← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

🐽 Chapter 82

ဟော်ချန်ယဲ့က ပစ္စည်းများကို ချလိုက်ပြီး စကားပြောရန် တုံ့ဆိုင်းနေမိသည်။ယွီရွေ့ကျူး ဓားသွေးနေပုံမှာ လူတစ်ယောက်ကို အပြစ်ပေးရန် ရည်ရွယ်နေသကဲ့သို့ သူ ဝိုးတဝါး ခံစားနေရသည်။

"ကိုယ် သွေးပေးပါ့မယ်၊ မင်း မတော်တဆ လက်ရှမိနေဦးမယ်"

ထိုလက်လေးများ မည်မျှလှပကြောင်းကို သူ သိသည်။ ဖြူဝင်းကာ သွယ်လျနေပြီး ပန်းရောင်သန်းနေသော လက်ဆစ်လေးများနှင့် ပန်းပွင့်လေးများအလား လှပလွန်းသော လက်သည်းလေးများရှိကာ ထိတွေ့လိုက်လျှင် အေးစက်နေပြီး သူ့ကို လာထိသည့် အကြိမ်တိုင်း သူ့တစ်ကိုယ်လုံးကို တုန်ယင်သွားစေနိုင်စွမ်း ရှိသည်။

အကယ်၍သာ ထိုလက်လေးများ ထိခိုက်ရှနာဖြစ်သွားခဲ့လျှင် ယွီရွေ့ကျူး စရိုက်အရ နာကျင်လွန်းသဖြင့် သူမ အော်ငိုမည်လား။

ဟော်ချန်ယဲ့က အနားသို့ တိုးသွားကာ သူ့လက်ကို တုံ့ဆိုင်းစွာ ကမ်းပေးသော်လည်း ယွီရွေ့ကျူးက ခေါင်းလေးကို မော့ကာ ဓားကို ကမ်းပေးလေ့ရှိသည့် သူမထုံးစံအတိုင်း ပြုမူခြင်း မရှိခဲ့ပေ။ သူမက လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ကာ သူ အလုပ်လုပ်နေသည်ကို ပြုံး၍ ထိုင်ကြည့်နေမည့်အစား သူမတုံ့ပြန်မှုက အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခုသာ ဖြစ်သည်။

"မလိုဘူး"

ထိုကဲ့သို့ တိုတောင်းပြတ်သားသော ငြင်းဆန်မှုအပြီးတွင် သူမက သူ့ကို မမြင်ချင်တော့သည့်အလား ယွီရွေ့ကျူးက သူ့ကို ကျောခိုင်းသွားတော့သည်။

သူမက ဟော်ချန်ယဲ့ကိုလည်း မကြည့်သလို သူမကိုလည်း အကြည့်မခံပေ။ ဟော်ချန်ယဲ့က သူ့လက်သီးကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး ကြောင်အမ်းအမ်းဖြင့် ထိုနေရာတွင် ရပ်နေမိသည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ကြမ်းတမ်းသော သူ့ လက်ချောင်းများက ဂနာမငြိမ်ဖြစ်နေကာ အသက်ရှူသံများပင်လျှင် တစ်ခဏမျှ မြန်ဆန်လာတော့သည်။

ဟော်ချန်ယဲ့မှာ စကားပြောရန်ပင် ခက်ခဲနေသလို ခံစားလိုက်ရသည်။

'မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ယွီရွေ့ကျူးများ သိရှိသွားလား၊ သူ့ ချဉ်းကပ်မှုများနဲ့ ရဲတင်းလွန်းမှုအပေါ် သူမကများ မကျေမနပ် ဖြစ်နေတာလား'

