← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

🐽 Chapter 95

လူလတ်ပိုင်း အမျိုးသမီး စကားများကြောင့် ဟော်ချန်ယဲ့ အစောပိုင်းက သက်တောင့်သက်သာ ဖြစ်နေမှုမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။

သူ့ လက်ချောင်းများက အနည်းငယ်တုန်ယင်သွားပြီး ပါးပြင်ပေါ်ရှိ အမာရွတ်မှာလည်း ခပ်ရေးရေး ပူလောင်လာသလို ခံစားလိုက်ရသည်။

သူ လက်သီးများကို ဆုပ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာထားက အေးစက်သွားတော့သည်။ သူ့ အစောပိုင်းက ကောင်းမွန်နေသော စိတ်အခြေအနေများပင် လွင့်စင်သွားတော့သည်။ သူက သူမကို မျက်မှောင်ကြုတ်လျက် ကြည့်ကာ မေးသည်။

"ဒီကို ဘာကိစ္စ လာတာလဲ"

"ငါက ဘာလို့ လာလို့ မရရမှာလဲ၊ မကောင်းတာ တစ်ခုခု လုပ်ခဲ့တာ နင်လေ..."

လူလတ်ပိုင်း အမျိုးသမီးတွင် ပြောစရာအများကြီး ရှိသော် လည်း ဟော်ချန်ယဲ့ အမာရွတ်နှင့် မျက်နှာမှာ အလွန်ကြောက်စရာ ကောင်းလှသည်။ သူမက သူ့ကို စိုက်မကြည့်ရဲသဖြင့် အကြည့်လွှဲကာ ဆက်ပြောသည်။

"ဟော်ချန်ယဲ့ အရင်တုန်းက အဲဒီအမာရွတ်ကို သေချာ ဖုံးထားခဲ့တာပဲလေ၊ အခု ဘာလို့ ဖော်ထားရတာလဲ၊ အဲဒီအမာရွတ်က ဘယ်လောက်တောင် ရုပ်ဆိုးလဲဆိုတာ နင် မသိဘူးလား၊ နင့်မိန်းမ ဘယ်လိုများ သည်းခံနိုင်သလဲဆိုတာ ငါ မသိတော့ပါဘူးဟယ်..."

ဟော်ချန်ယဲ့ မျက်နှာမှာ ပိုမည်းမှောင်သွားတော့သည်။

ယွီရွေ့ကျူးက သူ့ အမာရွတ်ကို ဂရုမစိုက်ကြောင်း ပြောချင်ခဲ့သော်လည်း ယခုအချိန်တွင် သူ ဒေါသထွက်နေခဲ့သည်။ သူမကို စကားထပ်ပြောရမည်ကို ပျင်းလာသဖြင့် အေးစက်စွာသာ တုန့်ပြန်သည်။

"ပြောချင်တာရှိရင် မြန်မြန်ပြော မဟုတ်ရင် ထွက်သွား..."

လူလတ်ပိုင်း အမျိုးသမီးမှာ အလွန်ဒေါသထွက်သွားပုံရပြီး သူမ ယခင် ဗိုလ်ကျတတ်သော အနေအထားသို့ ပြန်လည်ရောက်ရှိသွားကာ ဟော်ချန်ယဲ့ကို စွပ်စွဲတော့သည်။

"တခြားသူတွေက နင့်ကို ကြောက်ချင် ကြောက်ကြမယ် ဒါပေမဲ့ ငါကတော့ နင့်ကို မကြောက်ဘူး၊ နင်က ငါတို့စုလန်ကို အကြွေးတင်နေတာ၊ နင် အစကတည်းက စုလန်ကို မကယ်ခဲ့သင့်ဘူး"

"သူမက မိသားစုကောင်းက ဆင်းသက်လာတာ နင်က သူ့ရဲ့ နာမည်ကောင်းကို ဖျက်ဆီးပစ်ခဲ့တယ်၊ အခု နင် အိမ်ထောင် ကျနေပြီဆိုပေမဲ့ လူတွေက နင်နဲ့ ငါတို့စုလန်ကိုတွဲပြီး မှတ်မိနေကြတုန်းပဲ"

