အခန်း ၈၁
Vol. 9 Ch. 81
🐽 Chapter 81
သူမ ရွာကို ရောက်လာခဲ့သည်မှာ မကြာသေးသလို ငယ်ရွယ်သူတစ်ယောက်ဖြစ်သည့်အတွက် အစ်ကိုဟော်နှင့် ဆရာဝန်ချင်တို့ ကိစ္စနှင့်ပတ်သက်၍ သူမ တကယ်ကို ဘာတစ်ခုမျှ မသိခဲ့ပေ။
ပြီးခဲ့သည့်အကြိမ် ဈေးထဲတွင် ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ ရင်းနှီးသော အပြုအမူများကို မြင်တွေ့ရစဉ်က သူတို့ ဆက်ဆံရေးက သိပ်ကို အံ့သြဖို့ကောင်းသည်ဟု တွေးကာ သူမ မနာလိုဖြစ်ခဲ့မိသည်။ သို့သော်လည်း ယခုတော့ ဆရာဝန်ချင်က ထိုစကားများကို ရုတ်တရက်ကြီး ပြောချလာသည်။
သူမ အံ့သြရသည်မှာ ယွီရွေ့ကျူးကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေခြင်းဖြစ်သည်။
သူမသည် မျက်လွှာချကာ ဂါဝန်အောက်နားစကို ကစားနေရင်း ပတ်ဝန်းကျင် ရှုခင်းများကို ရံဖန်ရံခါ လှမ်းကြည့်နေသည်။ နေဝင်ဆည်းဆာ ရွှေရောင်အလင်းတန်းများ ကျရောက်နေသော သူမ မျက်နှာလေးမှာ အစောပိုင်းက ချင်စုလန် စကားများကို လုံးဝ မကြားလိုက်ရသည့်အလား တည်ငြိမ်ကာ အေးတိအေးစက်နိုင်လှသည်။
ချင်စုလန်မှာမူ တစ်ဖက်တွင် သူမ စကားများအတွက် နောင်တရနေသလား သို့မဟုတ် ယွီရွေ့ကျူးကို သေချာစွာ နှစ်သိမ့်ပေးရန် မစွမ်းသာသည့်အတွက် အခက်တွေ့နေသလား မသိနိုင်ဘဲ ဗျာများနေပုံရသည်။
မြင်းလှည်းလေးသည် အလွန်တိတ်ဆိတ်ပြီး ထူးဆန်းခြောက်ခြားဖွယ်ကောင်းသော လေထုထဲတွင် ဆက်လက် ရွေ့လျားသွားလေသည်။
ရွာထိပ်သို့ ရောက်သောအခါ ရင်တဒိတ်ဒိတ် ခုန်နေသော ရှဲ့ယင်းယန်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။
ယခင်က အစ်မရွေ့ကျူးသည် အမြဲတမ်း နူးညံ့ပြီး ကြင်နာတတ်သည့် အစ်မကြီးတစ်ယောက် ဖြစ်သော်လည်း ယခု ကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားခြင်းက အနည်းငယ်တော့ စိုးရိမ်စရာ ကောင်းနေသည်။
သူမသည် ဟော်ချန်ယဲ့အတွက် စိုးရိမ်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အစ်ကိုဟော်နှင့် ဆရာဝန်ချင်တို့ ဆက်ဆံရေးကို နားလည်ရန် ကြိုးစားရင်း သူမ စိတ်များက လွင့်မျောနေတော့သည်။
'သူတို့က တကယ်ပဲ အဲဒီလောက်ထိ ရင်းနှီးခဲ့ကြတာလား၊ အဲ့တာဆိုလည်း ဘာလို့... ဘာလို့ သူက အစ်မရွေ့ကျူးကို လက်ထပ်ခဲ့တာလဲ'
'တကယ်ကို ထူးဆန်းတာပဲ'
ရှဲ့ယင်းယန် တစ်ယောက် အဖြေရှာမရခင်မှာပင် မြင်းလှည်းက ရပ်တန့်သွားသည်။ သူမက အလိုအလျောက်ပင် လှည်းပေါ်မှဆင်းကာ ယွီရွေ့ကျူး အိတ်ကြီးအိတ်ငယ်များကို ကူညီသယ်မပေးရန် ပြင်သည်။
ပစ္စည်းနှစ်ခုမျှပင် ချမပေးရသေးမီ အနောက်ဘက်မှ ကြီးမားသော လက်တစ်စုံက လှမ်းလာပြီး အိတ်များကို မြန်မြန်ဆန်ဆန် လွှဲယူကာ မယုံနိုင်စရာကောင်းလောက်အောင် ပေါ့ပါးစွာဖြင့် သယ်ဆောင်သွားသည်။
