အခန်း ၁၀၈
Vol. 11 Ch. 108
🐽 Chapter 108
မနေ့က သူတို့ ဖလှယ်ခဲ့ကြသော အနမ်းနှင့် လိမ်းဆေး အရသာကို ပြန်တွေးမိသောအခါ ဟော်ချန်ယဲ့ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်လာပြီး ဓားကို ဆုပ်ကိုင်ထားသော လက်များ တင်းကျပ်သွားကာ နားရွက်များမှာလည်း အနည်းငယ် နီရဲလာတော့သည်။
သူ့ဘေးတွင် ရပ်နေသော ရှဲ့ချီမှာ မြင်ရတာကြာပြီဖြစ်သော်လည်း ဟော်ချန်ယဲ့ အနည်းငယ် ငေးမောနေသော အမူအရာနှင့် သတိမထားမိဘဲ ရယ်မောမှုများကို ရံဖန်ရံခါ မြင်တွေ့ရသောအခါ ရှဲ့ချီအတွက် ထူးဆန်းပြီး အံ့သြတုန်လှုပ်စရာ ဖြစ်နေဆဲပင်။
'နေပါအုံး... အစ်ကိုချန်ယဲ့က သူနဲ့ ယွီရွေ့ကျူးက ဒီဘဝမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့တာကို တကယ်ပဲ မေ့သွားပြီလား၊ အဲဒီတုန်းကနေ အခုဆို အချိန်သိပ်ကြာသေးတာမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး လုံးဝ စွဲလမ်းသွားရတာလဲ၊ အရမ်းထူးဆန်းတာပဲထ ယွီရွေ့ကျူးက ဘယ်လို နည်းလမ်းတွေများ သုံးလိုက်တာလဲ'
"ဟော်ချန်ယဲ့..."
ရှဲ့ချီ စိတ်ထဲတွင် ယွီရွေ့ကျူးကို အပြစ်တင်နေခိုက် သူမ အသံကို နားထဲတွင် ကြားလိုက်ရသည်။ အံ့သြစရာပဲ...
ရှဲ့ချီ အလိုအလျောက် ခေါင်းလှည့်ကြည့်မိရာ အမှန်ပင် ယွီရွေ့ကျူး ဖြစ်နေခဲ့သည်။
ဟော်ချန်ယဲ့လည်း စိတ်ကူးယဉ် အသံကြားရသည်ဟု ထင်မှတ်မိခဲ့သည်။ ယွီရွေ့ကျူးက နေ့ခင်းဘက်ဆို မြို့ပေါ်မှာပဲ ရှိနေသင့်သည်မဟုတ်လား။ ရွာထဲက သူ့အသားဆိုင်ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာနည်း။
သို့သော် သူ အနည်းငယ် မော့ကြည့်သောအခါ လမ်းဘေးရှိ မြင်းလှည်းတစ်စီးပေါ်တွင် ထိုင်ကာ သူတို့ဆီသို့ လက်လှမ်းပြနေသော ယွီရွေ့ကျူးကို တွေ့လိုက်ရသည်။
မြင်းလှည်းသည် လမ်းဘေးတွင် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူမက လေဆင်နှာမောင်းတစ်လုံးအလား အသားဆိုင်ဆီသို့ ပြေးလာသည်။
သူမ လှပပြီး ရှည်လျားနက်မှောင်သော ဆံကေသာများမှာ လေထဲတွင် ရေညှိမျှင်များကဲ့သို့ လွင့်ဝဲနေပြီး တောက်ပသော နေရောင်ခြည်က ဖြာကျနေသောကြောင့် ဆံနွယ်တစ်မျှင်စီတိုင်းမှာ ရွှေရောင်အလား တောက်ပနေသည်။
ဟော်ချန်ယဲ့ လည်စိမှာ တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ခံစားရပြီး သူ သတိပြန်ဝင်လာရန် အတန်ကြာ အချိန်ယူရသည်။ သူသည် အသားဆိုင်မှ အလျင်အမြန် ထွက်လာပြီး ဆိုင်ဝတွင် သူ့ လက်မောင်းများကို အလိုအလျောက် ဆန့်တန်းကာ ဖွင့်ထားမိသည်။
နောက်တစ်စက္ကန့်တွင် ယွီရွေ့ကျူးက သူ့ဆီသို့ ပြေးဝင်လာပြီး သူမ နူးညံ့ဖြူဖွေးသော လက်မောင်းလေးများက သူ့ခါးကို တင်းကျပ်စွာ ဖက်တွယ်လာရာ သူမရှည်လျားသော ဆံနွယ်များက သူ့ မျက်နှာရှေ့တွင် လွင့်စင်လာခဲ့သည်။
ဟော်ချန်ယဲ့မှာမူ သူ့မျက်နှာပေါ်မှ ယားကျိကျိ ခံစားချက်ကိုပင် လျစ်လျူရှုထားမိသည်။ သူ ကြားနေရသည်မှာ မြန်ဆန်ပြင်းထန်စွာ ခုန်ပေါက်နေသော သူ့ ကိုယ်ပိုင် နှလုံးခုန်သံများကိုသာ ဖြစ်သည်။
ဒုတ်... ဒုတ်... ဒုတ်...