ယွီရွေ့ကျူး သူ့ကို ကျောခိုင်းသွားပုံနှင့် သူမ အေးစက်ကာ တုံ့ပြန်မှုမရှိသော အပြုအမူများက ဟော်ချန်ယဲ့အား မင်္ဂလာဦးညက သူမကို ပြန်လည်သတိရသွားစေသည်။ ထိုညက သူမသည် သူ့ကို ရွံရှာမုန်းတီးခဲ့ပြီး မင်္ဂလာပွဲမှ ထွက်ပြေးရန် ပြတင်းပေါက်မှပင် ခုန်ချဖို့ ရွေးချယ်ခဲ့သည်။

ဟော်ချန်ယဲ့ ရင်ထဲတွင် ချက်ချင်းဆိုသလို စူးအောင့်နာကျင်သွားပြီး ဖော်ပြ၍မရနိုင်သော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ယွီရွေ့ကျူး ပုံမှန်မဟုတ်သော အပြုအမူများက ထိုနေရာတွင် ရပ်တန့်မသွားခဲ့ပေ။

ယနေ့ည သူမ ထမင်းစားသည်မှာ အလွန်နည်းပါးသလို စကားပြောသည်မှာလည်း သိပ်ကို နည်းလွန်းလှပြီး သူက မေးမှသာလျှင် အသံထွက်လာတော့သည်။

ထိုသည်မှာ ယခင်က သူ့ကို စနောက်ကာ နောက်ပြောင်လေ့ရှိသည့် ယွီရွေ့ကျူးနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည်။

အခန်းလေးမှာ ကျဉ်းမြောင်းသော်လည်း ယွီရွေ့ကျူး ရှိနေခြင်းကြောင့် ပုံမှန်အားဖြင့် ရယ်မောသံများနှင့် တက်ကြွ သော စကားဝိုင်းများဖြင့် ပြည့်နှက်နေတတ်သည်။ ယခုမူ ယွီရွေ့ကျူး တိတ်ဆိတ်နေသဖြင့် အခန်းလေးမှာခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေတော့သည်။ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေခြင်းပင်။

ပြတင်းပေါက် အပြင်ဘက်မှ ပိုးကောင်လေးများ အော်မြည်သံများကို ဟော်ချန်ယဲ့က ရှင်းလင်းပြတ်သားစွာ ကြားနေရသော်လည်း သူနှင့် ယွီရွေ့ကျူး အတူရှိနေချိန်တွင်မူ သူမ အသံကိုသာ သူ ကြားချင်မိသည်။

သူမက မနေ့ကတော့ အကောင်းပကတိ ရှိနေသေးပြီး ယနေ့မနက်မှာတောင် သူ့ကို စနောက်နေခဲ့သေးသည်။ သို့သော် ညနေ ပြန်ရောက်လာချိန်တွင်တော့ သူမ အပြုအမူများက ရုတ်ချည်းဆိုသလို လုံးဝကို ပြောင်းလဲသွားတော့သည်။

ဟော်ချန်ယဲ့က ပန်းကန်လုံး အောက်ခြေကို ဆုပ်ကိုင်ထားရင်း အနှစ်များပါသော ခေါက်ဆွဲကို စိုက်ကြည့်နေသော် လည်း စားချင်စိတ် လုံးဝမရှိတော့ပေ။

သူ မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဒီမနက်က သူ့အပြုအမူများ ဆိုးရွားသွားခဲ့လားဟု တွေးနေမိသည်။ သူ ရှက်သွေးဖြာသွားပြီး ယွီရွေ့ကျူးကိုရှောင် ဖယ်နေခဲ့မိသဖြင့် သူမကို နေရခက်သွားစေကာ ယခုကဲ့သို့ အပြုအမူမျိုး လုပ်လာခြင်းများလား။

သို့သော်...

