အခန်း ၇၇
Vol. 8 Ch. 77
🐽 Chapter 77
ဟော်ချန်ယဲ့ ခဏတာမျှ မှင်သက်မိသည်။ သူ့ လက်မောင်းထဲမှ နူးညံ့သော အထိအတွေ့သည် ပိုပြင်းထန်ကာ ပိုနီးကပ်သည့် အထိအတွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ လက်ဖ ဝါးများမှ နွေးထွေးမှုနှင့် နူးညံ့မှုတို့က ဟော်ချန်ယဲ့ စိတ်အာရုံကို ခဏတာမျှ ဗလာကျင်းသွားစေသည်။
သူ့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လည်စိမှာလည်း လှုပ်ရှားသွားသည်။
ယနေ့ညတွင် အပူချိန်မှာ ထူးထူးခြားခြား မြင့်မားနေသလိုပင်။
ပြတင်းပေါက်မှ ဝင်လာသော လေပြေလေးပင်လျှင် ပူနွေးနေသလို ခံစားရသည်။ ဟော်ချန်ယဲ့ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ စို့လာပြီး ပါးလွှာသော နှုတ်ခမ်းများကို ထပ်ခါတလဲလဲ ဖိကိုက်နေမိသည်။
သူ့ အသက်ရှူသံများ မြန်ဆန်နေပြီး လက်ကို ပြန်ရုပ်သိမ်းရမည်လား သို့မဟုတ် ဆက်လုပ်ရမည်လား ဆိုသည်ကိုပင် မဝေခွဲတတ်အောင် ဖြစ်မိတော့သည်။
သူ့စိတ်က မဆုံးဖြတ်ရသေးမီမှာပင် ခန္ဓာကိုယ်က လှုပ်ရှားသွားလေသည်။ ဟော်ချန်ယဲ့ လက်ကို ပြန်ဆွဲယူပြီး သူ့ နားရွက်များမှာ ပူထူကာ နီရဲနေပြီး လက်ချောင်းထိပ်များတွင် ကျင်စက်စက် ခံစားချက်ကိုပင် ခံစားနေရသည်။
သူ့ပါးပြင်ပေါ်ရှိ အပူရှိန်မှာ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုတိတ်ဆိတ်သောညတွင် သူ တစ်ယောက် တည်း အနေရခက်ကာ မသက်မသာ ဖြစ်နေသည်။ သူ့ ခါးကို ဖက်ကာ ငြိမ်းချမ်းစွာ အိပ်မောကျနေဆဲဖြစ်သော ယွီရွေ့ကျူးကို ရင်ဆိုင်ရချိန်တွင်မူ သူ ပို၍ဘာလုပ်ရမှန်း မသိဖြစ်မိသည်။
သူ့လက်မှာ ဟိုဟိုဒီဒီ ရွေ့လျားနေပြီး လက်ချောင်းများမှာ အချင်းချင်း ပွတ်တိုက်နေမိသည်။ ဟော်ချန်ယဲ့ သူ့အတွေးများကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း သူ့ ဦးနှောက်မှာ အလွန်အမင်း နူးညံ့လွန်းသော အထိအတွေ့ကြောင့် ကျင်တက်နေဆဲပင်။
သူ ထိတွေ့မိခဲ့သည့် အရာကို တွေးမိရုံဖြင့်ပင် ဟော်ချန်ယဲ့ အသက်ရှူသံများ မြန်ဆန်လာကာ ပါးပြင်များလည်း နီရဲလာရသည်။
သူသည် ပူလောင်နေသော ပါးပြင်ကို ဖုံးအုပ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး စောင်ပေါ်တွင် လှဲချကာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားရင်း ရှက်လည်းရှက်မိသည်။
'ငါ ဘာတွေများ လုပ်မိသွားတာပါလိမ့်'
'ယွီရွေ့ကျူးကို တိုက်ရိုက်ပြောပြီး ပွင့်ပွင့်လင်းလင်းပဲ တိုင်းလိုက်ရမှာကို၊ အခုတော့ သူခိုးတစ်ယောက်လို ခိုးလုပ်နေရသလို ခံစားနေရပြီ၊ ပြီးတော့...'
