အခန်း ၉၂
Vol. 10 Ch. 92
🐽 Chapter 92
အချုပ်အားဖြင့် ကျောက်နာ၌ မည်သည့် ရည်ရွယ်ချက်ကောင်းမှ မရှိခဲ့ပေ။ အကယ်၍ သူမ ကျောက်နာကို ရိုးအစွာ ယုံကြည်မိပြီး ထိုအမျိုးသားထံမှ ဈေးသက်သာသော ဝက်သားများကို ဝယ်ယူမိခဲ့လျှင် နောက်နှစ်ရက်သုံးရက်အတွင်း ကျောက်နာထံမှတိုင်ကြားခြင်း ခံရနိုင်ပြီး သူမ ဝက်သားနီနှပ် လုပ်ငန်းလည်း ပျက်စီးသွားလိမ့်မည်။
ထို့အပြင် ပေးရသည့်ဈေးနှင့် တန်သည့် ပစ္စည်းကိုသာ ရမည်ဖြစ်သည်။
ဈေးကွက်ပေါက်ဈေး၏တစ်ဝက်သာရှိသော ဝက်သားသည် မည်သို့မျှ အရည်အသွေးကောင်း ဖြစ်မနေနိုင်ပေ။
ကျောက်နာ ဝက်သားနီနှပ်မှာ ငန်ပြီး ဟင်းခတ်အမွှေးအကြိုင်များ အလွန်အကျွံ သုံးထားခြင်းမှာ အသား အရည်အသွေး ညံ့ဖျင်းမှုကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် သူမ မည်မျှပင် ဖုံးကွယ်ရန် ကြိုးစားပါစေ အသားဟင်းလျာများနှင့် အမြဲတမ်း ထိတွေ့လုပ်ကိုင်နေရသော ယွီရွေ့ကျူးလို လူတစ်ယောက်ကမူ ချက်ချင်းမြင်နိုင်သည်။
ထိုအသားက သေချာပေါက် ပြဿနာရှိသည်။ နွေရာသီ ပိုမို ပူပြင်းလာသည်နှင့်အမျှ အစားအသောက်များ သိုလှောင်ရန် ပိုမို ခက်ခဲလာမည်ဖြစ်ရာ ကျောက်နာ ဝက်သားနီနှပ်ဆိုင်သည် ယွီရွေ့ကျူး ဝင်ပါရန်ပင်မလိုတော့ဘဲ သူ့အလိုလို တဖြည်းဖြည်း ပြိုလဲသွားကာ မလွဲမသွေ အရှုံးပေါ်လိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဖောက်သည်များကို သူမ ဆွဲဆောင်နိုင်သည့် အကြောင်းရင်းမှာ သူမ ဝက်သားနီနှပ်ကို ဈေးချိုချိုဖြင့် ရောင်းချနေခြင်းကြောင့်ပင်။
သူမကိုယ်တိုင်က သူမ ထွက်ပေါက်ကို ပိတ်ဆို့ထားပြီးဖြစ်ရာ ဈေးနှုန်းများကို တိုးမြှင့်ခြင်း သို့မဟုတ် အရည်အသွေး ပိုကောင်းသော ဝက်သားကို ပြောင်းလဲအသုံးပြုခြင်းမျိုး ပြုလုပ်၍ မရနိုင်တော့ပေ။ ထိုသို့လုပ်ပါက ကုန်ကျစရိတ် မြင့်မားလာပြီး ဈေးနှုန်းများကို တက်လာစေမည်ဖြစ်သော် လည်း အရသာကတော့ သာမန်အဆင့်တွင်သာ ရှိနေဦးမည် ဖြစ်သည်။
ဈေးချိုသောကြောင့်သာ လာရောက်ဝယ်ယူကြသော ဖောက် သည်များက သူမထံမှ ဘာကြောင့် ဆက်လက် ဝယ်ယူနေကြတော့မည်နည်း။
