အခန်း ၉၈
Vol. 10 Ch. 98
🐽 Chapter 98
သူသည် ယွီရွေ့ကျူးရှေ့တွင် မည်သည့် ထူးခြားမှုမျှ မပြမိစေရန် တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းရန် ရုန်းကန်နေရသည်။ သို့တိုင်အောင် သူ့ အသက်ရှူသံများ လေးလံလာပြီး ဟော်ချန်ယဲ့ တားဆီးမှုကြောင့် မျက်နှာမှာ ပိုမည်းမှောင်သွားတော့သည်။
'ဒီသားသတ်သမားက ယွီရွေ့ကျူးကို သူ့မိန်းမလို့ ခေါ်ရဲသေးတယ်ပေါ့၊ သူ ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်သင့်တာ၊ သူ့မှာ ဘာအခွင့်အရေး ရှိလို့လဲ'
စုန့်ချင်းရှန်း လက်ကောက်ဝတ်မှ နာကျင်မှုကို သည်းခံရင်း ဟော်ချန်ယဲ့အကြည့်ကို ရင်ဆိုင်ရန် မော့ကြည့်လိုက်သည်။ ယွီရွေ့ကျူးကို သူ အထင်သေးပြီး ယခင် ယွီရွေ့ကျူးကို ပျင်းစရာကောင်းသည်ဟု ထင်ခဲ့သော်လည်း သူမက သူ့အနားတွင် အမြဲတမ်းဝဲလည်နေခဲ့သူ တစ်ယောက်ဖြစ်သည်။ သူမက သားသတ်သမားကို တမင်တကာ ကောင်းကောင်းမွန်မွန် ဆက်ဆံပြနေခြင်းမှာ သူ့ကို ဒေါသထွက်စေရန်သက် သက်သာဖြစ်ရမည်။
ထိုသားသတ်သမားသည်တော့ ဘာမှမသိဘဲ ယွီရွေ့ကျူးကို သူ့ကိုယ်ပိုင် ဇနီးတစ်ယောက်လို ဆက်ဆံနေပြီး သူမကို သူ့ကိုယ်ပိုင် နယ်မြေတစ်ခုလို သတ်မှတ်ကာ သူ့ကိုတောင် နာကျင်အောင်လုပ်ရဲသေးသည်။ သူ ဘယ်က သတ္တိတွေရှိနေတာလဲ။
စုန့်ချင်းရှန်းက ဒေါသတကြီး ရယ်ချလိုက်သည်။
"သူက အခု မင်းမိန်းမ ဖြစ်နေရုံနဲ့ အမြဲတမ်း မင်းမိန်းမ ဖြစ်နေမယ်လို့ ဆိုလိုတာလား၊ မင်းရဲ့ ရုပ်ရည်နဲ့တောင် မင်းက ရွေ့ကျူးကို မင်းမိန်းမလို့ ပြောရဲသေးတယ်ပေါ့"
ယွီရွေ့ကျူးက သူ့ကို စိတ်ထဲမှ ကျိန်ဆဲပြီးနောက် မျက်လုံးလှန်ကာ ပြန်လည် ချေပလေသည်။
"စုန့်ချင်းရှန်း... ရှင် အရိုက်ခံချင်လို့ ယားနေတာလား၊ ဟော်ချန်ယဲ့နဲ့ ကျွန်မက အခု လင်မယားတွေပဲ၊ အမြဲတမ်းလည်း လင်မယား ဖြစ်နေမှာ၊ ပြီးတော့ ကျွန်မတို့ ကိစ္စက ရှင်နဲ့ ဘာဆိုင်လို့လဲ"
ယွီရွေ့ကျူး စကားများကြောင့် ဟော်ချန်ယဲ့ အေးစက်သော မျက်နှာထားမှာ နူးညံ့မသွားခဲ့ပေ။ မင်ရည်ကဲ့သို့ နက်မှောင်နေသော သူ့ မျက်ဝန်းများဖြင့် စုန့်ချင်းရှန်းကို အေးစက်စွာ စူးစိုက်ကြည့်နေဆဲပင်။
စုန့်ချင်းရှန်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော သူ့ လက်မှာ လျော့ရဲမသွားသည့်အပြင် စုန့်ချင်းရှန်း စကားများကြောင့် ပိုတင်းကျပ်လာတော့သည်။
