← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

🐽 Chapter 93

သူသည် ယခုအခါ သူမကို လာကြိုရာတွင် အလွန်ကျွမ်း ကျင်နေပြီ ဖြစ်သည်။ မြင်းလှည်း ရပ်သွားသည်ကို မြင်သောအခါ သူက အမြန်ရှေ့တိုးလာပြီး အိတ်ကြီးအိတ်ငယ်များကို ကောက်ယူကာ မြေပြင်ပေါ်သို့ ကျွမ်းကျင်စွာဖြင့် ချပေးသည်။

ယွီရွေ့ကျူး ကိုယ်တိုင် မြင်းလှည်းပေါ်မှ ဆင်းရန် ပြင်ချိန်မှာပင် ကြီးမားသော လက်တစ်စုံက သူမခါးကို ရုတ်တရက် လာရောက် ဖက်တွယ်လာတော့သည်။

ကြည့်ရှုနေသူများ အံ့သြမှင်သက်သွားအောင်ကို ပုံမှန်အား ဖြင့် အေးတိအေးစက်နိုင်ပြီး ဒေါသထွက်တက်သော ဟော်ချန်ယဲ့သည် ရှေ့သို့ တိုးလာကာ ယွီရွေ့ကျူး ခါးကို ကိုင်ပြီး မြင်းလှည်းပေါ်မှ သူမ တစ်ကိုယ်လုံးကို မကာ ချပေးသည်။

ပန်းပွင့်လေးတစ်ပွင့်အလား လွင့်ဝဲနေသော သူမ စကတ်လေးမှာ ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ခံထားရသည်။

သူက ရင်ခွင်ထဲရှိ ယွီရွေ့ကျူးကို မော့ကြည့်ကာ ပြုံးပြလာပြီး ရှက်သွေးဖြာနေသည့်အလား သူ့ နားရွက်များမှာ နီရဲနေခဲ့သည်။ သူ့ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားသော်လည်း မျက်ဝန်းများကတောက်ပနေသည်။

"ယွီရွေ့ကျူး မင်း ပြန်ရောက်ပြီပေါ့"

ယွီရွေ့ကျူးမှာ တစ်ခဏမျှ အံ့သြသွားပြီးနောက် သူ့လည် ပင်းကို သူမ လက်မောင်းများဖြင့် အမြန်ရစ်သိုင်းကာ သူမ တံတောင်ဆစ်များကို သူ့ ပခုံးပေါ်တွင် တင်ထားသည်။

ထိုအနေအထားအရ သူမက ဟော်ချန်ယဲ့ အကြည့်များနှင့် ဆုံရန် အောက်သို့ ငုံ့ကြည့်မိသည်။ သူမမှာ ရယ်ချင်စိတ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။

မနေ့ညက သူတို့ နမ်းရှိုက်ခဲ့ကြပြီးနောက် ဟော်ချန်ယဲ့သည် သူမနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို အထူးနှစ်သက်လာပုံရသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ဤအမျိုး သားသည် လူအများရှေ့တွင် သူမကို တကယ်ကြီးပွေ့ဖက်နေခဲ့သည်။

'အင်း... သူက ပိုင်စိုးပိုင်နင်း လုပ်ပြနေတာလား ဒါမှမဟုတ် ငါ သဘောကျအောင် တမင်တကာ လုပ်ပြနေတာများလား'

ယွီရွေ့ကျူးသည် ဤလှည့်ကွက်လေးကို ငြင်းမရနိုင်အောင်ပင် သဘောကျနေမိသည်။

သူမက လိမ္မာပြီး ချစ်စရာကောင်းသော ဟော်ချန်ယဲ့ကို ဆုချရန် ဝမ်းမြောက်နေသဖြင့် သူ့လည်ပင်းကို ဖက်တွယ်ကာ ပါးပြင်ပေါ်သို့ မြန်ဆန်ပြီး ဖြတ်သန်းသွားသော အနမ်းတစ်ပွင့်ကို ပေးမိသည်။

