← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

🐽 Chapter 105

ယွီရွေ့ကျူး သိပ်အများကြီး မတွေးတော့ဘဲ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ မကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။ ညသန်းခေါင်ယံတွင် မိုးပြန်လည် ရွာသွန်းလာပြန်သည်။ မိုးရာသီဖြစ်၍လားမသိ၊ မိုးက ရပ်တန့်သွားသည်ဟူ၍ မရှိပေ။

သို့သော် ယွီရွေ့ကျူးမှာမူ အိပ်မောကျနေပြီဖြစ်၍ ဘာကိုမျှ မသိတော့ချေ။ နောက်နေ့ သူမ အပြင်ထွက်လာသောအခါ မြေပြင်တစ်ခုလုံး စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ ယွီရွေ့ကျူးက ညည်းတွားမိဆဲပင်။

"ဟော်ချန်ယဲ့... ရှင် အားရင် မြေပြင်ခင်းဖို့ သဲဖြစ်ဖြစ် တစ်ခုခု သွားဝယ်ကြရအောင်၊ မဟုတ်ရင် လမ်းလျှောက်ရတာ အရမ်းဒုက္ခရောက်တာပဲ၊ ကျွန်မဖိနပ်တွေမှာလည်း ရွှံ့တွေချည်းပဲ"

ကျေးလက်ဒေသရှိ ခြံဝင်းများမှာ မြေသားလမ်းများဖြစ်၍ မိုးရွာပြီးနောက်တွင် အလွန် ရွှံ့ဗွက်ထတတ်သည်။ ခြေလှမ်းလိုက်တိုင်း နက်ရှိုင်းသော ကျင်းထဲသို့ အလွယ်တကူ ကျွံဝင်သွားနိုင်ပြီး ဖိနပ်ကို ပြန်ဆွဲထုတ်သောအခါ ဘေးဘက်နှင့် အောက်ခြေတစ်ခုလုံး ရွှံ့များ ပေကျံတတ်သည်။

ဟော်ချန်ယဲ့က ငုံ့ကြည့်ပြီး ချက်ချင်းပင် ခေါင်းညိတ်လာသည်။

"အင်းပါ"

သူက ယွီရွေ့ကျူး တောင်းဆိုမှုတိုင်းကို အသင့်အနေအထားဖြင့် တုံ့ပြန်တတ်သည်။

ယွီရွေ့ကျူးက ဗွက်များကို ဖြတ်လျှောက်ရန် သစ်သားပြားတစ်ခု ရွှေ့ရန် ပြင်နေသည်ကို မြင်သောအခါ ဟော်ချန်ယဲ့က အနားသို့သွားကာ သူမကို ပွေ့ချီပြီး ခြံတံခါးဝရောက်သည်အထိ အလွယ်တကူ သယ်ဆောင်ပြီးကာမှ ပြန်ချပေးသည်။

ယွီရွေ့ကျူး "...."

'ဝါး...'

သူမက တောက်ပသော မျက်ဝန်းလေးများဖြင့် သူ့ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

"ဟော်ချန်ယဲ့... ရှင်က တကယ့် ယောက်ျားပီသတာပဲ"

မည်သို့ဖြစ်စေ သူမက အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်သော်လည်း ဟော်ချန်ယဲ ရင်ခွင်ထဲတွင် ပါသွားစဉ်က သူမမှာ အလေးချိန် လုံးဝမရှိသည့်အတိုင်းထင်ရသည်။

ယွီရွေ့ကျူးမှာ ဟော်ချန်ယဲ့ မျက်နှာအမူအရာ အပြောင်း အလဲကို မမြင်ရသော်လည်း တင်းရင်းနေသော သူ့ လက် မောင်းကြွက်သားများကိုတော့ ထိတွေ့ခံစားရသည်။