ကျောက်နာသည် ထိုဈေးသက်သာသော အသားများကို ဆက်လက် အသုံးပြုနေသရွေ့ ပူပြင်းသော ရာသီဥတုတွင် ထိန်းသိမ်းရန် ခက်ခဲပြီး အရည်အသွေးမှာလည်း သေချာ ပေါက် မေးခွန်းထုတ်စရာ ဖြစ်နေသဖြင့် ၎င်းသည် အချိန်မရွေး ပေါက်ကွဲကာ သူတို့ကို အပြတ်ရှင်းသွားနိုင်သည့် အချိန်ကိုက် ဗုံးတစ်လုံးနှင့် တူလေသည်။
ကျောက်နာသည် ထိုကိစ္စအတွက် အချိန်တိုင်း စိုးရိမ်နေခဲ့လောက်ပြီး သူမကိုပါ အတူတူ ဆွဲချရန် ဤမျှ စိတ်အားထက်သန်နေခြင်း ဖြစ်နိုင်သည်။
ယွီရွေ့ကျူး ဆိုင်သာ ပြိုလဲသွားပါက ပြိုင်ဘက်မရှိတော့သဖြင့် ကျောက်နာ၏ဝက်သားနီနှပ်ဆိုင်သည် အချိန်အတိုင်းအတာ တစ်ခုအထိ သေချာပေါက် ရပ်တည်နိုင်မည်ဖြစ်ပြီး ကျောက်နာလည်း သက်ပြင်းချနိုင်သွားမည် ဖြစ်သည်။
ယွီရွေ့ကျူး မရှိတော့လျှင် မြို့ပေါ်တွင် သူတို့တစ်ဆိုင်တည်းသာ ဝက်သားနီနှပ်ဆိုင် အဖြစ် ကျန်ရှိတော့မည်ဖြစ်ရာ သူမက ဈေးနှုန်းများကိုတိုးမြှင့်ကာ အရည်အသွေး ပိုကောင်း သော အသားဖြင့် ပြုလုပ်ထားသည့် ဝက်သားနီနှပ်များကိုပင် ရောင်းချနိုင်ကောင်း ရောင်းချလာနိုင်သည်။
ကျောက်နာက တကယ်ကိုလည်လွန်းလှသည်။
သို့သော် ယွီရွေ့ကျူးတွင် သူတို့နှင့်လိုက်ကစားရန် ရည်ရွယ် ချက် လုံးဝမရှိပေ။
'ဈေးပေါတဲ့ အသားတဲ့လား၊ ဈေးပေါတယ်ဆိုတဲ့ အသားကို ဝယ်ဖို့တောင် ပိုက်ဆံကုန်သေးတာပဲ၊ ဟော်ချန်ယဲ့ရဲ့ ဝက်သားကို အလကားရနေတာက ပိုမကောင်းဘူးလား'
ယွီရွေ့ကျူးသည် ယခုရက်ပိုင်းတွင် အတော်လေး သက်တောင့်သက်သာ ရှိနေသည်။ အရောင်းအဝယ်မှာ ယခင်ကလောက် မကောင်းတော့သော်လည်း သူမ ပုံမှန်ဖောက်သည်တချို့ ရှိနေဆဲပင်။
အကယ်၍ ကျောက်နာက ဈေးနှုန်းများနှင့် ပတ်သက်၍ သူမကို ဆက်လက် ဖိအားပေးနေမည်ဆိုလျှင် သူမက ဆိုင်သိမ်းပြီး အိမ်ပြန်နားလိုက်ရုံသာဖြစ်ငည်။ ကူးပြောင်းလာပြီးက တည်းက သူမသည် ခိုင်းနွားတစ်ကောင်အလား အဆက် မပြတ် အလုပ်များနေခဲ့ပြီး ပိုက်ဆံရှာရန် မနားမနေ အလုပ်လုပ်ခဲ့ရသည်။
နားနေစဉ်တွင် သူမ အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း စဉ်းစားနိုင်သည်။ ဝက်သားနီနှပ် တစ်ခုတည်းကိုသာ ထာဝရ အားကိုးနေ၍ မရပေ။ သူမ၌ ဟင်းချက်နည်းများ အများအပြားရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် ရှဲ့ယင်းယန် စိုးရိမ်နေသော မျက်နှာကို ရင်ဆိုင်ရချိန်တွင် ယွီရွေ့ကျူး သူမ ပခုံးကို တည်ငြိမ်စွာ ပုတ်လာသည်။
