အခန်း ၁၀၆
Vol. 11 Ch. 106
🐽 Chapter 106
'ဘုရားရေ... ဒီလောက်တောင် များတာလား၊ တစ်ကီလိုကို သုည ဒသမ ၉ ယွမ်နဲ့ တွက်ရင်တောင် ၄၅ ယွမ်တောင် ရမှာပဲ၊ အော်ဒါတစ်ခါရတာနဲ့တင် တခြားသူတွေရဲ့ တစ်လစာ ဝင်ငွေနဲ့ ညီမျှနေပြီ၊ ဒါသာ အဆင်ပြေသွားရင် ဒီလ ဆိုင်လခအတွက် ပူစရာမလိုတော့ဘူး'
အစက သိပ်ပြီး အလေးအနက် မထားခဲ့သော ကျောက်နာ ယောင်္ကျားကလည်း အလျင်အမြန် ခေါင်းညိတ်ကာ ပြောလာတော့သည်။
"ရတယ်... ရပါတယ်ဗျ၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သေချာ ပေါက် အချိန်မီ လုပ်ပေးနိုင်ပါတယ်"
သူတို့ ဝမ်းသာနေဆဲမှာပင် အသားနှပ် ဝယ်လိုသူက ရုတ်တရက် သံသယဝင်သွားဟန်ဖြင့် နောက်ဆုတ်ကာ ဆိုင်းဘုတ်ကို ပြန်ကြည့်လေသည်။
"ခင်ဗျားတို့က မြို့ပေါ်မှာ နာမည်ကြီးနေတဲ့ ကောင်မလေးရဲ့ အသားနှပ်ဆိုင်က တကယ် ဟုတ်လို့လား၊ ဘာလို့ ဆိုင်း ဘုတ်မှာက ကျောက်နာ အသားနှပ်ဆိုင်လို့ ရေးထားရတာလဲ"
ကျောက်နာက အခြေအနေကို အလျင်အမြန် ထိန်းချုပ်ရန် ကြိုးစားရင်း ကမန်းကတန်း ပြောသည်။
"ကျွန်မတို့က ကျောက်နာ အသားနှပ်ဆိုင်ပါ၊ ဒါပေမဲ့ ရှင်က အသားနှပ် ဝယ်ဖို့ အလျင်လိုနေတာ မဟုတ်ဘူးလား၊ ဟိုကောင်မလေးရဲ့ ဆိုင်က ဒီနေ့ မဖွင့်သေးဘူးဆိုတော့ သူမ လာမှာမဟုတ်လောက်ဘူး၊ ရှင် အလျင်လိုနေရင် ကျွန်မတို့ဆိုင်ကလည်း အရမ်းအရသာရှိပါတယ်၊ လတ်တလောဆို ကျွန်မတို့ စီးပွားရေးက သူမထက်တောင် ပိုကောင်းနေသေးတယ်၊ ရှင် မယုံရင် ဟိုဟိုဒီဒီ လိုက်မေးကြည့်လို့ ရပါတယ်"
ထိုသူက အနည်းငယ် တွေဝေသွားသည်။
"တကယ်လား"
၄၅ ယွမ် ဖြားယောင်းသွေးဆောင်မှုက ကျောက်နာကို မူးဝေသွားစေသည်။ သူမက ရူးသွပ်မတတ် ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်ရှင်၊ ရှင် မယုံရင် လိုက်မေးကြည့်လို့ ရပါတယ်"
သူမဘေးရှိ ကျောက်နာ အမျိုးသားကလည်း သူတို့၏အသားနှပ်ကို အလုပ်ရှုပ်ခံကာ ချီးမွမ်းပြောဆိုနေလေသည်။
သို့သော် ဆိုင်က ယခုမှ စဖွင့်ရုံသာ ရှိသေးပြီး အတွင်းပိုင်းကိုလည်း မရှင်းလင်းရသေးပေ။ ဘယ်အချိန်ကတည်းက ချထားမှန်းမသိသော မပေါင်းရသေးသည့် အသားများက ကျဉ်းမြောင်းသော နေရာလေးထဲတွင် စူးရှသော အနံ့အသက်တစ်ခုကို ထုတ်လွှင့်နေသည်။
