အခန်း ၉၄
Vol. 10 Ch. 94
🐽 Chapter 94
သူမက လက်ကို ဆန့်ထုတ်ကာ ဟော်ချန်ယဲ့ ဆံပင်များကို အနောက်သို့ သပ်တင်ပေးပြီး သူ့ ပါးပြင်ကို နမ်းချင်သော် လည်း ဟော်ချန်ယဲ့မှာ အရပ်ရှည်လွန်းသဖြင့် ခြေဖျား ထောက်လျှင်ပင် သူမ မမီနိုင်ပေ။ ဟော်ချန်ယဲ့ကို ကိုင်းညွတ်ခိုင်းရမည်ကို ပျင်းသဖြင့် သူမက သူ့လက်ကို ကိုင်ကာ လက်ဖမိုးကိုသာ နမ်းတော့သည်။
ထို့နောက် သူမက သဘာဝကျကျပင် ပြန်လှည့်ပြီး သူ့လက်ကို ကိုင်ကာ ဆွဲခေါ်သွားသည်။
"လာပါ သွားစားရအောင်၊ မြန်မြန်မစားရင် အေးကုန်လိမ့်မယ်"
သူမ ဆွဲခေါ်ရာနောက်သို့ ဟော်ချန်ယဲ့ ကြောင်အမ်းအမ်းဖြင့် လိုက်ပါသွားစဉ် သူ့ ခြေလှမ်းများက ယွီရွေ့ကျူး နောက်သို့သာ လိုက်ပါသွားသည်။
အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် သူ့မျက်နှာပေါ်ရှိ အမာရွတ်မှာ မီးလောင်နေသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ့ ရင်ထဲတွင် ဗုံတစ်လုံးကို တီးခတ်နေသည့်အလား မြန်ဆန်ပြီး အားပြင်းသော နှလုံးခုန်သံကိုပင် ကြားနေရသယောင် ရှိလေသည်။
"ဒိတ် ဒိတ် ဒိတ်..."
"ဒုတ် ဒုတ် ဒုတ်..."
ဟော်ချန်ယဲ့က သူ့ နှလုံးခုန် အရမ်းမြန်မနေစေရန် ထိန်းချုပ်ရန် ကြိုးစားရင်း ရင်ဘတ်ပေါ်သို့ လက်ဖဝါးကို ဖိကပ်ထားသည်။ သူ့နားရွက်များမှာ နီရဲနေပြီး မျက်ဝန်းများက ပူလောင်နေကာ ယွီရွေ့ကျူး ကျောပြင်ကို စူးစိုက်ကြည့်နေမိသည်။
သူ့ လည်စိမှာ လှုပ်ရှားသွားပြီး တစ်ခုခု ပြောချင်ဟန် ရှိသော် လည်း ပါးလျသော နှုတ်ခမ်းများသာ လှုပ်ရှားသွားပြီး မည်သည့် စကားလုံးမျှ ထွက်မလာခဲ့ပေ။
သူ့ ရင်တွေ တဒိတ်ဒိတ် ခုန်နေကာ အသက်ရှူသံများ မြန်ဆန်နေပြီး ခန္ဓာကိုယ်အနှံ့ အပူလှိုင်းတစ်ခု လောင်ကျွမ်းသွားသကဲ့သို့ ရင်ဘတ်ထဲတွင် သည်းမခံနိုင်လောက်အောင် ပူနွေးနေသည်ကိုသာ သိလေသည်။
'ဒါက... အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်မျိုးလား'
ယွီရွေ့ကျူး နှစ်သိမ့်စကားများကြောင့်လားမသိ၊ ဟော်ချန်ယဲ့သည် ယခင်ကလောက် ရှက်ရွံ့ခြင်း မရှိတော့ပေ။
ညတိုင်း ရေချိုးပြီးနောက် သူ့ စိုစွတ်နေသော ဆံပင်များကို ဖြန့်ချထားကာ အနောက်ဘက်သို့ သပ်တင်ပြီး သူ ပါးပြင်ပေါ်ရှိ အမာရွတ်ကို ဖော်ပြလေ့ရှိသည်။
နှစ်ပေါင်းများစွာ ဆံပင်များအောက်တွင် ဖုံးကွယ်ထားခဲ့ရသော အမာရွတ်သည် အဆုံးတွင်တော့ အသက်ရှူခွင့် ရသွားခဲ့သည်။