"ယင်းယန် စိတ်မပူနဲ့၊ အိမ်ပြန်ရောက်မှ အဲဒီအကြောင်း ငါပြောပြမယ်၊ အခုတော့ အဲဒီအကြောင်း သိပ်မတွေးနဲ့တော့နော်"
ရှဲ့ယင်းယန်က ယွီရွေ့ကျူးကို အပြည့်အဝ ယုံကြည်သဖြင့် ခေါင်းကို ဆတ်ခနဲ ညိတ်လာသည်။
"ဟုတ်ကဲ့ အစ်မရွေ့ကျူး"
အနီးအနားရှိ ကျောက်နာက ဝက်သားနီနှပ်ဆိုင်တွင် အစောပိုင်းက ယွီရွေ့ကျူးနှင့် စကားပြောခဲ့သော အမျိုးသားသည် မီးဖိုချောင်ပြတင်းပေါက်မှနေ၍ ခိုးကြည့်ကာ ယွီရွေ့ကျူးနှင့် ရှဲ့ယင်းယန်တို့ တုံ့ပြန်မှုများကို အကဲခတ်နေသည်။
ကျောက်နာ ခင်ပွန်းက သူ့ကို ဆူပူကြိမ်းမောင်းလာသည်။
"မင်း တကယ်ကို အသုံးမကျတာပဲ၊ မင်းအစ်မက သူ့ဆီကို သွားပြီး ထပ်ပြောပေးရသေးတယ် ပြီးတော့ မင်းက အဲဒီကောင်မလေးရဲ့ ကြက်ပေါက်လေးတစ်ကောင်လို ဆွဲမပြီး လွှင့်ပစ်တာကိုတောင် ခံရသေးတယ်၊ မင်း မရှက်ဘူးလား"
ထိုအမျိုးသား မျက်နှာမှာ နီရဲသွားပြီး စကားပင် မပြောနိုင်တော့ပေ။
"အင်း၊ အနည်းဆုံးတော့ အစ်မက အဲဒါကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လေ၊ နောက်ဆိုရင် ဒီမြို့ပေါ်မှာ ငါတို့ဆိုင် တစ်ဆိုင်တည်းပဲ ဝက်သားနီနှပ်ဆိုင် ရှိတော့မှာ၊ ဈေးနှုန်းတွေကို ဘယ်လို ချိန်ညှိမလဲဆိုတာ ငါတို့ဘာသာ ဆုံးဖြတ်လို့ရပြီ၊ အဲဒါ ကောင်းတဲ့ကိစ္စပဲလေ၊ ယောက်ဖက ဘာလို့ ကျွန်တော့်ကို ဆူနေရတာလဲ"
ကျောက်နာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စူးရဲစွာ ကြည့်လာသည်။ သူမက ယွီရွေ့ကျူးကို လှမ်းကြည့်သော အခါ သူမ ဝိုင်းစက်သော မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စိုးရိမ်စိတ်ဝင်သွားသည်။
သို့သော် ၎င်းက သူမ စိတ်ထင်တာသက်သက်သာ ဖြစ်ရမည်။
မည်သို့ပင်ဆိုစေ အိမ်ထောင်ကျကာစ မိန်းကလေးတစ်ယောက်က ထိုမျှလောက် လည်လည်၀ယ်၀ယ် ရှိလမ့်မည်မဟုတ်ပေ။ သူမတို့ ပြောသမျှကိုသာ လိုက်လုပ်နေခြင်းဖြစ် သည်။ ပုံမှန် လူတစ်ယောက်က ဤမျှကြီးမားသောသွေး ဆောင်မှုကို ခုခံနိုင်ပါ့မလား။ အဲဒါက ဈေးတစ်ဝက်ပဲရှိတဲ့ ဝက်သားလေ...
