← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

🐽 Chapter 99

သူမနှင့် ဟော်ချန်ယဲ့တို့ စရိုက်လက္ခဏာများမှာ လုံးဝဆန့် ကျင်ဘက်ပင်။ ငယ်စဉ်ကတည်းက ဘာပဲဖြစ်ဖြစ်မျက်နှာ ချင်းဆိုင် ဆွေးနွေးရမည်ဖြစ်ပြီး နားလည်မှုလွဲမှားခြင်းများကို ညတွင်းချင်း မဖြေရှင်းဘဲ မထားသင့်ကြောင်း၊ ချက်ချင်း အဆုံးသတ်သင့်ကြောင်း သူမ အမြဲတမ်း ယုံကြည်ခဲ့သည်။

ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးတို့က အပိုင်းပေါင်းများစွာ နားလည်မှုလွဲနေကြပြီး နောက်ဆုံးမှ နားလည်မှုလွဲတာတွေကို ရှင်းလင်းကာ ချစ်ကြိုက်သွားကြသည့် ခေတ်နောက် ကျနေသော ဇာတ်လမ်းရိုးကို ယွီရွေ့ကျူး အလွန်ပင် ငြီးငွေ့နေပြီ ဖြစ်သည်။ ထိုသို့သော အရာများကို သူမ အမုန်းဆုံးပင်။

ထို့ကြောင့် ဤအချိန်တွင် သူမ တကယ်ကို ဒေါသထွက်ခဲ့သည်။

ဟော်ချန်ယဲ့က သူမကို မယုံကြည်သလို ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီးနောက်တွင အစပိုင်းတွင် ဘာမှ မမြင်ခဲ့သလို ဟန်ဆောင်နေခဲ့သည်။

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ကော်လံကို တိုက်ရိုက် ဆွဲကိုင်လိုက်ပြီး သူမကို မျက်နှာချင်းဆိုင်စေရန်နှင့် သူမဆီသို့ ခေါင်းငုံ့လာစေရန် အတင်းအကျပ် လုပ်လေသည်။

ဟော်ချန်ယဲ့မှာ သိသာစွာ အံ့သြသွားပြီး သူ့ နက်မှောင်သော သူငယ်အိမ်များကို အောက်သို့ ချထားကာ သူမကို စူးစိုက်ကြည့်နေတော့သည်။ လေထုထဲရှိ လေးလံသော အသက်ရှူသံများကိုပင် သူမ ကြားရလုမတတ်ပင်။

သူ မျက်မှောင်ကြုတ်ထားပြီး ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားရာ တစ်ခုခုကို ဖိနှိပ်ထားသည့်အလား ထင်ရသည်။

သို့သော် ယွီရွေ့ကျူးက သူ့ကို လျစ်လျူရှုကာ ကော်လံကို ဆွဲကိုင်ထားပြီး မေးစေ့ကို ပင့်လျက် သူ့ကို ကြည့်လာသည်။

"ခုနက ဘာဖြစ်သွားတာလဲ၊ ရှင် ကျွန်မကို မေးစရာ မေးခွန်းတစ်ခုမှ မရှိဘူးလား"

ဟော်ချန်ယဲ့မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပုံရပြီးနောက် အဆုံးတွင် အက်ရှရှ တိုးညင်းသော အသံဖြင့် တုန့်ပြန်လာသည်။

"ဘာမေးရမှာလဲ"

ယွီရွေ့ကျူးက ဒေါသတကြီး ရယ်မိပြီး ဘေးနားရှိ ရှဲ့ယင်းယန် ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ မျက်ခုံးများကို ပင့်ကာ ပြောလိုက်သည်။

"ယင်းယန်ကို ဘာလို့ လွှတ်လိုက်တာလဲ၊ ကျွန်မနဲ့ စုန့်ချင်းရှန်း နှစ်ယောက်တည်း စကားပြောနေတာကို ဘာလို့ ရပ်ကြည့်တာလဲ၊ စုန့်ချင်းရှန်းကို ဘာလို့ ဖက်နေတာလဲ၊ စုန့်ချင်းရှန်းက ဘာလို့ အဲဒီလိုစကားတွေ ပြောရတာလဲ၊ ရှင့်ကို မပြောဘဲ စုန့်ချင်းရှန်းနဲ့ ဖောက်ပြန်နေတာလား ဆိုတာတွေကို ကျွန်မကို မေးလေ..."