ယောက်ျားပီသတယ် ဆိုသည့်စကား အဓိပ္ပာယ်ကို ဟော်ချန်ယဲ့ နားမလည်ခဲ့ပေ။ ယွီရွေ့ကျူးက ဤသို့ ရင်းနှီးကျွမ်းဝင်မှုမရှိသော စကားလုံးမျိုးကို အသုံးပြုသည်မှာ ဒုတိယအကြိမ် ရှိပြီဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က သူ့ မွေးနေ့တွင် ယွီရွေ့ကျူးက မွေးနေ့ကိတ်ဟု ခေါ်သော အရာတစ်ခု ယူလာပေးစဉ်ကပင်။

သူက ယွီရွေ့ကျူးကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်ပြီး အဓိပ္ပာယ်ကောင်းသော စကားလုံးဖြစ်မည်ဟု ခန့်မှန်းကာ အပြုံးရေးရေးလေး ပြုံးမိသည်။

'ယွီရွေ့ကျူးက စုန့်ချင်းရှန်းကို ဖော်ပြဖို့အတွက်တော့ ဒီစကားလုံးကို သုံးမှာမဟုတ်ဘူး'

အဘယ်ကြောင့်ဆိုသော် သူမက သူ့ကို မချီးကျူးမီ ခြံဝင်းကို ဖြတ်၍ ပွေ့ချီလာခဲ့ရသည် မဟုတ်ပါလား။ စုန့်ချင်းရှန်း ပိန်လှီသော ခန္ဓာကိုယ်ဖြင့်တော့ သူ့လောက် အထင်ကြီးစရာကောင်းအောင် စွမ်းဆောင်နိုင်မည် မဟုတ်ချေ။

ဟော်ချန်ယဲ့မှာ တိတ်တဆိတ် သာယာကျေနပ်မှုကို ခံစားရတော့သည်။

ထိုစိတ်ကြည်လင်နေမှုက သူတို့ အသားဆိုင်သို့ အလုပ်သွားချိန်အထိ ခံစားနေရဆဲဖြစ်သည်။ မိုးလင်းစ အစောပိုင်းအချိန်လေးသာ ရှိသေးပြီး လမ်းဆုံတစ်ခုအရောက်တွင် သူနှင့် ယွီရွေ့ကျူးတို့ လမ်းခွဲခဲ့ကြသည်။

တစ်ယောက်က မြို့သို့သွားမည့် မြင်းလှည်းစီးရန် ထွက်သွားပြီး အခြားတစ်ယောက်ကတော့ အသားဆိုင်သို့ ခြေကျင် လျှောက်သွားသည်။

သူတို့လမ်းခွဲပြီး မကြာမီမှာပင် ဟော်ချန်ယဲ့သည် လမ်းဆုံ၌ သိကျွမ်းသူတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသည်။

ဆံပင်များ အနည်းငယ် ဖြူစပြုနေပြီဖြစ်သော သူ့အဒေါ် ယန်ချိုးကျွီးက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး ခေတ္တအကြာတွင် စကားစလာသည်။

"ချန်ယဲ့လား.."

ဟော်ချန်ယဲ့ ခြေလှမ်းများ ရပ်တန့်သွားသည်။ ဤလမ်းပေါ်တွင် ယန်ချိုးကျွီးနှင့် စောစောစီးစီး ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ ပေါ့ပေါ့ပါးပါးပင် ပြန်ထူးသည်။

"အဒေါ်"

ယန်ချိုးကျွီး ခေါင်းညိတ်ပြသော်လည်း သူမ အကြည့်များက ဟော်ချန်ယဲ့ထံမှ မခွာသေးပေ။ သူမ ဇဝေဇဝါဖြစ်နေပြီး မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်နေဟန်များ ပေါ်လွင်နေသည်။

တကယ်ကို ယုံကြည်နိုင်စရာ မရှိပေ။ သူမသည် ဟော်ချန်ယဲ့ နှုတ်ခမ်းထောင့်များ ပင့်တက်သွားကာ ပြုံးရွှင်နေသည်ကို တွေ့ရသည်။ သူ့ မျက်နှာမှာ အပန်းပြေကာရွှင်လန်းနေပြီး ယခင်ကနှင့် လုံးဝကွဲပြားခြားနားသော အငွေ့အသက်များကို ထုတ်လွှင့်နေသည်။