"ဟုတ်တယ် ကျွန်မ ပြန်ရောက်ပြီ ဟော်ချန်ယဲ့"

၎င်းသည် တိုတောင်းသော အနမ်းလေးတစ်ခုသာ ဖြစ်သော် လည်း ဟော်ချန်ယဲ့ မျက်နှာမှာ တဖြည်းဖြည်း ပိုမိုနီမြန်းလာပြီး သူ့မျက်ဝန်းများက အဆမတန် တောက်ပနေတော့သည်။ သူ့ခန္ဓာကိုယ်မှ ပျော်ရွှင်နေသော ပူဖောင်းငယ်လေးများ ပလုံစီနေသည်ကိုနှင့် သူ့ အနောက်ဘက်ရှိ တကယ်မရှိသော အမြီးလေး တရမ်းရမ်း ဖြစ်နေသည်ကို ယွီရွေ့ကျူး မြင်တွေ့နေရလုမတတ်ပင်။

'ဟစ်...'

အပူရှောင်ရန် ထွက်လာကြသူအချို့သည် ထောင့်မကျသဖြင့် ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို နမ်းလိုက်သည်ကို မမြင်ရသော်လည်း လူအများရှေ့တွင် ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို ရင်းနှီးစွာ ပွေ့ဖက်ထားသည်ကိုမူ သူတို့ ရှင်းလင်းစွာ မြင်ခဲ့ရသည်။

သူတို့မှာ မနေနိုင်တော့ဘဲ အချင်းချင်း အံ့သြတကြီးဖြင့် အကြည့်ချင်း ဖလှယ်မိကြသည်။

"မြင်းလှည်းပေါ်က ဆင်းတာလေးကိုပဲ အဲဒီလောက်ကြီး ဖက်လှဲတကင်း လုပ်ပြနေဖို့ တကယ် လိုလို့လား"

"ဒီနှစ်ယောက်... မတွေ့ရတာ နည်းနည်းကြာသွားလို့လား မသိဘူး၊ သူတို့ ဆက်ဆံရေးက နည်းနည်း... အင်း... အရမ်းရင်း နှီးလွန်းနေသလိုပဲ"

"ရွာထဲမှာ သူတို့ ဘယ်တော့ ကွာရှင်းမလဲဆိုတာကို လောင်း ကြေးထပ်ထားကြတယ်ဆို၊ ဘာလို့ မကြာသေးခင်က ဘာသံမှ မကြားရတော့တာလဲ၊ ပြီးတော့ ဘယ်သူမှလည်း အဲဒီအကြောင်း မပြောကြတော့ဘူးနော်"

"အင်း..."

ယွီရွေ့ကျူးက ပတ်ဝန်းကျင်ရှိ လူများဆီမှ ရှုပ်ထွေးနေသော မျက်နှာအမူအရာများကို လျစ်လျူရှုလိုက်သည်။ သူမက တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ထပ်တူ အံ့သြနေသော ရှဲ့ယင်းယန်ကို နှုတ်ဆက်ပြီးနောက် အိမ်သို့ ပြန်ရန် လှည့်ထွက်လာတော့သည်။

ဟော်ချန်ယဲ့က အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်ထားပြီး ယွီရွေ့ကျူးက သူ့လက်ကို ကိုင်ထားရာ ထူးထူးခြားခြားကို လိုက်ဖက်ညီညီ ရှိလှသည်။ သူတို့ နောက်ကွယ်တွင်တော့ အတင်းအဖျင်း ပြောဆိုသံများက ပိုမိုသိုက်သိုက်ဝန်းဝန်း ဖြစ်လာတော့သည်။

"ထူးဆန်းတာပဲ သူတို့က ကွာရှင်းမယ့်ပုံ လုံးဝ မပေါ်ပါဘူး"