သူမ စကားပြောအပြီးတွင် သူမ မေးခွန်းများကြောင့် ဟော်ချန်ယဲ့ အသက်ရှူသံများ သိသိသာသာ လေးလံလာပြီး သူ့ ပါးလျသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်ကို သူမ မြင်လိုက်ရသည်။ ယွီရွေ့ကျူးက ပြုံးလျက်ပင် ဆက်ပြောသည်။

"ရှင် အဲ့အရာတွေ အကုန်လုံးကို မေးလို့ရတာကို၊ ဘာလို့ မမေးတာလဲ"

ဟော်ချန်ယဲ့က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး ခေါင်းကို အမြန်တစ်ဖကိလှည့်သွားသည်။

"ကိုယ် အဲဒီအကြောင်းတွေ မစဉ်းစားမိဘူး ပြီးတော့ မေးစရာလည်း မရှိဘူး၊ ကိုယ် မင်းကို ယုံတယ်"

"ရှင် ကျွန်မကို တကယ် ယုံလို့လား၊ ဒါဆို ဘာလို့ ကျွန်မကို မကြည့်ရဲတာလဲ"

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ မျက်နှာကို သူမ လက်ဖဝါးများဖြင့် အုပ်ကိုင်လာရာ သူမ လက်သည်းလေးများက သူ့ ပါးပြင်များကို ထိတွေ့နေပြီး သူမ လက်ချောင်းထိပ်လေးများက သူ့ ပါးလျသော နှုတ်ခမ်းများကို ပွတ်သပ်နေကာ လှုပ်ရှားမှုများမှာ အလွန် နူးညံ့နေသည်။

"ဟော်ချန်ယဲ့ ရှင် ဘာကို ကြောက်နေတာလဲ"

ဟော်ချန်ယဲ့ လည်စိမှာ လှုပ်ရှားသွားတော့သည်။

သူရုတ်တရက်မတ်တတ်ထရပ်ပြီး ယွီရွေ့ကျူးလက်ကောက် ဝတ်ကို ဆုပ်ကိုင်ကာ တစ်ခုခု ပြောချင်သော်လည်း မျက် မှောင်ကို တင်းကျပ်စွာ ကြုတ်ထားပြီး သူ့ နက်မှောင်သော မျက်ဝန်းများက ယွီရွေ့ကျူးထံတွင် စူးစိုက်နေကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားလျက် အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟခဲ့ပေ။

သူ့ အသက်ရှူသံများမှာ မြန်ဆန်ပြီး လေးလံနေကာ ရင်ဘတ်က သိသိသာသာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ စိုစွတ်နေသော အင်္ကျီမှတစ်ဆင့် မြင်နေရသော အသားအရေမှာ အတော်လေး ဆွဲဆောင်မှု ရှိနေသော်လည်း ယွီရွေ့ကျူးမှာ ထူးဆန်းစွာပင် ၎င်းကို ဂရုစိုက်ပုံ မရပေ။

သူမက ဟော်ချန်ယဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် နူးညံ့စွာ အုပ်ကိုင်သည်။

"ဒီအကြောင်းကို ကျွန်မ တစ်ခါပဲ ပြောမယ်၊ အရင်က စုန့်ချင်းရှန်း လာတုန်းက သူ ဘာပြောချင်လဲဆိုတာ ကျွန်မ သိချင်ရုံ သက်သက်ပါ၊ သူ ရုတ်တရက်ကြီး ဖက်လိုက်တဲ့ ကိစ္စကျတော့ ကျွန်မလည်း အချိန်မီ မတုံ့ပြန်နိုင်လိုက်လို့ လန့်သွားတယ်

အဲဒါကြောင့် ရှင် မြင်သွားတာပဲ၊ ပြီးတော့ ကျွန်မ သူ့ကို ပါးတောင် ရိုက်လိုက်သေးတယ်၊ အဲဒါကို ရှင် မမြင်လိုက်ဘူးလား၊ သူလျှောက်ပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေအတွက်ကတော့ အဲဒါတွေကို လျစ်လျူရှုလိုက်၊ သူက တစ်နေ့လုံး အဓိပ္ပာယ်မရှိတာတွေပဲ လျှောက်ပြောနေတာ၊ သူပြောတာကို ရှင် တကယ်ယုံလိုက်ရင် ရှင် လမ်းမှားရောက်သွားလိမ့်မယ်"

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ပါးပြင်ကို ပုတ်ကာ ထပ်မေး သည်။

"ရှင် နားလည်လား"

'သူမ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လို့တဲ့လား...'

