← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

🐽 Chapter 96

ကားပေါ်မှ ဆင်းပြီးနောက် သူမက ရှဲ့ယင်းယန်ကို နှုတ်ဆက်ပြီး သူတို့နှစ်ယောက် အိတ်များကို သယ်ကာ အိမ်သို့ ပြန်လာခဲ့ကြသည်။

သို့သော် ယနေ့တွင် ဟော်ချန်ယဲ့မှာ မထင်မှတ်ထားလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

ယွီရွေ့ကျူးက အစပိုင်းတွင် သိပ်ပြီး အလေးအနက် မထားခဲ့သော်လည်း အိမ်ပြန်ရောက်သောအခါ ခြံဝင်းထဲတွင် နံရိုးနှပ်နှင့် မှိုကြော်ကို မြင်လိုက်ရသည်။ သူမလည်း ပြုံးပြီး ဟော်ချန်ယဲ့ကို နှစ်ခွန်းသုံးခွန်းမျှ ချီးကျူးသော်လည်း သူက သိပ်ပျော်ရွှင်ပုံ မပေါ်ချေ။

သူ့အပြုံးက နူးညံ့နေသော်လည်း ယခင် ချီးကျူးခံရပြီး စနောက်ခံရပြီးနောက် ပြသလေ့ရှိသော သိသာထင်ရှားသည့် ခံစားချက်မျိုး ကင်းမဲ့နေသည်။

ယွီရွေ့ကျူးက မျက်ခုံးတစ်ဖက်ကို ပင့်လျက် ဟော်ချန်ယဲ့ စိတ်အခြေအနေ ပြောင်းလဲသွားမှုကို ဝိုးတဝါး ခံစားမိသည်။

"ဘာဖြစ်လို့လဲ၊ ရှင် မပျော်ဘူးလား"

စိတ်ဝင်စားစရာကောင်းသည်မှာ လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ဟော်ချန်ယဲ့သည် သူမကို ထိုစကားကို ပြောခဲ့ဖူးခြင်းပင်။ ယွီရွေ့ကျူးမှာ ရယ်ချင်သွားတော့သည်။

'သူတို့နှစ်ယောက်က ဘာလို့ ဒီလောက်တောင် တစ်လှည့်စီ ဖြစ်နေကြရတာလဲ၊ တစ်မိနစ်မှာ တစ်ယောက်က မပျော်ဘူး နောက်တစ်မိနစ်မှာ နောက်တစ်ယောက်က မပျော်ပြန်ဘူး'

ဟော်ချန်ယဲ့သည်လည်း ၎င်းကို သဘောပေါက်သွားပုံရသည်။ သူ့ နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးကို ကြည့်လိုက်ပြီး ခပ်ဟဟ ရယ်မောလာသည်။

"ကိုယ် ဘာမှမဖြစ်ပါဘူး၊ ဒီနေ့ နည်းနည်း ပင်ပန်းနေလို့ မရယ်နိုင်တော့တာ၊ နားလိုက်ရင် အဆင်ပြေသွားမှာပါ"

ယွီရွေ့ကျူးက သူ့ကို တစ်ခဏမျှ သေချာစွာ အကဲခတ်ကြည့်ပြီး သူ အနေခက်ပုံ မပေါ်ကြောင်း သေချာစေပြီးနောက် ခေါင်းညိတ်ပြသည်။

"ဟုတ်ပါပြီ"

ထိုည သူတို့ အတူတူ လှဲလျောင်းကြသောအခါ ယွီရွေ့ကျူးသည် ထုံးစံအတိုင်း သူမခေါင်းကို ဟော်ချန်ယဲ့ ရင်အုပ်ကြွက်သားများပေါ်တွင် တင်ကာ ရှင်းလင်းစွာ ပေါ်လွင်နေသော ဗိုက်ကြွက်သားများကို ပွတ်သပ်ရန် လက်ဆန့်ထုတ်ပြီး မကြာမီပင် ပျော်ရွှင်စွာ အိပ်ပျော်သွားတော့သည်။

ဟော်ချန်ယဲ့က အချိန်အတော်ကြာအောင် ယွီရွေ့ကျူးကို ငုံ့ကြည့်နေပြီးနောက် သူမခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူ့မေးစေ့ကို သူမ ဆံပင်များတွင် ပွတ်သပ်မိသည်။ ထို့နောက် အတွေးများစွာဖြင့် တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင်တော့ မိုးရွာနေခဲ့သည်။

ဟော်ချန်ယဲ့က အစောကြီး နိုးလာချိန်တွင် အပြင်ဘက်၌ မိုးဖွဲဖွဲလေး ရွာနေသည်ကို သတိထားမိသဖြင့် ထီးယူသွားရန် ယွီရွေ့ကျူးကို သတိပေးသည်။