ယွီရွေ့ကျူးက သေချာစွာ အကဲခတ်ကြည့်ရာ အမာရွတ်ပတ်လည်ရှိ အသားအရေမှာ ပုံမှန်အားဖြင့် ဖုံးကွယ်ထားလေ့ရှိသဖြင့် ပတ်ဝန်းကျင်ရှိ အသားအရေထက် ပိုမိုဖြူဝင်းနေသည်ကို သတိထားမိသည်။ ကြည့်ရသည်မှာ ကြမ်းတမ်းနေပြီး သူမက လက်လှမ်းကာ ထိတွေ့ကြည့်ချင်စိတ် ပေါ်လာသည်။
သို့သော်လည်း ဤနေရာသည် ဟော်ချန်ယဲ့အတွက် အလွန် အာရုံခံစားမှု မြန်သောနေရာ ဖြစ်ကြောင်း ယွီရွေ့ကျူး သိသည်။ သူမက သူ့ကို ယခုလေးတင် နမ်းထားခဲ့ပြီးဖြစ်ရာ ကာလတိုအတွင်း သူ အဆုံးထိ သွားချင်လာမည်ကို စိုးရိမ်သဖြင့် သူ့ကို အလွန်အကျွံ လှုံ့ဆော်မှုမျိုး မပေးချင်တော့ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ယွီရွေ့ကျူးသည် စိတ်ကူးယဉ်မှုများတွင်သာ ဘုရင်မတစ်ပါးဖြစ်ပြီး လက်တွေ့တွင်မူ အားနည်းသူတစ်ဦး ဖြစ်သည်။ သူမသည် ဟော်ချန်ယဲ့ကဲ့သို့ပင် အတွေ့အကြုံ မရှိသူ ဖြစ်သဖြင့် သူမတွင် တုံ့ဆိုင်းမှုတချို့ ရှိနေဆဲဖြစ်သည်။
ထို့အပြင် ဟော်ချန်ယဲ့ ခွန်အား၊ သူ့ ကြီးမားခန့်ညားသော ရုပ်ရည်သွင်ပြင်နှင့် သူ့ အံ့သြဖွယ်ကောင်းသော ခံနိုင်ရည်တို့က အနမ်းတစ်ပွင့်တည်းနှင့်ပင် သူမကို အသက်ရှူမဝ ဖြစ်သွားစေနိုင်သည်။ အကယ်၍ တကယ်တမ်းသာ ဖြစ်လာခဲ့လျှင်...
ယွီရွေ့ကျူးက သူမ လုံးဝ ထနိုင်တော့မည် မဟုတ်ဘဲ သူမ ဝက်သားနီနှပ် လုပ်ငန်းလည်း အချိန်အတိုင်းအတာ တစ်ခုအထိ ရပ်နားသွားရလိမ့်မည်ဟု ခန့်မှန်းမိသည်။
ထို့အပြင် ဤအရာသာ စတင်လိုက်ပါက ဘယ်တော့မှ အဆုံး သတ်တော့မည် မဟုတ်ပေ။ ယွီရွေ့ကျူးလည်း ဟော်ချန်ယဲ့ အမာရွတ်ကို ထိတွေ့ရန် အကြံအစည်ကို ယာယီ စွန့်လွှတ်ရန် နှမြောတသစွာဖြင့် ဆုံးဖြတ်လိုက်သည်။
'ဒီအရာတွေကို တဖြည်းဖြည်းချင်း အသားကျအောင် လုပ်ရမယ်၊ နည်းနည်းချင်းစီ သွားရမယ်'
အစပိုင်းတွင် ဟော်ချန်ယဲ့က သူ့ မျက်နှာပေါ်ရှိ အမာရွတ်ကို ယွီရွေ့ကျူး အသားမကျသေးသဖြင့် နှစ်သိမ့်ပေးရန် ကြိုး စားနေခြင်းဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ယွီရွေ့ကျူးက ရက်အတန်ကြာသည်အထိ မည်သည့် ထူးခြားမှုမျှ မပြသည့်အပြင် သူ့ကို ကြည့်ရသည်ကို ပို၍ပင် သဘောကျလာပုံရသည်ကို မြင်ပြီးနောက် သူ့ ဝိုးတိုး ဝါးတား မသက်မသာ ဖြစ်နေမှုများမှာ တဖြည်းဖြည်း လျော့ပါးသွားတော့သည်။
