← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

🐽 Chapter 97

"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ ရွေ့ကျူးရယ်၊ ငါ မင်းအကြောင်းကို သိပါတယ်၊ ဒီအချိန်တွေ တစ်လျှောက်လုံး မင်းရဲ့ သဘောထားကို ငါ သဘောပေါက်ထားပြီးပြီ၊ မင်းက ငါ့ကို ဒေါသထွက်အောင် တမင်တကာ လုပ်နေတာပဲ"

"အဲဒီ သားသတ်သမားကို မင်း ဘယ်လိုလုပ် တကယ် သဘောကျနိုင်မှာလဲ၊ အရင်တုန်းက မင်းက ငါ့လို သေသပ်လှပပြီး အသားဖြူဖြူ ချောချောမောမော ပညာတတ်ပြီး ယဉ်ကျေးတဲ့ ယောကျ်ားမျိုးကို သဘောကျတယ်လို့ ပြောခဲ့ဖူးတယ်လေ၊ ဒါပေမဲ့ အဲဒီ သားသတ်သမားက မင်းရဲ့ သတ်မှတ်ချက်တွေနဲ့ လုံးဝ ကွာခြားတဲ့အပြင် ဆန့်ကျင်ဘက်တောင် ဖြစ်နေသေးတယ်"

"မင်းက လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်ကို အရေးအကြီးဆုံး ထားတယ်လေ ပြီးတော့ အဲဒီ သားသတ်သမားရဲ့ မျက်နှာပေါ်မှာ အမာရွတ်ရှိတယ်၊ အဲဒီလောက် ရုပ်ဆိူးတဲ့ဟာကြီးကို နေ့ရောညပါ မြင်ရတော့ မင်း ရွံရှာနေမှာပဲ၊ သူ့ကို ထိတွေ့ရတဲ့ စက္ကန့်တိုင်းမှာ မင်း အန်ချင်စိတ်ကို မျိုသိပ်ထားရမှာ သေချာတယ်"

"မင်းက သည်းခံနိုင်စွမ်း အရမ်းကောင်းတာပဲ၊ ငါ့ရှေ့မှာ အဲဒီ သားသတ်သမားနဲ့ ရင်းနှီးဟန်ဆောင်ပြီး ကြင်ကြင်နာနာတွေ လုပ်ပြနေတယ် ဒါပေမဲ့ မင်းက ငါ့ကို ပြန်ပြီး လက်စားချေဖို့ ဒီနည်းလမ်းကို တမင်တကာ သုံးနေတာ မဟုတ်လား ရွေ့ကျူး..."

"မင်း ငါ့ကို မုန်းနေတုန်းပဲဆိုတာ ငါ သိတယ်၊ ငါနဲ့ ငါ့မိသားစုက မင်းအပေါ် လုပ်ခဲ့တာတွေကို မင်း နာကြည်းနေတုန်းပဲဆိုတာလည်း သိတယ်၊ ငါက မင်းနဲ့ အရမ်းရင်းနှီးခဲ့တာလေ ပြီးတော့ မင်းမိသားစုဘက်က ကမ်းလှမ်းလာတဲ့ မင်္ဂလာကိစ္စကို ငါက ငြင်းပယ်ပြီး မင်းကို လျစ်လျူရှုခဲ့တယ်၊ အကျိုးဆက်က မင်းမိသားစုက မင်းတစ်ခါမှ မမြင်ဖူးပြီး သဘောမကျတဲ့ သားသတ်သမား တစ်ယောက်ကို အတင်းအကျပ် လက်ထပ်ခိုင်းခဲ့တာပဲ"

"အရင်က ဖြစ်ခဲ့တာတွေက တကယ်တော့ ငါ့အမှားပါ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုယ်မင်း ဒီလိုမျိုး မဖျက်ဆီးသင့်ဘူးလေ မင်း အိမ်ထောင်ကျနေပြီ ဆိုပေမဲ့လည်း သူ့ကို သဘောမကျဘူးဆိုရင် မင်း ကွာရှင်းလို့ ရပါတယ် ငါ့ကို ဒေါသထွက်အောင် လုပ်ဖို့အတွက် ရွံရှာစက်ဆုပ်မှုကို သည်းခံပြီး သူနဲ့ ရင်းနှီးချစ်ခင်ဟန် ဆောင်နေစရာ မလိုဘူး၊ သူ့ကို တမင်တကာ အာရုံစိုက်လာအောင် လုပ်ဖို့အတွက် မင်းရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လုပ်နေစရာ မလိုဘူး"