ညဉ့်နက်နေပြီဖြစ်ကာ အရာအားလုံး တိတ်ဆိတ်နေပြီး ရွာထဲရှိ ခွေးများပင် ငြိမ်းချမ်းစွာ အိပ်မောကျနေကြပြီ ဖြစ်သော်လည်း ဟော်ချန်ယဲ့မှာမူ တည်ငြိမ်စေရန် ကြိုးစားနေဆဲဖြစ်ပြီး သူ့ စိတ်ထဲတွင် ဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်များနှင့် ရှက်ရွံ့မှုတို့ ရောထွေးနေသည်။
ဤသေးငယ်သော နေရာလေးထဲတွင် ဟော်ချန်ယဲ့ ပြင်းထန်သော အသက်ရှူသံများကိုသာ ကြားနေရပြီး တည်ငြိမ်သွားစေရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
အဆုံးတွင်တော့ အတိုင်းအတာများ ရယူနိုင်ခဲ့သော်လည်း ဟော်ချန်ယဲ့မှာ ထိုညက လုံးဝ အိပ်မပျော်နိုင်ခဲ့ချေ။
...
ယွီရွေ့ကျူ ကိုယ်တွင်းဇီဝနာရီမှာ အသားကျနေပြီဖြစ်သည်။ သူမ မနက်စောစော နိုးလာသောအခါ အလိုအလျောက်ပင် အကြောဆန့်မိသော်လည်း သူမဘေးရှိ ဟော်ချန်ယဲ့ နေရာတွင် လွတ်နေသည်ကိုသာ တွေ့လိုက်ရသည်။
'ဟင် သူ ဒီနေ့ တော်တော်စောစော ထသွားတာပဲ'
မနေ့ညက သူမ အိပ်မက်တစ်ခု မက်ခဲ့သလို ခပ်ရေးရေး ခံစားရသော်လည်း အလွန် ကောင်းစွာ အိပ်ပျော်ခဲ့သဖြင့် နိုးလာသောအခါတွင် ထိုအိပ်မက်ကို မမှတ်မိတော့ချေ။
ယွီရွေ့ကျူး ခေါင်းကိုခါယမ်းလိုက်ကာ အာရုံမစိုက်တော့ဘဲ စောင်ကိုခေါက်ပြီးနောက် မျက်နှာသစ်ရန် ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။
သူတို့တွင် မင်္ဂလာဆောင်သည့်ညကတည်းက ဆင်တူဝယ်ထားသော အနီရောင် သွားတိုက်တံခွက် ရှိသော်လည်း မင်္ဂလာဦးည မသာယာမှုများကြောင့် ဟော်ချန်ယဲ့က ၎င်းကို အသုံးမပြုခဲ့ပေ။ လွန်ခဲ့သည့် အချိန်အနည်းငယ်ကမူ သူသည် ၎င်းကို တိတ်ဆိတ်စွာ ထုတ်ယူလာပြီး မျက်နှာသစ်သည့် စင်ပေါ်တွင် တင်ထားခဲ့လေသည်။
ယွီရွေ့ကျူး သွားတိုက်ဆေးကို ညှစ်ယူပြီး ပုံမှန်အတိုင်းပင် ပျင်းရိစွာ သမ်းဝေကာ ခြံဝင်းထဲတွင် သွားတိုက်သည်။ ရေတွင်းဘေးတွင် ဟင်းသီးဟင်းရွက်ခင်း တစ်ခုရှိပြီး ၎င်းဘေးတွင် နွေရာသီ၌ ရေကြီးခြင်းကို ကာကွယ်ရန် အသုံးပြုသော ရေနုတ်မြောင်းငယ် တစ်ခုရှိသည်။ ဟော်ချန်ယဲ့သည် ပုံမှန်အားဖြင့် ထိုနေရာတွင် သွားတိုက်လေ့ရှိပြီး ရေများကို ထိုမြောင်းထဲသို့သာ သွန်ချလိုက်လေ့ရှိသည်။
သူသည် ပုံမှန်အတိုင်း ထိုနေရာတွင် ရပ်နေသော်လည်း ယွီရွေ့ကျူးက သူ့ကို အံ့သြစွာ ကြည့်မိရာ ဟော်ချန်ယဲ့မှာ အတွေးလွန်နေဟန်ရှိပြီး သူ့ မည်းနက်သော မျက်လုံးများမှာ အာရုံစူးစိုက်မှုမရှိဘဲ တစ်ခုခုကို စဉ်းစားနေသည့်အလား အရှေ့သို့ စိုက်ကြည့်နေကာ လက်ကိုလည်း မြှောက်ထားဆဲဖြစ်သည်ကို သတိပြုမိသည်။
