အခန်း ၇၅
Vol. 8 Ch. 75
🐽 Chapter 75
ယွီရွေ့ကျူး ပန်းကန်ထဲမှ ကြက်ဥကို တစ်ချက်ကြည့်လိုက်ပြီး ဟော်ချန်ယဲ့၏ ပန်းကန်ထဲတွင် ဘာမှ မပါသည်ကို မြင်သောအခါ ခေါင်းငုံ့၍တူဖြင့် ကြက်ဥကို နှစ်ခြမ်း ခွဲလိုက်သည်။ ထို့နောက် တစ်ခြမ်းကို ဟော်ချန်ယဲ့ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
သူမက မကျေမနပ် ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်မတို့အိမ်က ကြက်ဥ မစားနိုင်လောက်အောင် ဆင်းရဲတာလည်း မဟုတ်ဘဲနဲ့၊ ဘာလို့ တစ်လုံးတည်း ခေါက်ထည့်ရတာလဲ၊ ကျွန်မ တစ်ယောက်တည်း စားရမှာလား၊ အတူတူ စားချင်တာကို၊ ဟော်ချန်ယဲ့ နောက်တခါ အကုန်လုံးကို ကျွန်မအတွက်ချည်းပဲ လုပ်ပေးရင် ကျွန်မ မစားတော့ဘူးနော်"
ဟော်ချန်ယဲ့ ထက်ပိုင်းပြတ်နေသော ကြက်ဥကို ငုံ့ကြည့်လိုက်သည့်အခါ အေးစက်သော နှုတ်ခမ်းပါးများမှာ မသိမသာ ပြုံးယောင်သန်းသွား၏။
သူ မျက်လွှာချလိုက်ပြီး အကြည့်များက ပိုနူးညံ့လာသည်။
"ကောင်းပါပြီ"
ခေါက်ဆွဲကို နှစ်လုပ်၊ သုံးလုပ်လောက် စားလိုက်သည့်အခါ နူးညံ့ပြီး စေးပိုင်လှသည်။ ဆော့စ်ရည်များက ခေါက်ဆွဲသားတိုင်းတွင် စိမ့်ဝင်နေကာ ခရမ်းချဉ်သီး၏ချိုချဉ်အရသာက အရာအားလုံးကို မျှတသွားစေ၏။
အထူးသဖြင့် ညဘက်တွင် လေအေးလေး တိုက်နေသဖြင့် အိမ်ထဲကဲ့သို့ မပူသလို၊ ခေါက်ဆွဲပြုတ်မှာလည်း အလွန် အမင်း ပူမနေသဖြင့် စားရသည်မှာ အလွန်လန်းဆန်းစေသည်။
ငါးကြော်လေးတွေကိုပါ နှစ်ကိုက်မျှ ထပ်စားလိုက်သည့်အခါ ဗိုက်ထဲတွင် အလွန်တရာ ကျေနပ်စရာကောင်းလှ၏။
ယွီရွေ့ကျူး ကျေနပ်အားရစွာဖြင့် မျက်လုံးလေးများကို မှိတ်ထားလိုက်သည်။
ဟော်ချန်ယဲ့က သူ့လက်ထဲမှ ကြက်သွန်ဖြူကို ယွီရွေ့ကျူးဘက်သို့ တိုးပေးလိုက်ပြီးနက်မှောင်သော မျက်လုံးများဖြင့် သူမကို ကြည့်ကာ ပြောလိုက်သည်။
"ဒါလေးနဲ့ တွဲစားပါလား၊ ခေါက်ဆွဲက ပိုမွှေးသွားလိမ့်မယ်"
ယွီရွေ့ကျူး ခေါင်းခါပြလိုက်၏။
ခေါက်ဆွဲစားလျှင် ကြက်သွန်ဖြူ မပါပါက အမွှေးနံ့ ထက် ဝက်လျော့သွားသည်ဟူသော စကားကို သူမ ကြားဖူးသော် လည်း သူမ ကိုယ်တိုင်မှာမူ ကြက်သွန်ဖြူအစိမ်း၏ အနံ့ကို အလွန်အမင်း မနှစ်သက်ပေ။ ဤအချက်မှာ မူရင်းကိုယ်ပိုင်ရှင်နှင့် သူမ တူညီသည့် အချက်လည်းဖြစ်သည်။