ဟော်ချန်ယဲ့က သူ့ရင်ခွင်ထဲရှိ ယွီရွေ့ကျူးကို မယုံနိုင်သလို ငေးမောကြည့်မိသော်လည်း သူ့ နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခု စွန်းထင်းနေခဲ့ပြီးဖြစ်သည်။ ထိုမနက်က သူမ ထွက်သွားစဉ်ကလိုပင် ယွီရွေ့ကျူးကို ပွေ့ချီမြှောက်ကာ ရင်ခွင်ထဲတွင် ဖက်ထားရင်း သူမကို ငုံ့ကြည့်မိသည်။
"ဘာလို့ ဒီလောက် အစောကြီး ပြန်လာတာလဲ၊ တစ်ခုခု ဖြစ်လို့လား"
ယွီရွေ့ကျူး ခေါင်းကို ဟိုဘက်ဒီဘက် ယမ်းပြသည်။ မကြာမီမှာပင် သူမ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းလာတော့သည်။
"မဟုတ်ဘူး... မဟုတ်ဘူး၊ ရှင် ဘယ်လိုမှ ခန့်မှန်းမိမှာ မဟုတ်ဘူး၊ ကျွန်မ ဒီနေ့ အော်ဒါအကြီးကြီး တစ်ခု ရလာခဲ့တာ"
ဘေးတွင် ရပ်နေသော ရှဲ့ချီမှာ အစကတော့ ထိုဇနီးမောင်နှံ၏ အလွန် ရင်းနှီးပွင့်လင်းပြီး နားလည်မှုရှိလှသော ပွေ့ဖက်မှုကြောင့် မှင်သက်မ်ခဲ့သည်။ ထို့နောက် ယွီရွေ့ကျူး စကားကို ကြားသောအခါ သူက အလိုအလျောက် နှုတ်ခမ်းကို တွန့်မိသွားသည်။
'အော်ဒါအကြီးကြီးတဲ့လား၊ ဘယ်လောက်တောင် ကြီးလို့လဲ'
သို့သော် ထိုအချိန်မှာပင် ယွီရွေ့ကျူး အသံလေး ထွက်ပေါ် လာသည်။
"ယွမ် ငါးဆယ်"
သူမက လက်ဖဝါးလေးကို ဆန့်ထုတ်ကာ ဟော်ချန်ယဲ့ မျက်နှာရှေ့တွင် ဝှေ့ယမ်းပြပြီး သူမ ဖြူဖွေးသော မျက်နှာလေးမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
ထိုမျှ များပြားသော ငွေကြေးပမာဏကြောင့် ဟော်ချန်ယဲ့ နက်မှောင်သော မျက်ဝန်းများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားသော်လည်း ယွီရွေ့ကျူး ပုံစံကို မြင်သောအခါ သူ မပြုံးဘဲ မနေနိုင်တော့ချေ။ သူက နှုတ်ခမ်းကို ပင့်ကာ ချီးကျူးမိသည်။
"ဝါး... တကယ်ကို အံ့သြစရာပဲ၊ အများကြီးပဲနော်၊ မင်း ဘယ်လိုများ လုပ်လိုက်တာလဲ"
ထို့ကြောင့် ယွီရွေ့ကျူးက ထိုနေ့ မြို့ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို ဟော်ချန်ယဲ့အား ပြောပြသည်။ ဟော်ချန်ယဲ့ ရင်ခွင်ထဲတွင် အပွေ့ခံထားရသည်မှာ အနည်းငယ် ပင်ပန်းလာပြီး သူ့ကို အမြဲတမ်း ငုံ့ကြည့်နေရသဖြင့် သူမ လည်ပင်းများ ညောင်းညာလာတော့သည်။
ယွီရွေ့ကျူးက သူ့ ပွေ့ဖက်ထားမှုမှ ရုန်းထွက်ရန် ဆုံးဖြတ်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ ဆော့ကစားနေသည်။
'ဟော်ချန်ယဲ့က အရပ်အရမ်းရှည်တာပဲ၊ ငါနဲ့ စကားပြောဖို့ ငုံ့နေရတာ သူ့အတွက် အရမ်းပင်ပန်းမှာ'
သူမက အလိုအလျောက် အကြည့်များကို ရွှေ့ပြီး သူမ ဆိုင်ဖွင့်စဉ်ကနှင့် တစ်စုံတစ်ရာ ကွဲပြားမှု ရှိ၊မရှိ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုမိသည်။ သို့သော် ဆိုင်ရှင်များနှင့် ဖြတ်သွားဖြတ်လာ ရွာသားများအားလုံးက အေးခဲနေသော မျက်နှာအမူအရာများဖြင့် သူမနှင့် ဟော်ချန်ယဲ့တို့ ရင်းနှီးပွင့်လင်းသော အပြုအမူများကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
ယွီရွေ့ကျူးက မျက်ခုံးတစ်ဖက်ကို ပင့်ပြီး ထိုလူများကို အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။ သူမနှင့် ဟော်ချန်ယဲ့မှာ လင်မယားများပင်။ သူတို့ ဘာမှ လွန်လွန်ကျူးကျူး လုပ်ခဲ့တာမှ မဟုတ်သလို ဖက်ရုံလေး ဖက်ခဲ့ခြင်းပင်။ သူတို့က ထိုမျှတောင် အံ့သြနေကြသနည်း။
ယွီရွေ့ကျူးက သူတို့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် တမင်တကာ နောက်ပြောင်ချင်စိတ်ဖြင့် ဟော်ချန်ယဲ့ လက်ကို ယူကာ နမ်းလေသည်။
"ဟယ်..."
