← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

🐽 Chapter 109

ထိုအော်ဒါအကြီးကြီးကို ပြီးမြောက်အောင် အကောင်းဆုံး အကူအညီပေးသူ ဟော်ချန်ယဲ့ကို ယွီရွေ့ကျူးက ဆုချသည့်အနေဖြင့် နောက်ထပ် အနမ်းတစ်ပွင့် ပေးမိသည်။ ထို့နောက် အသားနှပ် ကျက်သွားသည်နှင့် တစ်ပြိုင်နက် သူမက ချက်ချင်းပင် ထုပ်ပိုးကာ မြို့သို့ အလျင်အမြန် ပြန်သွားတော့သည်။

ကျန်ရစ်ခဲ့သော ဟော်ချန်ယဲ့က သူ့ပါးပြင်ကို ထိတွေ့ရင်း အတွေးနက်နေသည်။

ယွီရွေ့ကျူး တစ်ယောက် အမြဲတမ်း အလုပ်များနေပြီး သူ့ထက်တောင် ပိုအလုပ်များနေသကဲ့သို့ အမြဲတမ်းအလျင်စ လို ပြေးလွှားနေရသည်ဟု သူ အမြဲတမ်း ခံစားရသည်။

'အခုတောင် ဒီလိုဖြစ်နေတာ၊ စီးပွားရေး ပိုကြီးလာရင် ငါတို့ နှစ်ယောက်တည်း အတူရှိဖို့ အခွင့်အရေး ပိုတောင် နည်းသွားမှာ မဟုတ်လား'

ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ တည်တန့်သွားတော့သည်။

စီးပွားရေးက အလွန်ကြီးမားလာခြင်း မရှိသေးသော်လည်း ဟော်ချန်ယဲ့က အနာဂတ်အတွက် စတင်တွေးတောနေပြီဖြစ်ပြီး ယွီရွေ့ကျူးကို ကူညီရန် အလုပ်သမားများ ထပ်ငှားရန် စဉ်းစားနေသည်။ သို့မှသာ သူတို့ နေ့တိုင်း ဤမျှ အလုပ်များနေတော့မည် မဟုတ်ပေ။

သို့သော် ထိုသို့ဖြစ်လင့်ကစား သူကိုယ်တိုင်လည်း အလားတူ အခြေအနေမျိုးတွင် ရှိနေခဲ့သည်။ သူလည်း လတ်တလောတွင် အလုပ်အလွန်များနေပြီး ခြံပြောင်းရွှေ့ရန်နှင့် ပိုကြီးမား သော ခြံတစ်ခု တည်ဆောက်ရန် လုပ်ဆောင်ရသည်။

တစ်နည်းအားဖြင့် ကြည့်လျှင် သူတို့ နှစ်ယောက်စလုံး အလုပ်များနေကြခြင်းပင်။

ထိုနေ့ညနေတွင် ဟော်ချန်ယဲ့က ယွီရွေ့ကျူးထံမှ ငွေတောင်းလေသည်။ သူသည် ခြံအတွက် နေရာကို အတည်ပြုပြီးဖြစ်ကာ ခြံအနောက်ဘက်ရှိ တောင်ကုန်းလေးပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။

သူက ငွေအားလုံးကို ယွီရွေ့ကျူးထံ အပ်နှံထားပြီးဖြစ်ကာ ယခုအခါ သူမသည် မိသားစု ပိုင်ဆိုင်မှုများကို အကြွင်းမဲ့ တာဝန်ယူရသူ ဖြစ်သောကြောင့် ထိုမျှများပြားသော ငွေကြေးပမာဏကို သူမထံမှ တောင်းခံရခြင်းပင်။

ယွီရွေ့ကျူးသည် ငွေသုံးရမည်ကို အနည်းငယ် နှမြောနေမိသော်လည်း ငွေသုံးခြင်းက ငွေပိုရှာနိုင်ရန်အတွက် ဖြစ်သည်ဟု တွေးကာ သူမကိုယ် သူမ အလျင်အမြန် စည်းရုံးနိုင်ခဲ့သည်။

ထို့အပြင် သူမ ယနေ့ ယွမ်ငါးဆယ်တောင် ရှာနိုင်ခဲ့သည်။ သူမ ထိုငွေများကို မရေမတွက်နိုင်အောင် ရေတွက်ကြည့်ခဲ့ပြီးဖြစ်သည်။ ၎င်းက သူမ ငွေရှာရန်အတွက် ကြီးမားလှသော လှုံ့ဆော်မှုတစ်ခုပင်။ သုံးလိုက်သမျှ ငွေများကို ပြန်ရှာနိုင်မှာပဲ၊ ဘာကြောက်စရာ ရှိလို့လဲ...