ဝယ်သူက ချက်ချင်းပင် နှာခေါင်းကိုအုပ်ပြီး အနည်းငယ် ပြေလျော့နေသော သူ့ မျက်နှာအမူအရာမှာ အံ့သြမှုနှင့် ရွံရှာမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ သူ အမြန်နောက်ဆုတ်ပြီး မျက်မှောင်ကြုတ်ကာ အန်ချင်သော်လည်း အန်မရဖြစ်နေသည့် ပုံပေါက်နေသည်။
၄၅ ယွမ် ထွက်ပြေးတော့မည်ကို မြင်လိုက်ရသောအခါ ကျောက်နာ အလျင်အမြန် ပြေးလိုက်သွားသည်။
"ဟေး... မသွားပါနဲ့အုံး၊ ခုနကဟာက မတော်တဆ ဖြစ်သွားတာပါ၊ ကျွန်မတို့ အစားအသောက်တွေက တကယ်ကောင်းပါတယ် ဧည့်သည်... ကျေးဇူးပြုပြီး လာမြည်းကြည့်ပါအုံး၊ ဟိုကောင်မလေးရဲ့ အသားနှပ်ဆိုင်က တကယ် မဖွင့်သေးပါဘူး၊ သူမ ဒီနေ့ လာမှာမဟုတ်ဘူး၊ ဒီမြို့ပေါ်မှာ အသားနှပ်ရောင်းတာဆိုလို့ ကျွန်မတို့ နှစ်ဆိုင်ပဲ ရှိတာ၊ သူမ မလာရင် ကျွန်မတို့ဆိုင်ကလွဲပြီး တခြား အသားနှပ်ဆိုင် မရှိတော့ဘူး"
သူမ အသံမှာ ပြတ်သားနေသော်လည်း မမျှော်လင့်ဘဲ ဘေးဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ ဒီနေ့ မလာဘူးလို့ ဘယ်သူပြောလဲ"
ကျောက်နာ ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်ရာ လမ်းဆုံမှ သူတို့ဆီသို့ လျှောက်လာနေသူများမှာ တခြားသူများမဟုတ်ဘဲ ယွီရွေ့ကျူးနှင့် ရှဲ့ယင်းယန်တို့ ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူမ မျက်နှာမှာ ချက်ချင်းပင် အရုပ်ဆိုးသွားတော့သည်။ သူမ ဆဲရေးတိုင်းထွာချင်သော်လည်း မလုပ်နိုင်ဘဲ ဖောက် သည်များရှေ့တွင် မျက်နှာကြီးနီရဲသွားသည်။
ယနေ့ ယွီရွေ့ကျူး နောက်ကျရခြင်းမှာ မနေ့က သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စိုရွှဲနေပြီး လမ်းများစိုစွတ်ကာ မြင်းလှည်းသွားလာရန် ခက်ခဲနေသော ကြောင့်သာ ဖြစ်သည်။
မြင်းလှည်းဘီးများ အကြိမ်ကြိမ် ရွှံ့ဗွက်ထဲ ကျွံဝင်သွားသဖြင့် တွန်းထုတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ရပြီးမှ အခက် အခဲများစွာဖြင့် မြို့ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းပင်။
