← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

🐽 Chapter 103

တကယ်တော့ သူ အိပ်မချင်သေးပေ။ ယွီရွေ့ကျူးက သူ့ရင်ခွင်ထဲတွင် လှဲလျောင်းနေပြီး မှီခိုချင်နေသော သူမ အမူအရာနှင့် ဟန်ဆောင်ရွံရှာနေခြင်းမျိုး မဟုတ်ဘဲ အလွန်သဘာဝကျကျ အပန်းဖြေနေသည့် သူမ မျက်နှာလေးကို ကြည့်ရင်း သူ အနည်းငယ် ပိုစိတ်သက်သာရာ ရသွားသည်။

ယွီရွေ့ကျူးမှာ အိပ်ပျော်သွားခဲ့သော်လည်း ဟော်ချန်ယဲ့ကတော့ လုံးဝ အိပ်မပျော်နိုင်ခဲ့ချေ။

ပြတင်းပေါက်မှတစ်ဆင့် မိုးရေများ ပက်ဖျန်းဝင်ရောက်လာသည်။

ပြတင်းပေါက်ဘောင်မှာ နှစ်ကာလ ကြာရှည်စွာ ပြုပြင်မှုမရှိခြင်းကြောင့် အက်ကွဲနေပြီး ထိုအက်ကွဲကြောင်းများကြားမှ မိုးပေါက်များက လွင့်စင်ဝင်ရောက်လာခြင်း ဖြစ်သည်။

ယွီရွေ့ကျူး အိပ်ရေးပျက်မည်ကို စိုးရိမ်သဖြင့် ဟော်ချန်ယဲ့က မိုးရေများကို ကာကွယ်ရန် လက်တစ်ဖက်ကို မြှောက်ထားသည်။ သူ့ ကြီးမားသော လက်ဖဝါးကြီးက ယွီရွေ့ကျူး ပါးပြင်လေးပေါ်သို့ ကျရောက်သွားသည်။

မှန်မှန်ရှူရှိုက်နေသော အသက်ရှူသံလေးနှင့်အတူ ဖြူဖွေးသော မျက်နှာလေးထက်မှ အနည်းငယ် ရောင်အမ်းနေသည့် သိသာထင်ရှားသော နှုတ်ခမ်းနီနီလေးများကို ကြည့်ရင်း ဟော်ချန်ယဲ့မှာ နေရခက်စွာဖြင့် အကြည့်လွှဲသွားမိသည်။

ယွီရွေ့ကျူးလေးကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေသည်။

တွေးကြည့်လိုက်လျှင် သူတို့ အနမ်းဖလှယ်ခဲ့သည်မှာ နှစ်ကြိမ်တောင် ရှိနေပြီဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် နာမည်အပြည့်အစုံဖြင့်သာ ခေါ်ဝေါ်နေကြဆဲပင်။

အနည်းငယ်တော့ သူစိမ်းဆန်လွန်းနေသယောင်ထင်ရသည်။

ဟော်ချန်ယဲ့က သူ့ဘာသာ တီးတိုးရေရွတ်ပြီး ယွီရွေ့ကျူး နာမည်လေးကို ညင်သာစွာ အရသာခံလျက် စိတ်ထဲတွင် တိတ်တဆိတ် ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။

သတိမထားမိဘဲ သူ့ အက်ကွဲကွဲ အသံလေး ထွက်ပေါ်လာခဲ့သည်။

"ရွေ့ကျူး..."

သူ ခေတ္တရပ်လိုက်ပြီး ယွီရွေ့ကျူးကို ငုံ့ကြည့်မိရာ သူမ နိုးမလာသေးသည်ကို တွေ့ရမှသာ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။

သူ့ နှလုံးသားမှာ နူးညံ့သွားရသည်။ ဟော်ချန်ယဲ့က ပါးလွှာသော နှုတ်ခမ်းများကို ဖိကိုက်လိုပ်ရာ နားရွက်များပါ နီရဲလာပြီး ယွီရွေ့ကျူး သတိမထားမိသည့် အခွင့်အရေးကို အသုံးချကာ တိုးလျအက်ကွဲသော လေသံဖြင့် သူမနာမည်လေးကို ထပ်တလဲလဲ ခေါ်နေမိတော့သည်။

"ရွေ့ကျူး..."