သူ့ မှုန်ကုပ်ကုပ်နှင့် အေးစက်စက် အမူအရာများ ပျောက်ကွယ်သွားသည်။ သူ့ ပါးပြင်ထက်မှ လွန်စွာထင်ရှားပြီး ငြင်းဆို၍မရနိုင်သော အမာရွတ်ကြီးသာ မရှိလျှင် ယန်ချိုးကျွီးတစ်ယောက် သူမ ရှေ့ရှိလူကို ဟော်ချန်ယဲ့နှင့် အလွန်တူ သော အခြားလူတစ်ယောက်ဟုပင် ထင်မှတ်သွားမိလောက်သည်။

'သူက ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ၊ ကြည့်ရတာ အရမ်းကို ရွှင်လန်းနေပြီး သူ့ပုံစံက ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ'

ယန်ချိုးကျွီး စိတ်ထဲတွင် အတွေးတစ်ခု ဝေဝါးဝါး ပေါ်လာတော့သည်။

ဟော်ချန်ယဲ့ အပြောင်းအလဲများက သူ အိမ်ထောင်ကျပြီးနောက်တွင် စတင်လာပုံရသည်။ ထိုအပြောင်းအလဲများအားလုံးသည် အမြဲတမ်း အတင်းအဖျင်း ပြောခံနေရသော ယွီရွေ့ကျူးကြောင့်များ ဖြစ်နေမလား။

'ဒါတော့ မဖြစ်နိုင်ပါဘူးလေ'

ယန်ချိုးကျွီးက ယနေ့တွင် ယွီရွေ့ကျူးကို ရင်ဆိုင်ရန်အတွက် ဟော်ချန်ယဲ့ အိမ်သို့သွားရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်ခန့်ကလည်း ယွီရွေ့ကျူးကို သွားရောက်ကြိမ်းမောင်းရန် သူမ တွေးထားခဲ့သော်လည်း ခြံတံခါးသော့ကို ပြောင်းထားသဖြင့် သော့ဖွင့်ကာ ခြံထဲသို့ဝင်ရန် မဖြစ်နိုင်တော့ချေ။ တံတိုင်းကျော်ဝင်ရန်ကလည်း မဖြစ်နိုင်သည့်အပြင် အိမ်ထဲတွင်လည်း မည်သူမျှ မရှိသလို လင်မယားနှစ်ယောက်လုံး အလုပ်သွားနေကြပုံရသည်။

သူမသည် အချည်းနှီးသာဖြစ်သည်ဟု ခံစားရပြီး နှစ်ရက် ဆက်တိုက် လူမမိသဖြင့် မနက်စောစောထရန် ဆုံးဖြတ်မိသည်။

သို့သော် ဟော်ချန်ယဲ့မှာ အသားဆိုင်သို့ သွားရန် ထွက်ခွာသွားပြီဖြစ်ပြီး နေ့စဉ် မြင်းလှည်းဖြင့် မြို့သို့သွားရန် စောစောထရသည်ဆိုသော ယွီရွေ့ကျူးမှာလည်း အိမ်တွင် ရှိတော့မည် မဟုတ်ပေ။

'သူမ ဒီနေ့လည်း နောက်ကျနေပြန်ပြီလား'

သို့သော် အနည်းဆုံးတော့ သူမက လူတစ်ယောက်ကို ဖမ်းမိသွားခဲ့ပြီဖြစ်သည်။ လတ်တလောတွင် ယွီရွေ့ကျူးနှင့် ပတ်သက်၍ သတင်းများစွာ ကြားနေရပြီး သူမက အချိန်အတော်ကြာအောင် အောင့်အည်းထားခဲ့ရသဖြင့် အားလုံးကို ပေါက်ကွဲပစ်ရန် ဆုံးဖြတ်မိတော့သည်။