ဤသည်က ဟော်ချန်ယဲ့ကို အလေ့အကျင့်တစ်ခု ဖြစ်သွားစေသည်။ နေ့ဘက်တွင် သူ့ အမာရွတ်ကို ဆံပင်များဖြင့် ထုံးစံအတိုင်း ဖုံးကွယ်ထားဆဲဖြစ်သော်လည်း ညဘက် အိမ်ပြန်ရောက်၍ ရေချိုးပြီးနောက်တွင် ယွီရွေ့ကျူး ပိုမိုမြင်တွေ့နိုင်စေရန် အမာရွတ်ကို ဖော်ထားရန် ဆံပင်များကို အနောက်သို့ သပ်တင်ထားလေ့ရှိသည်။
ယွီရွေ့ကျူးက မည်သည့် ထူးခြားသော ခံစားချက်မှမပြသဖြင့် ဟော်ချန်ယဲ့မှာ စိတ်သက်သာရာရသွားပြီး နေလို့ထိုင်လို့ ပိုကောင်းလာသည်။ သားသတ်ရုံတွင် နေ့ဘက် အလုပ်လုပ်နေစဉ် သူသည် ယခင်ကကဲ့သို့ တင်းမာပြီး အေးတိအေးစက် မျက်နှာထားမျိုး မရှိတော့ပေ။
သူ့ ပုံမှန်မဟုတ်သော အပြုအမူကို ရှဲ့ချီက ပထမဆုံး သတိထားမိခဲ့သည်။
၎င်းမှာ အလွန်သိသာလွန်းနေသည်။ ဟော်ချန်ယဲ့သည် ဒေါင်းတစ်ကောင် အမြီးဖြန့်နေသကဲ့သို့ ဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ယခင်က သူဝတ်လေ့ရှိသော အရောင်လွင့်နေသည့် အဝတ်အစားများ မဟုတ်ဘဲ အဝတ် အစားများ ပြောင်းလဲဝတ်ဆင်လာရုံသာမက စကားတစ်ခွန်းပြောတိုင်း ယွီရွေ့ကျူးကို ထည့်သွင်း ပြောဆိုတက်သည်။
ဥပမာအားဖြင့် ယခုအချိန်တွင်ပင်။
ရှဲ့ချီက ဟော်ချန်ယဲ့ အဝတ်အစားများကို အနည်းငယ် အချိန်ကြာကြာကြည့်လိုက်ရုံမျှဖြင့် ဟော်ချန်ယဲ့က မျက်ခုံးတစ် ဖက်ကို ပင့်ကာ သူ့အင်္ကျီကို လက်တစ်ဖက်ဖြင့် ဆွဲပြသည်။
"ယွီရွေ့ကျူး ငါ့အတွက် ဝယ်ပေးတာလေ၊ သူကိုယ်တိုယ် ရွေးပေးတာ"
သူသည် ယခင်ကကဲ့သို့ပင် တင်းမာသော မျက်နှာထားဖြင့် ရှိနေသော်လည်း ရှဲ့ချီသည် သူ့ ကျဉ်းမြောင်းသော နက်မှောင်သည့် မျက်ဝန်းများထဲမှ မသိမသာ ပျော်ရွှင်မှုကို ခံစားမိသည်။
သူ့စကားများကပင် ကြွားလုံးထုတ်နေသည့်အလား ထင်ရပြီး စကားပြောအပြီးတွင် ရှဲ့ချီ တစ်ခုခု ထပ်ပြောမည်ကို မျှော် လင့်နေသည့်အလား ရှဲ့ချီကို စိုက်ကြည့်နေတော့သည်။
ရှဲ့ချီ "..."
"ကြည့်ကောင်းလိုက်တာ၊ မရီးက အမြင်ရှိတာပဲ အစ်ကိုဟော်၊ အစ်ကိုနဲ့ တကယ်လိုက်တယ်"
ဟော်ချန်ယဲ့က ကျေနပ်စွာ ပြုံးပြီး အလုပ်ကို ဆက်လုပ်တော့ သည်။ သို့သော် အသားလှီးနေသည်မှာ ခဏမျှသာ ရှိသေးသော်လည်း တစ်ခုခုကို သတိရသွားကာ ဆိုင်ပေါ်ရှိ အသားများကို ရွေးချယ်နေရင်း ပြောသည်။
"ယွီရွေ့ကျူးက နံရိုးကိုလည်း သဘောကျတယ်၊ ငါ နံရိုးနည်းနည်း ပြန်ယူသွားမယ် ပြီးတော့ ဝက်ဆီလည်း နည်းနည်းလှီးမယ်၊ ဒီည ဝက်ဆီနည်းနည်း ကြိုပြီး ဝက်ဆီဖတ်လေးတွေ လုပ်ရမယ်၊ သူက အဲ့လို သရေစာမျိုးကို အရမ်းသဘောကျတာ"
ရှဲ့ချီ : "..."