"ရွေ့ကျူး"

သူမက နာမည်လေးလိုပင် လှပဖြူစင်သော ပုလဲလုံးလေးတစ်လုံးအလား။ တန်ဖိုးထား မြတ်နိုးရမည့် သူ့ရတနာလေးတစ်ပါးပင်။

သူသည် စုံ့ချင်းရှန်းလောက် ပညာအရည်အချင်း မမြင့်မားသော်လည်း ယွီရွေ့ကျူးကသာ သူနှင့်အတူ ရိုးသားဖြူစင်စွာ ဘဝကို ဖြတ်သန်းလိုစိတ် ရှိနေသရွေ့ သူမကို ဘဝကောင်းတစ်ခု ပေးစွမ်းနိုင်ရန် သူ့ စွမ်းအားရှိသမျှ အရာအားလုံးကို အသုံးချကာ ကြိုးစားသွားမည်ဖြစ်သည်။

လေပြင်းမိုးသက်များက အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်ရွာသွန်းနေပြီး မှန်တံခါးတစ်ချပ်ကသာ အပြင်ဘက်မှ တဖျောက်ဖျောက် ရွာကျနေသော မိုးရေစက်များနှင့် အေးစက် စက် လေရိုင်းများကို တားဆီးကာကွယ်ပေးထားသည်။

နေ့လယ်ခင်းအချိန်၌ အပြင်ဘက်တွင် မိုးခြိမ်းသံများ တကယ်ပင် ပဲ့တင်ထပ်လာခဲ့သော်လည်း ယခင်က အတွေ့ အကြုံရှိပြီးဖြစ်သဖြင့် ဟော်ချန်ယဲ့မှာ အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သည်။

ပထမဆုံး မိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟော်ချန်ယဲ့က ယွီရွေ့ကျူး နားရွက်လေးများကို လက်ဖြင့် အလျင်အမြန် အုပ်ကာပေးသသည်။

ယွီရွေ့ကျူးက သူမခေါင်းလေးကို ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ အတင်းတိုးဝှေ့လာပြီး သူ့ခါးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်တွယ်ထားတော့သည်။ မိုးခြိမ်းသံက ကျယ်လောင်လွန်းလှသဖြင့် သူမ ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ယင်နေသည်။

ဟော်ချန်ယဲ့က အလွန် စိတ်ရှည်သည်းခံစွာဖြင့် သူမကို ငုံ့ကြည့်ရင်း ချော့မော့လာသည်။

"မကြောက်နဲ့တော့ ယွီရွေ့ကျူး... မိုးခြိမ်းသံက ခဏနေ ရပ်သွားတော့မှာပါ၊ ခဏလေးပဲ သည်းခံလိုက်နော်"

သူ ထိုသို့ ပြောသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုကိုတော့ ရှောင်လွှဲ၍မရနိုင်ပေ။ ယွီရွေ့ကျူးက ဘာမှပြန်မပြောဘဲ သူ့ခါးကိုသာ ပို၍ တင်းကျပ်စွာ ဖက်တွယ်ထားသည်။

ဟော်ချန်ယဲ့တွင် ကျယ်ပြန့်သော ပခုံးနှင့် သေးသွယ်သော ခါးရှိကာ ခန္ဓာကိုယ် အချိုးအစားအလွန် ပြေပြစ်လှသည်။ သူ့ခါးမှာ ကျစ်လျစ်သွယ်လျပြီး ကြွက်သားအမြှောင်းများကလည်း ထင်ရှားပေါ်လွင်နေသဖြင့် ထိတွေ့ရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။

မိုးခြိမ်းသံကြောင့် ယွီရွေ့ကျူးက သူ့ခါးကို အလိုအလျောက် ပိုမို တင်းကျပ်စွာ ဖက်တွယ်လာသောအခါ ဟော်ချန်ယဲ့မှာ အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။ သို့သော် သူမ သူ့အနားသို့ ဤမျှ နီးကပ်စွာ ရှိနေသည်ကို မြင်လိုက်ရသော အခါ သူ မပြုံးဘဲ မနေနိုင်တော့ချေ။

သူ အလွန် ဝမ်းသာကြည်နူးနေမိသည်။ မိုးသည် ညနေစောင်းအထိ ဆက်တိုက် ရွာသွန်းနေပြီးမှ တဖြည်းဖြည်း စဲသွားတော့သည်။

သူတို့နှစ်ဦးလုံး အတိုင်းအတာ တစ်ခုအထိ မိုးစိုသွားခဲ့ကြပြီး ကျိုးပျက်နေသော ထီးကလည်း သူတို့ကို အပြည့်အဝ မကာကွယ်ပေးနိုင်ခဲ့ပေ။ ရေပြန်ချိုးကြသော်လည်း အအေးမိဖျားနာမည်ကို စိုးရိမ်သဖြင့် ဟော်ချန်ယဲ့က ဆေးခန်းသို့သွားကာ ဆေးအချို့ သွားဝယ်လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူတို့ အနမ်းများကြောင့် အနည်း ငယ် ရောင်အမ်းနေသော ယွီရွေ့ကျူး နှုတ်ခမ်းလေးများကို မြင်ယောင်လာကာ သူက စိတ်လိုက်မာန်ပါဖြင့် လိမ်းဆေးတစ်ဘူးကိုပါ ဝယ်လာခဲ့တော့သည်။

