက်များ နီရဲနေပြီး အံကြိတ်ကာ သူမလက်ကို ဖမ်းဆုပ်လိုက်သည်။

သူ့ အသံမှာ တိုးလျပြီး အက်ကွဲနေ၏။

"ယွီရွေ့ကျူး၊ ဟိုဒီ မလှုပ်နဲ့၊ အဲ့ဒါ မဟုတ်ဘူး၊ အဲ့ဒါက စာရွက်စာတမ်းတွေ"

မထင်မှတ်ဘဲ ယွီရွေ့ကျူးတွင် အတိတ်က ကိစ္စဟောင်းများ ပြန်ဖော်ချင်သည့် အကျင့်ရှိနေပြီး ဘေးတစောင်း တစ်ချက်ကြည့်ကာ သူ့ကို တမင်သက်သက် မေးလိုက်သည်။

"ဒီနေ့က မှတ်ပုံတင်ဆိုတော့၊ ဟိုနေ့က အပြင်မှာ မီးဖိုမီးမွှေးတုန်းက ကျွန်မ ရှင့်ပေါင်ပေါ်မှာ ထိုင်ပြီး ခံစားလိုက်ရတဲ့အရာကရော စာရွက်စာတမ်းပဲလား ဟော်ချန်ယဲ့"

ဖြောင့်တန်းစွာ သွားနေသော စက်ဘီးမှာ ရုတ်တရက် ယိမ်းယိုင်သွားပြီး ရေမြောင်းအတွင်းသို့ပင် ထိုးကျမတတ် ဖြစ်သွားလေသည်။

ထို့နောက် ယွီရွေ့ကျူးသည် သူမကို ထောက်နေသော စာရွက်စာတမ်း၏ ခံစားချက်မှာ တဖြည်းဖြည်း ပိုပိုသိသာထင်ရှားလာသကဲ့သို့ ခံစားလိုက်ရလေတော့သည်။

ယွီရွေ့ကျူးမှာ သူ့ကို ထပ်ပြီး မရယ်ရဲတော့ပေ။

သူမ မျက်တောင်ခတ်လိုက်ပြီး ရှေ့ရှိ လမ်းမကြီးကိုသာ စိုက်ကြည့်နေမိ၏။ သူမ ကျောပြင်မှ ကြွက်သားများမှာ ပိုပူ လောင်သယောင် ခံစားနေရသည်။

လူတစ်ယောက်၏ အထိအတွေ့မှာ စိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ကူးယဉ်မှု မဟုတ်သည်မှာ အမှန်ပင် ဖြစ်ချေသည်။

သူမ ခန္ဓာကိုယ်ကို ရှေ့သို့ တိုးထားသော်လည်း လမ်းမှာ အမှန်တကယ်ပင် မညီမညာ ဖြစ်နေကာ စက်ဘီးမှာ တစ်ချက်တစ်ချက် ယိမ်းထိုးသွားသည့်အခါတိုင်း သူမမှာ နောက်သို့ ယိုင်သွားကာ တုန်လှုပ်သွားရ၏။

ဟော်ချန်ယဲ့၏ ပူနွေးသော အသက်ရှူသံမှာ သူမ နောက်ဘက်ဆီမှ သဲ့သဲ့လေး ထွက်ပေါ်လာသည်။

ယွီရွေ့ကျူး ထိုအသက်ရှူသံများက သူမ နားရွက်ကို လာရိုက်ခတ်နေသလို ခံစားရပြီး နားရွက်များပါ ပူထူလာရ၏။

ယွီရွေ့ကျူးမှာ မသိစိတ်ဖြင့် သူမ နားရွက်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

ရလဒ်မှာ သူမ နားရွက်များ နီရဲသွားပြီး နားရွက်ပေါ်ရှိ မှဲ့နီလေးမှာလည်း ပိုနီမြန်းလာ၏။ တဖြည်းဖြည်းနှင့် သွေးရောင်ကဲ့သို့ပင် နီရဲ တောက်လာ၏။