"စကားမစပ်... လမ်းဆုံမှာ ချန်ယဲ့က ယွီရွေ့ကျူးကို ဘယ်အချိန်ကတည်းက လာစောင့်နေခဲ့တာလဲ၊ အရင်က အဲဒီနား ဖြတ်သွားတုန်းက သူက တခြားတစ်ယောက်ယောက်ကို စောင့်နေတယ်လို့ ငါ ထင်ခဲ့တာ၊ တကယ်တော့ သူ့မိန်းမကို စောင့်နေတာကိုး"

"သူက ယွီရွေ့ကျူးအတွက်နဲ့ လီတတို့ကိုတောင် ရိုက်နှက်ခဲ့သေးတယ်လေ..."

"ဒါပေမဲ့ ဟော်ချန်ယဲ့နဲ့ ဆရာဝန်ချင်တို့ကြားမှာ ဆက်ဆံရေး တစ်ခုခု ရှိတယ်လို့ ပြောကြတယ် မဟုတ်လား"

"ဟူး ငါတော့ နားကို မလည်တော့ဘူး၊ နားမလည်နိုင်အောင်ပါပဲ"

"..."

ဟော်ချန်ယဲ့မှာ စိတ်အခြေအနေ ကောင်းနေခဲ့သည်။

ယွီရွေ့ကျူး လက်ကို ဆုပ်ကိုင်ထားရင်း သူက သူမကို မခိုးမဝှက်ဘဲ ခဏခဏ ခိုးကြည့်နေမိသည်။

အကယ်၍ သူ့ လက်များသာ မအားလပ်နေဘူးဆိုလျှင် ယွီရွေ့ကျူး ယခုလေးတင် နမ်းသွားခဲ့သော ပါးပြင်ကို သေချာ ပေါက် လက်လှမ်း၍ ပွတ်သပ် ထိတွေ့နေနိုင်သည်။

မနေ့ညက အနမ်းအမှတ်တရများသည် တကယ်တော့ အိပ်မက်တစ်ခု မဟုတ်ခဲ့ပေ။

၎င်းသည် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ဟော်ချန်ယဲ့၏ စိတ်ထဲတွင် နေ့ဘက်၌ပင် ထိုအနမ်းကို ထပ်ခါတလဲလဲ ပုံဖော်နေမိသည်။ အသားလှီးနေစဉ်မှာပင် သူ တစ်ခဏမျှ ငေးမောသွားတတ်သေးသည်။

ယနေ့ သူ ဘာဖြစ်နေသနည်းဟု ရှဲ့ချီက သူ့ကို အကြိမ်ကြိမ် မေးနေခဲ့သည်။

ထိုအချိန်က သူ မရှင်းပြတတ်ခဲ့ဘဲ သူ့ ရင်ထဲတွင် ဟာလာ ဟင်းလင်း ဖြစ်နေသလိုသာ ခံစားခဲ့ရသည်။ သို့သော် ထိုညနေခင်း လမ်းဘေးတွင် ရင်းနှီးနေသော မြင်းလှည်းကို မြင်လိုက်ရပြီး အတွင်းရှိ ယွီရွေ့ကျူး ပုံရိပ်ကို မြင်တွေ့ရသော အခါ သူ့ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားမှာ အဆုံးတွင်တော့ တည်ငြိမ်သွားတော့သည်။

ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖယ်ရှားခံလိုက်ရသကဲ့သို့ သူ အလွန်အေးချမ်းသွားသလို ခံစားလိုက်ရ သည်။

ဟော်ချန်ယဲ့က သူတို့ ဆုပ်ကိုင်ထားသော လက်များကို ကြည့်ကာ သူ့ နှုတ်ခမ်းများကို အနည်းငယ် ကွေးညွတ်၍ ပြုံးမိသည်။

ယနေ့သည် ယခင်ကနှင့် မတူတော့ပေ။ လေထုထဲရှိ သင်းပျံ့သော ချိုမြိန်မှုကို သူ ခံစားနေရလုမတတ်ပင်။ အရာအားလုံးက အထူးပင် လှပနေသယောင် ရှိသည်။