ယွီရွေ့ကျူးက သိပ်ဂရုစိုက်ပုံ မပေါ်ပေ။

"ရပါတယ်၊ ကျွန်မ အမြဲတမ်း ထီးယူသွားတာပဲလေ၊ မယူ သွားရင် နေပူလွန်းလို့လေ"

ယွီရွေ့ကျူး မိုးကြိုးပစ်မည်ကို ကြောက်တတ်ကြောင်း သတိရသွားသဖြင့် ဟော်ချန်ယဲ့က မျက်မှောင်ကြုတ်မိပြီး ထိုနေ့တွင် အိမ်မှာပဲ နေပြီး နားရန် သူမကို အကြံပေးသည်။

သို့သော် ယွီရွေ့ကျူးက ငြင်းဆိုသည်။

သူမက မျက်တောင်လေး ပုတ်ခတ်ကာ သူ့ကို အပြစ်တင်ဟန်ဆောင်လျက် ပြေ။သည်။

"ရဲဘော်ချန်ယဲ့... ကျွန်မက မိုးကြိုးကြောက်တတ်ရုံနဲ့ ဘယ်လိုလုပ် အလုပ်မလုပ်ဘဲ နေလို့ရမှာလဲ၊ အဲဒီလိုဆိုရင် မိုးတွင်း လနဲ့ချီပြီး ကျွန်မ အပြင်ထွက် ဆိုင်ခင်းလို့ ရတော့မှာ မဟုတ်ဘူးလေ၊ စိတ်မပူပါနဲ့၊ မိုးက များလာမယ့်ပုံပေါ်ရင် ယင်းယန်နဲ့ ကျွန်မ အမြန်ပြန်လာခဲ့မယ် ဒါမှမဟုတ် မိုးခိုဖို့ နေရာရှာလိုက်မယ်လေ၊ မိုးဖွဲဖွဲလေးပဲ ဆိုရင်တော့ ကျွန်မ ဝက်သားနီနှပ် ဆက်ရောင်းပြီး ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"

သူမက ဟော်ချန်ယဲ့ ပခုံးကို ပုတ်လိုက်သည်။

"စိတ်မပူနဲ့တော့နော်၊ ဒီမိုးဖွဲဖွဲလေးက သိပ်ကြာကြာ ရွာမှာ မဟုတ်ပါဘူး၊ ခဏနေ တိတ်သွားမှာပါ"

"အင်း"

သို့သော်လည်း ယနေ့ မိုးဖွဲဖွဲလေးမှာ ယွီရွေ့ကျူး မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ မိုးဖွဲဖွဲလေးသာ ဖြစ်သော်လည်း အချိန်အတော်ကြာ ရွာသွန်းနေခဲ့ပြီး မွန်းလွဲပိုင်းသို့ ရောက်သောအခါ မိုးက ပိုသည်းလာတော့သည်။

ဟော်ချန်ယဲ့က သားသတ်ရုံတွင် အသားလှီးနေစဉ် အရှေ့ဘက် ကောင်းကင်ကြီးက သိပ်အခြေအနေ မကောင်းတော့ကြောင်း ဝိုးတဝါး ခံစားမိသည်။

သူက ကောင်းကင်ကို ထွက်ကြည့်ရာ မည်းမှောင်နေသော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး အလွန်ပင် မှိုင်းညို့နေသည်ကို မြင်တွေ့လိုက်ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိသည်ဟု မှန်းဆမ်သည်။

ပြီးခဲ့သည့် မိုးကြိုးမုန်တိုင်းအတွင်း ယွီရွေ့ကျူးက မုန်တိုင်း အသံများကို လျစ်လျူရှုရန် ကြိုးစားရင်း တုန်ယင်ကာ ဖြူလျော့နေလျက် သူမ နားရွက်များကို ပိတ်ထားရန် သူ့ လက်ကို မည်သို့ ဆုပ်ကိုင်ထားခဲ့ကြောင်းကို သတိရသွားသောအခါ ဟော်ချန်ယဲ့ ရင်ထဲတွင် တင်းကျပ်သွားတော့သည်။

ဟော်ချန်ယဲ့လည်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေလျက် သားသတ်ရုံမှ ထီးတစ်လက်ကို ဆွဲယူမိသည်။

"ငါ အပြင်ခဏ သွားလိုက်ဦးမယ်၊ မင်း သားသတ်ရုံကို စောင့်ထားလိုက်"

ဖောက်သည်များအတွက် အသားလှီးပေးနေရသဖြင့် အလုပ်ရှုပ်နေသေးသော ရှဲ့ချီမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် မိုးဖွဲဖွဲလေးထဲသို့ အလျင်စလို ထွက်သွားသော ဟော်ချန်ယဲ့ကိုသာ မြင်ရပြီး သူ့မြင်ကွင်းမှ အမြန်ပင် ပျောက်ကွယ်သွားတော့သည်။

ရှဲ့ချီ "..."