"သူက ဘယ်တုန်းကမှ မင်းအကြိုက်မျိုး မဟုတ်ခဲ့ဘူး၊ မင်းက လှတယ်လေ၊ ကွာရှင်းပြီးရင် ဘယ်လို ယောကျ်ားမျိုးကို မင်း ရှာမရနိုင်မှာမို့လို့လဲ ပြီးတော့ မင်းကို နာကျင်အောင် လုပ်ခဲ့တာက ငါပါ၊ မင်း ငါ့ကို လက်စားချေလို့ ရပါတယ် ဒါပေမဲ့ မင်းကိုယ်မင်းတော့ နာကျင်အောင် မလုပ်နဲ့တော့"

"အဲဒီ သားသတ်သမားက မင်း သဘောကျတဲ့ ပုံစံမျိုး လုံးဝ မဟုတ်ဘူး"

"မင်းက သူနဲ့ ရင်းနှီးချင်နေသေးတာလား၊ သူနဲ့အတူ ရယ်မော နောက်ပြောင်ပြီး ရင်းနှီးတဲ့ အပြုအမူတွေ လုပ်ဖို့အတွက် မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် ထိန်းချုပ်ပြီး အတင်းအကျပ် လုပ်ခဲ့ရမလဲ ဆိုတာကို ငါ တွေးတောင် မတွေးရဲဘူး၊ ရွေ့ကျူး... မင်းကိုယ်မင်း ဒီလိုမျိုး ဆက်ဆံစရာ မလိုပါဘူးကွာ"

စုန့်ချင်းရှန်းက မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာ လေးလေးနက်နက် ပြောဆိုနေခဲ့ပြီး သူ့စကားများမှာ ပိုပိုပြီး အဓိပ္ပာယ်မဲ့လာကာ ယွီရွေ့ကျူးမှာ လုံးဝကို ကြောင်အမ်း အမ်း ဖြစ်သွားတော့သည်။

'နေပါဦး၊ ငါလေးမှာ အဲဒီလောက် ရှုပ်ထွေးတဲ့ အတွေးတွေ ဘယ်မှာရှိနေခဲ့လို့လဲ၊ ငါ ကိုယ်တိုင်တောင် မသိပါလား'

'စုန့်ချင်းရှန်းက ဘာလို့ စိတ်ဖတ်တတ်တဲ့သူလို ဟန်ဆောင်ပြီး သူ့ကိုယ် သူ သဘောပေါက် အကုန်နားလည်နေတယ်လို့ ထင်နေရတာလဲ၊ တကယ်တော့ အဲဒါတွေက သူ့ရဲ့ အခြေအ မြစ်မရှိတဲ့ ခန့်မှန်းချက်တွေ သက်သက်ပဲဟာကို'

'အဲ့ဒီ သောက်အဓိပ္ပာယ်မရှိတာတွေက ဘာတွေလဲဟ'

သူမက ဟော်ချန်ယဲ့နှင့် ရင်းနှီးချင်ခဲ့သည်မှာ သူက ခန့်ညားပြီး ခန္ဓာကိုယ် တောင့်တင်းကာ သဘောကောင်းပြီး အလွဝ်ချစ်စရာကောင်းသောကြောင့် ဖြစ်သည်။ သူမ စနောက်လိုက်လျှင် အလွယ်တကူ ရှက်သွေးဖြာတတ်ပြီး အလွန်အပြစ်ကင်းစင်ကာ ရိုးသားသည်။

ကြက်တစ်ကောင်လို ပိန်ကပ်ကာ လုပ်သမျှ ကိစ္စတိုင်းတွင် ကိုယ်ပိုင် အကျိုးစီးပွားကိုသာ ဂရုစိုက်တတ်သော တစ်ကိုယ် ကောင်းဆန်သည့် စုန့်ချင်းရှန်းထက် အများကြီးပိုကောင်းသည် မဟုတ်ပါလား။

စုန့်ချင်းရှန်းက တစ်ခုခု ထပ်ပြောတော့မည်ကို မြင်သောအခါ ယွီရွေ့ကျူးက သူ့ကို တစ်ချက်ကြည့်ပြီး စကားဖြတ်ပြောလိုက်သည်။

"ကျွန်မ..."