အချိန်အတော်ကြာ အတူတကွ ဖြတ်သန်းခဲ့ပြီးနောက် ယွီရွေ့ကျူးသည် အသေးအဖွဲ ကိစ္စလေးများအတွက် ရုတ်တရက် မျက်နှာပြောင်းသွားကာ ဒေါသထွက်တတ်သည့် လူစားမျိုး မဟုတ်ကြောင်း ဟော်ချန်ယဲ့ စိတ်ထဲက သိနေသည်။

အမှန်ဆိုရလျှင် မင်္ဂလာဦးညမှလွဲ၍ ဤအချိန်တစ်လျှောက်လုံး သူ့အပေါ် ယွီရွေ့ကျူး ဒေါသထွက်သည်ကို သူ တစ်ခါမျှ မမြင်ခဲ့ဖူးချေ။

သူမသည် အမြဲတမ်း အလွန် သည်းခံတတ်ပြီး နူးညံ့ကာ တောက်ပနေတတ်ပြီး သူတစ်ယောက်တည်းကိုသာ မျက်နှာသာပေးကာ အလင်းရောင်များ ဖြာကျနေသည့် နွေးထွေးသော နေမင်းလေးတစ်စင်းနှင့် တူလှသည်။

ဟော်ချန်ယဲ့သည် ဇနီးမယား၊ သားသမီးများနှင့် နွေးထွေးသော အိပ်ယာလေးတစ်ခုရှိသည့် သက်တောင့်သက်သာရှိသော ဘဝဆိုသည်မှာ မည်သို့ရှိကြောင်းကို တစ်ခါမျှ မသိခဲ့ဖူးသလို ရွာထဲရှိ အမျိုးသားများက အိမ်ထောင်ပြုရန်နှင့် ဇနီးသည် ရှာဖွေရန် အဘယ်ကြောင့် အမြဲတမ်း တွေးတောနေကြသည်ကိုလည်း သူ နားမလည်ခဲ့ပေ။

သို့သော်လည်း ယခုအခါတွင်မူ သူ အနည်းငယ်မျှ ဝိုးတဝါး နားလည်လာခဲ့ပြီ ဖြစ်သည်။

တစ်နေ့တာလုံး အလုပ်များထား၍ မည်မျှပင် ပင်ပန်းနေပါစေ အဝေးမှနေ၍ မိမိအိမ်လေးမှ မီးရောင်များကို မြင်လိုက်ရခြင်းနှင့် အိမ်ပြန်ရောက်သည့်အခါ သူ့ကို လှိုက်လှဲတောက်ပစွာ ပြုံးပြနေမည့်သူ ရှိနေခြင်းက ထိုပင်ပန်းနွမ်းနယ်မှုများအားလုံးကို ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားစေကာ သူ့ကိုယ်သူ ပေါ့ပါးလန်းဆန်းသွားသလို ခံစားရစေသည်။

ယခုတော့ မျက်နှာလေးမော့ကာ လှိုက်လှဲစွာ ပြုံးပြတတ်သော ယွီရွေ့ကျူး၊ သူ့ အင်္ကျီလက်စကို ဆွဲကိုင်ကာ လွှဲကစားတတ်သော ယွီရွေ့ကျူး၊ သူ့ နာမည်ကို ချိုသာစွာ ခေါ်ဝေါ်တတ်သော ယွီရွေ့ကျူးသည် အေးတိအေးစက် ဖြစ်သွားခဲ့သည်။

ထိုအရာက ဟော်ချန်ယဲ့ကို လုံးဝကို ကြောင်အမ်းအမ်း ဖြစ်သွားစေတော့သည်။

အိပ်ရာဝင်ချိန် ရောက်သောအခါ ဟော်ချန်ယဲ့ တစ်ချက်ကလေးမျှပင် မလှုပ်ရှားရသေးခင် ယွီရွေ့ကျူးက သူမ အိပ်ရာခင်းကို ခန်ခေါင်းရင်းဘက်သို့ ဆွဲယူသွားကာ လူတစ်ယောက် လှဲလျောင်းရန် လုံလောက်သော နေရာအကျယ်အ ဝန်းတစ်ခုကို ဖန်တီးသည်။