မိုးရေထဲတွင် သူ မြင်တွေ့ခဲ့ရသည်များကို ဟော်ချန်ယဲ့ ပြန်တွေးမိသည်။ စုန့်ချင်းရှန်းက ယွီရွေ့ကျူးကို တင်းကျပ်စွာ ဖက်ထားပြီး သူ့ပခုံးများက သူမကို လုံးဝ ဖုံးကွယ်ထားကာ သူတို့ လှုပ်ရှားမှုများမှာ ရင်းနှီးနေခဲ့သည်။ သူ့ နှလုံးသားမှာ ရုတ်တရက် တင်းကျပ်သွားရသည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်သီးကို ဆုပ်ထားပြီး ယွီရွေ့ကျူး တောက်ပသော မျက်ဝန်းများကို အတန်ကြာ စိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ကာ တိုးညင်းစွာ ပြန်ဖြေသည်။

"ကိုယ် နားလည်ပါတယ်"

"ကောင်းတာပေါ့"

ယွီရွေ့ကျူးက ကျေနပ်စွာဖြင့် သူမ လက်ကို ပြန်ရုပ်လိုက်သည်။

"ကောင်းတယ်၊ စုန့်ချင်းရှန်းအပေါ် ကျွန်မရဲ့ သဘောထားကို ရှင် သိပါတယ်၊ သူပြောသလို လုံးဝ မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မကြာသေးခင်က သူ ကျွန်မဆီ လာမတွေ့လို့ ကျွန်မ စိတ်သက်သာရာရနေတာ၊ ဒါပေမဲ့ သူ ဒီနေ့ ထပ်ရောက်လာပြန်တယ် တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"

ယွီရွေ့ကျူး မျက်နှာကို ရှုံ့မဲ့လျက် ပြောသည်။

ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို တစ်ချက်ကြည့်လိုက်သော် လည်း ဘာမှ မပြောတော့ပေ။

ဘေးနားတွင် ရပ်နေသော ရှဲ့ယင်းယန်မှာ ဤမျှ ကြီးမားလှသော အတင်းအဖျင်းစကားကို ကြားပြီးနောက် အံ့သြမှင်သက်နေဆဲ ဖြစ်သည်။ သူမ မရှိခိုက် ယခုလို ကိစ္စရပ်မျိုးဖြစ်ပျက်ခဲ့သည်ကို မယုံနိုင်အောင် ဖြစ်နေမိသည်။

သူမ အံ့သြနေဆဲဖြစ်သဖြင့် မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူမ မျက်လုံးများ အလိုအလျောက် တုန်ယင်သွားပြီး အကြည့်လွှဲလိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

ရှဲ့ယင်းယန် "အစ်မရွေ့ကျူး၊ အစ်ကိုဟော် အပြင်မှာ မိုးနည်းနည်း တိတ်သွားသလိုပဲ ကျွန်မတို့ အခု ပြန်လို့ရပြီ"

ယွီရွေ့ကျူး လှမ်းကြည့်ရာ အမှန်ပင် မိုးတိတ်သွားပြီဖြစ်သည်။

ယခင်က သည်းထန်စွာ ရွာသွန်းနေခဲ့သော်လည်း ယခုအခါ အတော်လေး လျော့ပါးသွားပြီ ဖြစ်သည်။ လမ်းပေါ်ရှိ ရေအိုင်များတွင် မိုးပေါက်ငယ်လေးများသာ ကျဆင်းနေပြီး ဂယက်လေးများ ထနေကာ ယခင်ကကဲ့သို့ သည်းထန်နေသော အသွင်အပြင်မျိုး မရှိတော့ပေ။

သူမက ဟော်ချန်ယဲ့ လက်ကို ကိုင်လိုက်သည်။

"အိမ်ပြန်ကြရအောင်၊ ဒီနေ့ အရမ်းမိုးရွာမယ်မှန်း သိရင် ကျွန်မ မလာပါဘူး"

'ဒီရယ်စရာကောင်းတဲ့ နားလည်မှုလွဲတာတွေ အားလုံးရယ်၊ ပြီးတော့ အဲဒီ ရွံစရာကောင်းတဲ့ လူယုတ်မာ စုန့်ချင်းရှန်းက သူမကိုတောင် ဖက်သွားသေးတယ်၊ အိမ်ပြန်ရောက်ရင် သေချာပေါက် ရေကောင်းကောင်း ချိုးရမယ် မဟုတ်ရင် ဒီည ငါတော့ အိပ်ပျော်မှာ မဟုတ်ဘူး'

ထိုအကြောင်းကို တွေးလိုက်ရုံနှင့်တင် သူမ အန်ချင်စိတ် ပေါက်လာပြီး ယွီရွေ့ကျူး အနည်းငယ် ရွံရှာသောမျက်နှာ ထားဖြင့် စုန့်ချင်းရှန်းကို ပြစ်တင်ရှုတ်ချတော့သည်။