စုန့်ချင်းရှန်း စိတ်ကူးယဉ်နေသလိုမျိုး ရှုပ်ထွေးသော အတွေးများ သူမတွင် လုံးဝ မရှိကြောင်းနှင့် စုန့်ချင်းရှန်းက အလွန် အမင်း တွေးလွန်နေခြင်းသာ ဖြစ်ကြောင်း သူမ ပြောချင်ခဲ့သည်။

သို့သော် သူမ စကားမပြောနိုင်ခင်မှာပင် စုန့်ချင်းရှန်းက သူမကို ရုတ်တရက်ဆွဲကာ တင်းကျပ်စွာ ဖက်လာတော့သည်။

ယွီရွေ့ကျူး "!!!"

ထိုရုတ်တရက်ဆန်လှသည့် အပြုအမူကြောင့် ယွီရွေ့ကျူး အငိုက်မိသွားပြီး သူမနားထဲတွင် စုန့်ချင်းရှန်း၏ အသံကို ကြားလိုက်ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ရွေ့ကျူးရယ်... ငါတို့က ငယ်သူငယ်ချင်းတွေပါ၊ အတူတူ ကြီးပြင်းလာခဲ့ကြတာပဲလေ၊ မင်း ငါ့ကို ဒေါသထွက်နေရင်တောင် မင်းရဲ့ အိမ်ထောင်ရေးနဲ့ ခန္ဓာကိုယ်ကို နောက်ပြောင်တဲ့ ကိစ္စတစ်ခုလို မလုပ်သင့်ဘူး၊ မင်း အဲဒီ ားသတ်သမားကို မုန်းနေတာပဲ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ထိတွေ့ခိုင်းနေရတာလဲ၊ တုံးအတဲ့ အလုပ်တွေ မလုပ်ပါနဲ့"

ယွီရွေ့ကျူး "..."

'ဒီကောင် ရူးသွားပြီပဲ၊ ဒီလို အဓိပ္ပာယ်မရှိတာတွေကိုတောင် လျှောက်ပြောနေတယ်'

အပြင်ဘက်တွင် မိုးက ပိုသည်းလာသည်။ ယွီရွေ့ကျူးမှာ သူ လျှောက်ပြောနေမှုများကို နားထောင်ရန် စိတ်ရှည်မှု မရှိတော့ပေ။ သူ့ ပွေ့ဖက်မှုက သူမကို ကြက်သီးထသွားစေပြီး စုန့်ချင်းရှန်းကို တွန်းဖယ်ကာ ရင်းနှီးနေသော ပါးရိုက်ချက်တစ်ခုကို ပေးရန်ပြင်လေသည်။

သို့သော် သူမလက်က စုန့်ချင်းရှန်း ပခုံးပေါ်သို့ ကျရောက်သွားချိန် သူ့ကို မတွန်းဖယ်နိုင်ခင်မှာပင် စိတ်မရှည်တော့သော သူမအကြည့်များက အရှေ့ဘက်သို့ ရောက်သွားပြီး အံ့သြမှုကြောင့် မျက်မှောင်ကြုတ်သွားကာ ကျောက်ရုပ်အလား ရပ်တန့်သွားမိသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးက ဆိုင်အမိုးစွန်းတွင် ရေတံခွန်တစ်ခုအလား စီးကျနေပြီး မြို့ပေါ်ရှိ မြေသားလမ်းများမှာ ယခုအခါ စိုရွှဲကာ ရွှံ့ဗွက်များဖြစ်နေသည်။ လမ်းတစ်ဖက်ကမ်းရှိ ကုန်ပစ္စည်းဖြန့်ချိရေးနှင့် ဈေးကွက်သမဝါယမ အဝင်ဝတွင်တော့ ဟော်ချန်ယဲ့ ရပ်နေသည်။

မိုးစက်များ ကျဆင်းသံက ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။

ယွီရွေ့ကျူးသည် မိုးရေများကြားမှ ဟော်ချန်ယဲ့ မျက်နှာအမူအရာကို မမြင်ရသော်လည်း သူသည် အိမ်မှ ယူလာသော တစ်ဖက်ကျိုးနေသည့် ထီးကို ကိုင်ထားပြီး ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မျက်ဝန်းများက သူမထံတွင် စူးစိုက်နေသည်ကိုသာ မြင်ရသည်။ သူ အချိန်အတော်ကြာ မလှုပ်မယှက် ရပ်နေပုံရှိသည်။