ဘေးပတ်ဝန်းကျင်မှ အံ့သြတုန်လှုပ်စွာ အသက်ရှူသံများ ပိုမို ကျယ်လောင်လာသယောင်ရှိပြီး မနီးမဝေးတွင်ရှိသော ရှဲ့ချီပင်လျှင် ထိတ်လန့်သွားပုံရသည်။
ယွီရွေ့ကျူး "..."
'အဲဒီလောက်တောင် ဆိုးလို့လား၊ ဒီလူတွေက ကြင်စဦး လင်မယားကို တစ်ခါမှ မမြင်ဖူးကြဘူးလား'
"ယွီရွေ့ကျူး..."
ဟော်ချန်ယဲ့ မျက်နှာကြီး နီရဲသွားပြီး သူမ နမ်းနေသော လက်ကို ခါယမ်းကာ သူမကို ငုံ့ကြည့်ရင်း နက်မှောင်သော မျက် ဝန်းများ တောက်ပလာကာ စကားပြောရန် တွန့်ဆုတ်နေပုံရသည်။
ယွီရွေ့ကျူး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မောက်မာသော ဟန်လေးဖြင့် ပြောသည်။
"ဘာဖြစ်လို့လဲ၊ ဒီတိုင်း နမ်းလိုက်တာလေ၊ ပြဿနာရှိလို့လား၊ ရှင်က အိမ်မှာကျတော့ ကျွန်မကို နမ်းလို့ရပြီး၊ ကျွန်မက အပြင်မှာ ရှင့်ကို နမ်းခွင့် မရှိဘူးလား"
ထိုစကားက ပို၍ လေးနက်သော အဓိပ္ပာယ်များ သက်ရောက်သွားပုံရပြီး ဘေးတွင်ရှိသော ရှဲ့ချီမှာ ဦးနှောက် လုံးဝ အလုပ်မလုပ်တော့သည့်အတိုင်း ခံစားရစေသည်။
သူတို့ စကားပြောသံကို ကြားနိုင်လောက်အောင် နီးကပ်စွာ ရှိနေသော ရွာသားများမှာ ကိုယ့်တံတွေးကိုယ် သီးလုမတတ် ဖြစ်သွားကြပြီး ငယ်ရွယ်သော ဇနီးမောင်နှံကို တွေဝေစွာ ကြည့်ရင်း မျက်နှာများနီရဲသွားကြသည်။
'ဒီလောက်တောင် ချစ်နေတာလား၊ ယွီရွေ့ကျူးနဲ့ ဟော်ချန်ယဲ့တို့ မကြာခင် ကွာရှင်းကြတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ဘယ်သူကများ ဖြန့်ခဲ့တာလဲ၊ ဒီလောက်တောင် အချိန်ကြာနေပြီ၊ သူတို့ ကွာရှင်းမယ့်ပုံ မပေါ်တဲ့အပြင် သူတို့ရဲ့ ဆက်ဆံရေးက ထူးထူးခြားခြားကို ရင်းနှီးပွင့်လင်းပြီး ချိုမြိန်နေလိုက်တာ'
ဟော်ချန်ယဲ့ နားရွက်များ နီရဲသွားပြီး ဘေးပတ်ဝန်းကျင်မှ ရွာသားများကို ဆက်လက် တုန်လှုပ်မသွားစေရန်နှင့် ပို၍ ရမ္မက်ဆန်သော စကားများ ဆက်မပြောနိုင်စေရန် ယွီရွေ့ကျူး နှုတ်ခမ်းများကို သူ့လက်ဖြင့် အလျင်အမြန် ပိတ်ဆို့လိုက်သည်။
သူ အကြည့်လွှဲရန် ကြိုးစားပြီး စကားလမ်းကြောင်းကို အဓိက အကြောင်းအရာဆီသို့ ပြန်လှည့်သွားသည်။
"ဒါနဲ့ ဒီကို အသားလာယူတာလား"
"ဟုတ်တယ်"
ယွီရွေ့ကျူးက ခေတ္တမျှ စဉ်းစားပြီး သူ့ကို မေးသည်။