သူမ ငွေထုတ်ပေးစဉ် ဟော်ချန်ယဲ့ကို ပြောလိုက်သည်။

"ကျွန်မ တော်တော်ကောင်းတဲ့ နေရာတစ်ခု တွေ့ထားတယ်၊ ကျွန်မရဲ့ အသားနှပ်ဆိုင်အတွက် သင့်တော်မယ်လို့ ထင်တာပဲ၊ ဒါပေမဲ့ အသားနှပ်ဆိုင်က ဒီလောက် ပစ္စည်းတွေလောက်နဲ့တင် မလုံလောက်ဘူး၊ အသစ်အဆန်း တချို့ကို ထပ်ပြီး တီထွင်ဖို့ လိုသေးတယ်"

"ကျွန်မ စိတ်ဝင်စားနေတဲ့ဆိုင်က အရင်တုန်းက ဖက်ထုပ်ဆိုင် ဒါပေမဲ့ စီးပွားရေးက အရမ်းဆိုးတော့ မောင်နှမနှစ်ယောက်က ဆိုင်ကို ရောင်းဖို့ စီစဉ်နေကြတာ၊ ကျွန်မ အဲဒီဆိုင်ကို လွှဲယူပြီး ဖက်ထုပ် ဆက်ရောင်းလို့ ရပေမယ့် အဲဒါက အရမ်းအလုပ်ရှုပ်လွန်းတယ်၊ နောက်ထပ် ဖက်ထုပ်ဆိုင်တစ်ဆိုင် ထပ်ဖွင့်မယ်ဆိုရင် ကျွန်မ အိပ်ရတော့မှာတောင် မဟုတ်ဘူးလို့ ကြောက်တယ်"

"ကျွန်မ သေချာ စဉ်းစားကြည့်ရအုံးမယ်"

"အလျင်စလို လုပ်စရာမလိုဘူး"

ဟော်ချန်ယဲ့က သူမကို နှစ်သိမ့်ပေးသည်။ ယွီရွေ့ကျူးတွင် ကျွမ်းကျင်မှုများစွာရှိပြီး မည်သည့်ဆိုင်မျိုးမဆို ဖွင့်နိုင်ကြောင်း သူ သိထားသည်။ သူ စိုးရိမ်နေသည်မှာ သူမ အင် အားမလုံလောက်မည်ကိုသာ။ မည်သို့ဖြစ်စေ သူမက အလွန်နူးညံသဖြင့် အသားနှပ်ဆိုင် ဖွင့်သည်ကပင် တော်လွန်းနေသည်။

သူ ခေတ္တမျှ စဉ်းစားပြီး "အကယ်၍ ကိုယ်တို့တွေ ဖက်ထုပ်ဆိုင် ဆက်ဖွင့်ဖြစ်ရင်တောင် အရင် မောင်နှမနှစ်ယောက်ကို ပြန်ခေါ်ရင်ရော၊ သူတို့ကို လုပ်အားခပေးပြီး မင်းအတွက် အလုပ်လုပ်ခိုင်းလို့ ရတာပဲ၊ သူတို့ ရည်ရွယ်ချက်မဲ့ လျှောက်သွားပြီး နောက်ဆုံး ဆိုင်ပိတ်လိုက်ရတာထက်စာရင် တည် ငြိမ်တဲ့ ဝင်ငွေတစ်ခုရတာက အများကြီး ပိုကောင်းတာပေါ့"

