← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

🐽 Chapter 78

ထို့အပြင် ကျောက်နာ ဝက်သားနှပ်လုပ်ငန်းမှ ယှဉ်ပြိုင်မှုများလည်း ရှိနေသေးသည်။

ယွီရွေ့ကျူး လှမ်းကြည့်လိုက်ရာ ကျောက်နာ ဝက်သားနှပ်ဆိုင်မှာ စျေးနှုန်းနှင့် အခြားသော အကြောင်းရင်းများကြောင့် တဖြည်းဖြည်း အရောင်းအဝယ် ကောင်းလာဟန်ရှိပြီး ဝယ်သူအဝင်အထွက်မှာလည်း အတော်လေး များပြားနေသည်ကို တွေ့လိုက်ရသည်။

ကျောက်နာကမူ ယွီရွေ့ကျူးအပေါ် အမြဲတစေ ဖော်ရွေနေပြီး တစ်ခါတစ်ရံတွင် အကူအညီများပင် ကမ်းလှမ်းခဲ့သည်မှာ မဆန်းတော့ပေ။ သူမက ယွီရွေ့ကျူးကို ဝယ်သူဆွဲဆောင်သည့် ကိရိယာတစ်ခုအဖြစ် အသုံးပြုနေခြင်းပင်။

ယုတ္တိရှိရှိ စဉ်းစားကြည့်မည်ဆိုလျှင် စက္ကူတစ်ရွက်လျှင် ၉၅ ပြားနှင့် အိမ်လခ၊ လျှပ်စစ်မီးခတို့ကို ပေါင်းလိုက်ပါက ရှုံးမည့် လုပ်ငန်းတစ်ခု ဖြစ်သင့်သော်လည်း ကျောက်နာကမူ စိတ်ညစ်နေသည့် အရိပ်အယောင် လုံးဝမပြဘဲ ဝယ်သူများအပေါ် နူးညံ့သော အပြုံးဖြင့် စိတ်အားထက်သန်စွာ ဆက်ဆံနေဆဲပင်ဖြစ်သည်။

ယွီရွေ့ကျူး ထိုဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အလျင်အမြန်အကြည့်လွှဲလေသည်။

လူများနှင့် အလုပ်များကာ စည်ကားနေပြီး ယွီရွေ့ကျူးနှင့် သူမကို လာရောက်ကူညီပေးသော ရှဲ့ယင်းယန်တို့မှာ ငွေကောက်ခံခြင်းနှင့် အိတ်များ ထုပ်ပိုးခြင်းတို့ဖြင့် အလုပ်များနေကြသည်။

ပြောရမည်ဆိုလျှင် ယနေ့တွင် ရှဲ့ယင်းယန်က သူမကို မြင်းလှည်းနားတွင် တကူးတက စောင့်နေခဲ့ခြင်းဖြစ်ရာ ထိုအချက်က ယွီရွေ့ကျူးကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

သူမက ပြီးခဲ့သည့်အကြိမ် ဈေးထဲကကဲ့သို့ပင် အလွန် လိမ္မာရေးခြားရှိသည်။ သူမ အသံလေးမှာ နူးညံ့ပြီး မျက်လုံးလေးများက ထိတ်လန့်နေသော တိရစ္ဆာန်ငယ်လေးတစ်ကောင်လို လွယ်ကူစွာ ပုတ်ခတ်နေတတ်သည်။

ယွီရွေ့ကျူးက ရှဲ့ယင်းယန် ပင်ပန်းသွားမည်ကို စိုးရိမ်သဖြင့် ပြန်မလာမီ တစ်ရက်ခန့် အနားယူစေချင်ခဲ့သည်။ သို့သော် ရှဲ့ယင်းယန်က ငြင်းဆန်ခဲ့ရုံသာမက မြို့ထဲသို့ ရောက်သော အခါတွင်လည်း ယွီရွေ့ကျူးကို အံ့အားသင့်သွားစေခဲ့သည်။