အစ်ကိုဟော် ထိုမျှလောက် စကားအများကြီး ပြောသည်ကို သူ မကြားရသည်မှာ အတော်လေးကြာပြီဖြစ်သည်။ ပုံမှန်အားဖြင့် စကားနည်းသော အစ်ကိုဟော်သည် ရုတ်တရက်ကြီး စကားတွေ အရမ်းများလာပြီး သူ ပြောနိုင်သမျှက ယွီရွေ့ကျူး၊ ယွီရွေ့ကျူး၊ ယွီရွေ့ကျူး သာလျှင် ဖြစ်သည်။ ရှဲ့ချီသည် သူ့ဘဝကိုပင် စတင် သံသယဝင်လာတော့သည်။
'နေပါဦး အဲဒီယွီရွေ့ကျူးက ဘယ်လို မှော်အတတ်တွေများ တတ်ထားလို့လဲ၊ သူတို့ လက်ထပ်ထားတာ အချိန်တိုလေးပဲ ရှိသေးတယ်လေ ပြီးတော့ မင်္ဂလာဦးညတုန်းက အဲဒီလောက် ပြဿနာတွေ ဖြစ်ထားပြီးမှ အစ်ကိုဟော်က သူ့ကို ဒီလောက်တောင် စွဲလမ်းနေပြီတဲ့လား'
'အရမ်းထူးဆန်းတာပဲ'
သို့သော် ဟော်ချန်ယဲ့သည် ရှဲ့ချီ ဇဝေဇဝါဖြစ်နေသော ခန့်မှန်းချက်များကို သိသာစွာပင် သတိမထားမိပေ။
သူက အကောင်းဆုံး အသားနှစ်တုံးကို ရွေးချယ်ကာ လှီးဖြတ်ပြီး ထိုညနေ အိမ်သို့ ယူဆောင်သွားရန် ခြင်းတောင်းထဲသို့ ထည့်ထားသည်။
မကြာသေးမီက သူသည် ယွီရွေ့ကျူးထက် အိမ်ကို ပိုစော စော ပြန်ရောက်လေ့ရှိပြီး ပုံမှန်အားဖြင့် သူသာ ဟင်းချက်လေ့ရှိသည်။
ဟော်ချန်ယဲ့က ယနေ့ည အသားများကို ပြင်ဆင်ပြီး ချက် ပြုတ်ထားနိုင်သည်ဟု တွေးလိုက်ရာ လမ်းဆုံမှ ယွီရွေ့ကျူးကိုသွားကြိုပြီးနောက် သူမက အဆင်သင့် ချက်ပြုတ်ထားသော အစားအစာများကို စားသုံးရုံသာ။
ဤသို့ တွေးမိရင်း ဟော်ချန်ယဲ့ နေလုံးကို ကြည့်မိရာအမှောင် ကျလာသည်မှာ အလွန်နှေးကွေးသည်ဟုပင် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ယွီရွေ့ကျူးမြို့ပေါ်တွင် ဝက်သားနီနှပ် စတင်ရောင်းချချိန်မှစ၍ သူတို့သည် နေ့ဘက်တွင် သီးခြားစီ အလုပ်လုပ်နေခဲ့ကြပြီး ညနေဘက်ရောက်မှသာ အတူတကွ တွေ့ဆုံနိုင်တော့ သည်။
သူ ယခင်က သတိမထားမိခဲ့သော်လည်း ယခုအခါတွင်မူ ညနေခင်းများမှာ မယုံနိုင်လောက်အောင် တိုတောင်းလွန်းသည်ဟု ခံစားရသည်။ သူတို့ အိပ်ရာမဝင်ခင် စကားအနည်း ငယ်သာ ဖလှယ်နိုင်ပြီး နေ့ဘက်တွင်လည်း အတူရှိချိန် သိပ်မရှိသလောက်ပင်။
'ယွီရွေ့ကျူး အခု မြို့ပေါ်မှာ ဘာတွေ လုပ်နေမလဲ၊ သူမရဲ့ ဝက်သားနီနှပ်ဆိုင်မှာ ပြိုင်ဘက် ပေါ်လာတာဆိုတော့... သူမ အဆင်ပြေပါ့မလား'
ယခင်က ဟော်ချန်ယဲ့ အားလပ်ချိန် ရသောအခါ သူ့ သား သတ်ရုံ စီးပွားရေး အစီအစဉ်များနှင့် ပိုက်ဆံ ဘယ်လိုရှာရမလဲ ဆိုသည်ကိုသာ တွေးတောလေ့ရှိသည်။ ယခုမူ သူ တစ် ယောက်တည်း အချိန်ရသောအခါ သူ့ စိတ်ထဲတွင် ယွီရွေ့ကျူးအကြောင်းများဖြင့်သာ ပြည့်နှက်နေတော့သည်။