ယွီရွေ့ကျူးသည် ကျောက်နာက လူတစ်ယောက်နောက်သို့ ပြေးကာ သူမ ဆိုင်လာဖွင့်မည်မဟုတ်ကြောင်း ပြောနေသည်ကို ချက်ချင်းမြင်သွားသည်။ သူမလည်း ဤမျှ နောက်ကျမှ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ မျက်ခုံးပင့်လိုက်ပြီး မုန်းတီးပြီး မလိုလားသော ကျောက်နာ အကြည့်များနှင့် ဆုံရသည်။
ယွီရွေ့ကျူး လုံးဝဂရုမစိုက်ဘဲ ပြုံးလျက် ဝယ်သူထံသို့ လျှောက်သွားသည်။
"မနေ့က မိုးရွာထားတော့ လမ်းတွေ သွားရလာရ ခက်နေလို့ ကျွန်မ နောက်ကျသွားတာပါ၊ ဘာလိုချင်လဲသာ ပြောပါ၊ ရှင်ရှာနေတဲ့ လူက ကျွန်မပါပဲ"
ဖောက်သည်က သက်ပြင်းတစ်ချက်ချပြီး သူ့ရည်ရွယ်ချက်ကို ထပ်မံ ရှင်းပြလေသည်။ ယွီရွေ့ကျူးကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။ ကီလို နှစ်ဆယ့်ငါးဆိုသည်မှာ တော်တော်များသည်။ သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
"ကောင်းပါပြီ"
သူမ လက်ခံရရှိတော့မည့် အလုပ်အကြီးကြီးတစ်ခုက လွတ်ထွက်သွားပြီး ယွီရွေ့ကျူးထံ ရောက်သွားသည်ကို မြင်ရသောအခါ ကျောက်နာမှာ နာကြည်းမှုများဖြင့် ပြည့်နှက်သွားပြီး ထိုနေရာတွင် ဆက်မနေချင်တော့ချေ။
သူမ အလွန် ဒေါသထွက်နေမိသည်။ ၄၅ ယွမ် သူမလက်ထဲမှ လွတ်ထွက်သွားပြီဟူသော အတွေးက ယွီရွေ့ကျူးကို ပို မုန်းတီးသွားစေသည်။ သူမ နောက်ကျနေပြီပဲ၊ ဘာလို့ နောက်နည်းနည်းလောက် ထပ်နောက်မကျရသနည်း။ အကယ်၍ သူမသာ အနည်းငယ်လောက် ထပ်နောက်ကျခဲ့မည်ဆိုလျှင် အရောင်းအဝယ်ဖြစ်သွားနိုင်ပြီး ၄၅ ယွမ်မှာ သူမဟာ ဖြစ်လာနိုင်သည်။
ကျောက်နာအမျိုးသားလည်း သူမဘေးတွင် မကျေမနပ် ညည်းတွားနေပြီး သူ့ စကားများမှာ ပိုကြမ်းတမ်းလာတော့သည်။ ၄၅ ယွမ် မရလိုက်ခြင်းက အဆိုးရွားဆုံး အပိုင်းမဟုတ်ပေ။
အခြားသူတစ်ယောက် အိတ်ကပ်ထဲသို့ ဝင်သွားသည်ကို ထိုင်ကြည့်နေရခြင်းကသာ ပြဿနာဖြစ်သည်။ ထိုခံစားချက်က အလွန် နာကျင်ရပြီး ဖော်ပြ၍မရနိုင်လောက်အောင် ရင်နာစရာ ကောင်းလှသည်။
ဤမျှများပြားသော ငွေကြေးပမာဏက ချက်ပြုတ်ပြီးသား ဘဲတစ်ကောင်လို ပျံသန်းထွက်ပြေးသွားသကဲ့သို့ ဖြစ်သွားသောကြောင့်လားမသိ၊ ကျောက်နာတစ်ယောက် လိမ်လည်ခံလိုက်ရသလို ပို၍ခံစားလာရပြီး သူမ ဆုံးရှုံးမှုများကို မည်သို့ ပြန်လည်ကာမိအောင် လုပ်ရမည်ဟူသော အတွေးများဖြင့် စိတ်ထဲတွင် ပြည့်နှက်နေတော့သည်။