သူမ သေးသွယ်သော ကိုယ်လုံးလေးနှင့် ချစ်စရာကောင်း သော အသွင်အပြင် ရှိသော်လည်း သူမသည် ထိုအိတ်ကြီးအိတ်ငယ် အားလုံးကို လက်တစ်ဖက်တည်းဖြင့်ပင် အလွယ် တကူ သယ်ဆောင်နိုင်ခဲ့သည်။ ယွီရွေ့ကျူးက သူမကို အံ့သြသံစွာ ကြည့်မိသည်။

"ဝါး တော်တော် သန်မာတာပဲ"

သူမ မနေနိုင်တော့ဘဲ ချီးကျူးလိုက်သည်။

"ယင်းယန်... နင်က အရမ်းမိုက်တာပဲ၊ တော်တော် သန်မာတာပဲ၊ ငါတော့ အရမ်းအားကျတာပဲ၊ ငါလည်း နင့်လို ခွန်အားမျိုး ရှိချင်လိုက်တာ"

'ဒါဆို ငါ ပိုက်ဆံတွေ ပိုရှာနိုင်မှာပဲ၊ တခြားအလုပ်တွေ အများကြီး စလုပ်လို့ရပေမယ့် ကံမကောင်းတာက အခု လက်ရှိ ငါ့ရဲ့ ခန္ဓာကိုယ် ခွန်အားက ငါ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ပံ့ပိုးမပေးနိုင်ဘူး ဖြစ်နေတယ်'

"နှမြောဖို့ကောင်းလိုက်တာ..."

ယွီရွေ့ကျူး အံ့သြမှင်တက်သွားသည့် အမူအရာအား မြင်လိုက်ရချိန် ရှဲ့ယင်းယန် မျက်ဝန်းအိမ်၌ မျက်ရည်စများ ရစ်ဝဲသွားတော့သည်။

"ဘာလို့လဲ အစ်မရွေ့ကျူးရယ်၊ ကျွန်မ ခွန်အားတွေက လွန်ကဲလွန်းနေတယ်လို့ မထင်ဘူးလား၊ ကျွန်မက အစ်မရွေ့ကျူးကိုတောင် အားကျနေရတာ၊ အစ်မက ပုံမှန်မိန်းကလေးတစ်ယောက်လိုပဲ လူချစ်လူခင်လည်း ပေါများတယ်၊ ကျွန်မကတော့ သူများတွေနဲ့ မတူနေသလိုပဲ"

ယွီရွေ့ကျူးမှာ ချက်ချင်းပင် တုံ့ပြန်စကား မဆိုလိုက်နိုင်ချေ။

"ပုံမှန်ဖြစ်တာ မဖြစ်တာတို့ လူချစ်လူခင်ပေါတာ မပေါတာတို့က ဘာအဓိပ္ပာယ်လဲဟဲ့၊ ဒါက အရမ်းမိုက်တာပဲ မဟုတ်ဘူးလား၊ နင်က သန်မာနေလို့ဆိုပြီး နင့်ကို မုန်းမယ့်သူ ရှိလို့လား"

ရှဲ့ယင်းယန်သည် ခေါင်းကို တဖြည်းဖြည်း ပိုငုံ့သွားကာ သူမ အသံလေးမှာလည်း တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတော့မည့်အလား ထင်ရသည်။

"ကျွန်မ ကောင်လေးက ကျွန်မကို အရမ်းသန်မာလွန်းတယ် ပုံမှန်မိန်းကလေးတစ်ယောက်နဲ့ မတူဘူးလို့ ထင်နေလို့ပါ၊ ပြီးတော့ ကျွန်မက အစားအများကြီး စားတာကိုလည်း သူက မကြိုက်ဘူးလေ၊ အဲဒါက ကျွန်မရဲ့ အသွင်အပြင်နဲ့ အရမ်းကို ကွာခြားနေတယ်တဲ့၊ ကျွန်မမှာ တစ်ခုခု မှားယွင်းနေတယ်လို့ သူကပြောပြီး မိဘအိမ် ပြန်ပို့လိုက်တာ၊ ကျွန်မက အစ်ကိုနဲ့ အစ်ကိုဟော်တို့ကို တစ်ခုခု လာကူညီပေးမလို့လာရင်း အစ်မရွေ့ကျူးနဲ့ လာတွေ့တာပဲ"

