အခန်း ၉၀
Vol. 9 Ch. 90
🐽 Chapter 90
ထိုလူ စကားများကြောင့် ရှဲ့ယင်းယန် အံ့သြသွားသော်လည်း သူ့ ယုံကြည်မှုရှိသော အမူအရာနှင့် ဝတ်စားဆင်ယင်မှုကို ကြည့်ကာ သူမ တုံ့ဆိုင်းသွားပြီး ချက်ချင်း နှင်ထုတ်ခြင်း မပြုခဲ့ပေ။
'ပိုက်ဆံ ပိုရစေမယ့် နည်းလမ်းတဲ့လား၊ ကောင်းကင်ဘုံက ဒီလို အခွင့်အရေးကို စွန့်ကြဲနိုင်လို့လား၊ ပြီးတော့ စီးပွားရေး ဘယ်လိုလုပ်ရမလဲ ဆိုတာကို သင်ပေးမယ်လို့ ကမ်းလှမ်းလာလောက်အောင် သဘောကောင်းတဲ့သူကရော ရှိလို့လား၊'
ရှဲ့ယင်းယန်ပင် သူမ ကောင်လေးက ထိုသို့လူမျိုးနှင့် မဆုံခဲ့ရတာလဲဟု တွေးနေမိသည်။ မဟုတ်လျှင် သူ လိမ်လည်ခံရပြီး ပိုက်ဆံတွေ အများကြီး ဆုံးရှုံးခဲ့ရမည် မဟုတ်ချေ။
သို့သော်လည်း ယွီရွေ့ကျူးမှာမူ အံ့သြသည့် အရိပ်အယောင်မျှ မပြဘဲ ထိုလူ၏ စကားများကို ကြားပြီးအတွင် သူမ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။
သူမက မျက်ခုံးတစ်ဖက်ကို ပင့်ကာ သူ့ကို တစ်ချက်ကြည့်လာသည်။
"ရှင် ဆိုလိုတာက ကျောက်နာရဲ့ ဝက်သားနီနှပ်ဆိုင်လိုမျိုးလား"
ယွီရွေ့ကျူး ထိုသို့ပြောလာမည်ကို မမျှော်လင့်ထားခဲ့သဖြင့် ထိုလူမှာ အနည်းငယ် အံ့သြသွားတော့သည်။ သို့သော် သူက ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်သည်။
"အဲဒီလိုလည်း ပြောလို့ရတယ်၊ ကြီးမားတဲ့ အမြတ်အစွန်းတွေရဖို့ အာမခံနိုင်တဲ့ နည်းလမ်းတစ်ခု ငါ့ဆီမှာ ရှိတယ်၊ ငါညွှန်ကြားတဲ့အတိုင်းသာ မင်း လိုက်လုပ်မယ်ဆိုရင် လမ်းတစ်ဖက်က ဝက်သားနီနှပ်ဆိုင် ဈေးလျှော့မှာကို မင်း ဘယ်တော့မှ ကြောက်နေစရာ မလိုတော့ဘူး၊ သူတို့ ဈေးဘယ်လောက်ပဲ လျှော့လျှော့ မင်း လိုက်လျှော့နိုင်တယ်၊ ပြီးတော့ မင်းကိုယ်တိုင်လည်း အရှုံးမပေါ်ဘဲ အမြတ်တောင် ရနိုင်သေးတယ်"
ယွီရွေ့ကျူး ဖြူဝင်းကာ တောက်ပနေသော မျက်နှာလေးကို ကြည့်ရင်း ထိုလူမှာ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာခြင်းကို မတားဆီးနိုင်တော့ပေ။ သူက အနားသို့ တိုးကပ်လာပြီး သူမကို တိုးညင်းသော အသံဖြင့် မေးလေသည်။
"ဘယ်လိုလဲ စမ်းကြည့်ချင်လား၊ အဲဒါက တကယ်ကို အမြတ်အစွန်း ကြီးမားတဲ့ စီးပွားရေးပဲ၊ မင်း စမ်းကြည့်လိုက်တာနဲ့ သိလာလိမ့်မယ်"