သူ့ကို ထိုမျှ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်ရခဲသဖြင့် ယွီရွေ့ကျူးက ရယ်စရာကောင်းသည်ဟုသာ ထင်မိသည်။
သူမ အလျင်အမြန် မျက်နှာသစ်လိုက်ပြီး ပါးစပ်ထဲမှ အမြှုပ်များကို ပလုတ်ကျင်းကာ သူ့ကို လန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ဟော်ချန်ယဲ့ အနားသို့ တိတ်ဆိတ်စွာ တိုးကပ်သွားလေသည်။ သူမ လက်ကို မြှောက်ကာ သူ့ ကျောကို ပုတ်လိုက်ပြီး ကျယ်လောင်စွာ လှမ်းခေါ်သည်။
"ဟော်ချန်ယဲ့"
သို့သော် ဟော်ချန်ယဲ့ တုံ့ပြန်မှုက ယွီရွေ့ကျူးကို အံ့အားသင့်သွားစေသည်။
သူ လန့်သွားဟန်ရှိသော်လည်း တုံ့ပြန်မှုမှာ အလွန်ပြင်းထန်လွန်းလှသည်။ သူမကို ရှောင်ဖယ်နေသည့်အလား ဘေးသို့လှည့်ကာ အလျင်အမြန် ခွာသွားပြီး သူ့မျက်နှာအမူအရာမှာလည်း ထူးထူးခြားခြားကို ထူးဆန်းနေပေသည်။
သူ သူမကို တစ်ချက်လှမ်းကြည့်ပြီးနောက် အလျင်အမြန် ခေါင်းငုံ့သွာသည်။ သူ သွားတိုက်တံကို မလှုပ်မယှက် ကိုင်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါတွင်မူ မျက်စိတစ်မှိတ်အတွင်း မျက်နှာသစ်ခြင်းကို အဆုံးသတ်လိုက်ပြီး ထွက်ပြေးသည့်အလား ထွက်သွားတော့သည်။
ယွီရွေ့ကျူး " ... "
သူမ စိတ်ထဲတွင် မေးခွန်းထုတ်စရာတစ်ခု ဖြည်းညင်းစွာ ပေါ်လာလေသည်။
'နေပါဦး ငါက Voldemort လို နိုးလာလို့လား၊ ဘာလို့ ငါ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ'
ယွီရွေ့ကျူး မယုံကြည်နိုင်ပေ။
သူမ အလျင်အမြန် ပြင်ဆင်ပြီးနောက် လေးနက်သော မျက်နှာထားဖြင့် အိမ်ထဲသို့ သူ့နောက်မှ လိုက်သွားရာ မှန်ရှေ့တွင် အင်္ကျီကြယ်သီးတပ်ကာ အပြင်ထွက်ရန် ပြင်ဆင်နေသော ဟော်ချန်ယဲ့ကို တွေ့လိုက်ရသည်။
သူမ ဖြည်းညင်းစွာ လျှောက်သွားကာ သူ့ကို စွေကြည့်မိသည်။
"ရှင် ဘာတွေလုပ်နေတာလဲ၊ မနေ့ညက တစ်ခုခု ခိုးထားလို့လား၊ ကျွန်မကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ၊ ကျွန်မ လျှို့ဝှက်သိမ်းထားတဲ့ ပိုက်ဆံတွေကိုများ ခိုးသွားတာလား"
၎င်းမှာ နောက်ပြောင်ခြင်းသာ ဖြစ်သော်လည်း အားလုံးကို အံ့သြသွားစေသည်မှာ ဟော်ချန်ယဲ့သည် တောင့်တင်းသွားကာ အင်္ကျီကြယ်သီးတပ်နေခြင်းကိုပင် ရပ်တန့်သွားခြင်းပင် ဖြစ်သည်။
ယွီရွေ့ကျူး " "
'ဟယ်...'