"နင်နဲ့ ငါတို့စုလန်က အတူတူရှိဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ အရင်က ငါ နင့်ကို ပြောခဲ့ဖူးတယ် မဟုတ်လား၊ နင့်ရဲ့ သားသတ်ရုံက ပိုက်ဆံ ဘယ်လောက်များ ရှာနိုင်လို့လဲ၊ ငါတို့စုလန်က ပညာတတ်တယ်၊ ယဉ်ကျေးတယ်ဟဲ့

သူမက မိသားစုကောင်းထဲကိုပဲ အိမ်ထောင်ကျမှာ၊ အထင်လွဲတာကို ရှောင်ဖို့ နင့်ကို ငါ ပြောခဲ့တယ် ဒါပေမဲ့ နင် နားမထောင်ဘူး ငါတို့စုလန်ကို ဆက်ပြီး လာနှောင့်ယှက်နေတယ်၊ နင်က သူ့ဂါဝန်ကို ချီးကျူးရုံတင်မကဘူး စုလန်ကို နင့်သား သတ်ရုံကနေ အသားလာဝယ်ဖို့ အမြဲတမ်းခေါ်နေတယ်ဆို"

"အဲဒါက ဆိုးရွားနေပါပြီ ဒါပေမဲ့ ငါ့စုလန်ကို နင် ဘယ်လိုလုပ် ဒီလို ဆက်ဆံရက်ရတာလဲ တနေ့က သူ အိမ်ကို ငိုပြီး ပြန်လာတယ် နင်က သူ့ကိုအော်တယ်တဲ့ သူ့ကို ကောင်း ကောင်းမွန်မွန် စကားမပြောနိုင်ဘူးလား၊ နင်က သားသတ်သမား တစ်ယောက်ပါ ဝက်နည်းနည်းမွေးပြီး နင့်ကိုယ် နင် အထူးတလည် အရေးပါတဲ့လူလို့ ထင်နေတာလား၊ နင်ကိုယ် တိုင်တောင် မစားနိုင်တဲ့ အသားက ဘာအသုံးကျလို့လဲ နင်နဲ့ ငါ့စုလန်က လုံးဝကို အဆင့်ချင်းမတူဘူး၊ ပြီးတော့ နင်က အိမ်ထောင်သည် ဖြစ်နေပြီ၊ ငါ နာကျင်စရာစကားတွေ ထပ်မပြောချင်တော့ဘူး"

ထိုလူလတ်ပိုင်း အမျိုးသမီးမှာ ချင်စုလန်မိခင် ယွီကွေ့ရှန်ဖြစ်ပြီး ယခင်က ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ကျန်းမာရေးပြဿနာများကြောင့် အလုပ်မှ ထွက်ခဲ့ရသည်။သို့သော်လည်း သူမသည် အလွန်အပြောအဆို ကြမ်းတမ်းသူ ဖြစ်သည်။

ဟော်ချန်ယဲ့သည် ဤအရာကို ယခင်က အကြိမ်ကြိမ်ကြုံ တွေ့ခဲ့ဖူးပြီးသားပင်။ သူမတွင် အမြဲတမ်း ပြောစရာတွေ အများကြီး ရှိသော်လည်း ဟော်ချန်ယဲ့သည် ပုံမှန်အားဖြင့် အသံတိတ်နေတတ်ပြီး အငြင်းပွားရသည်ကို မနှစ်သက်သဖြင့် လျစ်လျူရှုလေ့ရှိသည်။

သို့သော် နောက်ပိုင်းတွင် သူမ အဆက်မပြတ် ဆူပူကြိမ်း မောင်းမှုများနှင့် နာကျင်စရာ စကားများကို သူ ဆက်လက် သည်းမခံနိုင်တော့သဖြင့် လက်ထပ်ရန် ရွေးချယ်ခဲ့ပြီး ချင်စုလန်နှင့် ဖြစ်နိုင်ချေရှိသော မည်သည့် ဆက်ဆံရေးကိုမဆို ဖြတ်တောက်ကာ ယွီကွေ့ရှန်ကို နှုတ်ပိတ်လိုက်ခြင်းဖြစ် သည်။ သူမ ဤသို့ ထပ်လုပ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူမ အားရသွားပုံရပြီး အချိန်အတိုင်းအတာ တစ်ခုအထိ စကားပြောပြီးနောက် အဆုံးတွင် အချုပ်အနေဖြင့် စတင်ပြောလာသည်။