အရိုးများ အက်ကွဲသံကိုပင် ယွီရွေ့ကျူး ကြားနေရပြီး စုန့်ချင်းရှန်းမှာ သိသာစွာပင် နာကျင်နေသည်ကို မြင်ရသော အခါ ဟော်ချန်ယဲ့တွင် ကန့်သတ်ချက်ရှိကြောင်း သိသော် လည်း ယွီရွေ့ကျူးမှာ သဝန်တိုမှုတစ်ခုကို ခံစားလိုက်ရပြီး သူတို့နှစ်ဦးကို ခွဲရန်ကြားဝင်ရတော့သည်။
သူမလက်က ဟော်ချန်ယဲ့ လက်ပေါ်သို့ ကျရောက်သွားကာ သူ့လက်ပေါ် ထပ်လျက် သူ့ကို မော့ကြည့်ကာ ပြောသည်။
"ပြဿနာ ဆက်မရှာနဲ့တော့၊ တကယ်လို့ ဆေးခန်းကိုရောက်သွားရင် မတန်ဘူးလေ"
ထို့နောက် သူမက စုန့်ချင်းရှန်းကို စူးရဲစွာ ကြည့်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောတာ ရပ်လိုက်တော့ စုန့်ချင်းရှန်၊ ရှင် နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင် ရှင့်ကို ကျွန်မ ထပ်ရိုက်မှာနော်"
ယုတ်မာပြီး ရိုင်းစိုင်းသော စုန့်ချင်းရှန်း ပါးစပ်ကြောင့် ဟော်ချန်ယဲ့က သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မည်ကို ယွီရွေ့ကျူး အလွန်အမင်း စိုးရိမ်နေခဲ့သည်။
အကယ်၍ အခြားသူ တစ်ယောက်ယောက်သာဆိုလျှင် ယွီရွေ့ကျူး လက်ခုပ်တီး၍ အားပေးမည်ဖြစ်သော်လည်း ဟော်ချန်ယဲ့သာ လုပ်မည်ဆိုပါက ဆေးကုသစရိတ်ကို သူမက ပေးရမည်ဖြစ်ရာ ၎င်းကို လက်မခံနိုင်ချေ။
သို့သော် စုန့်ချင်းရှန်းမှာ သိသာစွာပင် စိတ်မတည်ငြိမ်ဖြစ်နေသည်။ ယွီရွေ့ကျူး နောက်ဆုံးစကားကို သူ သတိမထားမိသည့်အလား သူမ သဘောထားကိုလည်း ဂရုမစိုက်ဟန်ဖြင့် ရယ်ချလာသည်။ သူက ကျေနပ်နေပုံပင် ရသည်။
"ရွေ့ကျူး... မင်း ငါ့ကို ဂရုစိုက်ပြီး သနားနေတုန်းပဲဆိုတာ ငါသိတယ်၊ ငါ့အပေါ် မင်းရဲ့ သဘောထားက အရင်နဲ့ မကွာသေးဘူးပဲ"
ယွီရွေ့ကျူး "..."
'ကွာခြားတာပေါ့၊ တစ်ယောက်ကိုကျတော့ ဆူတောင် မဆူရက်ဘူး နောက်တစ်ယောက်ကိုကျတော့ ရက်ရက်စက်စက် ဆူရုံတင် မကဘူး ရိုက်တောင် ရိုက်သေးတယ်လေ'
'ဒါပေမဲ့ ကံဆိုးတာက တခြားတစ်ယောက်က ရောဂါသည် ဖြစ်နေတာပဲ သူက ဆူခံရရင် ကျေနပ်ပြီး အရိုက်ခံရရင် ပျော်နေတာ၊ အရမ်းကို ကပ်ဖားရပ်ဖား နိုင်လွန်းတာပဲ'
ယွီရွေ့ကျူးသည် စုန့်ချင်းရှန်းကို စကားဆက်မပြောချင်တော့ပေ။ ထိုစဉ် ရှဲ့ယင်းယန်က သစ်သီးဝယ်ရာမှ ပြန်ရောက်လာသည်။
ပစ္စည်းအိတ်ကြီးများကို သယ်ဆောင်လာသော ရှဲ့ယင်းယန်သည် ထိုမြင်ကွင်းကို မြင်ရသောအခါ ပစ္စည်းများကို ချပြီး စုန့်ချင်းရှန်းကို ဘေးသို့ ဆွဲဖယ်ကာ သူ့ကို ခြိမ်းခြောက်သည့်အလား စူးရဲစွာ ကြည့်သည်။