ယွီရွေ့ကျူး ပါးစပ်ထဲတွင် ခေါက်ဆွဲများကို ငုံထားဆဲဖြစ်ပြီး သေချာဝါးပြီးမှ မျိုချကာပြောလိုက်သည်။
"ကျွန်မ ကြက်သွန်ဖြူမစားဘူး၊ ရှင်ပဲ အကုန်စားလိုက်တော့၊ စားပြီးရင် သွားပြန်တိုက်ဖို့ မမေ့နဲ့ဦး၊ မဟုတ်ရင် အနံ့က အရမ်းပြင်းလိမ့်မယ်"
ဟော်ချန်ယဲ့ မျက်လုံးနက်များမှာ အနည်းငယ် တုန်လှုပ်သွားပြီး စားပွဲပေါ်ရှိ ကြက်သွန်ဖြူကို အတော်ကြာစိုက်ကြည့်နေမိ၏။ ထို့နောက်မှ အကြည့်ကိုလွှဲလိုက်ပြီး ပြောသည်။
"ကောင်းပါပြီ"
ယွီရွေ့ကျူးမှာ ဤထမင်းတစ်နပ်ကို အတော်ပင် ဝဝလင်လင် စားလိုက်ရသည်။ သူမ အစာကြေစေရန် ခြံပြင်တွင် နှစ်ပတ်ခန့် လမ်းလျှောက်ပြီးမှ အိမ်ထဲသို့ ဝင်ခဲ့၏။
အိမ်ထဲတွင်မူ ဟော်ချန်ယဲ့က စားပွဲကို ရှင်းလင်းပြီး ပန်းကန်များကိုလည်း ဆေးကြောပြီးလေပြီ။ သူက မီးဖိုပေါ်တွင် အသားများကို ပြုတ်နေသဖြင့် တစ်အိမ်လုံး အသားပြုတ်နံ့များ သင်းပျံ့နေတော့သည်။
ယွီရွေ့ကျူးက သူနှင့်အတူ မီးခဏ ဝိုင်းကြည့်ပေးပြီးနောက် သူ့ကို အိမ်ထဲသို့ ဆွဲခေါ်သွား၏။
သူမက ဂါဝန်ထဲတွင် ဝှက်ထားသော ငွေစက္ကူများကိုထုတ် ယူကာ လက်ထဲကိုင်၍ ဟော်ချန်ယဲ့အား ပြလိုက်သည်။ သူမ၏ကြောင်မျက်လုံးလေးများက လိမ္မာပါးနပ်စွာဖြင့် တောက်ပနေ၏။
"တကယ်လို့ ဟော်ချန်ယဲ့၊ ရှင် ဒီနေ့ ကျွန်မကို ကွာရှင်းမယ်လို့ ပြောခဲ့ရင် ဒီပိုက်ဆံ တစ်ဝက်ကို ကျွန်မ တန်းယူသွားမှာ၊ အခုတော့ ကျန်တဲ့တစ်ဝက်ကို ရှင့်ရဲ့လုပ်အားခနဲ့ အသားဖိုးအဖြစ် ပိုက်ဆံသေတ္တာထဲထည့်ထားလိုက်မယ်၊ အခုတော့ ပိုက်ဆံ စုရအောင်လေ"
သူမက မှန်တင်ခုံအောက်ရှိ ပိုက်ဆံသေတ္တာကိုဖွင့်ကာ ဘယ် ညာကြည့်ရင်း ပိုက်ဆံများကို ကျေနပ်စွာရေတွက်လိုက်သည်။ ထို့နောက် သေတ္တာကို ပြန်ပိတ်ကာ နေရာတကျပြန်ထားလိုက်၏။
ဟော်ချန်ယဲ့က ဘေးမှ ကြည့်နေရင်း သူမ အိတ်ကပ်ထဲမှ ပိုက်ဆံများထုတ်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားရသည်။
ယွီရွေ့ကျူး၏ပိုက်ဆံမက်သော စရိုက်ကို သူသိသဖြင့် ပိုက်ဆံယူသွားသည်မှာ မထူးဆန်းသော်လည်း တစ်ဝက်ကို သူ့အတွက် ချန်ထားပေးလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