"ငါတို့စုလန်နဲ့ နင် ဘာအဆက်အသွယ်မှ မရှိသင့်တော့ဘူး၊ သူ့ကို ဖြားယောင်းတာတို့ တမင်သက်သက် ရန်စပြီး သူ့ရဲ့ အာရုံစိုက်မှုကို ရအောင် မကြိုးစားနဲ့

အခု နင်က အိမ်ထောင်သည် တစ်ယောက်ဖြစ်နေပြီ၊ သင့်တင့်လျောက်ပတ်တဲ့ အသိတရား ရှိဖို့ လိုတယ်၊ ပြီးတော့ နင့်ရဲ့ အခြေအနေကို နင် မသိဘူးလား

နင့်မျက်နှာပေါ်မှာ အမာရွတ်ရှိတယ် ပြီးတော့ နင်က ဝက်မွေးတဲ့သူ သားသတ်သမား တစ်ယောက်သာသာပဲ၊ နင်နဲ့ ငါတို့စုလန်က ဘယ်လိုမှ အတူတူရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊"

"ဟက်"

ထိုစကားမှာ အလွန် အဓိပ္ပာယ်မဲ့လွန်းလှသဖြင့် ဟော်ချန်ယဲ့က လှောင်ပြုံး သာပြုံးမိသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ အလွန်ဝမ်းသာပျော်ရွှင်နေခဲ့သဖြင့် ချင်စုလန်နှင့် ကိစ္စများကို ရှင်းလင်းရန် သူ မေ့နေခဲ့သည်။

ယခု သူမ မိခင်ရောက်လာပြီဖြစ်ရာ ယွီကွေ့ရှန်ကိုပြောပြလိုက်ခြင်းကလည်း အတူတူပင် ဖြစ်လိမ့်မည်။

ဟော်ချန်ယဲ့က စကားတစ်ခွန်းချင်းစီကို တိုက်ရိုက်ပင် ပြတ်သားစွာ စပြောသည်။

"ခင်ဗျားတို့ အားလုံးက အရမ်းကို တွေးလွန်နေကြတာပဲ၊ ခင်ဗျားတို့ တစ်မိသားစုလုံးက စိတ်ကူးယဉ်နေကြတာ၊ ခင်ဗျားသမီးကို ကျွန်တော် တစ်ခါမှ သဘောမကျခဲ့ဘူး၊ ဆရာဝန်ချင်အပေါ်မှာလည်း ကျွန်တော့်မှာ ဘယ်လို ချစ်ခင်မှုမျိုးမှ မရှိဘူး၊ ကျွန်တော်က စတင်ခဲ့တယ်ဆိုတာကလည်း နားလည်မှုလွဲတာ သက်သက်ပဲ၊ ကျွန်တော့်ခြံထဲကို နောက် ထပ်မလာပါနဲ့၊ ကျွန်တော် တခြားမိန်းမတွေနဲ့ စကားပြောတာကို ကျွန်တော့်မိန်းမက မကြိုက်ဘူး"

သူ စကားပြောအပြီးတွင် ကွေ့ရှန် စကားပြန်ပြောရန်ပင် မစောင့်တော့ဘဲ အိမ်ရှေ့တံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားပြီး အနောက်မှ တံခါးကို သော့ခတ်လိုက်တော့သည်။

တံခါးအပြင်ဘက်တွင် ရပ်နေသော ယွီကွေ့ရှန်မှာ အံ့သြမှင်သက်သွားပြီး အရှက်ရသွားတော့သည်။ သူမက မနေနိုင်တော့ဘဲ ထပ်အော်ပြောသည်။

"ဟော်ချန်ယဲ့ နင် ဘာသဘောလဲ၊ ငါ နင့်အိမ်ကို လာလို့ရှက်ပြီး လိမ်ပြောနေတာလား၊ ငါတို့စုလန်က လှတယ်၊ စိတ်သ ဘောထားလည်း ကောင်းတယ်၊ နင်က ဘယ်လိုလုပ် သူ့ကို အထင်သေးရဲတာလဲ၊ ဒီလိုလိမ်ပြောရတာကို နင် မရှက်ဘူးလား"