ရေထဲတွင် နှစ်ရက်ကြာ စိမ်ထားသော အသားတုံးမှာ မကြာမီကမှ ဖောက်သည်များကို မောင်းထုတ်သည့် အနည်းငယ် စူးရှသော အနံ့အသက်တစ်ခု ထွက်ပေါ်နေသည်။ ကျောက်နာ ယောင်္ကျားက ထိုအသားများကို အိုးထဲသို့ ထည့်ရန် တွေဝေမိသည်။
ကျောက်နာ အသားများကို တစ်ချက်လှမ်းကြည့်ပြီး တိုက်ရိုက်ပင် ပြောသည်။
"ရေအကြိမ်ကြိမ် ထပ်ဆေးလိုက်၊ ပြီးရင် အသားနှပ်ရည်ထဲ စိမ်ထားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်၊ အရင်ကလည်း ငါတို့ ဒီလိုမျိုး လုပ်ခဲ့ဖူးတာပဲ၊ ဘာကြောက်စရာ ရှိလို့လဲ၊ လူသေသွားမယ့် ကိစ္စမှ မဟုတ်တာ"
သူမက သူမယောက်ျားကို အသားဆေးရန် လက်ဟန်ပြသည်။ အသားကို ဆေးကြောပြီး စူးရှသောအနံ့အချို့ ဖယ်ရှားပြီးနောက် သူမက ဘာမျှမတွေးတော့ဘဲ အသားနှပ်အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ၎င်းသည် အခြားအသားများနှင့် ရောနှောသွားကာ တဖြည်းဖြည်း ပိုပြင်းပြလာသော အသားနှပ်ရည်ထဲတွင် နစ်မြုပ်သွားတော့သည်။
လတ်တလောတွင် စီးပွားရေးမှာ ယခင်ကလောက် မကောင်း မွန်တော့သဖြင့် နေ့စဉ်ရောင်းချရသော ပမာဏမှာလည်း အနည်းငယ် လျော့ကျလာခဲ့သည်။
ထို့အပြင် မနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သူမ ထုတ်လုပ်မှုကို ပိုလျော့ကျသွားစေခဲ့သည်။ သူမဆီတွင် စုစုပေါင်း အသားနှပ် ငါးကီလိုခန့်သာ ကျန်ရှိတော့ပြီး အများစုမှာ ကလီစာများသာဖြစ်ကာ အသားစစ်စစ်မှာ အလွန်နည်းပါးလှသည်။
ကီလို နှစ်ဆယ့်ငါးဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ အော်ဒါအကြီးကြီးဖြစ်နေသဖြင့် အချိန်မဖြုန်းချင်တော့သောကြောင့် ယွီရွေ့ကျူးက စရန်ငွေလက်ခံယူလိုက်ပြီး ညနေမှ လာယူရန် ဖောက်သည်ကို မှာလိုက်သည်။
အရောင်းအဝယ်က မျှော်လင့်ထားသည်ထက် ပိုမြန်ဆန်စွာ ပြီးဆုံးသွားခဲ့ပြီး ဖောက်သည်မှာလည်း သဘောတူရန် လွယ်ကူသူဖြစ်သည်။ သူက ယွီရွေ့ကျူး အသားနှပ်ကို မြည်းစမ်းကြည့်ပြီးနောက် စရန်ငွေတစ်ဝက်ကို တိုက်ရိုက်ပင် ပေးချေသွားခဲ့သည်။