ရှဲ့ယင်းယန်က သတိပေးလိုက်သည်။
"ရှင် ဘာလို့ အစ်ကိုဟော်နဲ့ ရန်ဖြစ်နေတာလဲ၊ ရှင်က လူ ကောင်း မဟုတ်ဘူးပဲ၊ ကျွန်မ ရှင့်ကို ပြောထားတယ်လေ ထွက်သွား... အခုချက်ချင်း ထွက်သွား မဟုတ်ရင် ရှင့်ကို ကျွန်မ ရိုက်မှာနော်"
ဆွဲဖယ်ခံလိုက်ရသဖြင့် စုန့်ချင်းရှန်း သက်ပြင်းချမိသွားသည်။ မည်သို့ပင်ဆိုစေ သူ့လက်ကောက်ဝတ်မှာ လွတ် မြောက်သွားပြီ ဖြစ်သည်။
သူက လက်ကောက်ဝတ်ကို ဂရုတစိုက်ပွတ်သပ်ပြီး ပြန်လည် ကောင်းမွန်လာချိန်တွင် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားရသည်။ ဆိုင်မှနေ၍ သူ့ကို အေးစက်စွာ ကြည့်နေကြသော လူသုံးယောက်ကို ကြည့်ရင်း စုန့်ချင်းရှန်းက ယခုအချိန်သည် ယွီရွေ့ကျူးနှင့် သီးသန့် စကားပြောရန် အချိန်ကောင်း မဟုတ်ကြောင်း သိသည့်အပြင် သူ ပြောစရာရှိသည်များကိုလည်း ပြောပြီးပြီဖြစ်ရာ ထပ်ပြီး ဘာမှမပြောချင်တော့ပေ။
သူ အဝတ်အစားများနှင့် ဆံပင်များကို သပ်ရပ်စွာပြင်ဆင်လိုက်ပြီး သူ သန့်ရှင်းသပ်ရပ်ကာ စေ့စပ်သေချာကြောင်း သေချာစေပြီးနောက် ယွီရွေ့ကျူးကို ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ ရွေ့ကျူး၊ နောက်မှတွေ့မယ်နော်"
ထို့နောက် သူက ထီးကို ကိုင်ကာ ထွက်သွားတော့သည်။
ယွီရွေ့ကျူးက ထိုလူယုတ်မာသည် မထွက်သွားခင်မှာပင် သူမကို ရွံရှာအောင် လုပ်သွားရမည်ဟု စိတ်ထဲမှ တွေးမိရာ သူမမျက်နှာပေါ်တွင် စိတ်မရှည်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။
သို့သော် သူမ အနည်းငယ် မော့ကြည့်မိသောအခါ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဆိုင်ရှိ ထီးကြီးက သူတို့ကို အရိပ်ပေးထားသည်ကို မြင်လိုက်ရသည်။ ဟော်ချန်ယဲ့နှင့် ရှဲ့ယင်းယန်တို့ နှစ်ယောက်လုံးက သူမကို ကြည့်နေသည်။
စုန့်ချင်းရှန်း ချန်ရစ်ခဲ့သော ပြဿနာမှာ ဤမျှသာမကကြောင်း ယွီရွေ့ကျူး သဘောပေါက်သွားသည်။ အစောပိုင်းက သူပြောခဲ့သော အဓိပ္ပာယ်မရှိသည့် စကားများအားလုံးကို ဟော်ချန်ယဲ့ သေချာပေါက်ကြားသွားခဲ့မည် ဖြစ်သည်။
'တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ'
အခြေအနေကို ဟော်ချန်ယဲ့အား မည်သို့ ရှင်းပြရမည်ကို ယွီရွေ့ကျူး တွေးနေဆဲမှာပင် သူမ မော့ကြည့်သည်နှင့် ဟော်ချန်ယဲ့က အကြည့်လွှဲသွားပြီး ရှဲ့ယင်းယန်ကိုသာ လှည့်မေးသည်။
"သစ်သီးဝယ်လာတာလား၊ ဘာတွေဝယ်လာတာလဲ ငါ့ကိုပြပါဦး..."