ယွီရွေ့ကျူး " ... "

ထိုနေ့အတွက် သူမ ဒုတိယအကြိမ်မြောက် ထပ်မံ၍ အံ့အား သင့် မှင်တက်သွားရပြန်သည်။

"နေပါဦး ယင်းယန်ရယ်၊ နင်က တကယ်ပဲ အိမ်ထောင်ကျနေပြီလား"

သူမက ရှဲ့ယင်းယန်ကို အလွန်ငယ်ရွယ်သေးသည်ဟု ထင် မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ကျောင်းတက်နေဆဲ အထက် တန်းကျောင်းသူ အရွယ်လောက်သာ ရှိဦးမည်ဟု ထင်ခဲ့မိသည်။

သူမက အသက် ၁၉ နှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်စောစောစီးစီး အိမ်ထောင်ကျနေရတာလဲ။ ထို့အပြင် တစ်စုံတစ်ယောက်က သန်မာလွန်း၍ အစားအများကြီးစား၍နှင့် အသွင်အပြင် ကွာခြားလွန်းသည်ဆိုသည့် အကြောင်းပြချက်သက်သက်ဖြင့် မုန်းတီးနေမည်ဆိုလျှင် ထိုလူက ဘယ်လို လူယုတ်မာမျိုး ဖြစ်နေမည်နည်း။ သူက စုန့်ချင်းရှန်းကဲ့သို့ပင် အောက်တန်းကျသည့် လူမျိုးလား။

ရှဲ့ယင်းယန်က လိမ္မာကျိုးနွံစွာဖြင့် ခေါင်းညိတ်ပြလာသည်။

"ရွာထဲက မိန်းကလေးတွေအကုန်လုံးက ဒီအရွယ်ဆို အိမ်ထောင်ကျနေကြပြီလေ၊ ကျွန်မက ကျောင်းမနေခဲ့ရတော့ တချို့ဆို ကျွန်မထက်တောင် စောစောစီးစီး အိမ်ထောင်ကျကြသေးတယ်"

ယွီရွေ့ကျူး ခဏမျှ စုပ်သပ်မိပြီး မနေနိုင်တော့ဘဲ မျက်မှောင်ကျုံ့သွားသည်။

"ရှဲ့ချီကကော ဘယ်လိုနေလဲ၊ နင်က အဲဒီလူဆီကနေ ဒီလို ဆက်ဆံခံရပြီး မိဘအိမ်ကို ပြန်ပို့ခံရတာလေ၊ ဒီလိုကိစ္စမျိုး ဖြစ်လာမှတော့ ရှဲ့ချီက နင့်အတွက် တရားမျှတမှု ရအောင် ကူညီမပေးသင့်ဘူးလား၊ အနည်းဆုံးတော့ သူ့ဒေါသတွေ ပြေသွားအောင် အဲဒီလူကို ရိုက်နှက်ဆုံးမသင့်တာပေါ့"

ရှဲ့ယင်းယန်က ခေါင်းခါယမ်းလိုက်ပြီး သူမအသံလေးမှာ အလွန်ပင် တိုးညင်းနေသည်။

"ဟင့်အင်း အစ်ကိုက ကျွန်မကို မကူညီနိုင်ဘူး၊ ကျွန်မတို့ မိဘတွေက စောစောစီးစီး ဆုံးပါးသွားကြတော့ အကြွေးတွေ အများကြီး ကျန်ခဲ့တယ်လေ၊ အစ်ကိုဟော်ကသာ ကျွန်မတို့ကို ကူညီပြီး အကြွေးတွေ ဆပ်ပေးခဲ့တာပါ"

"ဒီကိစ္စက ဟော်ချန်ယဲ့နဲ့ ဘာဆိုင်လို့လဲ"

"ကျွန်မ လက်ထပ်လိုက်တဲ့သူက အစ်ကိုဟော်ရဲ့အဒေါ်ဘက်က ဆွေမျိုးတစ်ယောက်လေ၊ ကျွန်မတို့က တော်တော်လေး ရင်းနှီးကြတယ်၊ သူတို့ မိတ်ဆက်ပေးတုန်းက အစ်ကိုဟော်က လူကောင်းတစ်ယောက်ဆိုတော့ သူတို့ရဲ့ ဆွေမျိုးတွေကလည်း ကောင်းမှာပဲလို့ထင်ပြီး ကျွန်မ သဘောတူလိုက်တာ၊ ဒါပေမဲ့ နောက်ဆုံးတော့..."