သူတို့ အရောင်းအဝယ် စကားပြောနေကြစဉ် ယွီရွေ့ကျူးက သူမ ထက်မြက်သော မျက်ဝန်းများဖြင့် အနီးအနားရှိ ကျောက်နာ အသားနှပ်ဆိုင်ရှေ့မှ လင်မယားနှစ်ယောက်က သူတို့ဘက်သို့ ခိုးကြည့်နေသည်ကို သတိပြုမိသည်။
ဖောက်သည် ငွေရှင်းသွားသည်ကို မြင်ရသောအခါ ထိုလင် မယား မျက်နှာမှာ သူတို့ငွေများ အခိုးခံလိုက်ရသည့်အလား ချက်ချင်းမှုန်ကုပ်သွားသည်။
ယွီရွေ့ကျူးက သူတို့ကို မသိမသာ တစ်ချက်ကြည့်ပြီးနောက် ငွေများကို သူမ ငွေသေတ္တာထဲသို့ အေးအေးလူလူ ထည့်လိုက်သည်။
ဤငွေမက်သူလေးအတွက်တော့ အော်ဒါအကြီးကြီးရသည်ထက် ပိုပျော်စရာကောင်းသော အရာမရှိတော့ပေ။ အကယ် ၍ သူမ မနှစ်မြို့သောသူတစ်ယောက် အရှက်ကွဲသည်ကိုပါ မြင်လိုက်ရမည်ဆိုလျှင် ထိုအရာက ပိုစိတ်ဝင်စားစရာ ကောင်းနေလိမ့်မည်။
အသားနှပ်ရန် အချိန်လုံလောက်မှုရှိသော်လည်း အသားများကို ရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်းတို့မှာ အချိန်ကုန်ခံရသည့် လုပ်ငန်းစဉ်များဖြစ်သည်။ ထိုသည်မှာ အမြန်လုပ်ပေးရမည့် အော်ဒါမျိုးလည်းဖြစ်သည်။ ဖောက်သည်က အလျင်လိုနေပြီး ပေါင်းတင်ခြင်းနှင့် ပြင်ဆင်ခြင်းတို့က အမှန်တကယ် အချိန်ယူရသည်။
ထို့ကြောင့် မြို့သို့ ယခုမှ ရောက်ကာစရှိသေးသော်လည်း ယွီရွေ့ကျူးက အိမ်ပြန်ရန် ပြင်ဆင်သည်။ သဘာဝကျစွာပင် ယွီရွေ့ကျူးက ဖောက်သည်အတွက် အသားနှပ်ကို ကိုယ်တိုင်လုပ်ဆောင်မည်သာ။
သူမက အခြားမည်သူ့ကိုမျှ မယုံကြည်ပေ။ မြို့ပေါ်ရှိ အသားဆိုင်ကို ယခုမှ စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရောင်းရန်ကျန်ရှိနေသေးသော အသားနှပ် ကီလိုငါးခန့် ရှိနေသေးသော ကြောင့် ရောင်းချမှုကို ကြီးကြပ်ရန်အတွက် ရှဲ့ယင်းယန်ကို ထိုနေရာတွင် အထူးချန်ထားခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အသားနှပ်ရောင်းချခဲ့ရသော အတွေ့အကြုံများကြောင့် ရှဲ့ယင်းယန်သည် အရာရာကို ကိုယ်တိုင် ကိုင်တွယ်နိုင်နေပြီဖြစ်ရာ ယွီရွေ့ကျူးကလည်း သူမကို အပြည့်အဝ ယုံကြည်ထားလေသည်။
ထိုအချိန်မှာပင် အသားဆိုင်ရှေ့တွင် ဆူညံပွက်လောရိုက်မှုများ ပြန်လည် စတင်လာတော့သည်။