"ဆိုင်မှာ အလုပ်များနေလား၊ အသားနှပ် ကီလိုနှစ်ဆယ့်ငါးဆိုတော့ ချက်ဖို့အတွက် အသားစိမ်းတွေ အများကြီး လိုတာ၊ ကျွန်မတစ်ယောက်တည်း သယ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ လုပ်ရမယ့် အလုပ်တွေကလည်း အရမ်းများတယ်၊ ဖောက်သည်ကလည်း အလျင်လိုနေတော့ တစ်ယောက် ယောက် လာကူပေးလို့ ရမလား"
"ရတာပေါ့"
ထိုသည်မှာ ယွီရွေ့ကျူး အခက်အခဲများစွာကြားမှ ရရှိလာသော ယွမ်ငါးဆယ်တန် အော်ဒါဖြစ်သည်ကို ထည့်မပြောလျှင်တောင်မှ အထူးသဖြင့် ယနေ့တွင် စီးပွားရေး သိပ်မကောင်းလှသောကြောင့် ဟော်ချန်ယဲ့အနေဖြင့် ယွီရွေ့ကျူး ၏ တောင်းဆိုမှုကို ငြင်းဆန်နိုင်စရာ အကြောင်းမရှိပေ။
အဆုံးတွင်တော့ ဟော်ချန်ယဲ့က ယွီရွေ့ကျူးနှင့်အတူ သဘာဝကျကျပင် လိုက်ပါသွားသည်။
သူက ယွီရွေ့ကျူး လိုအပ်သော အသားများကို ပြင်ဆင်ပေးကာ အိမ်သို့ ပြန်သယ်သွားပေးပြီးနောက် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ရှုပ်ထွေးလှသော ပြင်ဆင်ချက်ပြုတ်မှု လုပ်ငန်းစဉ်များကို စတင်ခဲ့ကြသည်။
ပုံမှန်အားဖြင့်အသားနှပ်ကိုအပြင်ဘက်တွင် တည်ဆောက် ထားသော ဒယ်အိုးကြီးဖြင့် ပေါင်းလေ့ရှိပြီး ယခုလည်း ထိုအတိုင်းပင် ဖြစ်သည်။
အဓိက ပြဿနာမှာ နွေရာသီ အပူရှိန်ပင်။ အထူး အခြေအနေမျိုးမှလွဲ၍ အိမ်ထဲတွင် ဟင်းချက်ပါက လေဝင်လေထွက်မကောင်းဘဲ အလွန်အိုက်စပ်ကာ ချွေးများ ရွှဲနစ်လာစေပြီး အပူရှိန်က အချိန်ကြာမြင့်စွာ တည်ရှိနေတတ်သဖြင့် ညဘက်တွင် အိပ်မပျော်နိုင်အောင် ဖြစ်ရသည်။ အပူပေးထားသော အုတ်ခုတင်မှာလည်း ခေါင်းမူးသွားစေလောက်အောင် ပူလောင်နေတတ်သည်။
ဇလုံကြီးတစ်ခုထဲတွင် အမြင့်ကြီး စုပုံထားသော သေချာ ဂရုတစိုက် ပြင်ဆင်ထားသည့် အသားများမှာ အတော်လေး အထင်ကြီးစရာ ကောင်းသည်။ အကယ်၍ ယွီရွေ့ကျူး မြို့တွင် အသုံးပြုနေကျ လျှပ်စစ်ပေါင်းအိုးဖြင့်သာဆိုလျှင် သေချာပေါက် ဆံ့မည်မဟုတ်သော်လည်း ကျေးလက်ဒေသမှ ဤသံဒယ်အိုးကြီးကတော့ အားလုံးကို အလွယ်တကူ ဆံ့ဝင်သွားသည်။
အိုးအောက်ခြေမှ ထင်းမီးများ ဖြည်းညင်းစွာ လောင်ကျွမ်းနေပြီး ယွီရွေ့ကျူးလည်း စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ သူမသည် အချိန်မီ ပြီးစီးရန် အလျင်အမြန် ကြိုးစားခဲ့ရပြီး ယခုဆိုလျှင် ယွမ်ငါးဆယ်မှာ သေချာပေါက်ရရှိသွားပြီဖြစ်သည်။