'နေပါဦး မကြာသေးခင်ကပဲ ငါရဲ့ အဆင့်အတန်းက ပိုပိုပြီး နိမ့်ကျလာတာလား၊ အစ်ကိုဟော်က အကြောင်းပြချက် တစ်ခုလေးတောင် မပေးဘဲ ရုတ်တရက်ကြီး အပြင်ထွက်သွားတယ်တဲ့လား'

သို့သော်လည်း ၎င်းသည် ယွီရွေ့ကျူးကြောင့်ဖြစ်မည်ဟု သူ ခန့်မှန်းနိုင်ခဲ့သည်။

သူ့ စိတ်ပျက်မှုများလည်း ပိုမို နက်ရှိုင်းလာတော့သည်။

...

ယနေ့ မိုးရွာနေသဖြင့် ဖော်သည်များသိပ်မများပေ။

ယွီရွေ့ကျူးက အိုးထဲရှိ ဝက်သားနီနှပ်များကို မွှေနေရင်း ယနေ့ အားလုံး ရောင်းကုန်ပါ့မလားဟု တွေးနေမိသည်။ မဟုတ်လျှင် နောက်နေ့အထိ အထားခံပါ့မလား ဆိုတာကို သူမ မသေချာပေ။

'အင်း... ဒါမှမဟုတ် ဟော်ချန်ယဲ့ကိုပဲ စားဖို့ ပေးလိုက်ရမလား၊ အဲဒါက သူ့ကျန်းမာရေးအတွက် ကောင်းမှာပဲ၊ သူ့လို သန်မာတဲ့ ခန္ဓာကိုယ်နဲ့ဆို သူ ပိုကောင်းလာဖို့ အများကြီး စားဖို့ လိုမှာ သေချာတယ်'

သူမ တွေးနေစဉ် ခေါင်းပေါ်ရှိ အမိုးပေါ်သို့ မိုးစက်များ ကျဆင်းလာသော မိုးသံက သူမနားထဲတွင် ပြည့်နှက်နေသည်။

အစပိုင်းတွင် ယွီရွေ့ကျူးသည် နေကာရန်အတွက် ရိုးရိုးထီးတစ်လက်ကိုသာ အသုံးပြုခဲ့သော်လည်း အမြဲတမ်း လက်ဖြင့် ကိုင်ထားရသည်မှာ ဒုက္ခများလွန်းသဖြင့် သူမဆိုင်ကို အရိပ်ရစေရန် ဟော်ချန်ယဲ့ သိုလှောင်ရုံမှ အသုံးမပြုသော ထီးအကြီးကြီး တစ်လက်ကို ယူဆောင်လာခဲ့သည်။

ယခုအခါ ၎င်းသည် မိုးဒဏ်ကို ကာကွယ်ရန်အတွက် အလွန် အသုံးဝင်နေတော့သည်။

မိုးက ပိုသည်းလာပုံရပြီး တခြားသူများ ထပ်လာဦးမလားဟု သူမ တွေးနေမိသည်။ စောစော ဆိုင်သိမ်းသင့်လားဟုပင် ယွီရွေ့ကျူး စဉ်းစားနေပြီ ဖြစ်သည်။

ထိုစဉ် ရုတ်တရက် သူမ ဆိုင်ရှေ့တွင် လူတစ်ယောက် ပေါ်လာသည်။

"ယွီရွေ့ကျူး..."

အက်ရှပြီး တိုးညင်းသော အမျိုးသား အသံတစ်သံကြောင့် ယွီရွေ့ကျူး မျက်ခုံးတစ်ဖက်ကို ပင့်ကာ မော့ကြည့်ချိန် မတွေ့ရသည်မှာ ကြာပြီဖြစ်သော စုန့်ချင်းရှန်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ယခင်ကအတိုင်း ရှပ်အင်္ကျီအဖြူနှင့် ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထားပြီး သူမကို အမုန်းတရားများဖြင့် စူးရဲစွာ ကြည့်နေသည်။

ယွီရွေ့ကျူး "..."