ဟော်ချန်ယဲ့က ခေါင်းငုံ့ကာ မတော်တဆ ကြည့်မိသွားသည့်အခါ သူ့လည်စိမှာ လှုပ်ရှားသွားပြီး နောက်ထပ် ငုံ့မကြည့်ရဲတော့ပေ။

သူ့အသက်ရှူသံများကသာ တဖြည်းဖြည်း ပြင်းထန်လာရသည်။

သူ နှုတ်ခမ်းစေ့ကာ ရှေ့ရှိ လမ်းကိုသာ စိတ်မသက်မသာ စိုက်ကြည့်နေပြီး ချိုင့်ခွက်များကို တတ်နိုင်သမျှ ရှောင်မောင်းနေ၏။

လမ်းမှာ အလွန်ရှည်လျားလှသည်။ နံနက်ပိုင်းက အိမ်ပြန်သည့်လမ်းမှာ အချိန်အတော်ကြာခဲ့သော်လည်း ယခု ပြန်လာသည့်အခါတွင်မူ ယခင်ကထက် ပို၍ မြန်ဆန်နေသလို ခံစားရသည်။

ယခင်က ပိတ်ထားသည့် လမ်းကို ဖွင့်ပေးလိုက်ပြီလား မသေချာသလို၊ ဟော်ချန်ယဲ့ရော ယွီရွေ့ကျူးပါ စုန့်မိသားစု၏ လမ်းပိတ်ထားမှုကို ဂရုမစိုက်ကြသည့်အတွက် ဟော်ချန်ယဲ့က မျက်တောင်မခတ်ဘဲ စုန့်အိမ်ဘေးမှ လမ်းကြားကို ဖြတ်ကာ စက်ဘီးကို အမြန်စီးနင်းသွားလေသည်။

စုန့်မိခင် အသံကြားသောအခါ အပြေးအလွှား ထွက်လာသော်လည်း သူမ မြင်လိုက်ရသည်မှာ ထိုနှစ်ယောက်၏ ကျောပြင်များကိုသာ။

အမြင်အာရုံ မကြည်လင်သည့်အတွက် မည်သူက သူမအိမ်ဘေးလမ်းမှ စက်ဘီးစီးသွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့် စုန့်မိခင်မှာ ဒေါသတကြီး ခုန်ပေါက်ကာ ကျိန်ဆဲတော့သည်။

"အရှက်မရှိလိုက်တာ၊ ငါ့အိမ်ဘေးလမ်းက မသွားနဲ့လို့ ပြောထားတာကို သွားနေကြတုန်းပဲ၊ ဒီလမ်းက နင်တို့အိမ်က လမ်းမှတ်နေလား၊ စိတ်တိုစရာကောင်းလိုက်တာ၊ မနက်ဖြန်ကျရင် ကျောက်တုံးတွေနဲ့ လမ်းပိတ်ပစ်မယ်၊ နင်တို့ ဘယ်လိုလာမလဲ ကြည့်သေးတာပေါ့"

သို့သော် ထိုအကြံမှာ နောက်ဆုံး၌ အထမမြောက်ခဲ့ပေ။ စုန့်ချင်းရှန်း၏ ပြောစကားကြောင့် စုန့်မိခင်မှာ ကျောက်တုံးများ ရွှေ့မည့် အစီအစဉ်ကို လက်လျှော့လိုက်ရပြီး စိတ်မကျေမချမ်း ဖြစ်နေရတော့သည်။

သို့သော် ယွီရွေ့ကျူးနှင့် ဟော်ချန်ယဲ့တို့မှာ ထိုအကြောင်းများကို မသိရှိသလို၊ သိလျှင်လည်း ဂရုစိုက်ကြမည် မဟုတ်ပေ။

တောင်တက်လမ်းမှာ ကြမ်းတမ်းလှသည်။ ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို တင်ကာ ထောင်ဟွားကျေးရွာသို့ ပြန်ရောက်သည့်အခါ ညနေစောင်းနေပြီဖြစ်၍ မှောင်ရီပျိုးစပင် ရှိနေလေပြီ။