သူမကို တိတ်ဆိတ်စွာ ကြည့်နေသော ဟော်ချန်ယဲ့က သူမလက်ကို ညင်သာစွာ ဖြုတ်လိုက်သည်။

စ္စည်းများကို နွားလှည်းပေါ်သို့ တင်ပြီးနောက် ၎င်းသည် လျန်ဇီ သူတို့ကို ဈေးသို့ပို့ပေးခဲ့သော လှည်းပင်ဖြစ်ကြောင်း ယွီရွေ့ကျူး သတိထားမိသွားသည်။

ဟော်ချန်ယဲ့က သူတို့နှင့်အတူ မြင်းလှည်း မောင်းလာမည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ဟော်ချန်ယဲ့က အရာအားလုံးကို သယ်ကူပေးပြီးနောက် ယာဉ်မောင်းခုံတွင် ဝင်ထိုင်သည်။

ဆက်တိုက်ရွာသွန်းနေသော မိုးဒဏ်မှ ကာကွယ်ရန် သူတို့နှစ်ယောက်အတွက် အနောက်ဘက်တွင် ရိုးရှင်းသော အမိုးလေးတစ်ခုကို တပ်ဆင်ထားပေးသည်။

ဟော်ချန်ယဲ့က လှည်းမောင်းရန် ပြင်စဉ် ယွီရွေ့ကျူးက သူ့ဘေးရှိ ယာဉ်မောင်းခုံဆီသို့ တိုးကပ်လာသည်။

ယွီရွေ့ကျူး "ဒီရှုခင်းကို အရင်က ကျွန်မ တစ်ခါမှ မကြည့်ဖူးဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်ခုံတွေက အကျယ်ကြီးပဲလေ၊ ကျွန်မတို့ အားလုံး တိုးထိုင်လို့ ရသား၊ အတူတူ ထိုင်ကြရအောင်"

သူမက ဟော်ချန်ယဲ့ကို မှီကာ မစိုသောဘက်ကို သီးသန့် ရွေးချယ်သည်။

နွေရာသီတွင် လေနှင့် မိုးပြင်းထန်ပြီး ရာသီဥတု ဆိုးရွားသောအခါ အပူချိန် အလွန်ကျဆင်းသွားတတ်သော်လည်း ဟော်ချန်ယဲ့မှာမူ မီးဖိုလေးတစ်ခုအလား အလွန် နွေးထွေးသဖြင့် ယွီရွေ့ကျူး ချမ်းစိမ့်စိမ့် ဖြစ်နေမှုကိုများစွာ သက်သာစေသည်။

သူမက ကျေနပ်စွာဖြင့် မျက်လုံးများကို မှေးထားသည်။

ဟော်ချန်ယဲ့က ဘာမှ မပြောသော်လည်း သူမ မြေပြင်ပေါ်သို့ ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် သူမအတွက် နေရာဖယ်ပေးရန် သူ့ ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့သည်။

အနောက်ဘက် ထိုင်ခုံမှ ရှဲ့ယင်းယန်က မျက်တောင်လေး ပုတ်ပုတ်ခတ်ခတ်လူပ်ကာ သူတို့ ခေါင်းပေါ်ရှိ အမိုးကို ကြည့်ပြီး ခေါင်းရမ်းမိသည်။

'ဟူး ငါ တစ်ယောက်တည်း ထပ်ကျန်ခဲ့ပြန်ပြီ၊ ဒီစုံတွဲလေးနဲ့ အတူရှိနေရင် ဒီလိုပါပဲလေ၊ အသားကျနေပါပြီ'

အမှန်တော့ ၎င်းသည် ယွီရွေ့ကျူးအတွက် နွားလှည်းစီးခြင်းအပြင် အထူးသဖြင့် ယာဉ်မောင်းခုံမှ စီးခြင်းမှာ ပထမဆုံးအကြိမ်ပင်။ သူမက စိတ်ဝင်စားစရာကောင်းသည်ဟု ထင်ကာ တစ်ခဏမျှ စိုက်ကြည့်နေခဲ့သော်လည်း အမြန်ပင် စိတ်ဝင်စားမှု ပျောက်ကွယ်သွားတော့သည်။

ထင်သည့်အတိုင်းပင် မကြာမီ မိုးပြန်ရွာလာသဖြင့် ယွီရွေ့ကျူးက သူတို့ ခေါင်းပေါ်တွင် ထီးကို မိုးပေးထားရသည်။

သူမက ထီးကျိုးကြီးဖြင့် သူတို့နှစ်ယောက်လုံး မစိုစေရန် မည်သို့ လုပ်ရမည်နည်းကို စဉ်းစားနေမိသည်။

အတန်ကြာသောအခါ သူမ လက်များ ညောင်းလာရတော့သည်။

All Chapters