သူမ ပိုက်ဆံရေတွက်နေသည်ကိုကြည့်ပြီး ဟော်ချန်ယဲ့၏ မျက်လုံးများမှာ လှုပ်ရှားသွားကာ နှုတ်ခမ်းကိုစေ့လိုက်မိသည်။
သူ အခြားဘာမျမပြောဘဲ အကြည့်ကိုလွှဲကာ ပြောလိုက်၏။
"ခွဲမနေလည်း ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ် အသားမပေးရင်တောင် တစ်ခါတလေ အဲ့လောက်အများကြီးမရောင်းရပါဘူး၊ ပုပ်သိုးသွားဖို့ပဲ ရှိတာ၊ ပြီးတော့ အသားချက်တဲ့ ပညာကလည်း မင်းရဲ့ကိုယ်ပိုင်ပညာပဲဥစ္စာ"
"အဲ့ဒီလို ဘယ်ပြောလို့ရမလဲ၊ ကျွန်မတို့မှာ တစ်ခုခုလိုလို့မဖြစ်ဘူး၊ ရှင်က ကုန်ကြမ်းပေးတဲ့သူ၊ ကျွန်မက အစားအစာ ထုတ်လုပ်တဲ့သူ၊ နှစ်ယောက်ပေါင်းမှ အလိုက်ဖက်ဆုံးအစုံ အလင် ဖြစ်မှာပေါ့၊ နောက်ကျရင် ကျွန်မတို့ ပိုက်ဆံတွေ အများကြီးရှာနိုင်မှာ သေချာတယ်"
ယွီရွေ့ကျူးကမူ ဟော်ချန်ယဲ့ကို အနာဂတ်အတွက် အိပ်မက်များ ထပ်မံပြောပြနေပြန်သည်။
ယခုမူ ဟော်ချန်ယဲ့က ငြင်းဆိုခြင်း မရှိတော့ဘဲ နှုတ်ခမ်းပါးများမှာ အနည်းငယ်ပြုံးယောင်သန်းလာကာ ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ၊ ကိုယ်တို့ဘဝက တဖြည်းဖြည်း ပိုကောင်းလာမှာပါ"
မကြာခင်မှာပင် အိပ်ရာဝင်ချိန် ရောက်လာတော့သည်။
ယခင်ကမူ သူတို့နှစ်ဦးကြားတွင် စောင်အထူကြီး တစ်ထည်ကို နယ်နိမိတ်အဖြစ်ထားရှိကာ ခွဲခြားအိပ်စက်ခဲ့ကြခြင်း ဖြစ်၏။
သို့သော် ယနေ့တွင်မူ ဟော်ချန်ယဲ့က အိပ်ရာခင်းပေးနေစဉ် စောင်အပိုကို ကိုင်ထားရင်းအတော်ကြာ ဝေခွဲမရ ဖြစ်နေတော့သည်။
ယွီရွေ့ကျူး မျက်တောင်ပင့်ကာ သူ့ကို ကြည့်ပြီး မကျေမနပ် ပြောလိုက်၏။
"ဒါကို ထည့်ထားဦးမှာလား၊ အရင်က ဒါကြီးအလယ်မှာ ရှိနေတော့ ပြတင်းပေါက်က လေတောင် ဝင်မလာဘူး၊ အရမ်းပူတာပဲ၊ ဘယ်လို လင်မယားအစစ်တွေက အိပ်တဲ့အခါ ဒါကြီးကို အလယ်မှာထားကြလို့လဲ၊ ကျွန်မကို သူခိုးလိုသဘော ထားနေတာလား"
သူမက စိတ်ဆိုးချင်ယောင်ဆောင်ကာ ခန်ကုတင်ပေါ်တွင် လှဲချလိုက်ပြီး ဟော်ချန်ယဲ့ကို ကျောပေးထားလိုက်၏။