ယွီရွေ့ကျူးက ဆေးသောက်ရသည်ကို မနှစ်မြို့ပေ။ သူမက ညည်းညူကာ ခေါင်းခါငြင်းဆန်ခဲ့ပြီး ဟော်ချန်ယဲ့က အကြိမ်ကြိမ် အဖန်ဖန် ချော့မော့တိုက်တွန်းမှသာ မချိတင်ကဲ သောက်လေသည်။ တကယ်ကို ခက်ခဲသော လုပ်ငန်းစဉ်တစ်ခုပင် ဖြစ်သည်။

သူမ ပုံစံကိုကြည့်ရင်း နောက်ဆိုလျှင် အိမ်တွင် သကြားလုံးအချို့ ဆောင်ထားသင့်သည်ဟုပင် ဟော်ချန်ယဲ့ တွေးမိသည်။

ယခင်ကဆိုလျှင် တရုတ်နှစ်သစ်ကူးလို ပွဲတော်ရက်များတွင်သာ သကြားလုံး စားရလေ့ရှိသည်။ ယခုအခါ အိမ်တိုင်းတွင် ကလေးများ များပြားလှသဖြင့် မျက်စိတစ်မှိတ်အတွင်း ကုန်သွားတတ်သည်။

သူတို့ စီးပွားရေးမှာလည်း အဆင်ပြေနေပြီး အကယ်၍ သိပ်မကောင်းလျှင်တောင်မှ သကြားလုံးဝယ်ရန်လောက်တော့ တတ်နိုင်ပါသေးသည်။

ယွီရွေ့ကျူးကို သူ ဆက်ဆံနေပုံမှာ ကလေးများကို ဆက်ဆံသည့်အလား ထင်ရသည်။

မိုးရွာထားသဖြင့် ကောင်းကင်ကြီးမှာ မှိုင်းညို့နေပြီး အိမ်ထဲတွင် မီးလင်းနေသည်။ ဟော်ချန်ယဲ့က ယွီရွေ့ကျူး နှုတ်ခမ်းများကို ငုံ့ကြည့်ရာ သူ့ မျက်နှာအမူအရာမှာ အနည်းငယ် သဘာဝမကျဖြစ်နေပြီး နားရွက်များလည်း နီရဲနေလေသည်။

တစ်နေကုန်သွားသည့်တိုင်အောင် ယွီရွေ့ကျူး နှုတ်ခမ်းများက အနည်းငယ် ရောင်အမ်းနေဆဲဖြစ်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထိုအချိန်က သူမ လွန်စွာ စိတ်လှုပ်ရှားနေခဲ့သော ကြောင့်လားမသိ၊ နှုတ်ခမ်းအရောင်လေးမှာလည်း အလွန်ပင် တောက်ပနေသည်။

ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိပြီး ဟော်ချန်ယဲ့တစ်ယောက် တံတွေးကို အခက်အခဲ မြိုချမိသည်။ သူက ယွီရွေ့ကျူးထံ လိမ်းဆေးဘူးလေးကို ကမ်းပေးသည်။

"ဒါလေး လိမ်းလိုက်၊ အဲဒါဆို အရောင်မြန်မြန် ကျသွားလိမ့်မယ်"

ယွီရွေ့ကျူးက လိမ်းဆေးကို တစ်ချက်ကြည့်ပြီးနောက် ဟော်ချန်ယဲ့ကို မော့ကြည့်လာသည်။ သူမ မျက်နှာအမူအရာမှာ တစ်စုံတစ်ရာကို ရိပ်မိသွားပုံရသည်။

သူမက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး စနောက်ချင်သော အမူအရာဖြင့် ပြောသည်။

"ဟော်ချန်ယဲ့... ရှင် ဆေးခန်းသွားတာ အအေးမိပျောက်ဆေး ဝယ်ဖို့ပဲ ထင်နေတာ၊ ဒီဆေးပါ ဝယ်လာလိမ့်မယ်လို့ မထင်ထားဘူး၊ ရှင်က ကျွန်မနှုတ်ခမ်းကို ကျွန်မထက်တောင် ပိုဂရုစိုက်နေပါလား"

ဟော်ချန်ယဲ့ "မ... မဟုတ်ပါဘူး"

သူ ထိုသို့ ငြင်းဆန်သော်လည်း နီရဲနေသော မျက်နှာကြီးကြောင့် ထိုစကားမှာ လုံးဝ ယုံကြည်စရာ မရှိဖြစ်နေတော့ သည်။

All Chapters