ရှဲ့ယင်းယန် လှည့်ကြည့်လိုက်သောအခါ အစ်ကိုဟော် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားတော့သည်။
လီတနှင့် ပြဿနာဖြစ်ခဲ့သည့် အချိန်မှစ၍ ဟော်ချန်ယဲ့သည် အရင်ကလို ထိတ်လန့်စရာမျိုး ထပ်မဖြစ်စေရန်အတွက် ဘယ်လောက်ပဲ မိုးချုပ်နေပါစေ ယွီရွေ့ကျူး အိမ်သို့ ဘေးကင်းကင်း ပြန်ရောက်သည်အထိ သူမ ကုန်ပစ္စည်းများကို ချပေးခြင်းနှင့် ပစ္စည်းများ သယ်ကူပေးခြင်းတို့ကို ပြုလုပ်ပေးရန် ရွာထိပ်တွင် စောင့်ကြပ်နေခဲ့သည်။
ရွာထဲရှိ လူဆိုးလူမိုက်များအားလုံးကို သူ ပညာပေးထားပြီးဖြစ်သော်လည်း လီတကဲ့သို့ အခြားတစ်ယောက်ယောက်များ အရက်မူးပြီး ပြဿနာလာရှာမည်ကို မည်သူသိနိုင်မည်နည်း။
ဟော်ချန်ယဲ့သည် ရာနှုန်းပြည့် သေချာမှုမရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်တတ်သလို ယွီရွေ့ကျူး ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍လည်း လောင်းကစားလုပ်ခြင်း သို့မဟုတ် နောက်ပြောင်ခြင်းမျိုး အလျှင်းမရှိခဲ့ပေ။
ယွီရွေ့ကျူးကို ကူညီရန် ရှဲ့ယင်းယန်ကို သူ စီစဉ်ပေးထားသော်လည်း ရှဲ့ယင်းယန်မှာ မိန်းကလေးတစ်ယောက်သာဖြစ်ပြီး ငယ်ရွယ်ကာ ရိုးအလွန်းသဖြင့် လုပ်ရကိုင်ရ လွယ်ကူသော ကိစ္စများအတွက် ယွီရွေ့ကျူးကို သူကိုယ်တိုင်ပင် အိမ်ပြန်လိုက်ပို့ချင်ခဲ့သည်။
ယနေ့တွင်လည်း ထုံးစံအတိုင်း သူ ပစ္စည်းများ လာချပေးနေသော်လည်း ဟော်ချန်ယဲ့ အံ့သြသွားရသည်မှာ ရှဲ့ယင်းယန်၊ ယွီရွေ့ကျူးတို့နှင့်အတူ လှည်းပေါ်တွင် ချင်စုလန်လည်း ပါလာခြင်းပင်။
ဟော်ချန်ယဲ့က ချင်စုလန်ကို တစ်ချက်ကြည့်လိုက်သော် လည်း သူမကို သိပ်ပြီး ဂရုမစိုက်နေပေ။
လှည်းပေါ်မှ ဆင်းတော့မည့်ဟန်ဖြင့် ရှိနေဆဲဖြစ်သော ယွီရွေ့ကျူးကို မြင်သောအခါ သူက မျက်လွှာကို အနည်းငယ် ပင့်ပြီး သူမ ဆင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် သူ့ အားလပ်နေသော လက်တစ်ဖက်ကို ကမ်းပေးကာ သတိပေးသံလေးက တွဲပါလာသည်။
"သတိထားနော်"
ယွီရွေ့ကျူးမှာ ထုံးစံအတိုင်း တောက်ပသော အပြုံးလေးတစ်ခု၊ ချစ်ခင်ကြင်နာမှုအပြည့်ပါသော အနမ်းတစ်ခု သို့မဟုတ် ဖက်တွယ်မှုတစ်ခုကို ရရှိမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း ဟော်ချန်ယဲ့ အံ့သြသွားရသည်မှာ ယွီရွေ့ကျူးက လှည်းပေါ်မှနေ၍ သူ့ကို ငုံ့ကြည့်လာပြီး သူမ မျက်ဝန်းများမှာ မည်သို့မျှ ဖတ်ယူ၍မရနိုင်ခြင်းပင်။
သူမက သူ့လက်ပေါ်သို့ သူမ လက်ကို မတင်လာခဲ့ပေ။ ထိုအစား သူ့ကို တမင်တကာ ရှောင်ကွင်းကာ အခြားတစ်ဖက်မှ လှည့်ပတ်သွားပြီး လှည်းပေါ်မှ ခုန်ဆင်းသွားတော့သည်။
သူမဆီမှ အနည်းငယ် အေးစက်နေသော အပြုအမူကြောင့် ဟော်ချန်ယဲ့မှာ ကြောင်အမ်းအမ်းဖြစ်ကာ အံ့သြသွားရသည်။