ဟော်ချန်ယဲ့မှာ ခေတ္တမျှ အသက်ရှူအောင့်ထားမိသည်။ သူ၏ ကြမ်းတမ်းသော လက်ချောင်းများက စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အတန်ကြာစိုက်ကြည့်နေပြီးမှ ပြန်လွှတ်ပေးလိုက်သည်။
သူက ခန်၏အစွန်းဘက်တွင် လှဲလျောင်းနေ၏။ အလယ်တွင် စောင်အကာအကွယ် မရှိတော့သည့်အတွက် ခေါင်းကို အနည်းငယ် စောင်းလိုက်ရုံဖြင့် အိပ်ပျော်နေဟန်ရှိသော ယွီရွေ့ကျူးကို မြင်နေရသည်။
ယွီရွေ့ကျူးမှာ အလွန်အလိုလိုက်ခံရသူ ဖြစ်သည့်အပြင် အိပ်ရာမဝင်မီ ဘေးခန်းတွင် ညအိပ်ဝတ်စုံဟု ခေါ်သည့် အဝတ်အစားများ လဲလှယ်ပြီးမှ လှဲလျောင်းတတ်သူ ဖြစ်၏။ သို့မဟုတ်ပါက အပြင်ဝတ်စုံဖြင့် စောင်ကို ညစ်ပတ်သွားစေလိမ့်မည်ဟု သူမ ယူဆထားသည်။
သူမက ပန်းနုရောင် ပါးလွှာသော ကြိုးတစ်လုံး ဂါဝန်ကို ဝတ်ဆင်ထားရာ နွေရာသီတွင် အလွန်သက်သောင့်သက်သာရှိပြီး အပူဒဏ်ကို သက်သာစေသည်။
သို့သော် ဤကျဉ်းမြောင်းသော အခန်းလေးထဲတွင်မူ ထိုဝတ်စုံမှာ အလွန်ပင် ထင်ရှားလွန်းနေ၏။ ပြတင်းပေါက်မှတစ်ဆင့် လရောင်များက အခန်းထဲသို့ ဖြာကျနေပြီး ယွီရွေ့ကျူး၏ ဖြူဝင်းနုနယ်သော ပုခုံးသားများကို ပေါ်လွင်စေ သည်။ ပန်းရောင်ကြိုးလေးမှာ သူမပုခုံးပေါ်တွင် တွဲလောင်း ကျနေပြီး ဂါဝန်ရှည်က သူမ ခန္ဓာကိုယ်ကို ပတ်နှောင်ထားရာ ကြည်နူးဖွယ် ခံစားချက်ကို ပေးစွမ်းနေတော့သည်။
ရေချိုးပြီးစ ထွက်ပေါ်လာသည့် သင်းပျံ့သော ရနံ့များက လေထုထဲတွင် ပျံ့နှံ့နေသဖြင့် ဟော်ချန်ယဲ့မှာ မသိစိတ်ဖြင့် လက်ဖဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး လည်စိမှာလည်း လှုပ်ရှားသွားရ၏။
သူ ချက်ချင်း မျက်လုံးမှိတ်လိုက်သော်လည်း အသက်ရှူသံများမှာ အနည်းငယ် ပြင်းထန်လာသည်။
သူ အမြန်ဆုံး အိပ်ပျော်သွားရန်သာ စိတ်ကူးနေမိ၏။
သို့သော် ယွီရွေ့ကျူး ရုတ်တရက် စကားပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ဟော်ချန်ယဲ့၊ ရှင် ခုတင်အစွန်းမှာပဲ အိပ်နေတုန်းလား၊ ကျွန်မနဲ့ ဒီလောက်ဝေးဝေးမှာ နေနေတာဆိုတော့ အလယ်မှာ စောင်ကြီး ပြန်ထားချင်နေတာလား၊ ဘာလို့ ကျွန်မနားကို မတိုးလာတာလဲ၊ ကျွန်မက အဲ့လောက် ကြောက်စရာကောင်းလို့လား"