ဟော်ချန်ယဲ့က သူမကို အချိန်အတော်ကြာ လျစ်လျူရှုထားပြီး သူမ တံခါးကို ထုကာ ကြိုက်ရာပြောနေသည်ကို မကြားဟန်ဆောင်နေတော့သည်။

အဆုံးတွင် ဆူညံသံများကို တခြားသူများ ကြားသွားပြီး ချင်စုလန် ဂုဏ်သိက္ခာကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ယွီကွေ့ရှန်သည် ဟော်ချန်ယဲ့ ခြံဝင်းထဲမှ စိတ်မပါ့တပါဖြင့် ထွက်သွားတော့သည်။

သူမ မထွက်ခွာမီ ဟော်ချန်ယဲ့ ရုပ်ဆိုးသော အမာရွတ်များနှင့် အသုံးမကျသော သူ့စီးပွားရေးကို ကျိန်ဆဲရန် မမေ့ခဲ့ပေ။

ဟော်ချန်ယဲ့က ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များဆေး ကြောကာ ဝက်သားကို လှီးဖြတ်နေပြီး သူ့ ပါးလျသော နှုတ် ခမ်းများကို တင်းတင်းစေ့ထားလျက် တိတ်ဆိတ်နေသည်။

ယွီကွေ့ရှန် လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက်မှသာ သူက ဇလုံထဲရှိ သူ့ ပုံရိပ်ကို ကြည့်မိပြီး ရုတ်တရက် လက်သီးဆုပ်ကာ သူ့ မျက်ခွံကို ဖြတ်သန်းသွားသော ရှည်လျားသည့် အမာရွတ်နှင့် အောက်ဘက်ရှိ အသားအရေကို ဖုံးကွယ်ရန် ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ရုတ်တရက် လက်မြှောက်ကာ အောက်သို့ ဆွဲချလိုက်တော့သည်။

ခြံဝင်းထဲတွင် ဟော်ချန်ယဲ့၏ မြန်ဆန်ပြီး လေးလံသော အသက်ရှူသံများမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

သူက လက်သီးကို ဆုပ်ထားရာ လက်ချောင်းများက ကွေးဝင်နေပြီး သူ့ ပါးပြင်ပေါ်ရှိ အမာရွတ်မှ ပူလောင်သော အပူရှိန်ကို ခံစားနေရသည်။

'ရုပ်ဆိုးတယ်တဲ့လား'

ထိုအရာသည် သူ ကြိုသိပြီးသား အမှန်တရားတစ်ခုပင် ဖြစ်သည်။ မကြာသေးမီက ယွီရွေ့ကျူးက သူ့ကို အကြိမ် ကြိမ် မြှောက်ပင့်ချီးကျူးခဲ့သောကြောင့် သူ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့ပြီး ယွီရွေ့ကျူးကိုပြသရန် ခြံဝင်းထဲတွင် သူ့ဆံပင်များကို အကြိမ်ကြိမ်သပ်တင်ပြခဲ့မိခြင်း ဖြစ်နိုင်သည်။

ယွီရွေ့ကျူးသည်လည်း ရွံရှာမှုနှင့် ကြောက်ရွံ့မှုများကို မျိုသိပ်ထားခဲ့ခြင်း ဖြစ်နိုင်သော်လည်း သူကတော့ သတိမထားမိခဲ့ပေ။

ထိုသို့ဖြစ်နိုင်ချေကို တွေးမိသောအခါ ယွီရွေ့ကျူး နမ်းသွားခဲ့သော သူ့ ပါးပြင်နှင့် ပါးလျသော နှုတ်ခမ်းများမှာ ပူလောင်လာတော့သည်။

ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပိုလို့ပင် တင်းမာသွားတော့သည်။

...