သူတို့ အနမ်းကို ပြန်လည် သတိရမိသောအခါ ဟော်ချန်ယဲ့က သူ့ ပါးလျသော နှုတ်ခမ်းများကို ထိတွေ့လိုက်ပြီး နက် မှောင်သော သူငယ်အိမ်များက တဖန်နူးညံ့သွားတော့သည်။
'သူ့စီးပွားရေးကို မြန်မြန်လုပ်ပြီး ယွီရွေ့ကျူးလိုပဲ မြို့ပေါ်မှာ ဆိုင်တစ်ဆိုင် ဖွင့်ဖို့ ကြိုးစားရမယ်၊ အဲဒီတော့မှ ငါတို့ မနက်ကနေ ညအထိ အချင်းချင်း တွေ့နိုင်မှာ'
ထိုသို့တွေးပြီးနောက် သူ အများကြီး ပေါ့ပါးသွားသလို ခံစားရသည်။
ညနေစောင်းသို့ ရောက်သောအခါ ဟော်ချန်ယဲ့ အလုပ်လုပ်၍ ပြီးသွားပြီး အသားခြင်းတောင်းကို သယ်ကာ အိမ်သို့ ပြန်လာခဲ့သည်။ သူ အသားကို ဘယ်လို နှပ်ရမလဲဆိုသည်ကို တွေးတောနေဆဲပင်။
အိမ်တံခါးဝသို့ ရောက်သောအခါ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို အခွင့်ကောင်းယူ၍ ဆံပင်များကို အလိုအ လျောက်ပင် အနောက်သို့ သပ်တင်ရာ မျက်ခွံပေါ်ရှိ အမာ ရွတ်မှာ ပေါ်လွင်သွားတော့သည်။
သို့သော် သူ အံ့သြသွားရသည်မှာ သူ့ အိမ်ရှေ့တံခါးမှာ ပိတ်ဆို့ခံထားရခြင်းပင်။ ဆံပင်တိုတိုနှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက တံခါးဝတွင် ထိုင်နေသည်။ သူ ပြန်လာသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် မတ်တတ်ထရပ်ပြီး သူ့ကို ဒေါသတကြီး စူးရဲစွာ ကြည့်လာသည်။
"ဟော်ချန်ယဲ့... နင့်ကို ဒီမှာ စောင့်နေတာ အကြာကြီးပဲ၊ နင်... နင်..."
သူမက မော့ကြည့်မျိန် ဟော်ချန်ယဲ့ အကြည့်နှင့် ဆုံသွားသည်။ သူ့ ပါးပြင်ပေါ်ရှိ ရှင်းလင်းစွာ ပေါ်လွင်နေသော အမာရွတ်ကို မြင်သောအခါ သူမ မျက်နှာမှာ ချက်ချင်းပင် ဖြူလျောသွားတော့သည်။ သူမ အလွန်ထိတ်လန့်သွားသဖြင့် တံခါးကို မှီကာ မတ်မတ်ရပ်နိုင်အောင် အနိုင်နိုင် ကြိုးစားနေရသည်။
သတိပြန်ဝင်လာသောအခါ သူမက လုံးဝကို ရွံရှာစက်ဆုပ်ဟန်ဖြင့် မျက်မှောင်ကြုတ်မိပြီး မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားတော့သည်။
လူလတ်ပိုင်း အမျိုးသမီးမှာ လက်များပင် တုန်ယင်နေရှာသည်။
"နင် နင် နင်... နင့်မျက်နှာပေါ်က ဒီအမာရွတ်ကို နေ့ခင်း ကြောင်တောင်ကြီး ဘာလို့ ဖုံးမထားတာလဲ
အရမ်းကြောက်စရာကောင်းတယ်ဆိုတာ နင် မသိဘူးလား၊ ငါ့မှာ နှလုံးရောဂါမရှိလို့ တော်သေးတာပေါ့
မဟုတ်ရင် နင် ငါ့ကို ခြောက်လှန့်ပြီး သတ်ပစ်လိုက်တော့မလို့ပဲ၊ နင် ဒါ တမင်သက်သက်လုပ်တာ မဟုတ်လား"