တိတ်ဆိတ်နေသော ညဉ့်ဦးယံ၏ကျဉ်းမြောင်းသော နေရာလေးထဲတွင် ယွီရွဲ့ကျူးအသံမှာ တောင်ပေါ်မှ နတ်မိမယ်လေး တစ်ပါးကဲ့သို့ နုညံ့လွန်းလှသဖြင့် လူကို တုန်လှုပ်သွားစေသည်။
ဟော်ချန်ယဲ့ စောင်ကို အလိုမကျစွာ ဆုပ်နယ်နေရင်း အသံကို နှိမ့်ကာ ခပ်အက်အက်ပြောလိုက်၏။
"ပူလို့ပါ၊ ဒီအတိုင်းပဲ ကောင်းပါတယ်"
"ဘာက ကောင်းတာလဲ"
ယွီရွေ့ကျူးက ရုတ်တရက် တိုးကပ်လာပြီး သူ့ရင်ခွင်ပေါ်သို့ လှဲချလိုက်သည်။ သူမ၏ဖြူဝင်းနုနယ်သော လက်ချောင်းလေးများက သူ့ရင်အုပ်ကြွက်သားများပေါ်တွင် တင်ထားပြီး အသာအယာ အဝိုင်းများဆွဲနေ၏။
သူမ ခေါင်းကို မော့လိုက်ရာ မျက်ဝန်းများမှာ ပိုးသားကဲ့သို့ နူးညံ့နေပြီး တောက်ပနေသော အကြည့်များက ပြုံးနေသယောင်ရှိသည်။ သူမက တမင်တကာ စလိုက်၏။
"ဟော်ချန်ယဲ့၊ ရှင့်ကြည့်ရတာ ကျွန်မကို ရှောင်နေသလိုပဲလို့ ဘာလို့ ထင်နေမိပါလိမ့်"
"မဟုတ်ရင် ဘာလို့ ကျွန်မနဲ့ ဒီလောက်ဝေးဝေးမှာ နေရတာလဲ၊ ကျွန်မနားကို မကပ်ရဲတာလား၊ အိပ်တဲ့အခါတောင် စောင်ကြီးခြားထားရသေးတယ်၊ ကျွန်မတို့က လင်မယားတွေ မဟုတ်ဘူးလား၊ ကျွန်မက ရှင့်ကို စားပစ်မှာ ကြောက်နေတာလား"
ယွီရွေ့ကျူးက ကြောက်စရာကောင်းသော အမူအရာ လုပ်ပြကာ နှုတ်ခမ်းနီနီလေးကို ဟလိုက်ပြီး သူ့ပုခုံးကို ရုတ်တရက် ကိုက်လိုက်သည်။
ဟော်ချန်ယဲ့ထံမှ ညည်းညူသံထွက်သွားပြီး ဂျုံရောင်အသား အရေမှာ အနည်းငယ် နီမြန်းသွားရ၏။
"ယွီရွေ့ကျူး လွှတ်ပါဦး"
ယွီရွေ့ကျူးက အားပြင်းပြင်းကိုက်ခြင်း မဟုတ်ဘဲ အသာအ ယာလေးသာ ကိုက်ခြင်း ဖြစ်သည်။ သူမ သွားလေးများဖြင့် သူ့ပုခုံးသားကို မသိမသာ ဆွဲပွတ်နေသည်မှာ အသားတုံးကို ကိုက်ထားသည့် ကြောင်ပေါက်လေး တစ်ကောင်နှင့် တူလှ၏။
အမှန်တကယ်တွင် ဟော်ချန်ယဲ့အတွက်မူ ဤမျှအားမှာ ဘာမှ မဟုတ်ပေ။ သူ ယခင်က ဒဏ်ရာပေါင်းများစွာရခဲ့ဖူးသလို၊ ဆောင်းတွင်း တောင်ပေါ်တွင် အမဲလိုက်သည့်အခါ တိရိစ္ဆာန်များ၏ ကိုက်ခဲခြင်း ခံရဖူးသော်လည်း မျက်တောင်တစ်ချက်ပင် မခတ်ခဲ့သူ ဖြစ်သည်။
သို့သော် မနာကျင်သည့်အတွက်ကြောင့်ပင် ခံစားရသည်မှာ ပို၍ ခက်ခဲနေခြင်း ဖြစ်ပေလိမ့်မည်။ နူးညံ့သော အထိအတွေ့ကိုသာခံစားရပြီး မနာသော်လည်း ယားကျိကျိဖြစ်လို့နေ၏။