သူမ မနေနိုင်တော့ဘဲ မော့ကြည့်မိလေသည်။
"ရှင် တကယ်ပဲ ပိုက်ဆံတွေ ခိုးသွားတာလား"
"မဟုတ်ဘူး"
ဟော်ချန်ယဲ့ အလျင်အမြန် ရှင်းပြချင်သော်လည်း သူ့ ပါးလွှာသော နှုတ်ခမ်းများမှာ တစ်ခုခု ပြောလိုသည့်အလား ပွင့်ဟလာပြီးနောက် အလျင်အမြန် ပြန်လည် ပိတ်သွားကာ သူ့မျက်နှာမှာ ပို၍ နီရဲလာလေသည်။ သူသည် အနေရခက်စွာဖြင့် မျက်နှာကို တစ်ဖက်သို့ လှည့်သွားပြီး အသက်ရှူသံများ မြန်ဆန်သွားသည်။
"ကိုယ်... ကိုယ် ပိုက်ဆံ မခိုးပါဘူး"
"ဒါဆို ရှင် ဘာလုပ်ထားလို့လဲ၊ ရှင် ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်"
ယွီရွေ့ကျူး သူ့ကို မသိမသာလေး လှမ်းကြည့်ပြီး သူုံ အကြည့်များက နီရဲနေသော သူ့ နားရွက်များပေါ်တွင် အနည်းငယ် ကြာရှည်စွာ ရပ်တန့်နေပြီးနောက် သူမ နှုတ်ခမ်းများကို အလျင်အမြန် ကွေးညွှတ်ကာ ပြုံးလိုက်မိသည်။
"ဟော်ချန်ယဲ့ ရှင် တစ်ခုခုတော့ မှားနေပြီ၊ ရှင့်မျက်နှာက အရမ်းနီနေတာပဲ၊ မနေ့ညက ရှင် တကယ်ပဲ တစ်ခုခု အမှားလုပ်ခဲ့တာလား"
ဟော်ချန်ယဲ့သည် သူ့ခံစားချက်များကို မဖုံးကွယ်နိုင်သည့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို တွေးကာ စိတ်ရှုပ်ထွေးနေဆဲပင်။
သူ အလျင်အမြန် ခေါင်းငုံ့ကာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပြီး တီးတိုး ပြန်ဖြေသည်။
"မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ ကိုယ် အလုပ်ပြန်လုပ်ရတော့မယ်၊ လျှောက်မတွေးနေနဲ့၊ ကိုယ် ဘာမှ မလုပ်ခဲ့ပါဘူး"
သို့သော် သူ ဘာမှမလုပ်ခဲ့ဟု ပြောနေချိန်တွင်ပင် သူ့ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်နေပြီး ညတစ်ညလုံး ကုန်လွန်သွားသည့်တိုင် ထိုနူးညံ့ကာ နွေးထွေးသော အထိအတွေ့ကို ခံစားနေရဆဲဖြစ်သည့်အလားပင်။
ဟော်ချန်ယဲ့ မသိစိတ်မှ ယွီရွေ့ကျူးကို လှမ်းကြည့်မိသွားသည်။ သူမသည် ယနေ့တွင် အကွက်စကတ်ကို ဝတ်ဆင်ထားပြီး ဖြူဝင်းသော လက်မောင်းတစ်စိတ်တစ်ပိုင်းကို ဖော်ပြထားသည်။