ယွီရွေ့ကျူးနှင့် ရှဲ့ယင်းယန်တို့ ထိုနေ့အတွက် ဝက်သားနီနှပ် ရောင်းသည့် အလုပ်များ ပြီးစီးသွားပြီးနောက် မြင်းလှည်းဆီသို့ ပစ္စည်းများကို သယ်ဆောင်သွားစဉ် ကျောက်နာ ဝက်သားနီနှပ်ဆိုင်ရှေ့မှ ဖြတ်သွားခဲ့ကြသည်။

ကျောက်နာက သူတို့ကို ပြုံးပြနေသည်ကို မြင်ရဆဲဖြစ်ပြီး အတွင်းရှိဖောက်သည်များ ကြိတ်ကြိတ်တိုးနေမှုကို ပြသရန်ပင် သူမ နေရာကို တမင်တကာ ရွှေ့ပြသေးသည်။

ယွီရွေ့ကျူးက ထိုစည်ကားနေသော မြင်ကွင်းကို အသုံးပြုကာ ကျောက်နာက သူမကိုထပ်မံ သွေးဆောင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ထိုအရည်အသွေးညံ့ ဝက်သားများ သုံးစွဲမှုတွင် သူမကိုပါ ပါဝင်လာစေရန် ကြိုးစားနေကြောင်း သိသော် လည်း တိတ်ဆိတ်စွာ နေလိုက်သည်။

သူမ အတွင်းသို့ တစ်ချက်သာ လှမ်းကြည့်ပြီး ကျောက်နာကို ယဉ်ကျေးစွာ ပြုံးပြသည်။ သူမပုံမှာ သဘောတူခြင်းလည်း မရှိ၊ ငြင်းဆန်ခြင်းလည်း မရှိဘဲ အနည်းငယ် သွေးဆောင်ခံလိုက်ရပုံ ပေါက်နေသော်လည်း ကျောက်နာနှင့်အခြားသူများ ကိုမူ သူမ အစစ်အမှန် ရည်ရွယ်ချက်များကို မသိနိုင်အောင် ချန်ထားခဲ့သည်။

ဤမျှ ဈေးသက်သာသော ဝက်သားလုပ်ငန်းကို တစ်ခဏမျှ စဉ်းစားကြည့်ခြင်းမှာ နားလည်နိုင်သော်လည်း ကျောက်နာမှာ ယွီရွေ့ကျူးအတွက် စိတ်မသက်မသာ ဖြစ်နေမိသည်။ ယွီရွေ့ကျူး ပါဝင်လာစေရန် မည်သို့ ထပ်မံ သွေးဆောင်ရမည်ကို တွေးကာ ပိုလို့ပင် စိုးရိမ်နေတော့သည်။

ထိုအချိန်တွင် ယွီရွေ့ကျူးနှင့် ရှဲ့ယင်းယန်တို့မှာ ထောင်ဟွာရွာသို့ ပြန်ရန်မြင်းလှည်းကို စီးနင်းခဲ့ကြပြီ ဖြစ်သည်။

ယွီရွေ့ကျူးသည် သူတို့နှင့် လုံးဝ မပတ်သက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

'သူတို့ဘာသာ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာလေ၊ ငါက ဘာလို့ သူတို့နဲ့အတူတူ သေရမှာလဲ၊ ကျောက်နာရဲ့ ဝက်သားနီနှပ်ဆိုင် ဒေဝါလီခံသွားမယ့် အချိန်ကိုပဲ ငါ စောင့်နေလိုက်မယ်၊ ကျောက်နာဆိုင် မရှိတော့ရင် ငါက နေရာဝင်ယူလိုက်ရုံပဲလေ၊ ဘာလို့ မဖြစ်ရမှာလဲ'

ယနေ့တွင်လည်း ဟော်ချန်ယဲ့သည် လမ်းဆုံတွင် သူမကို ထုံးစံအတိုင်း လာစောင့်နေခဲ့ပြီး ယွီရွေ့ကျူးက သူ့ အရပ်ရှည်ရှည်နှင့် ထွားကြိုင်းသော ပုံရိပ်ကို အဝေးကပင် မြင်နေရသည်။

ယနေ့ အရောင်းအဝယ် သိပ်မကောင်းသော်လည်း ယွီရွေ့ကျူး စိတ်အခြေအနေကို မထိခိုက်စေခဲ့ပေ။ သူမ ပြုံးကာ မလှမ်းမကမ်းတွင် ရှိနေသော ဟော်ချန်ယဲ့ကို လက်လှမ်းပြလိုက်သည်။ သူက တစ်ခဏအကြာတွင် လက်ပြန်ပြလာသည်။

All Chapters