"မင်းတို့ အသားနှပ်က ဘာလို့ ဒီလောက်တောင်ဈေးကြီးနေရတာလဲ၊ ဈေးနည်းနည်းလေးတောင် မလျှော့ပေးဘူးပေါ့လေ၊ ဒါက ဘာအဓိပ္ပာယ်လဲ၊ အသားနှပ်ကို ဒီလောက်ဈေးကြီးနဲ့ ရောင်းနေတာ ဟိုဘက်ဆိုင်လောက်တောင် ကောင်းတာမဟုတ်ဘဲနဲ့"
"အကုန်လုံးက အသားနှပ်တွေချည်းပဲကို၊ အရသာက သိပ်ပြီး ကွာခြားတာလည်း မဟုတ်ဘူး၊ ဟိုဘက်က အသားနှပ်ဆိုင်က တစ်ကီလိုကို သုည ဒသမ ၉ ယွမ်နဲ့ ရောင်းနေတာ၊ မင်းတို့ကကျတော့ တစ်ကီလိုကို ၁.၅ ယွမ်တဲ့၊ ဈေးကွာဟချက် ဒီလောက်ကြီးတာကို ဘယ်လိုများ မျက်နှာ ပြောင်တိုက်ပြီး ရောင်းနေရတာလဲ၊ မင်းတို့ စီးပွားရေးက အရင်ကထက် ဆိုးလာတာပဲ နေမှာပေါ့၊ ဒီအတိုင်းသာ ဆက်သွားရင် ပိုဆိုးဖို့ပဲ ရှိတယ်"
"ဘယ်တော့များမှ ဟိုဘက်ဆိုင်ဆီကနေ သင်ယူမှာလဲမသိဘူး... ကျွတ် ကျွတ် ကျွတ်"
ယွီရွေ့ကျူး အသားဆိုင်အတွင်း၌ ရှဲ့ယင်းယန် တစ်ယောက် အလုပ်ရှုပ်နေစဉ် ဆိုင်ရှေ့တွင် အဘွားအိုတစ်ယောက်က လက်ပိုက်ကာရပ်လျက် လက်ညှိုးထိုးကာ ခေါင်းရမ်းပြီး ရွံရှာဟန်ဖြင့် စုပ်သပ်နေသည်။ သူတို့ဆိုင်ရှေ့တွင် ဖောက် သည်အချို့က အသားနှပ်ဝယ်ရန် စုရုံးကြသည်။
သို့သော် ထိုအဘွားအိုက တစ်ဖက်လမ်းရှိ ကျောက်နာ အသားနှပ်ဆိုင်ကို လက်ညှိုးထိုးပြကာ ထပ်ပြောသည်။
"အသားနှပ်ဝယ်ချင်ရင် ဒီမှာမဝယ်ကြနဲ့၊ ဈေးကြီးတယ်၊ ရှေ့နားလေးမှာ နောက်ထပ် အသားနှပ်ဆိုင်တစ်ဆိုင် ရှိတယ်၊ အဲဒီဆိုင်က ဈေးလည်းသက်သာတယ်၊ အရသာလည်းရှိတယ်၊ အရမ်းလည်း တွက်ခြေကိုက်တယ်၊ ဒီဆိုင်ထက် အများကြီးပိုကောင်းတယ်ကွဲ့"
သူမသည် အသက်အရွယ်ကြီးရင့်နေသော်လည်း အသံမှာ အားပါလှပြီး စကားအနည်းငယ်ဖြင့်ပင် ကျောက်နာဆိုင်ကို မိုးထိအောင် မြှောက်စားကာ ယွီရွေ့ကျူးဆိုင်ကိုမူ အောက်ဆုံးထိ နှိမ့်ချလေသည်။ အသားနှပ်ဝယ်ရန် ပြင်နေကြသော ဖောက်သည်များမှာ ချက်ချင်းတွေဝေသွားကြပြီး သံသယဝင်စွာဖြင့် မေးလာသည်။
"တကယ်လား၊ အဲဒီဆိုင်က အသားက ပိုကောင်းလို့လား၊ ပိုလည်း ဈေးပေါတယ်ပေါ့၊ အသားအရည်အသွေးရော ကောင်းရဲ့လား"
ရှဲ့ယင်းယန်က ဖောက်သည်များအတွက် အသားများကို အိတ်ထဲထည့်ပေးနေစဉ် အဘွားအို စကားများကြောင့် သူတို့မှာ တွေဝေသွားကြပြီး ဖောက်သည်တစ်ယောက်က မလိုချင်တော့သည့်ဟန်ဖြင့် လက်ကာပြလာသည်။