ကျောက်နာ ခေါင်းရမ်းပြီး သူမ ပိုပိုပြီး ရိုးအလာသလို ခံစားရကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ထွက်ပေါ်လာတော့သည်။
သူမဘေးမှ ကျောက်နာ ခင်ပွန်းက လှောင်ပြုံးပြုံးလျက် "ဒီအိမ်ထောင်သည် မိန်းမက စီးပွားရေးလုပ်ဖို့ စဉ်းစားနေသေးတယ်၊ ကျောထောက်နောက်ခံ ယောက်ျားတစ်ယောက်မှ မရှိဘဲနဲ့ ဟိုဟာလုပ်ရဲ ဒီဟာလုပ်ရဲနဲ့ စီးပွားရေးဆိုတာ အဲဒီလောက် မလွယ်ဘူးဆိုတာကို သူ သတိထားမိလာအောင် ပိုက်ဆံတွေ ဆုံးရှုံးသွားပြီး သင်ခန်းစာပေးခံရသင့်တာ"
ခပ်၀၀ အမျိုးသားကလည်း ဝင်ထောက်ခံလာသည်။
"ဟုတ်တယ် ဟုတ်တယ်"
----- ---- ----
"ဘာ... လိမ်လိုက်တာ ဟုတ်လား"
ညနေစောင်း မြင်းလှည်းထဲတွင် ရှဲ့ယင်းယန် လှည်းယိမ်းထိုးလှုပ်ခါမှုများနှင့်အတူ ထိုင်နေသည်။ ယွီရွေ့ကျူး၏ စိတ် ရှည်လက်ရှည် ရှင်းပြချက်ကို နားထောင်ပြီးနောက် သူမမှာ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ သူမ ဖြူဖွေးသော မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းနေတော့သည်။
သူမက မနေနိုင်တော့ဘဲ ထပြောလာသည်။
"အစ်မရွေ့ကျူး... သူတို့က ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ၊ လူတွေက ဘယ်လိုလုပ် ဒီလောက်ယုတ်မာရတာလဲ၊ အစ်မသာ မပြောပြဘူးဆိုရင် ကျွန်မက လုံးဝရိပ်မိမှာ မဟုတ်ဘူး၊ ကျွန်မသာ စီးပွားရေးလုပ်မယ်ဆိုရင် သူတို့က ကျွန်မကို အရေဆုတ်ပြီး ဝါးစားသွားလောက်တယ်၊ တကယ် လွန်လွန်းလိုက်တာ"
"သူတို့စီးပွားရေးကိုတောင် သူတို့ သေချာ မလုပ်နိုင်ဘဲနဲ့ သူများ စီးပွားရေးကို လာဖျက်ဆီးဖို့ ကြိုးစားနေကြတယ် ပြီးတော့ အဲဒီ ဝက်သားတွေ သူတို့ဈေးတွေ အဲဒီလောက် ပေါနေတာ မဆန်းပါဘူး၊ အရည်အသွေးညံ့တဲ့ အသားတွေကို သုံးနေတာကိုး၊ သူတို့က လုံးဝကို အကြင်နာတရား ကင်းမဲ့တာပဲ
ပြဿနာတစ်ခုခု ဖြစ်လာမှပဲ သူတို့ ကြောက်ကြလိမ့်မယ်၊ တောင်သူ လယ်သမားတွေက ပွဲတော်ရက်တွေကျမှပဲ အသားကို ဝယ်စားနိုင်ကြတာလေ၊ ဘယ်သူက ဒီလောက်ဆိုးတဲ့ အသားတွေ ရလိမ့်မယ်လို့ ထင်မှာလဲ အဲဒီမိသားစုက လိပ်ပြာသန့်တဲ့စိတ်ကို မရှိတာ ဒီလိုဆိုင်မျိုးက အရှူံးပေါ်သွားသင့်ပြီး သူတို့ မိသားစုကလည်း တစ်သက်လုံး ကံဆိုးသွားသင့်တယ်"