ဟော်ချန်ယဲ့ အလုပ်သွားတော့မည့်ပုံစံဖြင့် ဂရုမစိုက်သော အမူအရာကို မြငသောအခါ ယန်ချိုးကျွီးမှာ ဒေါသထွက်လာရသည်။ သူမ မတွေ့ခင်က ပြုံးနေခဲ့ပြီး ယခု သူမကိုတွေ့မှ သူ့ မျက်နှာကြီးက မှုန်ကုပ်သွားသည်။

'ဒါက ဘာအဓိပ္ပာယ်လဲ၊ ငါ့ကို အထင်သေးတာလား'

အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ယန်ချိုးကျွီးက တိုက်ရိုက်ပင် စကားဆိုလာသည်။

"ချန်ယဲ့... မင်းရဲ့ မိန်းမကို သေချာ ဂရုတစိုက်စောင့်ကြည့်ဖို့ လိုမယ်နော်၊ ငါတို့က မိသားစုဝင်တွေ ဆိုပေမယ့် ဟိုယွီရွေ့ကျူးကတော့ တစ်ကဏ္ဍပဲ၊ သူမက လှလည်းလှတယ်၊ အရည်အချင်းလည်း ရှိတယ်၊ ပြီးတော့ မြို့ပေါ်ကို သွားနေတာ၊ မြို့ပေါ်မှာ သူမရဲ့ တိတ်တိတ်ပုန်း ရည်းစားရှိတယ်တဲ့၊ တကယ်လို့ သူသာ တစ်ယောက်ယောက်နဲ့ ထွက်ပြေးသွားရင် မင်းတော့ ငွေရော မိန်းမပါ ဆုံးရှုံ၊ လိမ့်မယ်"

"ပြီးတော့ သူမရဲ့ အကျင့်စရိုက်က... မင်း သူမကို တကယ် ထိန်းချုပ်ဖို့ လိုတယ်၊ အနည်းဆုံးတော့ သူမက မိန်းမကောင်းတစ်ယောက်လို နေတတ်ဖို့ သင်ယူရမယ်လေ၊ ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ ထိုင်နေပြီး မင်း လုပ်သမျှကိုပဲ ထိုင်စောင့်နေနိုင်ရတာလဲ၊ မင်းလည်း နေ့တိုင်း အလုပ်များနေတာပဲကို... ဒါက တကယ်ကို မဖြစ်သင့်..."

"အဒေါ်..."

ယန်ချိုးကျွီး စကားမဆုံးမီမှာပင် ဟော်ချန်ယဲ့က ဖြတ်ပြောသည်။

သူ့ နက်မှောင်သော မျက်ဝန်းများမှာ နက်ရှိုင်းနေပြီး မျက်နှာအမူအရာက တည်ကြည်နေသည်။ သူက တိုက်ရိုက်ပင် တုံ့ပြန်လာသည်။

"ရွေ့ကျူး လုပ်ချင်တာ အကုန်လုပ်လို့ရတယ်၊ သူမ ဘယ်လိုနေရမယ်ဆိုတာ အဒေါ် သင်ပေးစရာ မလိုဘူး၊ နောက်ဆို သူမကို ဆုံးမစကားတွေ မပြောပါနဲ့၊ သူမ ရှေ့မှာလည်း ပြဿနာ လာမရှာပါနဲ့၊ သူမလည်း ဒါတွေကို နားမထောင်ချင်သလို ကျွန်တော်လည်း နားမထောင်ချင်ဘူး၊ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် ကိုယ့်ဘဝနဲ့ကိုယ် ကောင်းကောင်း နေသွားပါ့မယ်၊ အဒေါ် ကျွန်တော်တို့အတွက် ပူပန်ပေးစရာ မလိုဘူး"