ထို့နောက် ယွီရွေ့ကျူးက ခန်ခေါင်းရင်းတွင် သူမ အိပ်ရာကို ခင်းကာ လှဲလျောင်းပြီး ယခင်က သူတို့နှစ်ဦးကြား နယ်နိမိတ်မျဉ်းအဖြစ် အသုံးပြုခဲ့သော စောင်ကိုတော့ အလယ်တွင် ထားရစ်ခဲ့သည်။

ဟော်ချန်ယဲ့က ချက်ချင်းဆိုသလို လက်သီးများကိုတင်း ကျပ်စွာ ဆုပ်ကိုင်ပြီး သူ့ အသက်ရှူသံများမှာလည်း မမှန်မကန် ဖြစ်လာတော့သည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားရာ သွားများပင် ခိုက်ခိုက်တုန်နေသည်။

သူတို့နှစ်ဦးကို ပိုင်းခြားထားသော စောင်ကို စိုက်ကြည့်ရင်း ဟော်ချန်ယဲ့မှာ အတန်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟနိုင်တော့ပေ။

သူတို့ ညားခါစကာလအတွင်း ဤစောင်ကို သူတို့နှစ်ဦးကြား နယ်နိမိတ်မျဉ်းအဖြစ် ဆွဲယူခဲ့သူမှာ သူဖြစ်သော်လည်း ယခုအခါတွင်မူ ထိုသို့ ပြုလုပ်သူမှာ ယွီရွေ့ကျူး ဖြစ်နေခဲ့သည်။

ထိုလုပ်ရပ်ချင်း တူညီနေသော်လည်း ယခုခံစားချက်ကတော့ မယုံနိုင်လောက်အောင်ကို နေရခက်လွန်းလှသည်။

ဟော်ချန်ယဲ့က ၎င်းကို အတန်ကြာ စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် တိတ်တဆိတ် လှဲလျောင်းလိုက်တော့သည်။

ပြတင်းပေါက် အပြင်ဘက်မှ လရောင်က တောက်ပနေပြီး မှန်ကို ရောင်ပြန်ဟပ်ကာ အခန်းလေးကို အဖြူရောင် ဇာပုဝါလွှမ်းခြုံထားသည့်အလား ထင်ရစေသည်။

ယနေ့တွင်တော့ ဟော်ချန်ယဲ့နှင့် အိပ်ရာလုနေမည့်သူ မရှိတော့သလို သူ့အနားတွင် လာရောက် တိုးဝှေ့နေမည့်သူလည်း မရှိတော့ပေ။

သူ သက်တောင့်သက်သာ နေနိုင်ပြီး သက်ပြင်းတစ်ချက်ချကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်သော်လည်း ဟော်ချန်ယဲ့ လုံးဝကို အိပ်မပျော်နိုင်ခဲ့ပေ။

ဘေးနားရှိ ယွီရွေ့ကျူးကို သူ မသိမသာ လှမ်းကြည့်မိသည်။ စောင်က သူ့မြင်ကွင်းတစ်စိတ်တစ်ပိုင်းကို ကွယ်ထားသော်လည်း သူမ ထူထဲရှည်လျားကာ နက်မှောင်နေသော ဆံကေသာများနှင့် ဖြူဝင်းနေသော လည်တိုင်နှင့် ပခုံးသားလေးများကိုမူ သူ မြင်တွေ့နေရဆဲဖြစ်သည်။

သူ့ ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်နေပြီး ရင်ဘတ်ကို တိုးဝှေ့နေတတ်သော သူမ အထိအတွေ့ကို သူ ခံစားနေရသကဲ့သို့ပင် ထင်ရသည်။