မနေ့ညက ယွီရွေ့ကျူးနှင့် သူ မျှဝေခဲ့သော အနမ်းကြောင့်လားမသိ၊ ယနေ့ည ရေချိုးရန် ပြန်ရောက်သောအခါ ဟော်ချန်ယဲ့မှာ တစ်ခဏမျှ တုံ့ဆိုင်းနေမိသည်။

အဆုံးတွင် အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ့ ဆံပင်များကို အနောက်သို့ သပ်တင်လိုက်ရာ သူ့ မျက်နှာတစ်ခုလုံး ပေါ်လွင်သွားပြီး မျက်လုံးအထက်ရှိ အမာရွတ်ကို ရှင်းလင်းစွာ မြင်လိုက်သည်။

ထိုစဉ်က အတိုင်းပင်။ သူ ဤသို့ နောက်ဆုံးအကြိမ် လုပ်ခဲ့စဉ်က ယွီရွေ့ကျူးသည် စုန့်ချင်းရှန်းအတွက် သူ့ကိုသေချာ ပေါက် ထားရစ်ခဲ့မည်ဟု ထင်ခဲ့သောကြောင့် ဤသို့လှန်တက်ခဲ့ခြင်းဖြစ်သည်။ သူ ဆံပင်လှန်တင်တင် မတင်တင် သူမက ထားခဲ့မည်ဖြစ်သောကြောင့် သူဂရုမစိုက်ခဲ့ချေ။

သို့သော် ယခုအခါတွင် ဆံပင်များကို သပ်တင်ကာ အမာရွတ်ကို ဖော်ပြခြင်းမှာ ယွီရွေ့ကျူးအနေဖြင့် သူ့ကို ပိုမို ပွင့်လင်းရှင်းလင်းစွာ သိကျွမ်းနိုင်စေရန်နှင့် သူ့မျက်နှာပေါ်ရှိအမာ ရွတ်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန်အတွက် ဖြစ်သည်။

သူ့မျက်နှာပေါ်ရှိ အမာရွတ်မှာ ခန့်ညားပြီး အခြားသူများ အလှအပကို နားမလည်သော သီးသန့်စတိုင်တစ်ခုဖြစ် ကြောင်း ယွီရွေ့ကျူး အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။

သူ့မျက်နှာပေါ်ရှိ အမာရွတ်ကိုမြင်သောအခါ သူမက မည်သည့် ကြောက်ရွံ့မှုမျှ မပြခဲ့ပေ။ သူမက သိချင်စိတ်ပြင်းပြစွာဖြင့် သူ့ကို စစ်ဆေးရန် အနားသို့ပင် တိုးလာတတ်ပြီး သူမ သဘောထားမှာ လှောင်ပြောင်လိုသည့် အရိပ်အယောင် တစ်စက်ကလေးမျှမပါဘဲ သဘာဝကျလှသည်။

ဟော်ချန်ယဲ့က မှန်ထဲရှိ သူ့ကိုယ်သူ ကြည့်မိရာ သူ့ အမာရွတ်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ရုပ်ဆိုးအကျည်းတန်နေသော သူ့ အသွင်အပြင်တွင် မည်သည့် ခန့်ညားမှုကိုမျှ မတွေ့နိုင်ပေ။ လူအများစုဆို ကြောက်ရွံ့သွားကြသည်။

'ယွီရွေ့ကျူးပြောတဲ့ အဲဒီစကားတွေက အမှန်ပဲလား၊ သူ တကယ်ပဲ မကြောက်တာလား'

သူသည် ယွီရွေ့ကျူးကို နမ်းရှိုက်ခဲ့ပြီး အတူတကွ အတွေ့အ ကြုံများစွာ ရှိခဲ့သော်လည်း သူတို့ နီးကပ်လာလေလေ ပိုစိုးရိမ်လာလေလေပင်။ ဟော်ချန်ယဲ့သည် သူ့ ရုပ်ရည်အသွင် အပြင်နှင့် ပတ်သက်၍ ယုံကြည်မှု ကင်းမဲ့လှသည်။