အမှန်တော့ ယွီရွေ့ကျူးလည်း ထိုအတိုင်း တွေးထားခဲ့သည်။ သို့သော် သူမက အစာသွတ်ရန် အဆာများကို ကိုယ်တိုင် ပြင်ဆင်ခြင်းမှစ၍ အရာအားလုံးကို ကိုင်တွယ်ရမည်။ အဆာများစွာ ပြင်ဆင်ရသည်မှာ အလုပ်ရှုပ်သည့်အပြင် ယခုအချိန်တွင် ရေခဲသေတ္တာလည်း မရှိသဖြင့် အစပိုင်းကာလများတွင် သူမကိုယ်တိုင် ဆိုင်မှာ ရှိနေရမည်မှာ အခြေခံကျသောအချက်ပင်။

ဤသည်ကို တွေးမိသောအခါ ယွီရွေ့ကျူးက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"ကျွန်မတို့ မြို့ပေါ်မှာ အိမ်တစ်လုံး ဘယ်တော့များမှ ဝယ်နိုင်မလဲမသိဘူးနော်၊ အဲဒီလိုဆိုရင် အသွားအပြန် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ပေးစရာ မလိုတော့ဘူး၊ လမ်းမှာ အချိန်ကုန်သက်သာပြီး ကျွန်မလည်း ပိုအိပ်ရတာပေါ့"

သူတို့ လက်ရှိ ပိုင်ဆိုင်မှုများအရ အိမ်တစ်လုံး ဝယ်ရန်ဆို သည်မှာ သေချာပေါက် ဖြစ်နိုင်ချေရှိသော်လည်း သူတို့နှစ်ဦးလုံးတွင် စီးပွားရေး အစီအစဉ်များစွာရှိကြသည်။

ဟော်ချန်ယဲ့က သူ့ ခြံ၊ သားသတ်ရုံကို တိုးချဲ့ပြီး မြို့ပေါ်တွင် အသားဆိုင် ဖွင့်ချင်နေသလို ယွီရွေ့ကျူးကလည်း ဆိုင်အမျိုးမျိုး ဖွင့်ကာ ကုန်ကြမ်းအသစ်များ ပြင်ဆင်ချင်နေသည်။ ထိုအရာအားလုံးမှာ ငွေကြေး လိုအပ်သည်။

ယွမ် တစ်သောင်းရှစ်ထောင် ဆိုသည်မှာ များပြားလှသည်ဟု ထင်ရသော်လည်း စီးပွားရေး စတင်ရန်စီစဉ်သောအခါ မျှော်လင့်ထားသလောက် မများကြောင်း တွေ့ရမည်ဟုသာ ဆိုရမည်။ သတိမထားမိလိုက်သည့်တိုင်အောင် လက်ချောင်းများကြားမှ သဲများ ယိုစိမ့်ကျသွားသလို တိတ်တဆိတ် ကုန်ဆုံးသွားနိုင်သည်။

ယွီရွေ့ကျူးက မျက်လုံးများကို မှိတ်ပြီး သူမအထူးစွမ်းရည်ကို အသုံးပြုချလာသည်။

"အများကြီး မပြောကြရအောင်၊ အရင် အိပ်ကြစို့၊ မနက်ဖြန်မှ ဆက်ဆွေးနွေးတာပေါ့"

ဟော်ချန်ယဲ့လည်း ပြုံးလိုက်သည်။

"အင်း"

ဇနီးမောင်နှံနှစ်ဦးမှာ အတူတကွ ကွေးကွေးလေး အိပ်ကြပြီး ဟော်ချန်ယဲ့ကို ညအိပ်အနမ်းလေး ပေးပြီးနောက် ယွီရွေ့ကျူးသည် သူ့ရင်ခွင်ထဲတွင် လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့တွင် ယွီရွေ့ကျူး မြို့သို့ ရောက်ပြီး မကြာမီမှာပင် ယမန်နေ့က ယင်းယန်နှင့် သူမ ပြောခဲ့သော စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းက စတင်လာတော့သည်။

ကျောက်နာ အသားနှပ်ဆိုင်ရှေ့တွင် လူအုပ်ကြီးတစ်အုပ် စုရုံးရောက်ရှိနေကြသည်။

All Chapters