'ဘာဖြစ်လို့လဲ၊ ငါ သူ့ကို ထပ်မရိုက်ခဲ့ပါဘူး၊ စုန့်ချင်းရှန်းက ဘာလို့ ရုတ်တရက်ကြီး ငါကပဲ သူ့ကို သစ္စာဖောက်ခဲ့သလိုမျိုး လာလုပ်နေရတာလဲ၊ အဲဒါက ဘယ်လို မျက်နှာအမူအရာကြီးလဲ'

၎င်းကို မြင်သောအခါ ရှဲ့ယင်းယန်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ အမြန် မတ်တတ်ထရပ်ပြီး စုန့်ချင်းရှန်းအား ကော်လာအနောက်ဘက်မှ ဆွဲကာ သူ့ကို အပြင်သို့ ဆွဲထုတ်ရန်ကြိုး စားသည်။

"ရှင် နည်းနည်း နောက်ဆုတ်ပြီး ရပ်သင့်တယ်၊ အဲဒီလောက် အနားကို မကပ်နဲ့၊ ပြီးတော့ အစ်မရွေ့ကျူးနဲ့ ရင်းနှီးအောင် မကြိုးစားနဲ့၊ သူဌေးမလို့ပဲ ခေါ်"

စုန့်ချင်းရှန်းမှာ ဆွဲခံလိုက်ရသဖြင့် ယိုင်သွားပြီး သူ့ဟန်ချက်ကို ထိန်းရန် အနိုင်နိုင်ကြိုးစားရသည်။ သူ့ မျက်မှန်မှာ ပြုတ်ကျလုမတတ် ဖြစ်သွားပြီး မျက်နှာမှာ ပိုအရုပ်ဆိုးသွားတော့သည်။

သူက ကိုယ်ရံတော်တစ်ယောက်အလား ယွီရွေ့ကျူးကို စောင့်ကြပ်နေသော ရှဲ့ယင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နာကြည်းမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ယွီရွေ့ကျူးကို ထပ်မံ ကြည့်ပြန်သည်။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

"ငါ မင်းကို ပြောစရာရှိတယ် ယွီရွေ့ကျူး"

ယွီရွေ့ကျူး "ဘာပြောစရာ ရှိလို့လဲ"

စုန့်ချင်းရှန်းက ရှဲ့ယင်းယန်ကို တစ်ချက်ကြည့်ပြီး တိတ်ဆိတ်သွားရာ သူ့ အဓိပ္ပာယ်မှာ အတော်လေး ရှင်းလင်းလှသည်။

မိုးရွာနေ၍လားမသိ ယွီရွေ့ကျူးမှာ ပျင်းရိနေပြီး အနည်း ငယ် သိချင်စိတ် ဖြစ်လာသဖြင့် ပိုက်ဆံပုံးထဲမှ ငွေအချို့ကို ယူကာ ရှဲ့ယင်းယန်ကို ကမ်းပေးသည်။

"ယင်းယန် ငါ့အတွက် သစ်သီး သွားဝယ်ပေးပါဦး၊ ငါ မက်မွန်သီး စားချင်လို့"

ရှဲ့ယင်းယန် တုံ့ဆိုင်းနေသော်လည်း အဆုံးတွင် ခြေကိုဆောင့်ကာ ထီးကို ဆွဲယူပြီး အပြင်သို့ထွက်သွားတော့သည်။

အဆုံးတွင်တော့ စုန့်ချင်းရှန်းမှာ စိတ်သက်သာရာ ရသွားတော့သည်။

သူက ယွီရွေ့ကျူးကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် သူမကို စမေးသည်။

"ဒီလောက်ကြာတာတောင် ငါ မင်းကို မဆက်သွယ်ရင် မင်းကလည်း ငါ့ကို မဆက်သွယ်ဘူးပဲ၊ ယွီရွေ့ကျူး... မင်း ငါ့ကို တကယ်ပဲ ဂရုမစိုက်တာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား"

သူက ဖန်တရာသေနေသော စကားများကိုသာ ထပ်ပြောနေသည်ကို ကြားသောအခါ ယွီရွေ့ကျူးမှာ ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ကွယ်သွားပြီး သစ်သီးဝယ်ရန် ရှဲ့ယင်းယန်ကို ပိုက်ဆံပေးမိသည်ကိုပင် နောင်တရသွားတော့သည်။

'တကယ် ဖြုန်းတီးမိတာပဲ'

သူမက ကုလားထိုင် အနောက်ဘက်သို့ ပျင်းရိပျင်းတွဲ မှီချပြီး မျက်လုံးများကို မှေးကာ သူ့ကို မော့ကြည့်လိုက်သည်။

"ကျွန်မ ရှင့်ကို ဂရုမစိုက်ဘူး"

စုန့်ချင်းရှန်း ခေါင်းရမ်းပြီး သူ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ သူ့ သဘောထားမှာ မယိမ်းမယိုင် ရှိနေဆဲပင်။

All Chapters