ရှဲ့ယင်းယန် စကားပြောရပ်သွားကာ လက်ချောင်းများကို ဖိချေပွတ်သပ်နေပြီး သူမမျက်နှာလေးမှာ ရှုံ့မဲ့သွားလေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက ခပ်တိုးတိုး ပြောလာသည်။

"အမှန်က ကျွန်မတို့ လက်ထပ်ထားတာ သိပ်မကြာသေးဘူး၊ ဒါပေမဲ့ သူက ကျွန်မကို အပြစ်တင်နေပြီ၊ ဘာလို့လဲတော့ မသိဘူး၊ အရင်က အစ်ကိုဆိုရင် ကျွန်မ သန်မာပြီးစွမ်းဆောင် နိုင်လို့ အမြဲတမ်း ချီးကျူးလေ့ရှိတယ်၊ ဒါပေမဲ့ သူကတော့ ကျွန်မ သန်မာတာကို ထူးဆန်းတယ်လို့ပဲ မြင်နေတယ်၊ အချိန်တစ်ခုကြာလာတော့ ကျွန်မကိုယ်ကျွန်မ တစ်ခုခု မှားယွင်းနေတယ်လို့တောင် စပြီးတွေးလာမိတယ်"

ယွီရွေ့ကျူး မျက်လုံးလှန်မိသွားပြီး အကြောင်းပြချက်မရှိဘဲ စုန့်ချင်းရှန်းကို ထပ်မံ သတိရသွားပြန်သည်။

"သူက ငပျော့ကောင် ဖြစ်ရမယ်၊ သူက နင့်လောက် မသန်မာတော့ သူ ရှက်ပြီး ဒေါသထွက်နေတာနေမှာပေါ့၊ ယောကျာ်းတွေရဲ့ ဂုဏ်သိက္ခာဆိုတာကလည်း ဒါပဲရှိတာကိုး"

ရှဲ့ယင်းယန် မျက်လုံးများ အရောင်လဲ့သွားသည်။

"ဟုတ်တယ် အစ်မရွေ့ကျူး၊ အစ်မ ဘယ်လိုလုပ် သိတာလဲ၊ သူက တကယ်ကို အားနည်းတာ၊ သူ ခေါင်းတောင် မမော့နိုင်ဘူး၊ ကျွန်မက သူ့ရှေ့မှာ အားနည်းချင်ယောင်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် သူက ပိုပြီး ဒေါသထွက်လာပြီး ကျွန်မက သူ့ကို ခနဲ့နေတာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာလို့ စွပ်စွဲတယ်၊ တကယ်တော့ ကျွန်မ မလုပ်ခဲ့ပါဘူး"

ယွီရွေ့ကျူး သူမ ခေါင်းများ ပို၍ပင် ကိုက်ခဲလာသလို ခံစားရသည်။

ဟော်ချန်ယဲ့ အဒေါ်ဆွေမျိုးတဲ့လား...

ဟော်ချန်ယဲ့ အဒေါ်မှာ အစကတည်းက ထိုသို့ပင် ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ် သူမ လာတုန်းကလည်း ယွီရွေ့ကျူးအပေါ် အလွန်အမင်း အပြစ်ရှာဝေဖန်ခဲ့ပြီး ဟော်ချန်ယဲ့နှင့်လည်း ဆက်ဆံရေး ကောင်းမွန်ပုံ မပေါ်ပေ။

ရှဲ့ချီက ဟော်ချန်ယဲ့အပေါ် ကျေးဇူးတင်ရှိနေသဖြင့် ရှဲ့ယင်းယန် အရွယ်ရောက်လာချိန်တွင် ကျေးဇူးဆပ်သည့်အနေဖြင့် သူမကို ဟော်ချန်ယဲ့ အဒေါ်၏ မိသားစုထံသို့ လက်ထပ်ပေးလိုက်ခြင်းများ ဖြစ်နေမလား။