ဤသည်မှာ မည်မျှ ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ် ကြောင်းနှင့် အမှန်ပင်ငရဲခန်းတစ်ခု ဖြစ်ကြောင်းကို ယွီရွေ့ကျူး နောက်ကျမှ သဘောပေါက်သွားတော့သည်။

သူမက စုန့်ချင်းရှန်းကို အားကုန် တွန်းဖယ်ကာ နောက်ကျနေပြီဖြစ်သော ပါးရိုက်ချက်က စုန့်ချင်းရှန်း မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

ဖြန်း~

သူမ အေးစက်စွာဖြင့် တစ်ခါတည်း ပြောသည်။

"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ အဲဒီလိုမျိုး မဖြစ်ခဲ့ဘူး၊ နောက်တစ်ခါ ရှင် အဲဒီလိုထပ်ပြောရင် တစ်ချက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူးနော်"

စုန့်ချင်းရှန်းကို ပါးရိုက်ပြီးနောက် သူမ နီရဲသွားသော လက် ဖဝါးကို ပွတ်သပ်မိသော်လည်း သူ့ကို မကြည့်ဘဲ အရှေ့ဘက်ရှိ ဟော်ချန်ယဲ့ကိုသာ မျက်မှောင်ကြုတ်လျက်ကြည့်ကာ အခြေအနေကို သူ့အား မည်သို့ ရှင်းပြရမည်နည်းဟု တွေးနေမိသည်။

အဓိကမှာ စုန့်ချင်းရှန်း ရုတ်တရက် ခုန်အုပ်လာချိန်တွင် သူမ မတုံ့ပြန်နိုင်ခဲ့ခြင်းပင်။

သို့သော် စုန့်ချင်းရှန်းမှာမူ မျက်နှာကို အုပ်ကာ ရုတ်တရက် ရယ်မောလာတော့သည်။ သူက ယွီရွေ့ကျူးကို အလွန် သေချာနေသော အမူအရာဖြင့် ကြည့်လာသည်။

"ရွေ့ကျူး... မင်း ရှက်ပြီး ဒေါသထွက်နေတာကိုး၊ ငါပြောတာ မှန်တယ် မဟုတ်လား"

ယွီရွေ့ကျူး ပါးရိုက်လိုက်သော သူ့ မျက်နှာမှာ ယခင်ကထက်ပင် ပိုစပ်ဖျင်းဖျင်း ဖြစ်သွားသော်လည်း စုန့်ချင်းရှန်းမှာ ပြီးခဲ့သည့်အကြိမ်ကလောက် ဒေါသမထွက်ခဲ့ပေ။

ယခင်က နှစ်ကြိမ်တိုင်တိုင် နှိပ်စက်ခံခဲ့ရသော အတွေ့အကြုံကြောင့် ဖြစ်နိုင်သလို ယွီရွေ့ကျူး စိတ်နေစိတ်ထားကို သူ ဆုပ်ကိုင်မိသွားပြီဟု ခံစားရသောကြောင့်လည်း ဖြစ်နိုင်ကာ မည်သို့ဖြစ်စေ သူ ကျေနပ်နေခဲ့သည်။

စုန့်ချင်းရှန်း မဲ့ပြုံးတစ်ခုဖြင့် သူမကို ကြည့်လာသည်။ သူ့ ဖြူဝင်းသော အသားအရေပေါ်တွင် ယွီရွေ့ကျူး ရိုက်ထားသော နေရာလေးသာ နီရဲနေသော်လည်း သူကမူ ဂရုစိုက်ပုံ မရပေ။ သူ့အညိုနုရောင် မျက်လုံးများတွင် အပြုံးရိပ်လေးတစ်ခုပင် ပါဝင်နေသေးသည်။

"မင်း ငါ့ကို ဒီလိုဆက်ဆံဖို့ အရင်က တစ်ခါမှ မလုပ်ရဲခဲ့ဘူးလေ၊ ငါ့ရှေ့မှာဆိုရင် မင်းက အမြဲတမ်း နူးညံ့သိမ်မွေ့နေတတ်တယ်တာ၊ မင်းမှာ ဒီလိုဘက်လေးလည်း ရှိနေတာကိုး၊ ဒါက အရင်ကထက် ပိုပြီးအသက်ဝင်တယ်"

ယွီရွေ့ကျူး "..."