ရက်အနည်းငယ်မျှသာ ကြာသေးသော်လည်း ဟော်ချန်ယဲ့က ထိုအပြုအမူများ၊ ရင်းနှီးစွာ ဆက်ဆံခံရခြင်းများနှင့် နီးနီးကပ်ကပ် ဖက်တွယ်ခံရခြင်းများကို အလွန်အကျွံ အသားကျနေပြီဖြစ်ကြောင်း သူ့ကိုယ်သူ တွေ့ရှိလိုက်ရသည်။

အခန်းလေးထဲတွင် ယွီရွေ့ကျူး ချိုမြိန်သော ရနံ့လေး သင်းပျံ့နေဆဲဖြစ်သော်လည်း ယခင်ကလောက် မပြင်းထန်တော့သလို သူ့ လက်ကောက်ဝတ်နှင့် ရင်ဘတ်ပေါ်တွင် ပြန့်ကျဲကာ ရင်းနှီးစွာ ရှိနေတတ်သည့် ဖရိုဖရဲ ဆံနွယ်လေးများကလည်း ယခုတော့ မရှိတော့ပေ။

သူ မျက်လုံးများကို မှိတ်ကာ အိပ်ပျော်ရန် ကြိုးစားသော် လည်း သူ့ စိတ်ထဲတွင် လမ်းဆုံ၌ သူ ကမ်းပေးလိုက်သော လက်ကို ယွီရွေ့ကျူး ငြင်းပယ်ခဲ့သည့် ပုံရိပ်များ၊ ခြံဝင်းထဲနှင့် အိမ်ထဲတွင် တွေ့ရသော သူမ အေးစက်ပြီး တိတ်ဆိတ်နေသည့် အပြုအမူများကသာ ထပ်ခါတလဲလဲ ပေါ်လာသည်။

ဟော်ချန်ယဲ့မှာ ရှင်းပြ၍မရနိုင်လောက်အောင်ကို နေရခက်နေတော့သည်။ သူ ခေါင်းကို လှည့်ကာ မျက်လုံးများ ဖွင့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက် စိုးရိမ်တကြီးဖြင့် မေးသည်။

"ယွီရွေ့ကျူး၊ ဒီနေ့ မင်း ဘာဖြစ်လို့လဲ... ဒါမှမဟုတ် ကိုယ် တစ်ခုခုများ မှားလုပ်မိလို့လား"

အကယ်၍ ယွီရွေ့ကျူးက မနေ့က ကိစ္စရပ်များကို စိတ်ထဲထားနေမည်ဆိုလျှင် ထို့အပြင် ယနေ့မနက်က သူ့ အပြုအမူများအတွက်ပါ တောင်းပန်ချင်ခဲ့သည်။

သို့သော်လည်း ယွီရွေ့ကျူးကတော့ တိတ်ဆိတ်လျက်ပင် ရှိနေသည်။ ဟော်ချန်ယဲ့မှာ ဤကိစ္စကိုသာ တွေးပူနေမိသဖြင့် အိပ်မပျော်နိုင်တော့ဘဲ ထပ်မေးမိပြန်သည်။

"ယွီရွေ့ကျူး..."

ယွီရွေ့ကျူး ထထိုင်သည်။

အမှန်တော့ သူမသည် အိမ်ပြန်လာသည့် လှည်းပေါ်ကတည်း ကဒေါသကို အောင့်အည်းထားခဲ့ခြင်းဖြစ်ပြီး ပိုတွေးမိလေ ဒေါသပိုထွက်လာလေပင်။ သူက သူမကို ဤမျှကြီးမားသော ကိစ္စကြီးအား ဖုံးကွယ်ထားခဲ့သဖြင့် သူမ စိတ်ပျက်ဒေါသထွက်မှုများကို ဖြေဖျောက်ရန်အတွက် ဟော်ချန်ယဲ့ကို တမင်တကာ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

'သူက ရွာက ဆရာဝန်မနဲ့တောင် ဆက်ဆံရေးရှိခဲ့ပြီး သူတို့က လက်တောင် ထပ်တော့မလို့တဲ့လား’

All Chapters