လယ်ကွင်းထဲတွင် နေ့စဉ် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရသော တောင်သူလယ်သမားများထက် စပါးနှံ တန်ဖိုးကို ပိုသိသူ မရှိသလို၊ ရွာသူရွာသားများထက် ဝက်သား တန်ဖိုးကို ပိုသိသူလည်း မရှိပေ။
ထိုကဲ့သို့သော အရည်အသွေးညံ့ဖျင်းသည့် ပစ္စည်းများဖြင့် လူများကို လိမ်လည်လှည့်ဖြားနေသော ကျောက်နာတို့ မိသားစုလုပ်ရပ်မှာ မောက်မာပြီး လောဘကြီးလွန်းလှသဖြင့် ရှဲ့ယင်းယန်မှာ မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်နေတော့ သည်။
မြင်းလှည်းလေး ခုတ်မောင်းလာသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ရှဲ့ယင်းယန်သည် လမ်းတစ်လျှောက်လုံး ယွီရွေ့ကျူး နားထဲတွင် ကျောက်နာတို့ မိသားစုကို တတွတ်တွတ် ကျိန်ဆဲလာသည်။
မြင်းလှည်းမောင်းသူပင်လျှင် အရာအားလုံးကို ကြားသွားပြီး အံ့သြတကြီးဖြင့် နှုတ်ခမ်းကို စုပ်သပ်လာသည်။
"ဒါကတော့ တကယ် ရက်စွာလွန်းပါတယ်ဗျာ"
"ဒါပေါ့၊ ဒါ အရမ်းလွန်လွန်းတယ်"
ယွီရွေ့ကျူးမှာ ရှဲ့ယင်းယန်ကြောင့် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့သော်လည်း တစ်ဖက်တွင်လည်း သူမ ဘာသာ အတွေးနက်နေမိသည်။
ဤအချိန်ကာလတစ်လျှောက်လုံးတွင် ရှဲ့ယင်းယန် စရိုက်လက္ခဏာကို သူမ နားလည်လာခဲ့သည်။ တကယ်တော့ သူမက ကလေးတစ်ယောက်လိုပင်။ အသက် ၁၉ နှစ် ရှိပြီဖြစ်သော်လည်း သူမက အလွန်ကို အပြစ်ကင်းစင်နေဆဲဖြစ် သည်။
'သူမ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ဒုက္ခရောက်ရတာ မဆန်းပါဘူး၊ ဒါဆို ရှဲ့ချီက ယင်းယန်လို အပြစ်ကင်းစင်တဲ့ ကောင်မလေးကို သေချာတောင် မသိတဲ့လူတစ်ယောက်နဲ့ ဘယ်လိုလုပ် ရက်ရက်စက်စက် ပေးစားရက်ရတာလဲ'
'ဟူး လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်ထောင်ရေးစနစ်ဆိုတာ လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ခေတ်နောက်ကျနေခဲ့ပြီလို့ပဲ ပြောရတော့မှာပဲ'
သူမ တွေးတောနေစဉ်မှာပင် မြင်းလှည်းက တဖြည်းဖြည်း ရပ်တန့်သွားသည်။
ယွီရွေ့ကျူးက လမ်းဘေးသို့ အလိုအလျောက် လှမ်းကြည့်မိပြီး ရွာသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သတိထားမိသွားသည်။
အချိန်စောနေသေးပြီး နေဝင်ဆည်းဆာမှာလည်း အလွန်ပင် လှပနေသည်။ လမ်းဘေးရှိ ခုံတန်းလျားများပေါ်တွင် ထိုင်ကာ စကားစမြည်ပြောနေကြသော လူအများအပြားလည်း ရှိနေသည်။
ထို့နောက် ဟော်ချန်ယဲ့ကိုပင်။