'နေပါဦး ဒီကောင်မှာ Masochist ရောဂါရှိနေတာလား၊ သူက အရိုက်ခံရပြီးတာတောင် ရယ်နေတယ်၊ စုန့်ချင်းရှန်း တကယ် ရူးနေတာလား'

စုန့်ချင်းရှန်းက ယွီရွေ့ကျူး ဇဝေဇဝါဖြစ်နေမှုကို သတိမထားမိပေ။

သူက အရှေ့ရှိ ယွီရွေ့ကျူး မျက်နှာကို ငုံ့ကြည့်နေသည်။ သူမ ဆွဲဆောင်မှုရှိပြီး လှပသော မျက်နှာလေးမှာ ဒေါသကြောင့် လောင်ကျွမ်းလုမတတ် ဖြစ်နေကာ အလွန်ကို ပြင်းထန်လွန်းလှသည်။

ကြောင်လေးတစ်ကောင်အလား ကော့ညွှတ်နေသော သူမ မျက်လုံးများမှာ နက်မှောင်ကာ တောက်ပနေပြီး အထူးပင် စူးရှတောက်ပနေသည်။

သူ့လည်စိမှာ အလိုအလျောက် လှုပ်ရှားသွားပြီး စိတ်ထဲတွင် ခပ်ရေးရေး နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။ ဘေးတွင် တွဲကျနေသော သူ့လက်က အလိုအလျောက်ပင် ယွီရွေ့ကျူးကို ထိတွေ့ရန် ဆန့်ထွက်လာသည်။ သို့သော် သူ မထိနိုင်ခင်မှာပင် တားဆီးခံလိုက်ရသည်။

မိုးမှာ သည်းထန်စွာ ရွာသွန်းနေပြီး ထီးတစ်ဝက် ကျိုးနေသောကြောင့် ဟော်ချန်ယဲ့ ခန္ဓာကိုယ် တစ်ဝက်မှာ စိုရွှဲနေ သည်။ သူ့ အင်္ကျီမှာ စိုစွတ်နေပြီး ကြွက်သားအပြည့်ရှိသော ခန္ဓာကိုယ်တွင် ကပ်နေကာ သန်မာပြီး စွမ်းအားပြည့်ဝသော လက်မောင်းများကို ဖော်ပြထားပြီး လှုပ်ရှားမှုတိုင်းနှင့်အတူ သွေးကြောများနှင့် ကြွက်သားများမှာ တင်းမာနေသည်။

ဟော်ချန်ယဲ့က စုန့်ချင်းရှန်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး သူ့နက်မှောင်သော မျက်ဝန်းများက အေးစက်စွာ စူးစိုက်ကြည့်လာသည်။

"ကျေးဇူးပြုပြီး... ကိုယ့်ကိုယ်ကိုယ် လေးစားမှုလေးတော့ ရှိပါဦး၊ ယွီရွေ့ကျူးက ခင်ဗျား မိန်းမ မဟုတ်ဘူး၊ ကျွန်တော့် မိန်းမပါ"

စုန့်ချင်းရှန်း မျက်နှာအမူအရာမှာ ပြောင်းလဲသွားကာ မည်းမှောင်သွားတော့သည်။

သူ ဒေါသထွက်သွားပြီး လက်ကောက်ဝတ်ကို ရုန်းထွက်ရန် ကြိုးစားသော်လည်း ဤကျိန်ဆဲချင်စရာကောင်းသော သားသတ်သမားမှာ ရှင်းပြ၍မရနိုင်သော ခွန်အားများ ပိုင်ဆိုင်ထားသည်။ အားစိုက်ထုတ်စရာမလိုဘဲ ဆုပ်ကိုင်ထားသလို ထင်ရသော်လည်း သံညှပ်တစ်ခုနှင့် တူနေကာ သူ မည်သို့လုပ်လုပ် လက်ကိုရုန်းထွက်၍မရပေ။ ပိုမိုတင်းကျပ်လာသော ဖိအားကိုပင် သူ ခံစားနေရသဖြင့် စုန့်ချင်းရှန်းမှာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားမိသည်။

All Chapters