သူသည် လေထဲတွင် တန့်နေသော လက်ကို အနေခက်စွာဖြင့် ဆုပ်ကိုင်ပြီးနောက် ပြန်ရုပ်သိမ်းလိုက်ကာ ယွီရွေ့ကျူးကို မြန်မြန်ဆန်ဆန်ပင် လှည့်ကြည့်သည်။
'ယွီရွေ့ကျူး... ဒီနေ့ သူမ စိတ်အခြေအနေ မကောင်းဘူးလား၊ မပျော်ဘူးလား'
သူမ ဒေါသထွက်စရာ ရှိလို့လား၊ မြို့ပေါ်တွင် တစ်ယောက် ယောက်ကများ သူမကို စိတ်အနှောင့်အယှက် ပေးလိုက်လား သို့မဟုတ် တစ်ခုခု ဖြစ်နေလားဆိုသည်ကို သိလိုသဖြင့် ပစ္စည်းများကို သယ်ကာ ယွီရွေ့ကျူး နောက်သို့ သူ အမြန်လိုက်သွားတော့သည်။
သို့သော်လည်း ယွီရွေ့ကျူးက သူ့ကို မကြည့်လိုသဖြင့် မျက်နှာလွှဲသွားသည်။ ရှဲ့ယင်းယန်ကို နှုတ်ဆက်ပြီးနောက် သူမက လှည့်ကာ အိမ်သို့သာလျှောက်သွားတော့သည်။
'တစ်ခုခုတော့ မှားနေပြီ'
ဟော်ချန်ယဲ့မှာ နေရာတွင်ပင် ကျောက်ရုပ်အလား ရပ်တန့်မိသည်။ ယွီရွေ့ကျူး အိမ်ပြန်လာမည်ကို စောင့်မျှော်နေစဉ်က သူ ခံစားခဲ့ရသော မျှော်လင့်ချက်များမှာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။
သူ့ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် လှည်းပေါ်မှဆင်းကာစ ချင်စုလန်ကိုကြည့်ရင်း မျက်မှောင်ကြုတ်မိသည်။
ချင်စုလန်သည်လည်း လမ်းဆုံတွင် ဟော်ချန်ယဲ့ကို မြင်လိုက်ရသဖြင့် အံ့သြနေသည်။
'ပုံမှန်ဆိုရင် ဟော်ချန်ယဲ့က ဒီအချိန် သားသတ်ရုံမှာ ရှိနေရမှာလေ၊ သူက အလုပ်ကနေ ခိုးထွက်လာပြီး ယွီရွေ့ကျူးရဲ့ ပစ္စည်းတွေကို လာကူသယ်ပေးတာလား'
အစပိုင်းတွင် ယွီရွေ့ကျူး ပစ္စည်းများကို ဟော်ချန်ယဲ့က သဘာဝကျကျ သယ်ဆောင်ပေးပုံ၊ သူမ လှည်းပေါ်မှဆင်းရန် ကူညီပေးဖို့အတွက် တက်တက်ကြွကြွဖြင့် လက်ကို မြှောက်ပေးလာပုံတို့နှင့် အတော်လေး ရင်းနှီးပုံရသော အပြုအမူများကို မြင်လိုက်ရသဖြင့် ချင်စုလန်မှာ အံ့သြနေဆဲဖြစ်သည်။
သို့သော်လည်း ဟော်ချန်ယဲ့ကို ယွီရွေ့ကျူး ရှောင်ဖယ်သွားသည်ကို မြင်လိုက်ရသောအခါ သူ့အကူအညီကို ငြင်းဆန်ပြီး အိမ်သို့ တစ်ယောက်တည်း လမ်းလွှဲကာ ပြန်သွားသည်ကို တွေ့သောအခါ ချင်စုလန် သေချာသွားတော့သည်။
'ရွာထဲကလူတွေ ပြောသလိုပဲ သူတို့ရဲ့ ဆက်ဆံရေးက တကယ်ကို ဆိုးရွားတာကိုး'
ဤအကြောင်းကို တွေးတောနေဆဲမှာပင် ပစ္စည်းများ သယ်လာသော ဟော်ချန်ယဲ့က သူမကို ကြည့်နေသည်ကို ချင်စုလန်မြင်လိုက်ရသည်။
ဟော်ချန်ယဲ့က သူမကို မမေ့နိုင်သေးဘူးဟု တွေးရင်း ချက်ချင်းပင် ခါးကို မတ်လိုက်ကာ မေးစေ့ကို အနည်းငယ် ပင့်ထားမိသည်။
သို့သော်လည်း မမျှော်လင့်ဘဲ ဟော်ချန်ယဲ့ နက်မှောင်သော မျက်ဝန်းများက နက်ရှိုင်းနေပြီး သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလာသည်။
"ယွီရွေ့ကျူးကို မင်း ဘာပြောလိုက်တာလဲ"
ချင်စုလန်မှာ အံ့သြမှင်သက်သွားပြီး ပြန်မေးမိသည်။
"ဘာ..."