ယွီရွေ့ကျူးကို ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့ ရင်အုပ်နှင့် ဗိုက်ကြွက်သားများသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုသို့တွေးမိပြီး ဟော်ချန်ယဲ့မှာ တုံ့ဆိုင်းသွားကာ သူ့ဆံပင်များကို ပြန်ချရန် လက်ကို မြှောက်လိုက်သည်။ သူ့ စိတ်ထဲတွင် ဖရိုဖရဲ အတွေးများဖြင့် ပြည့်နှက်နေပြီး ရင်များ တဒိတ် ဒိတ် ခုန်နေတော့သည်။

"ဟော်ချန်ယဲ့..."

ထိုစဉ် အနောက်ဘက်မှ ယွီရွေ့ကျူး သူ့ကို လှမ်းခေါ်သည်။

ဟော်ချန်ယဲ့ အလိုအလျောက် လှည့်ကြည့်မိသော်လည်း သူ့လက်ရှိ အသွင်အပြင်ကို သတိထားမိသွားကာ ခေါင်းကို အမြန်ငုံ့ပြီး မျက်နှာပေါ်ရှိ အမာရွတ်များကို ဖုံးကွယ်ရန် ဆံပင်များကို အောက်သို့ ဆွဲချရန် ကြိုးစားလိုက်သည်။

သို့သော် ယွီရွေ့ကျူးကမူ သူ့ကို တားဆီးလာသည်။ သူမက ခြေဖျားထောက်ကာ သူ၏ ပခုံးများပေါ်တွင် လက်တင်လိုက်ပြီး သူ့မျက်နှာကို အနီးကပ် စစ်ဆေးရန် အနားသို့ တိုးကပ်လာသည်။

ဟော်ချန်ယဲ့မှာ တောင့်တင်းသွားကာ ပါးပြင်များ ပူလောင်လာပြီး ရှက်ရွံ့မှုကိုပင် ခံစားရသည်။

'ယွီရွေ့ကျူးကို ဒီလောက် ရုပ်ဆိုးတဲ့ဘက်ကို ပြသမိတဲ့အပေါ် ဘယ်သူက ဂရုမစိုက်ဘဲ နေနိုင်မှာလဲ၊ နူးနူးညံ့ညံ့မိန်းကလေးဖြစ်တဲ့ သူမက သူ့မျက်နှာပေါ်က အမာရွတ်တွေကို ဘယ်လိုလုပ် မကြောက်ဘဲနေမှာလဲ၊ သူ့ကို ရွံချင်တောင် ရွံနေလောက်မှာ'

သို့သော် ယွီရွေ့ကျူး အမြန်ပင် စကားပြောလာသည်။ သူမက ပြုံးပြီး ခေါင်းလေးကို စောင်းကာ ပြောသည်။

"ရှင်က အမြဲတမ်းလိုကို ခန့်ညားနေတာပဲ ဟော်ချန်ယဲ့ရယ်၊ ရှင် အစောကြီးကတည်းက ဆံပင်တွေကို အပေါ်ကို သပ်တင်ထားခဲ့သင့်တာ၊ အဲဒီလိုမျိုးဆို အရမ်းမိုက်တယ် သိလား၊ ရှင့်ရဲ့ မျက်နှာပေါက်က အရမ်းလှပြီးတော့ ဒီအမာရွတ်ကလည်း တကယ်ကို ထူးခြားတယ်၊ နွေရာသီမှာ အရမ်းပူတယ်လေ၊ အဲဒါကို ဖော်ထားတော့ မအိုက်တော့ဘူးပေါ့၊ ကြည့်လို့လည်း အရမ်းကောင်းတယ်”

All Chapters