ရှဲ့ယင်းယန်က "အစ်မရွေ့ကျူးက ဘာစားချင်တယ်ဆိုတာ ကျွန်မ သေချာမမှတ်မိလို့ ကျွန်မလည်း ဖြစ်သလိုပဲ ဝယ်လာလိုက်တယ်"
ရှဲ့ယင်းယန် စကားများအရ ယွီရွေ့ကျူးသည် စုန့်ချင်းရှန်းနှင့် သီးသန့် စကားပြောနိုင်ရန်အတွက် ရှဲ့ယင်းယန်ကို သစ်သီးသွားဝယ်ရန် အပြင်သို့ လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဟော်ချန်ယဲ့ ဝိုးတဝါး ခန့်မှန်းမိသွားသည်။
သို့သော် သူ့ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သူက အိတ်ထဲရှိ ပြီးပြည့်စုံသော သစ်သီးမျိုးစုံကို ကြည့်လိုက်သော်လည်း သူ စားချင်စိတ် လုံးဝမရှိတော့ပေ။
သူက နှစ်ချက်သုံးချက်မျှ ကြည့်ပြီးနောက် အိတ်ကို အမြန်ပြန်ချည်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဒီမွန်းလွဲပိုင်း တစ်ပိုင်းလုံး မိုးရွာနေလောက်တယ်၊ ဒီနေ့ ဆိုင်သိမ်းကြရအောင် မဟုတ်ရင် ခဏနေ မိုးကြိုးတွေ ပစ်လာနိုင်တယ်"
မိုးကြိုးအကြောင်း ပြောသောအခါ ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို မကြည့်သေးဘဲ မျက်လွှာကိုသာ အနည်းငယ် ချလေသည်။
ရှဲ့ယင်းယန်"ကောင်းပါပြီ အစ်ကိုဟော်၊ ဒါပေမဲ့ မိုးက အရမ်းသည်းနေတော့ ပြန်ရတာ ခက်လိမ့်မယ် လမ်းတွေ ချော်နေမှာ မဟုတ်ဘူးလား"
"ရတယ်၊ ငါ ဒီမှာ ရှိနေတာပဲ"
ဤစကားက အခြားမည်သည့် အရာထက်မဆို ပိုစိတ်အေးရစေသည်။ ရှဲ့ယင်းယန်က ယွီရွေ့ကျူးကို တစ်ချက်ကြည့်ပြီး မျက်တောင်လေး ပုတ်ခတ်ကာ ထီးအောက်ရှိ လေထုကို ပြေလျော့စေရန် တစ်ခုခု ပြောချင်ခဲ့သော်လည်း သူတို့နှစ်ယောက်ကို ကြည့်ပြီးနောက်တံတွေးမြိုချလိုက်ကာ အနောက် သို့ ဆုတ်သွားပြီး ဘာမှ မပြောတော့ပေ။
ယွီရွေ့ကျူးကလည်း တိတ်ဆိတ်နေပြီး ဟော်ချန်ယဲ့ကို တိုက်ရိုက်သာ စိုက်ကြည့်နေတော့သည်။
သူမလည်း ဟော်ချန်ယဲ့ကိုသာ စိုက်ကြည့်နေသည်။
ထီးအောက်တွင် လူသုံးယောက်သာ ရှိနေပြီး အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် အဝေးမှ ရှုခင်းများကို ဖုံးကွယ်ထားကာ တိတ်ဆိတ်ငြိမ်သက်နေသော နေရာလေးတွင် အသက်ရှူသံများကိုပင် ရှင်းလင်းစွာ ကြားနေရသည်။
ဟော်ချန်ယဲ့အပေါ် ယွီရွေ့ကျူး စူးစိုက်ကြည့်နေမှုမှာ အလွန်သိသာလွန်းလှသဖြင့် ရှဲ့ယင်းယန်ပင်လျှင် သတိထားမိသော် လည်း အကြည့်ခံနေရသော ဟော်ချန်ယဲ့မှာမူ မသိချင်ယောင်ဆောင်နေပြီး အဝေးမှ မိုးရေများကို တိုက်ရိုက် ကြည့်ကာ မျက်လွှာချထားရင်း သူ့စိတ်များ လွင့်မျောနေသည့်အလားပင်။ သို့သော် ရံဖန်ရံခါ သူ့ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားခြင်းနှင့် လက်ဖဝါးများကို ဆုပ်ကိုင်ထားခြင်းက သူ လျစ်လျူရှုမထားနိုင်ကြောင်းကို အမှန်တရားအတိုင်း ဖော်ပြနေတော့သည်။
သို့သော်လည်း ယခင်က ယွီရွေ့ကျူးနှင့် စုန့်ချင်းရှန်းတို့ ဖက်နေကြသည်ကို မြင်ခဲ့စဉ်က မည်သည့် မေးခွန်းမျှ မမေးဘဲ နေခဲ့သလိုပင် ယွီရွေ့ကျူးကို ကြည့်ရန် သူ တမင်တကာ ရှောင်ခဲ့သည်။
သူက မမြင်ချင်ယောင် တမင်တကာ ဆောင်နေခြင်း ဖြစ်သည်။
ဤသို့ ပြုလုပ်ခြင်းက သူတို့ အတိတ်က ရင်းနှီးမှုများကို ဆက်လက် တည်ရှိစေနိုင်ပြီး ဖွင့်ပြောခြင်းက အရာအားလုံးကို ဖျက်ဆီးပစ်ကာ ဟော်ချန်ယဲ့ မလိုချင်သော သူ လက်မခံချင်သော ရလဒ်တစ်ခုဆီသို့ ဦးတည်သွားစေမည်ဟု ထင်နေသည့်အလားပင်။
ထိုကဲ့သို့ ဆက်သွယ်ပြောဆိုရန် ငြင်းဆန်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်းကပင် ယွီရွေ့ကျူးကို အဒေါသထွက်ဆုံး ဖြစ်စေခဲ့သည်။