သူ ဆိုလိုသည်ကို သဘောပေါက်သွားပြီးနောက် ချင်စုလန် မျက်လုံးများက မယုံနိုင်စွာဖြင့် ပြူးကျယ်သွားကာ အနည်း ငယ် မယုံဟန်ဖြင့် ပြန်ပြောသည်။
"ကျွန်မ သူ့ကို ဘာမှမပြောဘူး၊ သမဝါယမကနေ ပစ္စည်းတွေ ဝယ်ပြီးတော့ ငါက သူနဲ့ မြင်းလှည်း အတူတူ စီးလာရုံပဲရှိတာ၊ ဟော်ချန်ယဲ့... ရှင်က ကျွန်မကို ဘယ်လိုတောင် ဒီလို စကားမျိုး လာပြောရက်တာလဲ"
ဟော်ချန်ယဲ့က မည်သည့်စကားကိုမျှ ပြန်မပြောခဲ့ပေ။ သူက မျက်နှာလွှဲမသွားခင် တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး ပစ္စည်းများကို ဆုပ်ကိုင်ထားသော သူ့ လက်မောင်းပေါ်ရှိ သွေးကြောများမှာ အလွန် ထင်ရှားနေကာ ကြွက်သားများကလည်း တင်းမာနေသည်။
"ဒါဆိုလည်း ပြီးတာပဲ"
ဟော်ချန်ယဲ့က သူမကို တိုးညင်းစွာ တောင်းပန်ပြီးနောက် ပစ္စည်းများကို အမြန်ကောက်ကိုင်ကာ ယွီရွေ့ကျူး နောက်သို့ လိုက်သွားတော့သည်။
သူ့ အနောက်တွင်တော့ ချင်စုလန်မှာ လုံးဝကိုမယုံကြည်နိုင်ဖြစ်နေပုံရသည်။ ဟော်ချန်ယဲ့က သူမကို ဤကဲ့သို့ စကား ပြောဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ ယခင်ကဆိုလျှင် သူသည် အမြဲတမ်း အလွန်ကိုယဉ်ကျေးပျူငှာခဲ့သူ မဟုတ်ပါလား။
'ဒါက... သံသယမဖြစ်အောင် တမင်တကာ ရှောင်လွှဲနေတာများလား၊ သူ လက်ထပ်ပြီးတဲ့နောက်မှာ လူအများရှေ့ သူ့ရဲ့ဆက်ဆံရေးက အရမ်းသိသာနေရင် အတင်းအဖျင်းတွေ ထွက်လာပြီး သူမကို ထိခိုက်မှာ စိုးရိမ်နေလို့များလား'
ချင်စုလန်သည် သူမ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ပြီး မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားတော့သည်။
'အကယ်၍ အဲဒီလိုမျိုးသာဆိုရင်တော့ သူ့ကို ငါ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ'
...
နေဝင်ဆည်းဆာ အချိန်သို့ ရောက်သောအခါ ဟော်ချန်ယဲ့တစ်ယောက် အထုပ်အပိုးများကို သယ်ပိုးရင်း အိမ်သို့ ပြန်ရောက်လာခဲ့ရာ ခြံဝင်းထဲတွင် အသားစဉ်းနေသော ယွီရွေ့ကျူးကိုသာ တွေ့လိုက်ရသည်။
ဝက်သားနီနှပ်နှင့် စွပ်ပြုတ်လုပ်ရန် ကလီစာများကို သန့်စင်ပြင်ဆင်ရသည်မှာ အလုပ်အတော်လေး များလှပြီး သူမက ဓားဖြင့် ဖြည်းညင်းစွာ လှီးဖြတ်နေသည်။ ဓားက အနည်းငယ် တုံးနေ၍လားမသိ၊ နှစ်ချက်သုံးချက်ခန့် လှီးပြီးနောက်တွင် သူမက လှည့်ကာ အိမ်ထဲသို့ဝင်၍ ပန်းကန်လုံးတစ်လုံး သွားယူပြီး ထိုပန်းကန်လုံး အောက်ခြေဖြင့် ဓားကို တိတ်တဆိတ် သွေးတော့သည်။
ဓားသွေးသံများက ခြံဝင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ယွီရွေ့ကျူးက မျက်လွှာချထားကာ အေးစက်စက် မျက်နှာထားဖြင့် အသားများကို လှီးဖြတ်နေပြီး သူမ မေးစေ့လေးကို အနည်းငယ် ပင့်ထားရာ လေထုကြီးတစ်ခုလုံးက ထူးဆန်းစွာပင် ခြောက်ခြားဖွယ်ကောင်းနေတော့သည်။