စောစောထွက်လာခဲ့၍ တော်သေးသည်ဟုသာ ပြောရမည်။ မဟုတ်လျှင် မှောင်မှ တောင်တက်လမ်းကို စီးရသည်မှာ အလွန်အန္တရာယ်များလှသည်။

ထောင်ဟွားကျေးရွာသို့ တစ်ဖန်ပြန်ရောက်လာသည့်အခါ ခံစားချက်မှာ ယခင်နှင့် မတူတော့ပေ။

ယွီရွေ့ကျူးမှာ ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးရွှင်နေကာ ဟော်ချန်ယဲ့၏ ခါးကို ဖက်ထားပြီး သူ့ရင်ခွင်ထဲသို့ အလိုက်သင့် မှီတွယ်ထားသည်။

သူမ၏ နုညံ့သော ဆံနွယ်များမှာ လမ်းတစ်လျှောက် လေထဲတွင် လွင့်ပျံနေ၏။ ဟော်ချန်ယဲ့မှာ တစ်ခါတစ်ရံလက် မြှောက်ကာ ဆံပင်များကို သပ်ပေးသော်လည်း အချိန်အများစု၌မူ သည်းခံနေလိုက်သည်။

အနီရောင် ဂါဝန်အောက်မှ သွယ်လျသော ခြေတံရှည်များမှာ လမ်းတစ်လျှောက် လှုပ်ယမ်းနေပြီး မင်္ဂလာဆောင်သည့်နေ့က သတို့သမီးကို ကြိုဆိုသည့် ပုံစံနှင့် တူသော်လည်း ထိုစဉ်ကထက် ပိုရင်းနှီးကျွမ်းဝင်နေသည့် အသွင်ရှိ၏။

ညနေပိုင်း အိမ်ပြန်လာကြသည့် ရွာသားများစွာမှာ အနီရောင်ဂါဝန်နှင့် ယွီရွေ့ကျူး၏ဖြူဝင်းသော အသားအရေကို မြင်သောအခါ ခေတ္တမျှ ကြောင်အသွားကြသည်။

ဟော်မိသားစု၏ချွေးမမှာ အမှန်တကယ်ပင် လှပလွန်းလှသဖြင့် ဟော်ချန်ယဲ့မှာ ကံကောင်းလှသည်ဟု တွေးမိကြ၏။

ထို့နောက် သူတို့၏ရင်းနှီးသော ပုံစံနှင့် ဝတ်စုံကို မြင်မှ ယနေ့မှာ သူတို့ ဇနီးမောင်နှံ အိမ်ပြန်ရမည့်နေ့ ဖြစ်သည်ကို သတိရသွားကြသည်။

သို့သော်လည်း ရွာထဲတွင် လူတိုင်းပြောနေကြသည်မှာ သူတို့နှစ်ဦး အိမ်ပြန်ပြီးလျှင် ကွာရှင်းကြလိမ့်မည်ဟူ၍ မဟုတ်ပါလား။ ယခုမူ ကွာရှင်းမည့်ပုံ မပေါ်သည့်အပြင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ယခင်ကထက် ပိုကောင်းမွန်နေကာ ပိုမိုအတွဲညီနေကြသေးသည်။

ဤသည်မှာ မည်သို့သော အခြေအနေပါနည်း။

ချင်စုလန်မှာ ဂါဝန်အသစ်တစ်ထည် ဝယ်ထားသည်။ အဖြူရောင် ပိတ်သားပေါ်တွင် အလွန်တရာကျော့ရှင်းသောသစ်ခွ ပန်းများကို ပန်းထိုးထားသဖြင့် သူမ အလွန်နှစ်သက်နေ၏။

ဝတ်ကြည့်ပြီးနောက်တွင် သူငယ်ချင်းများနှင့် တွေ့ဆုံရန်ပင် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ သူမ သူငယ်ချင်းများကမူ သူမနှင့် ဤဂါဝန်မှာ အလွန်လိုက်ဖက်ပြီး ဟော်ချန်ယဲ့လည်းသေချာပေါက် ကြိုက်လိမ့်မည်ဟု ချီးမွမ်းနေကြ၏။

All Chapters