စကတ်မှာ သူမ ခါးတစ်ဝိုက်တွင် တင်းကျပ်စွာ အံဝင်ခွင်ကျဖြစ်နေပြီး ပြည့်ဖြိုးသော ကိုယ်လုံးနှင့် သေးသွယ်သော ခါးလေးအကြား သိသာထင်ရှားသော ခြားနားမှုကို ဖန်တီးပေးထားရာ မြင်ရသူအဖို့ အလွန်ပြင်းထန်သော ဆွဲဆောင်မှုကို ဖြစ်ပေါ်စေသည်။
ဟော်ချန်ယဲ့ နားရွက်များမှာ ပို၍ပင် ပူထူလာရသည်။ သူ သူမကို ဆက်မကြည့်ရဲတော့ဘဲ အသက်ရှူသံများ မြန်ဆန်ကာ နှုတ်ခမ်းများကို တင်းကျပ်စွာ ပိတ်စေ့ထားရင်း ထိတ်လန့်တကြား ထွက်ပြေးသွားတော့သည်။
ယွီရွေ့ကျူး " ... "
သူမသည် ထွက်ခွာသွားသော ဟော်ချန်ယဲ့ ကျောပြင်ကို တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ကြည့်နေရင်း အခန်းထဲတွင် ဂရုတစိုက် အနံ့ခံကြည့်မိသည်။
သူမအနေဖြင့် ထူးဆန်းသော အနံ့တစ်စုံတစ်ရာ မရရှိခဲ့ပေ။ ဟော်ချန်ယဲ့သည် အခန်းထဲတွင် ဘာမှလုပ်ခဲ့ဟန် မရှိချေ။
'အင်း... သူ တစ်ခုခု အကျင့်ယုတ်ပြီးတော့ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက် ဖွင့်ထားလိုက်လို့ အနံ့ ပျောက်သွားတာများလား'
'ဒါမှမဟုတ် ငါကပဲ သူ့ကို အထင်လွဲနေတာများလား'
ယွီရွေ့ကျူး ထိုအကြောင်းကို တွေးကြည့်သော်လည်း သိပ်ပြီး အာရုံမစိုက်တော့ပေ။ သူမ ပစ္စည်းများကို နေရာချကာ နေ့စဉ် အလုပ်များကို ပြန်လည် စတင်တော့သည်။
ဝက်သားနှပ်ရောင်းသည့် လုပ်ငန်းမှာ အစပိုင်းနှင့် နှိုင်းယှဉ်လျှင် အရောင်းအဝယ် အနည်းငယ် ကျဆင်းသွားသော် လည်း ယွီရွေ့ကျူးကမူ အတော်လေး တည်ငြိမ်နေဆဲပင်။ မည်သို့ပင်ဖြစ်စေ စီးပွားရေးလုပ်ငန်းဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။
အမြဲတမ်း အမြတ်အစွန်းများနေမည် မဟုတ်ပေ။ အစပိုင်းမှာ အမြဲတမ်း အကောင်းဆုံးဖြစ်ပြီး လူများကတဖြည်း ဖြည်း ရိုးအီလာသောအခါ ဝယ်သူအဝင်အထွက်မှာလည်း တဖြည်းဖြည်း လျော့နည်းသွားမည်သာ။