ယွီရွေ့ကျူးမှာ အလိုအလျောက်ပင် ရှဲ့ချီအပေါ် အဆိုးမြင်မိသွားတော့သည်။ အဓိကအားဖြင့် ရှဲ့ယင်းယန် ဤသို့ ဆက်ဆံခံနေရချိန်တွင် ရှဲ့ချီက ဂရုမစိုက်ဘဲနေနေခြင်းက သူမကို ဒေါသထွက်စေသည်။

ဤကိစ္စကို ဟော်ချန်ယဲ့ သိနေသလားနှင့် သူမည်သို့ ဖြေရှင်းရန် စီစဉ်ထားသလဲဆိုသည်ကို သူမ အလွန်သိချင်မိသည်။

ယွီရွေ့ကျူး မျက်မှောင်ကျုံ့ကာ အသေအချာ စဉ်းစားနေပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဝယ်သူတစ်ယောက် ရောက်လာသဖြင့် သူမ အတွေးများ ပြတ်တောက်သွားရသည်။

ရှဲ့ယင်းယန် မတ်တတ်ရပ်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ဝယ်သူများအတွက် အိတ်များကို ထုပ်ပိုးပေးနေရာ သူမ လှုပ်ရှားမှုများမှာ လျင်မြန်သွက်လက်ကာ နာခံမှုရှိလှသည်။

ယွီရွေ့ကျူး မျက်လုံးများကို တင်းကျပ်စွာ မှိတ်လိုက်ပြီး သူမ မွေးနေ့ အမြန်ရောက်လာရန်သာ ဆန္ဒပြုချင်တော့ သည်။ သို့မှသာ မနက်ခင်း အိမ်အပြင်ထွက်ချိန်တွင် ဘယ်ခြေထောက် အရင်လှမ်းမိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဤကမ္ဘာပေါ်ရှိ လူယုတ်မာကောင်များအားလုံး၏ အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးသွားစေရန် သူမ ဆုတောင်းနိုင်မည် ဖြစ်သည်။

'ဒီသောက်ချီးထုပ်ကောင်တွေ ခေတ်တိုင်းမှာ ဘာလို့ အမြဲတမ်း ရှိနေရတာလဲ'

ထိုတစ်ချိန်တည်းမှာပင် ယွီရွေ့ကျူး နာကြည်းမှုကြောင့် ကျိန်ဆဲခံရသော လူယုတ်မာကောင်များထဲမှ တစ်ဦးဖြစ်သည့် စုန့်ချင်းရှန်းမှာမူ ဂနာမငြိမ် ဖြစ်နေကာ ပြတင်းပေါက်အပြင်ဘက်ဆီသို့ အကြိမ်ကြိမ် အလိုအလျောက် လှမ်းကြည့်နေမိသည်။

စုန့်ချင်းရှန်း အလုပ်ခွင်မှာ ယွီရွေ့ကျူး၏ဈေးဆိုင်နှင့် မလှမ်း မကမ်း လမ်းတစ်ဖက်ကမ်း၌ ရှိနေသဖြင့် အလုပ်ရှုပ်နေသော ယွီရွေ့ကျူး ပုံရိပ်ကို အဝေးမှနေ၍ ခပ်ရေးရေးမြင်နိုင် သည်။

ဝက်သားနှပ်ဆိုင်လေးမှာ သေးငယ်သော်လည်း လူအတော်များများ ဝန်းရံလျက်ရှိကြသည်။

စုန့်ချင်းရှန်းသည် ယနေ့ ယွီရွေ့ကျူး ဆိုင်တွင် လူတစ်ယောက် အပိုရောက်နေသလို ခံစားမိသော်လည်း သူ သိပ်ပြီး အာရုံမစိုက်ဘဲ ယွီရွေ့ကျူးကိုသာ အခါအားလျော်စွာ လှမ်းကြည့်မိသည်။

All Chapters