ယန်ချိုးကျွီးမှာ မှင်သက်သွားပြီး အခြေအနေကိုပင် ကောင်းစွာ နားမလည်နိုင်သေးပုံရကာ အက်ကွဲသော လေသံဖြင့်

"နင်... ငါက"

သူမက တစ်စုံတစ်ရာ ပြောချင်နေပုံရသော်လည်း သူမ ဘာပြောနေသည်ကိုပင် ကောင်းစွာ မတွေးတောနိုင်မီမှာပင် ဟော်ချန်ယဲ့က သူမကို ကျော်ဖြတ်ကာ အသားဆိုင်ဆီသို့ လျှောက်သွားလေသည်။ သူမကို တစ်ချက်လေးမျှပင် လှည့်မကြည့်တော့ချေ။

ယန်ချိုးကျွီးတစ်ယောက်တည်းသာ ဆွံ့အလျက် ကျန်ရစ်ခဲ့တော့သည်။

…

ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းထိန်လာပြီး လတ် တလော ရွာသွန်းထားသော မိုးရေများကြောင့် ဆေးကြောသန့်စင်ထားသည့်အလား လမ်းမကြီးမှာ ပြောင်လက်တောက်ပနေသည်။

ကျောက်နာတို့ စုံတွဲသည် တံခါးဖွင့်ကာ ဆိုင်ထဲသို့ဝင်၍ အလုပ်လုပ်ရန် ပြင်ဆင်ကြသည်။ သူမက မနီးမဝေးရှိ ယွီရွေ့ကျူး အသားနှပ်ဆိုင်လေးကို အလိုအလျောက်လှမ်းကြည့်မိသော်လည်း ယနေ့တွင် ယွီရွေ့ကျူး ရောက်မနေ သည်ကို တွေ့လိုက်ရသည်။ အချိန်နောက်ကျနေသောကြောင့်လည်း ဖြစ်နိုင်သည်။

မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ကျောက်နာက သူမဆိုင်ကို နေ့လယ်ခင်းမှာပင် ပိတ်ခဲ့သည်။ သူမက ယနေ့တွင် ဆိုင်ကို ရှင်းလင်းရန် စောစောရောက်လာခဲ့ခြင်းဖြစ်သည်။

သူမ ဆိုင်ထဲသို့ပင် မဝင်ရသေးမီ လမ်းပေါ်မှ လူတစ်ယောက်က အနားသို့ချဉ်းကပ်လာပြီး မေးလေသည်။

"ဒါက မြို့ပေါ်မှာ နာမည်ကြီးနေတဲ့ ကောင်မလေး ဖွင့်ထားတဲ့ အသားနှပ်ဆိုင်လား"

ကျောက်နာ ခေတ္တရပ်တန့်သွားပြီး သူ့ ယောင်္ကျား စကားမပြောနိုင်မီမှာပင် အလျင်အမြန်ပြုံးကာ ဖြတ်ပြောသည်။

"ဟုတ်ကဲ့... ကျွန်မတို့ ဆိုင်ပါရှင်"

"ကျွန်တော်က မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ဝေပေးဖို့အတွက် အသားနှပ် ကီလိုနှစ်ဆယ့်ငါးလောက် ဝယ်ချင်လို့ပါ၊ ဒါပေမဲ့ နည်းနည်း အလျင်လိုနေတယ်၊ မနက်ဖြန် မနက်စောစော လိုချင်တာ၊ ဖြစ်နိုင်ရင် နေ့လယ်လောက် ရရင် ပိုကောင်းမယ်၊ ခင်ဗျားတို့ အဆင်သင့် လုပ်ပေးနိုင်မလား"

ကီလို နှစ်ဆယ့်ငါး...

ကျောက်နာတို့ဇနီးမောင်နှံ အသက်ရှူသံများပြင်းထန်လာတော့သည်။ သူတို့ မျက်ဝန်းများထဲ မယုံနိုင်မှုများ အပြည့်ပင်။

All Chapters